မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စကြဝဠာနှင့် သက်ရှိတို့အစ ဘယ်ဆီက

စကြဝဠာနှင့် သက်ရှိတို့အစ ဘယ်ဆီက

စကြဝဠာ​နှင့် သက်ရှိ​တို့​အစ ဘယ်​ဆီက

“ဘာသာ​တရား​မပါ​လျှင် သိပ္ပံ​သည် ခြေကျိုး၊ သိပ္ပံ​ပညာ​မပါ​လျှင် ဘာသာ​တရားသည် မျက်​ကန်း​ဖြစ်သည်။”—အဲလ်ဘတ် အိုင်းစတိုင်း။

ကျွန်ုပ်​တို့၏​ခေတ်​သည် အထူးအဆန်း​များ အံ့ဖွယ်ကောင်း​လောက်​အောင်​ဖြစ်ပျက်​နေသည့် ကာလ​ဖြစ်သည်။ အာကာသ​ဟင်းလင်းပြင်​မှ တွေ့ရှိချက်​အသစ်များ​က ကျွန်ုပ်​တို့​စကြဝဠာ​မူလ​နှင့်​ပတ်သက်​သည့်​ထင်မြင်ချက်​များ​အပေါ် ပြန်လည်​စိစစ်​ပြင်ဆင်​ကြ​ရန် နက္ခတ္တ​ဗေဒ​ပညာရှင်​တို့အား ဖိအားပေး​နေသည်။ လူများစွာ​တို့သည် စကြဝဠာ​အကြောင်း အထူး​စိတ်ဝင်စား​ကြ​ရာ ယင်း​၌ ကျွန်ုပ်​တို့ အသက်ရှင်​တည်ရှိ​နေကြ​ခြင်း​ကြောင့် ရှေး​က​မေးခဲ့​သည့် ဤ​မေးခွန်း​တို့ကို ပြန်​မေး​နေကြ​ဆဲ​ဖြစ်သည်– စကြဝဠာ​နှင့် သက်ရှိ​အစ ဘယ်​ဆီက​နည်း၊ အဘယ်ကြောင့်​နည်း။

အနီးဆုံး​ဖြစ်သည့် ကျွန်ုပ်​တို့​ကိုယ်ကို ပြန်​ကြည့်​လျှင်​ပင် လူ့​ဗီဇ​လက္ခဏာ​အမှတ်အသား​၏ မကြာသေးမီ​တွေ့ရှိ​သော​ပုံစံ​တို့သည် ဤ​မေးခွန်းများကို ပေါ်ထွက်​စေ​သည်– မြောက်မြား​လှ​သော​သက်ရှိ​ပုံစံ​အမျိုးမျိုး မည်သို့​ဖန်ဆင်း​ခံရ​သနည်း။ ယင်း​တို့ကို ဖန်ဆင်း​ရှင်​ရှိခဲ့​လျှင် မည်သူ​နည်း။ ကျွန်ုပ်​တို့၏​မျိုးရိုး​ဗီဇ​ဆိုင်ရာ လက်ရေး​ပုံစံ​ပြာ​နှင့်​ပတ်သက်သော ရှုပ်ထွေးမှု​က အသက်ကို “ဘုရားသခင်​ဖန်ဆင်း​ခဲ့​ရာ ဘာသာရပ်​တစ်ခု​ကို ကျွန်ုပ်​တို့ လေ့လာ​နေကြ​ရ၏” ဟု​ပြောဆို​ဖို့ အမေရိကန်​သမ္မတ​တစ်ဦး​ကို လှုံ့ဆော်ပေး​ခဲ့​သည်။ မျိုးရိုး​ဗီဇ​အချက်အလက်​တို့ကို ဖော်ထုတ်​ရာ​တွင်​ပါဝင်​သည့် သိပ္ပံ​ပညာရှင်​တို့၏ ဦးစီး​မှူး​တစ်ဦး​က နှိမ့်ချစွာ​ဤသို့​ပြော​ခဲ့​သည်– “ယခင်​က ဘုရားသခင်​သာ သိနိုင်​ခဲ့​သော ကျွန်ုပ်​တို့​ကိုယ်​တွင်း ညွှန်ကြားချက်​စာအုပ်​၏​တစ်စိတ်​တစ်​ဒေသ​လေး​ကို ကျွန်ုပ်​တို့​တွေ့မြင်​ခဲ့​ရပြီ။” သို့သော် မည်သို့​နှင့် အဘယ်ကြောင့်​နည်း​ဟူသော​မေးခွန်း​တို့​မေး​ရန် ကျန်​နေဆဲ​ပင်။

“ပြတင်း​နှစ်​ပေါက်”

သိပ္ပံ​ပညာရှင်​အချို့​က စကြဝဠာ​၏​လုပ်ဆောင်မှု​အားလုံး​ကို ဆင်ခြင်တုံ​တရား​နှင့်​ညီသော ခွဲခြမ်း​စိတ်ဖြာ​မှု​ဖြင့် ရှင်းပြ​၍​ရနိုင်​ပြီး ဉာဏ်ကြီးရှင်​၏​ဉာဏ်ပညာ လုံးဝ​မလိုပါ​ဟု ဆို​ကြသည်။ သို့သော် သိပ္ပံ​ပညာရှင်​တို့​အပါအဝင် လူများစွာ​တို့ ထို​ရှုမြင်ပုံကို လုံးလုံးလျားလျား​လက်မခံနိုင်​ကြ​ချေ။ သူတို့သည် သိပ္ပံ​ပညာ​နှင့် ဘာသာ​တရား ရှုထောင့်​နှစ်ဖက်စလုံး​မှ ကြည့်​ကာ ပကတိ​အမှန်​ကို နားလည်​သဘောပေါက်​ဖို့ ကြိုးစား​ကြ​၏။ သူတို့က သိပ္ပံ​ပညာ​သည် ကျွန်ုပ်​တို့​နှင့် ကျွန်ုပ်​တို့​ဝန်းကျင်ရှိ စကြဝဠာ​တို့ မည်သို့​ဖြစ်ပေါ်​တည်ရှိ​လာပုံ​ကို ရှင်းပြ​ပေး​စဉ် ဘာသာ​တရား​က အဓိက​အားဖြင့် အဘယ်ကြောင့်​ဟူသော​အချက်​ကို သိမြင်​နားလည်စေ​သည်​ဟု ယူဆ​ထား​ကြသည်။

ဤ​လမ်းကြောင်း​နှစ်သွယ်​ကို ရှင်းပြ​ရာ​တွင် ရူပဗေဒ​ပညာရှင် ဖ​ရီ​မ​န်း ဒူ​စ​န်​က “သိပ္ပံ​ပညာ​နှင့် ဘာသာ​တရား​တို့သည် ကျယ်ပြော​ကြီးမားသော​အပြင်ဘက်​စကြဝဠာကြီး​ကို လူ​တို့​သဘောပေါက်​နားလည်စေဖို့ စေ့ငု​ကြည့်​စ​ရာ ပြတင်း​နှစ်​ပေါက်​ဖြစ်၏” ဟု​ဆို​သည်။

“သိပ္ပံ​ပညာ​သည် တိုင်းထွာ​နိုင်ရာ​များနှင့်​ပတ်သက်ပြီး ဘာသာ​တရား​မူ မ​တိုင်းထွာ​နိုင်ရာ​များနှင့်​ပတ်သက်​သည်” ဟု ကလောင်ရှင် ဝီလျံ ရီ​စ်-မော့​ဂ်​က​ဆို​သည်။ “သိပ္ပံ​ပညာ​သည် ကျင့်ဝတ်​အကောင်းအဆိုး၊ အလှ​ရ​သ ခံစားမှု မှန်သည်​မှား​သည်​တို့ကို သက်သေထူ​နိုင်​ခြင်း မရှိသည့်​နည်းတူ ဘုရားသခင်​တည်ရှိ​သည်၊ မတည်ရှိ​သည်​တို့ကို​လည်း သက်သေထူ​နိုင်​ခြင်း မရှိ​ချေ။ အိမ်နီးချင်း​ကို​ချစ်​ရန် သို့​မဟုတ် လူ့​အသက်ကို​လေးစားရန် သိပ္ပံ​ဆိုင်ရာ​အကြောင်းရင်း​မရှိ . . . အရာတစ်ခု​သည် သိပ္ပံ​ပညာ​ဖြင့် သက်သေ​မ​ထူ​နိုင်​လျှင် လုံးဝ​မရှိ​ဟု​ငြင်းဆို​လာ​လျှင် မဟာ​အမှား​ပင်၊ ဤသို့​ငြင်းဆို​လိုက်ခြင်း​သည် ဘဝတွင် ကျွန်ုပ်​တို့​တန်ဖိုး​ထား​ရာ​အားလုံးနီးပါး၊ ဘုရားသခင်​သာမက လူသား​ဆန်​သော​စိတ်ဓာတ်​အပြင် မေတ္တာ​နှင့် ကဗျာ​လင်္ကာ၊ တေးသီချင်း အရာ​ရာ​တို့ကို ဖယ်ထုတ်​ပစ်လိုက်​ရာ​ကျ​သည်။”

သိပ္ပံ​ပညာ​၏ “ယုံကြည်ချက်​ဘာသာ​တရား”

သိပ္ပံ​ပညာရှင်​တို့၏​သီအိုရီ​များသည် ရံဖန်ရံခါ သူတို့​ကိုယ်နှိုက်​၏ ယုံကြည်မှု​မျိုး​လိုအပ်​သည့်​အဆို​များ​ပေါ်​တွင် အမှီသဟဲ​ပြု​လေ့​ရှိသည်။ ဥပမာ၊ သက်ရှိ​၏​အစ​နှင့်​ပတ်သက်​၍ ဆင့်ကဲဝါဒီ​အများစု​သည် “တရားသေ​အယူဝါဒ” အချို့​တွင် ယုံကြည်မှု​ထား​ရသည့် အယူအဆ​များ​ကို စွဲကိုင်​ထား​ကြသည်။ ဖြစ်ရပ်မှန်​များ​ကို သီအိုရီ​များနှင့် ရော​ထွေး​ထား​သည်။ ထို့​ပြင် သိပ္ပံ​ပညာရှင်​တို့သည် မိမိတို့၏​အခွင့်အာဏာ​အရှိန်အဝါ​ကို​သုံး​ကာ ဆင့်ကဲ​ဝါဒ​ကို မျက်စိ​စုံ​မှိတ်​ယုံကြည်ဖို့ ဖိအားပေး​ကြသောအခါ အမှန်​မှာ သူတို့ ဤသို့​ဆို​နေကြ​ခြင်း​ဖြစ်သည်– ‘သင့်ကိုယ်​ကျင့်​တရားသည် သင်၌ တာဝန်​မရှိ၊ အကြောင်း​မှာ သင်သည် ဇီဝ​ဗေဒ၊ ဓာတု​ဗေဒ​နှင့် ရူပဗေဒ​တို့​ပေါင်းစပ်​၍​ထွက်​လာ​သည့်​ဝတ္ထု​မျှ​သာ ဖြစ်သော​ကြောင့်​တည်း။’ ဇီဝ​ဗေဒ​ပညာရှင် ရစ်ချတ် ဒေါ​ကင်​စ်​က စကြဝဠာ​တွင် ‘ပုံစံ​ပြုခြင်း​မရှိ၊ ရည်ရွယ်ချက်​မရှိ၊ အဆိုး​အကောင်း မည်မည်ရရ​ဘာမျှ​မရှိ’ ဟု​ဆို​သည်။

ထိုသို့​သော​ယုံကြည်ချက်များ​ကို ကိုင်စွဲ​ထား​ရန် သိပ္ပံ​ပညာရှင်​အချို့​သည် သက်ရှိ​၏​အစ​နှင့်​ပတ်သက်​သည့် သူတို့၏​သီအိုရီ​များ​ကို အထောက်အကူ​ပြု​သည့်​အခြေခံ​အချက်များ​နှင့် ဆန့်ကျင်ဘက်​ပြု​သည့် အခြား​သိပ္ပံ​ပညာရှင်​တို့၏ ကျယ်ပြန့်​သော​သုတေသန​ပြု​မှု​ကို ပယ်ချ​ပစ်​ကြသည်။ အကယ်၍ ကျွန်ုပ်​တို့သည် နှစ်ပေါင်း​ဘီ​လျံ​ချီ အချိန်ပေး​လျှင်​ပင် သက်ဝင်​လှုပ်ရှား​သော​ဆဲလ်​တစ်ခု​ဖြစ်တည်​စေရန် လိုအပ်​သည့် ရှုပ်ထွေး​လှ​သော မော်လီကျူး​တစ်ခု မတော်တဆ​ဖြစ်ပေါ်​လာဖို့​ဆို​သည်​မှာ သင်္ချာ​နည်း​အရ ဖြစ်​နိုင်​ခြေမ​ရှိကြောင်း ဖော်ပြ​နေသည်။ * ထို့​ကြောင့် ပြဋ္ဌာန်း​စာအုပ်​များစွာ​တွင်​ပါရှိ​သည့် သက်ရှိ​၏​အစ​နှင့်​ပတ်သက်သော တရားသေ​လက်ခံ​ထား​သည့် သီအိုရီ​များသည် ခြေမြစ်​ခိုင်လုံ​မှုမရှိ​ဟု ယူမှတ်​ရမည်။

အသက်သည် မတော်တဆ​တိုက်ဆိုင်မှု​ကြောင့်​ဖြစ်လာ​သည်​ဟူသော ယုံကြည်မှု​သည် ဖန်ဆင်း​ခြင်း​ကြောင့်​ဖြစ်လာ​သည်​ဟူသော ယုံကြည်မှု​ထက် ယုံကြည်ခြင်း​ပို​၍​လိုအပ်​သည်။ နက္ခတ္တ​ဗေဒ​ပညာရှင် ဒေးဗစ် ဘ​လော့​ခ်​က ဤသို့​လေ့လာ​တွေ့ရှိ​ခဲ့​သည်– “ဖန်ဆင်း​ရှင်​တစ်ပါး​ရှိကြောင်း မယုံကြည်သူ​တစ်ဦး​သည် ဖန်ဆင်း​ရှင်​ကို​ယုံကြည်သူ​ထက် သာ၍​ယုံကြည်ခြင်း​ရှိဖို့ လို​မည်။ လူတစ်ဦး​က ဘုရားသခင်​မရှိပါ​ဟု ကြွေးကြော်​လိုက်ခြင်း​သည် အထောက်အထား​မဲ့​သိမ်း​ကျုံး​ဖော်ပြ​သော အဆို​တစ်ခု—ယုံကြည်ချက်​တစ်မျိုး​အပေါ်​အခြေပြု​သော သက်သေ​မပြ​နိုင်​သည့်​အယူအဆ​တစ်ခု​ကို ထုတ်ဖော်​ပြ​လိုက်ခြင်း​သာ​ဖြစ်သည်။”

သိပ္ပံ​ဆိုင်ရာ​တွေ့ရှိချက်​များ​ကြောင့် သိပ္ပံ​ပညာရှင်​အချို့​၌ အထင်ကြီး​လေးစားစိတ် စတင်​ကိန်းအောင်း​လာနိုင်​၏။ အဲလ်ဘတ် အိုင်းစတိုင်း​က ဤသို့​ဝန်ခံခဲ့​သည်– “ကိုယ်ပိုင်​ဘာသာရေး​ခံစားချက်​မရှိသော ကြီးကျယ်​သည့်​သိပ္ပံ​ပညာရှင်​စင်စစ်​ကို တွေ့​ဖို့​ရာ​ခဲယဉ်း​လှ​ပေ​သည်။ . . . ဘာသာရေး​ခံစားချက်​ဟူသည် အလွန်​မြင့်မား​သည့် ဉာဏ်ပညာ​တစ်ရပ်​ရှိကြောင်း သိသာ​ထင်ရှားစေ​သည့် သဘာဝ​နိယာမ​တရား​၏​သဟဇာတ​ဖြစ်မှု​ကို​မြင်ပြီး အံ့သြတကြီး​ခံစား​သွား​မှု​မျိုး​ဖြစ်သည်၊ ထို​ဉာဏ်ပညာ​နှင့် နှိုင်းယှဉ်​ကြည့်​လျှင် လူသား​တို့၏​စနစ်တကျ​စဉ်းစား၊ ပြုမူမှု​အ​စု​စု​မှာ မပြော​ပ​လောက်​သော​အရိပ်အယောင်​သာ ဖြစ်သွား​သောကြောင့်​တည်း။” သို့​တိုင် ထိုသို့​သော​သဘောထား​က သိပ္ပံ​ပညာရှင်​တို့ကို ဖန်ဆင်း​ရှင်​သည် တကယ့်​ပုဂ္ဂိုလ်​တစ်ပါး​ဖြစ်​ကြောင်း ယုံကြည်​လောက်​အောင် မဖြစ်စေ​ပါ။

သိပ္ပံ​ပညာ​တွင် အကန့်အသတ်​ရှိ​မှုများ

သိပ္ပံ​ဆိုင်ရာ​အသိပညာနှင့် အောင်မြင်မှု​များ​အတွက် အထိုက်အလျောက်​အသိအမှတ်​ပြုခြင်း​မှာ သင့်လျော်​ပါ​သည်။ သို့သော် သိပ္ပံပညာ​သည် အသိပညာ​ရှာ​စ​ရာ လမ်း​တစ်​သွယ်​ဖြစ်သည်​မှန်​သော်လည်း ယင်းသည် အသိပညာ​၏ တစ်ခု​တည်း​သော​ရင်းမြစ်​မဟုတ်​ကြောင်း အများ​က သဘောတူ​ကြ​ပေ​လိမ့်​မည်။ သိပ္ပံ​ပညာ​၏​ရည်ရွယ်ချက်မှာ သဘာဝ​လောက​၌​ဖြစ်ပျက်​နေသော ဆန်းကြယ်​သည့်​ဖြစ်ရပ်​တို့ကို ဖော်ပြ​ပေး​ရန်​နှင့် ဤ​ဖြစ်ရပ်​တို့သည် မည်သို့​မည်​ပုံ​ဖြစ်ပျက်​နေကြောင်း အဖြေရှာ​ရာ​တွင် ကူညီ​ပံ့ပိုး​ရန်ဖြစ်​သည်။

သိပ္ပံ​ပညာ​က မျက်မြင်ရ ရူပ​စကြဝဠာ​ကို ကျွန်ုပ်​တို့အား ထိုးဖောက်​နားလည်စေ​သည်။ သို့သော် သိပ္ပံ​ဆိုင်ရာ​စူးစမ်း​ရှာဖွေမှု မည်သည့်​အတိုင်းအတာ​အထိ​ပင် ထိုးဖောက်​နိုင်​ပါစေ ယင်းက ပထမ​အချက်​အနေ​နှင့် စကြဝဠာ အဘယ်ကြောင့်​တည်ရှိ​လာ​ခဲ့​ကြောင်း အခြေခံကျ​သည့်​မေးခွန်း​ကို​မူ ဖြေဆို​မပေးနိုင်​ချေ။

“သိပ္ပံ​ပညာရှင်​တို့ ဘယ်​သောအခါ​မျှ ဖြေဆို​မပေးနိုင်​မည့်​မေးခွန်း​အချို့ ရှိပါ​သည်” ဟူ၍ ကလောင်ရှင် တောမ် အက်​တ​လီ​က ကောက်ချက်​ချ​သည်။ “လွန်ခဲ့သော​နှစ်ပေါင်း ၁၂ ဘီ​လျံ​က မဟာ​ပေါက်ကွဲ​မှု​ဖြစ်ပေါ်​ခဲ့​ပေမည်။ သို့သော် အဘယ်ကြောင့် ပေါက်ကွဲ​ခဲ့​ရသနည်း။ . . . ပထမ​အချက်​အနေ​နှင့် ဒြပ်​မှု​န်​များ မည်သို့​ဖြစ်တည်​လာ​သနည်း။ ယင်း​တို့​မဖြစ်​တည်​မီ​က ထို​တွင် အဘယ်အရာ​ရှိ​သနည်း။” အက်​တ​လီ​က ဤသို့​ဆင်ခြင်​ပြ​သည်– “သိပ္ပံ​ပညာ​သည် လူ​တို့​တောင့်တ​သော​အဖြေ​များ​ကို ကျေနပ်​လောက်​အောင် ပေး​နိုင်​မည်​မဟုတ်​ကြောင်း ရှင်း​သည်ထက်​ရှင်း​လာ​သည်ကို . . . တွေ့ရ​၏။”

ထိုသို့ နှိုက်နှိုက်​ချွတ်ချွတ်​လေ့လာ​စူးစမ်း​မှု​မှ ရရှိ​လာ​ခဲ့​သော​သိပ္ပံ​အသိပညာ​သည် ဘုရားသခင်​တစ်ပါး​တည်ရှိ​ဖို့​လို​ကြောင်းကို ဖယ်ထုတ်​လိုက်​ဖို့​ဝေး​စွ၊ ကျွန်ုပ်​တို့သည် ရှုပ်ထွေး​ဆန်းကြယ်သော​အံ့သြဖွယ်​ကမ္ဘာကြီး​တွင် အသက်ရှင်​နေထိုင်​နေကြောင်း​ကို​သာ အခိုင်အမာ​အတည်ပြု​ပေး​၏။ တွေးခေါ်​တတ်​သူများစွာ​က ရူပ​နိယာမ​များ၊ ဓာတု​တုံ့ပြန်မှု​များ​အပြင် ဒီအဲန်အေ​နှင့် များပြား​လှ​သော​အံ့ဖွယ်​သက်ရှိ​အမျိုးမျိုး​တို့သည် ဖန်ဆင်း​ရှင်​တစ်ပါး​ရှိသည်​ကို ညွှန်ပြ​နေခြင်း​ဖြစ်​ကြောင်း ကောက်ချက်​ချရန်​အတွက် ယုတ္တိတန်​ကြောင်း သိရှိ​လာကြပြီ။ ဖန်ဆင်း​ရှင်​မရှိပါ​ဟု ငြင်းဆို​နိုင်သော​သက်သေ​အထောက်အထား​မရှိပါ။

‘ယုံကြည်ခြင်း၌ ဖြစ်ရပ်မှန်​ရှိသည်’

စကြဝဠာ​နောက်ဝယ် ဖန်ဆင်း​ရှင်​တစ်ပါး​ရှိ​မည်​ဆိုလျှင် ကျွန်ုပ်​တို့သည် ကိုယ်တော်​နှင့် ကိုယ်တော်​၏​ရည်ရွယ်တော်မူချက်​များ​ကို အဝေးကြည့်​မှန်ပြောင်း​များ၊ အနီး​ကြည့်မှန်​ဘီလူး​များ​ဖြင့်​ဖြစ်စေ သိပ္ပံ​ဆိုင်ရာ အခြား​ကိရိယာ​တန်ဆာ​များ​ဖြင့်​ဖြစ်စေ သဘောပေါက်​နားလည်​ဖို့ မျှော်လင့်​၍​မရနိုင်​ချေ။ အိုးထိန်းသမား​တစ်ဦး​နှင့် သူ​ပြုလုပ်​ခဲ့​သော​အိုး​မြေ​တစ်လုံး​ကို သုံးသပ်ကြည့်​ပါ။ အိုး​မြေ​ကိုယ်နှိုက်​ကို မည်မျှ​စေ့စပ်​စွာ​ဆန်းစစ်​ကြည့်​ဦး​တော့ ယင်းကို အဘယ်ကြောင့်​ပြုလုပ်​ရ​ကြောင်း အဖြေရှာ​တွေ့​နိုင်​မည်​မဟုတ်​ချေ။ ထို​အဖြေ​ရဖို့ အိုးထိန်းသမား​ကိုယ်နှိုက်​ကို ကျွန်ုပ်​တို့ မေးမြန်း​ကြ​ရမည်​ဖြစ်သည်။

မော်လီကျူး​ဇီဝ​ဗေဒ​ပညာရှင် ဖရန့်​စ္စ ကော်​လင်း​စ်​က သိပ္ပံ​ပညာ​မှ​ထားရစ်​သည့် ဟာ​နေသော​အကွက်​ကို​ဖြည့်​ပေးဖို့ ယုံကြည်ခြင်း​နှင့် ဝိညာဉ်​ရေးရာ​တို့​က ကူညီ​ပေး​နိုင်​ပုံ​ကို ဤသို့​ရှင်းပြသည်– “လူ့​ဂျီ​နု​မ်း​ဖြစ်​စဉ်​ကို​သိရှိ​ရန်​အတွက် ဘာသာရေး​မှ မှန်ကန်​စွာ​မျှော်မှန်း​၍​ရ​လိမ့်​မည်​မဟုတ်သည့်​နည်းတူ သဘာဝလွန်​ဖြစ်ရပ်​တို့ကို သိရှိ​ရန်​အတွက် သိပ္ပံ​ပညာ​ကို ကျွန်ုပ်​မျှော်လင့်​မည်​မဟုတ်​ချေ။ သို့သော် ‘ကျွန်ုပ်​တို့ ဤ​ကမ္ဘာ​တွင် အဘယ်ကြောင့်​ရောက်ရှိ​နေကြ​သနည်း’ သို့​မဟုတ် ‘ဝိညာဉ်​ရေးရာ​ကို လူသား​တို့ အဘယ်ကြောင့် တောင့်တ​ကြ​သနည်း’ ကဲ့သို့​သော အမှန်တကယ်​စိတ်ဝင်စားစရာ ပိုမို​အရေးပါသည့်​မေးခွန်းများ​နှင့်​ပတ်သက်​၍​မူ သိပ္ပံ​ပညာ​သည် ကျေနပ်ဖွယ်​မဟုတ်ပါ။ အယူသီးမှု​များစွာ​ပေါ်ထွက်​လာပြီး​နောက် တဖြည်းဖြည်း ပျောက်ကွယ်​သွား​ပြန်​သည်။ ယုံကြည်ခြင်း​မူ ထိုသို့​မဟုတ်၊ ယင်း​၌ ဖြစ်ရပ်မှန်​ရှိသည်။”

အဘယ်ကြောင့်​ကို ရှင်းပြ​ခြင်း

စစ်မှန်သော​ဘာသာသည် အဘယ်ကြောင့်​ဟူသော​မေးခွန်း​ကို ဖြေဆို​ပေး​၍ ဘဝ၏​ရည်ရွယ်ချက်ကို သက်ဆိုင်​စေ​ကာ တန်ဖိုး​ရှိရာ​များ၊ ကျင့်ဝတ်​များနှင့် နီ​တိ​များ​အပြင် ဘဝတွင်​လမ်းညွှန်မှု​အတွက် စံနှုန်း​များ​ကိုလည်း ကမ်း​လှမ်း​ထား​သည်။ သိပ္ပံ​ပညာရှင် အဲ​လ​န် စ​န်​ဒါ​ဂ်​က ဤသို့​ပြော​ခဲ့​သည်– “ဘယ်လို​အသက်ရှင်​ရမလဲ​ဆိုတာ​ကို သင်ယူဖို့ ဇီဝ​ဗေဒ​စာအုပ်​တစ်အုပ်​ကို ကျွန်တော်​ဖတ်​မှာ​မဟုတ်ဘူး။”

ကမ္ဘာ​တစ်ဝန်း သန်းနှင့်ချီ​သူတို့သည် မည်သို့​မည်​ပုံ​အသက်ရှင်​ရမည်ကို သင်ယူ​ရန်​အတွက် မိမိတို့​ရှာတွေ့​ထားပြီ​ဟု ယုံကြည်​ကြသည်။ ဤ​မေးခွန်းများ​နှင့်​ပတ်သက်​၍ အမှန်တကယ်​ကျေနပ်ဖွယ်​အဖြေ​များ​ကို သူတို့​ရရှိ​ထားပြီ​ဟု​လည်း ခံယူ​ထား​ကြသည်– ကျွန်ုပ်​တို့ ဤ​တွင် အဘယ်ကြောင့်​ရှိနေကြ​သနည်း။ ကျွန်ုပ်​တို့၏​အနာဂတ်​ကား အသို့နည်း။ အဖြေ​ရှိ​နေသည်။ သို့သော် အဘယ်တွင်​နည်း။ ရှေးအကျဆုံး​နှင့် အကျယ်ပြန့်ဆုံး​ထုတ်ဝေ​ဖြန့်ချိ​ထား​သည့် သန့်ရှင်း​မြင့်မြတ်​သော​စာအုပ်၊ သမ္မာကျမ်းစာ​တွင်​တည်း။

သမ္မာကျမ်းစာ​က ဘုရားသခင်​သည် အထူးသဖြင့် လူသားတို့​အတွက်​ရည်ရွယ်​၍ ဤ​ကမ္ဘာ​မြေ​ကို ပြင်ဆင်​ပေး​ကြောင်း ဖော်ပြ​ထား​သည်။ ကမ္ဘာ​မြေ​နှင့်​ပတ်သက်​၍ ဟေရှာယ ၄၅:၁၈ က ဤသို့​ဆို​သည်– ‘ထာဝရ​ဘုရား​သည် အချည်းနှီး​ဖန်ဆင်း​သည်မဟုတ်၊ သတ္တဝါ​နေစရာ​ဖို့​ဖန်ဆင်း​တော်​မူ​၏။’ (ဟေရှာယ ၄၅:၁၈) ထို့​ပြင် ကိုယ်တော်​သည် ကမ္ဘာ​မြေ​ကို လူ​တို့​လိုအပ်ရာ​မှန်သမျှ​ဖြင့် စီမံ​ပေး​ထားပြီး အသက်ရှင်ရုံ​သက်​သက်​မဟုတ်ဘဲ ဘဝကို အပြည့်အဝ​မွေ့လျော်​ဖို့ ပြုလုပ်​ပေး​ထား​သည်။

ကမ္ဘာ​မြေ​ကို ကြီးကြပ်​အုပ်ချုပ်​၍ “ပြုစု​စောင့်နေ​စေခြင်း​ငှာ” လူသား​တို့ကို ပေးအပ်​ခဲ့​သည်။ (ကမ္ဘာဦး ၂:၁၅) သမ္မာကျမ်းစာ​က အသိပညာနှင့် ဉာဏ်ပညာ​သည် ဘုရားသခင့်​ထံ​တော်​မှ ဆုကျေးဇူး​များ​ဖြစ်​ကြောင်းကို​လည်း ရှင်းပြ​ထားပြီး ကျွန်ုပ်​တို့​အနေ​ဖြင့် တစ်ဦး​နှင့်​တစ်ဦး မေတ္တာထား​၍ တရား​မျှတမှုကို ကျင့်သုံး​ကြ​ရန်ဖြစ်​သည်။ (ယောဘ ၂၈:၂၀၊ ၂၅၊ ၂၇; ဒံယေလ ၂:၂၀-၂၃) သို့ဖြင့် လူသား​တို့သည် မိမိတို့​အတွက် ဘုရားသခင့်​ရည်ရွယ်တော်မူချက်​ကို​သိမြင်​၍ သက်ဝင်​ယုံကြည်​မှ​သာ​လျှင် ဘဝတွင်​ရှိသော​ရည်ရွယ်ချက်​နှင့် အဓိပ္ပာယ်​ကို ရှာတွေ့နိုင်​ကြသည်။ *

ခေတ်​နှင့်​တစ်ပြေးညီ​စဉ်းစားတတ်​သူ​တစ်ဦး​အနေ​ဖြင့် သိပ္ပံ​ဆိုင်ရာ​အကြောင်းတရား​နှင့် ဘာသာရေး​ယုံကြည်ချက်​စပ်ကြား ထင်သာ​မြင်သာ​သော​ကွာဟချက်​ကို မည်သို့​နယ်​ကျဉ်း​စေနိုင်​သနည်း။ အဘယ်​ညွှန်ကြားချက်​ဆိုင်ရာ​မူများ​က လူတစ်ဦး​အား ယင်းကို​ဖြစ်စေ​နိုင်​မည်​နည်း။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 11 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည့် သင့်ကို​ဂရုစိုက်​တော်​မူ​သော ဖန်ဆင်း​ရှင်​တစ်ပါး​ရှိသလော အခန်း ၃ “သက်ရှိ​အစ ဘယ်​ဆီက” ဆောင်းပါး​ကို​ရှု။

^ အပိုဒ်၊ 26 အသေးစိတ်​အချက်အလက်​ကို သိရှိ​ရန် ယေဟောဝါသက်သေ​များ​မှ​ထုတ်ဝေ​သည့် ဘဝ​ရည်ရွယ်ချက်ကား အဘယ်နည်း၊ ယင်းကို သင်​မည်သို့​ရှာတွေ့နိုင်​သနည်း ဘရိုရှာ​ကို​ရှု။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]

သိပ္ပံ​ပညာရှင်​အချို့​၏ မြွက်​ဟ​ချက်

လူ​အချို့​က သိပ္ပံ​ပညာရှင်​အများစု​သည် ဝိညာဉ်​ရေးရာ​နှင့် ဘာသာ​တရား​ကိစ္စရပ်​တို့ကို ရှောင်​ကြသည်၊ အကြောင်း​မှာ သူတို့သည် ဘာသာရေး​သမားများ​မဟုတ်​၍​သော်လည်း​ကောင်း၊ သိပ္ပံ​ပညာ​နှင့်​ဘာသာ​တရား​အငြင်းပွားမှု​၌ မိမိတို့​ပါဝင်​ပတ်သက်​လို​စိတ် မရှိခြင်း​ကြောင့်​သော်လည်း​ကောင်း ရှောင်​ကြ​ခြင်း​ဖြစ်သည်​ဟု ယူမှတ်​ကြသည်။ သိပ္ပံ​ပညာရှင်​အချို့​သည် ထိုသို့​ဖြစ်​သော်လည်း အားလုံး​မဟုတ်​ချေ။ အောက်​ဖော်ပြ​ပါ သိပ္ပံ​ပညာ​ရှင်တို့​၏​မြွက်​ဟ​ချက်​ကို သတိပြုပါ။

“စကြဝဠာ​၌ အစ​ရှိသော်လည်း အဘယ်ကြောင့်​ဖြစ်​ရ​ကြောင်းကို သိပ္ပံ​ပညာရှင်​တို့ ရှင်း​မပြ​နိုင်​ပါ။ အဖြေကို ဘုရားသခင်​သာ သိ​၏။” “သမ္မာကျမ်းစာ​ကို အမှန်တရား​စာအုပ်၊ ဘုရားသခင့်​မှုတ်သွင်း ခံ​အဖြစ် ကျွန်ုပ်​ယူမှတ်​သည်။ အသက်​၏​ရှုပ်ထွေးမှု​နောက်ဝယ် ဉာဏ်ကြီးရှင်​တစ်ပါး ရှိ​ကို​ရှိသည်။”—ကဲ​န်း တာ​နာ​ကာ၊ အမေရိကန်​ပြည်ထောင်စု ဘူမိဗေဒ​လေ့လာ​ဆန်းစစ်ခြင်း​မှ ဂြိုဟ်​များ​ဆိုင်ရာ​ဘူမိဗေဒ​ပညာရှင်။

“အသိပညာ​အမျိုးမျိုး (သိပ္ပံ​နှင့် ဘာသာရေး) စပ်ကြား ကွာဟမှု​သည် သဘာဝ​အရ​ရှိနေခြင်း​မဟုတ် လူ့​ဖန်တီးမှု​ကြောင့်​ရှိလာ​ခြင်း​ဖြစ်သည်။ . . . ဖန်ဆင်း​ရှင်​နှင့်​ပတ်သက်သော​အသိပညာနှင့် ဖန်ဆင်း​ခြင်း​ဆိုင်ရာ​အသိပညာ​တို့​မှာ နီးကပ်​ဆက်စပ်မှု​ရှိ၏။”—အန်​ရီ​ခ် ဟာ​န​န်ဒက်ဇ်၊ မက္ကစီကို​ရှိ အမျိုးသားရေး​ပုဂ္ဂလိက​တက္ကသိုလ်​မှ ရူပဗေဒ​နှင့် သဘောတရား​ဆိုင်ရာ​ဓာတု​ဗေဒ​ဌာန​၏ သုတေသီ၊ ပါမောက္ခ။

“[လူ့​ဂျီ​နု​မ်း​နှင့်​ပတ်သက်​သည့်] အချက်အလက်​အားလုံး​ကို ကျွန်ုပ်​တို့ တိုး​သိ​နားလည်​လာ​သည်​နှင့်​အမျှ ယင်း​တွင်​ပါဝင်သော ရုပ်ပစ္စည်း​များ​၏ ရှုပ်ထွေးမှု​နှင့်​အပြန်အလှန်​အမှီသဟဲ​ပြု​မှု​တို့ကို တွေ့ ရှိ​ရမည်။ ၎င်း​က မူလအစ​ကို ဉာဏ်​ကြီးသော​ဖန်ဆင်း​ရှင်​တစ်ပါး၊ ဉာဏ်ကြီးရှင်​တစ်ပါး​ကြောင့် ဖြစ်​ရ​ကြောင်း ညွှန်ပြ​မည်။”—ဒွေ တီ. ဂ​စ်ရှ် ဇီဝ​ဓာတု​ဗေဒ​ပညာရှင်။

“သိပ္ပံ​နှင့် ဘာသာ​တရားသည် ပြဒါး​တစ်​လမ်း​သံတစ်လမ်း​ဖြစ်စရာ​အကြောင်း​မရှိပါ။ နှစ်ခုစလုံးက အမှန်တရား​တစ်ခု​တည်း​ကို ရှာဖွေ​နေခြင်း​ဖြစ်သည်။ ဘုရားသခင်​တည်ရှိ​ကြောင်း သိပ္ပံ​ပညာ​က ညွှန်ပြ​သည်။”—ဒီ.အိပ်ခ်ျ.အာရ်. ဘာ​တန်၊ တက္ကဆက်​မှ ဓာတု​ဗေဒ​ပါမောက္ခ။

[Credit Lines]

NASA/U.S. Geological Survey

Photo: www.comstock.com

NASA and The Hubble Heritage Team (STScI/AURA)

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

သိပ္ပံ​ပညာ​ဆိုင်ရာ စူးစမ်း​ရှာဖွေမှု​က ကျွန်ုပ်​တို့ ဤ​တွင်​အဘယ်ကြောင့် ရောက်ရှိ​နေရ​ကြောင်း ဖြေဆို​ပေး​နိုင်​သလော

[Picture Credit Line on page 6]

Stars on pages 2, 3, 5, and top of page 7: National Optical Astronomy Observatories