ဆား—အဖိုးတန် ကုန်ပစ္စည်းတစ်မျိုး
ဆား—အဖိုးတန် ကုန်ပစ္စည်းတစ်မျိုး
ယေရှုက “သင်တို့သည် ဤလောက၏ဆားဖြစ်ကြ၏” ဟုမိမိ၏တပည့်များအား မိန့်ဆိုခဲ့သည်။ (မဿဲ ၅:၁၃) တာရှည်ခံစေသည့် ယင်း၏ဂုဏ်သတ္တိများကြောင့် ရှေးခေတ်နှင့် မျက်မှောက်ခေတ်ဘာသာစကားများတွင် “ဆား” ဟူသောစကားလုံးသည် အလွန်တန်ဖိုးထား၊ ဂုဏ်တင်ခံရသော အဓိပ္ပာယ်ဆောင်သည်။
ဆားသည် တည်မြဲ၍ မပျက်ပြယ်သည့် အထိမ်းအမှတ်တစ်ခုလည်းဖြစ်သည်။ ထို့ကြောင့် သမ္မာကျမ်းစာတွင် အတည်ဖြစ်သောပဋိညာဉ်ကို “ဆားနှင့်ယှဉ်သော . . . ပဋိညာဉ်” ဟုခေါ်ဆိုထားပြီး ယင်းကို အတည်ပြုဖို့ ပဋိညာဉ်၌ပါဝင်သူများသည် ဆားပါသောအစာကို အတူတကွစားသုံးရလေ့ရှိသည်။ (တောလည်ရာ ၁၈:၁၉) မောရှေပညတ်အောက်တွင် ယဇ်ပလ္လင်ပေါ် တင်လှူပူဇော်သော ယဇ်များတွင် ဆားခတ်ရပြီး ယိုယွင်းခြင်း သို့မဟုတ် ပုပ်ပျက်ခြင်းကင်းလွတ်သည့် အဓိပ္ပာယ်ကိုဆောင်မည်မှာ သေချာသည်။
စိတ်ဝင်စားဖွယ်သမိုင်းဖြစ်ရပ်များ
သမိုင်းတစ်လျှောက် ဆား (ဆိုဒီယမ်ကလိုရိုဒ်) သည် အဖိုးတန်ကုန်ပစ္စည်းတစ်မျိုးဖြစ်သဖြင့် ဆားကြောင့် စစ်ပွဲများပင် ဖြစ်ခဲ့သည်။ ပြင်သစ်တော်လှန်ရေးဖြစ်စေခဲ့သော အကြောင်းရင်းတစ်ခုမှာ လူဝီဘုရင် ၁၆ က ဆားကို အခွန်တိုး၍ကောက်ခံခြင်းကြောင့်ဖြစ်သည်။ ဆားကို အဖိုးတန်ပစ္စည်းဖလှယ်ရာ၌ ကြားခံပစ္စည်းတစ်ခုအဖြစ်လည်း အသုံးပြုခဲ့ကြသည်။ မောရစ်ရှ်ကုန်သည်များသည် ဆားတစ်ဂရမ်ကို ရွှေတစ်ဂရမ်ဖြင့် လဲလှယ်ခဲ့ကြပြီး ဗဟိုအာဖရိကမျိုးနွယ်စုအချို့သည် ဆားခဲအချပ်များကို ငွေအဖြစ်အသုံးပြုခဲ့ကြသည်။ “salary” (လစာ) ဟူသောအင်္ဂလိပ်ဝေါဟာရသည် လက်တင်ဝေါဟာရ ဆာလာရီယမ် (sal, salt မှ) ဆင်းသက်လာပြီး အစောပိုင်းရောမစစ်သည်များ၏ လခများကိုဆိုလိုကာ ထိုတွင် ဆားဝယ်ယူဖို့ထောက်ပံ့ငွေ တစ်စိတ်တစ်ပိုင်းပါဝင်သည်။ ဂရိလူမျိုးတို့သည် ကျေးကျွန်များကို ဆားဖြင့် လုပ်ခရှင်းပေးခဲ့ကြရာ “not worth his salt” (ဆားပေးရကျိုးမနပ်) ဟူသော အသုံးအနှုန်းပေါ်ပေါက်လာသည်။
အလယ်ခေတ်ကာလအတွင်း ဆားနှင့်ပတ်သက်၍ အယူသီးမှုအချို့ ပေါ်ပေါက်ခဲ့သည်။ ဆားဖိတ်စင်ခြင်းကို နိမိတ်မကောင်းဟု သတ်မှတ်ခဲ့ကြသည်။ ဥပမာ၊ လီယိုနာဒို ဒါ ဗင်ချီ၏ “နောက်ဆုံးညစာစားပွဲ” ပန်းချီကားတွင် ယုဒရှကာရုတ်အရှေ့ ဆားဘူးမှောက်နေပုံကို ပုံဖော်ရေးဆွဲထားသည်။ အခြားတစ်ဖက်တွင်မူ ၁၈ ရာစုနှစ်အထိ ဂုဏ်ပြုညစာစားပွဲတွင် ဆားဘူးထားသည့်နေရာ၏အထက်ဘက် သို့မဟုတ် အောက်ဘက်ထိုင်ခြင်းသည် လူတစ်ဦး၏အဆင့်အတန်းကို ဖော်ပြသည်၊ ဂုဏ်ပြုခံရသောနေရာမှာ ဆားဘူးအထက်၊ စားပွဲထိပ်နားတွင်ဖြစ်သည်။
ရှေးအချိန်ကတည်းက လူတို့သည် သဘာဝဆားရည်၊ ပင်လယ်ရေနှင့် ဆားလွှာတို့မှ ဆားထုတ်ယူနည်းကို သိရှိခဲ့ကြသည်။ ရှေးခေတ်တရုတ်ဆေးဝါးဗေဒကျမ်းတစ်စောင်သည် ဆားအမျိုးအစား ၄၀ ကျော်နှင့် ယနေ့အသုံးပြုပုံနှင့်အံ့ဖွယ်ကောင်းစွာ ဆင်တူသော ဆားထုတ်ယူနည်းနှစ်နည်းကို ဖော်ပြထားသည်။ ဥပမာ၊ မက္ကဆီကိုနိုင်ငံ၊ ဘာဟာ ကယ်လီဖိုးနီးယား စူးပြည်နယ်၊ ဗာဟီးရာ စဘားစတီရန် ဗက်စ်ကီးရာနိုကမ်းခြေပေါ်ရှိ ကမ္ဘာ့အကြီးမားဆုံး နေလှန်းဆားလုပ်ငန်းတွင် ပင်လယ်ရေမှ ဆားကိုထုတ်ယူရန် နေစွမ်းအင်ကိုအသုံးပြုသည်။
စိတ်ဝင်စားစရာမှာ ကမ္ဘာပေါ်ရှိ ပင်လယ်သမုဒ္ဒရာအားလုံး လုံးဝခန်းခြောက်သွားခဲ့လျှင် ဗြိတဲန်နီကာစွယ်စုံကျမ်းအရ “အနည်းဆုံး ကုဗမိုင် ၄.၅ သန်းရှိသော သို့မဟုတ် အမြင့်ဆုံးရေအမှတ်အထက်ရှိ ဥရောပတိုက်တစ်ခုလုံးအရွယ်အစား၏ ၁၄.၅ ဆခန့်ရှိသော ဆားကျောက်တန်းကို ဖြစ်ပေါ်စေမည်။” ထို့အပြင် ပင်လယ်သေသည် သမုဒ္ဒရာရေထက် ကိုးဆမျှ ပိုငန်သည်!
မျက်မှောက်ခေတ်ဆားအသုံးပြုခြင်း
ယနေ့ ဆားသည် အဖိုးတန်ကုန်ပစ္စည်းတစ်မျိုးဖြစ်ဆဲဖြစ်ပြီး အခြားအခြားသောအရာများအပြင် ဟင်းခတ်ပစ္စည်း၊ အသားတာရှည်ခံစေဖို့၊ ဆပ်ပြာနှင့် ဖန်ချက်လုပ်ခြင်းတို့အတွက် အသုံးပြုကြသည်။ သို့သော် အထူးစိတ်ဝင်စားဖွယ်အသုံးပြုသည်မှာ ပြည်သူ့ကျန်းမာရေးနယ်ပယ်တွင် ဖြစ်သည်။ သာဓကအနေနှင့်၊ ကမ္ဘာ့နိုင်ငံအတော်များများတွင် ဂွိုက်တာ (သိုင်းရွိုက်ဂလင်းကြီးထွားခြင်း) နှင့် ဆိုးဆိုးရွားရွားဉာဏ်နုံ့ခြင်းတို့ဖြင့် သိသာထင်ရှားသော အိုင်အိုဒင်းဓာတ်ချို့တဲ့သည့် ဒေသန္တရကပ်ရောဂါကို တိုက်ဖျက်ရန် ဆားကို အိုင်အိုဒင်းဓာတ်ဖြည့်ထားသည်။ ထို့အပြင် နိုင်ငံအချို့သည် သွားပိုးစားခြင်းကိုကာကွယ်ရန် ဆားတွင် ဖလူအိုရိုက်ဒ် ဒြပ်ပေါင်းထည့်ပေးကြသည်။
ဆားသည် ကျန်းမာပျော်ရွှင်မှု—သွေးထုထည်နှင့် သွေးဖိအားကို ထိန်းညှိပေးရေး—အတွက် မရှိမဖြစ်လိုအပ်နေသော်လည်း ဆားစားသုံးခြင်းနှင့် သွေးပေါင်ချိန်မြင့်တက်ခြင်းနှင့်ပတ်သက်၍ကော။ ဆရာဝန်များသည် သွေးတိုးရောဂါသည်များ ဆားနှင့် ဆိုဒီယမ်စားသုံးခြင်းကို အမြဲတမ်းကန့်သတ်ကြသည်။ သွေးပေါင်ချိန်မြင့်သူ သုံးပုံတစ်ပုံမှ ထက်ဝက်ခန့်အထိသည် ဆားနှင့်မတည့်ချေ။ ယင်းအဖြစ်တွင် ဆားအစားနည်းသူတို့သည် သွေးပေါင်ချိန်ပိုနည်းကြောင်းပြသည်။
“မမြိန်သောအရာကို ဆားမပါဘဲစားနိုင်သလော” ဟူသောမေးခွန်းဖြင့် ယောဘဖော်ပြခဲ့သည့်အတိုင်း ဆားသည် အစားအစာကို အမှန်ပင် အရသာပိုရှိစေသည်။ (ယောဘ ၆:၆) အဖိုးတန်ကုန်ပစ္စည်းဆားအပါအဝင် “ငါတို့ခံစားဖို့ရာအလုံးစုံတို့ကို ကြွယ်ဝစွာပေးသနားတော်မူသော” ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ကို အမှန်ပင်ကျေးဇူးတင်နိုင်ပါသည်။—၁ တိမောသေ ၆:၁၇။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ဆားမျိုးပေါင်းစုံရှိသည့်အနက်မှအချို့ (ထိပ်မှ လက်ယာရစ်)– (၁) အယ်လေယာ ပင်လယ်ဆား၊ ဟာဝိုင်ယီ; (၂) ဖလာ ဒီ စဲလ်၊ ပြင်သစ်; (၃) အော်ဂဲနစ် ပင်လယ်ဆားကြမ်း; (၄) စဲလ် ဂရစ္စ (ခဲရောင်ဆား)၊ ပြင်သစ်; (၅) ပင်လယ်ဆားကြမ်း; (၆) မြေပေါက်ဆားနက်၊ အိန္ဒိယ