မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မြက်—သင့်ခြေအောက်ရှိ အစိမ်းသက်သက်မျှမဟုတ်

မြက်—သင့်ခြေအောက်ရှိ အစိမ်းသက်သက်မျှမဟုတ်

မြက်—သင့်​ခြေ​အောက်​ရှိ အစိမ်း​သက်​သက်​မျှ​မဟုတ်

အချို့​သူတို့​အတွက် ယင်းသည် အိမ်အပြင်ဘက်​ရှိ ရိတ်​ဖြတ်​ရသော အစိမ်းရောင်​အရာ​မျှ​သာ​ဖြစ်သည်။ လယ်သမားများ​နှင့် ဘောလုံး​သမားများ​အတွက်​မူ ယင်းသည် သူတို့၏​အလုပ်ခွင်​ဖြစ်သည်။ ကလေး​သူငယ်​များ​အတွက်​မူ​ကား ယင်းသည် အကောင်းဆုံး​ကစားကွင်း​ဖြစ်၏။ သို့သော် မြက်​ဟူသော​ဝေါဟာရ​သည် မြက်ခင်း​များ၊ လယ်ယာများ​နှင့် ကစားကွင်း​များ​ကို​သာ ရည်ညွှန်း​သလော။

အသင်​သည် အထပ်​များသော မြို့​ပြ​အဆောက်အအုံ​၌​နေထိုင်ပါ​က အဘယ်​မြက်​မျိုး​နှင့်​မဆို ပတ်သက်​စ​ရာ​အကြောင်း​မရှိ​ဟု သင်ယူ​မှတ်​ပေမည်။ သို့သော် ကျွန်ုပ်​တို့အားလုံး​လို​လို အချို့​မြက်​ပင်​မျိုး​သာမက ယင်း​၏​ထွက်ကုန်​များနှင့် နေ့စဉ် ထိတွေ့​နေကြ​ရသည်။ အခြေခံ​အားဖြင့် မြက်​ဟူသည် အဘယ်နည်း။ ယင်းကို ကျွန်ုပ်​တို့​မည်သို့​အသုံးပြု​ကြ​သနည်း။

မြက်​ပင်​ဟူသည် အဘယ်နည်း

အ​ည​တရ​ဖြစ်သော ဤ​အပင်​ကို အနီးကပ်​ကြည့်​ကြ​စို့။ အများအားဖြင့်၊ စိမ်းလန်း​စွာ မြေပေါ်မှာ​ကပ်​၍​ပေါက်​သော အပင်​ဟူသ၍​ကို မြက်​ဟု​ခေါ်​သည်။ (Gramineae (သို့) Poaceae) ဟူသော မြက်​မျိုးရင်းဝင်​အဖြစ် သိပ္ပံ​နည်း​အရ သတ်မှတ်​ထား​သည့်​အပင်များ​အပြင် အချို့​က သုံး​ထောင့်​မြက်​နှင့် ကျူပင်​တို့ကို မြက်​ဟု​ယူမှတ်​ကြသည်။ သို့သော် မြက်​မျိုးရင်းဝင်​သာ​လျှင် မြက်​အစစ်​ဖြစ်သည်​ဟု​ဆို​၏။ ထို​အပင်​မျိုး​တွင် သိသာ​ထင်ရှားသော​အင်္ဂါရပ်​အချို့​ကို တွေ့​ရလေ့​ရှိသည်။ မြက်​ပင်​ဟု သင်ယူ​ဆ​သော​အပင်​တစ်ပင်​ကို ကောင်းစွာ​ဆန်းစစ်​ကြည့်​ပါ။

ပင်စည်​သည် လုံး​၍ အ​ခေါင်း​ပွ​ဖြစ်​သလော၊ အဆစ်​များ​ရှိသလော။ အရွက်​များသည် ပြား​၍ ရှည်​မျော​မျော​ဖြစ်​ကာ မျဉ်း​ပြိုင်​အကြော​များ​ရှိပြီး ပင်စည်​ကို​ပတ်​နေသည့် အဖတ်​များ​မှ ထွက်​နေ​သလော။ ပင်စည်​၏​တစ်ဖက်တစ်ချက်​မှ အရွက်​များ ဆက်တိုက်​ထွက်​လာပြီး ထောင်​လိုက်​အတန်း​နှစ်​တန်း​ဖြစ်ပေါ်​စေ​သလော။ အမြစ်​ကြီး​တစ်ခု​တည်း​ထွက်​မည့်​အစား အမြစ်​သေး၊ အမြစ်​မွှား​များ ဖြာထွက်​နေ​သလော။ အပွင့်​များ​ကို သင်​တွေ့မြင်​နိုင်​ပါ​က ၎င်းတို့သည် သေးငယ်​၍ မထင်မရှား​ဖြစ်​ပြီး ပွင့်​ညှာ​မဲ့​စ​ပိုက်​ခ်​ပန်း​ခိုင်၊ ရာ့​စင်း​မ် သို့​မဟုတ် ဖယ်​နီ​ကဲ​ယ်လ်​ဟု​ခေါ်​သော ပန်း​ခိုင်​များ​ထွက်ပေါ်​လျက်​ရှိသလော။ ဟုတ်ကဲ့​ဟူသော​အဖြေ​များ​ရမည်​ဆိုလျှင် ထို​အပင်​သည် မြက်​မျိုးရင်းဝင်​ဖြစ်​နိုင်​ပါ​သည်။

မြက်​မျိုးရင်းဝင်​သည် အမြင်​အားဖြင့် တစ်မျိုးတည်း​ရှိ​ပုံ​ပေါက်​သော်လည်း အံ့ဖွယ်ကောင်း​လောက်​အောင် မျိုးစိတ် ၈,၀၀၀ နှင့် ၁၀,၀၀၀ ကြား​ရှိသည့်​အထိ မျိုး​ပေါင်း​စုံ​လှ​သည်။ အပင်​၏​အမြင့်​မှာ တစ်လက်​မ​၏​လေး​ပုံ​သုံး​ပုံ​ခန့်​ရှိရာ​မှ အချို့​ဝါး​ပင်​များ​ဆိုလျှင် ပေ ၁၃၀ အထိ​ရှိသည်။ ကမ္ဘာ​မြေကြီးကို လွှမ်းခြုံ​ထားသော အဓိက​အပင်​မှာ မြက်​ပင်​ဖြစ်သည်။ ကမ္ဘာ​ပေါ်​တွင် မြက်​ပင်​သည် နေရာ​မရွေး အလိုက်အထိုက် ရှင်သန်​ပေါက်ရောက်​နိုင်စွမ်း​အရှိဆုံး အပင်​အုပ်စု​ဝင်​ဖြစ်သော​ကြောင့် ဝင်ရိုး​စွန်း​ဒေသ​များနှင့် သဲကန္တာရ​များ​တွင်၊ အပူပိုင်း​မိုးသစ်တော​များနှင့် လေကြောင်း​တည့်​သော တောင်စောင်း​ဒေသ​များ​တွင် မြက်​ပေါက်​ခြင်း​သည် အံ့ဩစရာ​မဟုတ်​ချေ။ သဘာဝ​ပေါက်​ပင်​များ ပေါက်ရောက်​လျက်​ရှိသော​ဒေသ​များ—ဥရောပ​အရှေ့​တောင်ပိုင်း​ရှိ စတက်​လွင်ပြင်များ၊ တောင်​အမေရိက​မြောက်ပိုင်း​ရှိ လာ​နို​ကွင်းပြင်​ကြီး​များ၊ တောင်​အမေရိက​ရှိ ပမ်း​ပ​ပ်​လွင်ပြင်​ကြီး၊ အမေရိကန်​ပြည်ထောင်စု​နှင့် ကနေဒါ​မှ ပ​ရေ​ရီ​မြက်ခင်း​နှင့် အပူပိုင်း​ဒေသ သို့​မဟုတ် အပူ​လျော့​ပိုင်း​ဒေသ​များ​ရှိ ဆ​ဗား​နား​မြက်ခင်းပြင်​စ​သည်—တို့သည် မြက်​ဖုံးလွှမ်း​သော​နေရာများ​ဖြစ်​ကြသည်။

အပင်​သန်မာ​ခြင်း​သည် အမျိုးမျိုးသော​မြက်​ပင်​များ ဖြစ်မြောက်​အောင်မြင်​ကြ​သည့် အကြောင်းရင်း​တစ်ခု​ဖြစ်သည်။ မြက်​ပင်​သည် အခြား​အပင်များ​စွာ​နှင့်​မတူဘဲ ထိပ်ဖျား​တွင်​မဟုတ်၊ အဆစ်​များ​အထက်​ရှိနေ​ရာ​မှ ပေါက်​၏။ ထို့​ပြင် မြေပေါ်၊ မြေအောက် အလျား​လိုက်​ပေါက်​နေသော ပင်စည်​များ​မှ အတက်​သစ်​များ​ထွက်​လာပေမည်။ ထို့​ကြောင့် မြက်​ပင်​ထိပ်ဖျား​ကို မြက်​ရိတ်​စက် သို့​မဟုတ် နွား​၏​သွားများ ရိတ်​ဖြတ်သွား​သောအခါ မြက်​ပင်​သည် ဆက်လက်​ရှင်သန်​ပေါက်ရောက်​သော်လည်း အခြား​အပင်များ​မူ သေသွား​လေ​သည်။ ယင်းကြောင့် မကြာခဏ​မြက်ရိတ်ခြင်း​သည် အခြား​အပင်များ​ကို ထိခိုက်​သော်လည်း ထူ​ထပ်၍ လှပ​တင့်တယ်​သော​မြက်ခင်းပြင်​ကို ဖြစ်စေ​နိုင်​သည်။

ထို့​အပြင် မြက်​အများစု​သည် လေ​ကြောင့် သို့​မဟုတ် အ​နင်း​ခံရ​သောကြောင့် ပင်စည်​ကိုင်းညွတ်​သွား​လျှင် လဲကျ​သွား​သည့်​ဘက်​မှ အလိုအလျောက်​ခေါင်း​ပြန်​ထောင်​၍ ရှင်သန်​နိုင်​သည်။ ဤ​အကြောင်း​များ​ကြောင့် မြက်​ပင်​သည် ထိခိုက်​ခံရ​ပြီး​နောက် အမြန်​ပြန်​နာလန်ထူ​လေ့​ရှိရာ အခြား​အပင်များ​ထက် နေရောင်​ပို​ရရှိနိုင်​သည်။ မြက်​ပင်​သည် ယင်း​သို့​သော​ကြံ့ခိုင်​သည့်​အပင်​ဖြစ်သော​ကြောင့် ကျွန်ုပ်​တို့​ဝမ်းသာ​နိုင်​သည်။ အမှန်ဆိုလျှင် ယင်းကို ကျွန်ုပ်​တို့​မှီခို​နေရ​သည်။

ဘက်စုံ​အသုံးပြုနိုင်​သော​အပင်

မြက်​ပင်​သည် အပေါ​များ​ဆုံး​အပင်​ဖြစ်​ရုံ​မျှ​မ​က​ပေ၊ ကမ္ဘာ​မြေကြီးပေါ်​တွင် အရေးအပါဆုံး အပွင့်​ပွင့်​သော​အပင်​မျိုး​လည်း​ဖြစ်သည်။ ရုက္ခဗေဒ​ပညာရှင်​တစ်ဦး​က မြက်​ပင်​သည် ကျွန်ုပ်​တို့၏​အခြေခံ​အစာ​ဖြစ်သည်​ဟု​ဆို​သည်။ ယင်းသည် “လူ​တို့ကို ငတ်မွတ်​ခေါင်းပါး​ခြင်း​ဘေး​မှ ကာကွယ်​ပေး​သော ရေကာတာ​ကဲ့သို့” ဖြစ်သည်။ သင်​ယနေ့​စားသုံး​ခဲ့​ရာ​ကို ပြန်​စဉ်းစား​ကြည့်​ပါ။ နံနက်ပိုင်း​တွင် လူး​မျိုး၊ ဆန်၊ အုတ်​ဂျုံ သို့​မဟုတ် နှံ​စား​ပြောင်း​တို့​နှင့် စီမံ​ပြုလုပ်​ထားသော စားသောက်​ဖွယ်​တစ်ခွက်​ဖြင့် အစပြု​ခဲ့​သလော။ သို့​ဖြစ်ပါ​က သင်သည် မြက်​အစေ့များ​ကို စားသုံး​ခဲ့​ပေ​ပြီ။ သင်သည် ပေါင်မုန့်​အ​လုံး သို့​မဟုတ် အခြား​ပေါင်မုန့်​မျိုးကို စားသုံး​ကောင်းစား​သုံးခဲ့​ပေမည်။ ယင်း​အတွက်​အသုံးပြု​သော မုန့်​ည​က်​သည် မြက်​အစေ့​အ​ဆန်​များ​ဖြင့် ပြုလုပ်​ထား​ရာ​ဖြစ်သည်—ဂျုံ၊ ရိုင်း​ဂျုံ၊ မုယော​စပါး​နှင့် အခြား​ကောက်နှံ​များ​အားလုံး မြက်​ပင်​များ​ဖြစ်​ကြသည်။ ပြောင်းဖူး​မုန့်​ဆန်း​နှင့် ပြောင်းဖူး​ပူတင်း​အပြင် ပြောင်း​မှုန့်​ဖြင့်​ပြုလုပ်​သော ချပါတီ​တစ်မျိုး​တို့​လည်း ထို​အတိုင်း​ပင်​ဖြစ်သည်။ ပြောင်းဖူး​သည်လည်း မြက်​ပင်​တစ်မျိုး​ဖြစ်သည်။ လက်ဖက်ရည် သို့​မဟုတ် ကော်ဖီ​သောက်​သောအခါ သင်​သကြား​ထည့်​သလော။ သကြား​ထက်ဝက်ကျော်​ကျော်​မှာ မြက်​ပင်​တစ်မျိုး​ဖြစ်သော ကြံပင်​မှ​ပြုလုပ်​ထား​သည်။ နွား​နို့​နှင့် ဒိန်​ခဲ​ပင်​လျှင် မြက်​ပင်​မှ နည်း​စနစ်​တစ်ရပ်​ဖြင့် ထုတ်လုပ်​ထား​ရာ​များ​ဖြစ်သည်၊ နွား​များ၊ သိုးများ​နှင့် ဆိတ်​များသည် မြက်​ပင်ကို စား​လေ့​ရှိသောကြောင့်​ဖြစ်သည်။

သင်၏​နေ့လယ်​စာ​ကော အသို့နည်း။ ပါစတာ​ခေါ် အီတလီ​ခေါက်ဆွဲ​ခြောက်​အပြင် ပီဇာ​အ​ချ​ပ်​တို့ကို ဂျုံမှုန့်​ဖြင့်​ပြုလုပ်​ထား​သည်။ ကြက်များ​နှင့် အခြား​ကြက်ငှက်​များသည် ကောက်နှံ​များ​စား​လေ့​ရှိသည်။ ကျွဲ​နွား​တို့သည် မြက်​ပင်​ဟူသ၍​ကို စား​ကြသည်။ ထို့​ကြောင့် ကျွန်ုပ်​တို့​စားသုံး​သော ကြက်​ဥ​များ၊ ဟင်း​စား​ကြက်ငှက်​များနှင့် အ​မဲ​သားတို့​သည် အများအားဖြင့် တိရစ္ဆာန်​၏​ဇီဝ​တွင်း​ဖြစ်ပျက်​မှု​ဖြင့် မြက်​ပင်​မှ ထုတ်လုပ်​ထား​ရာ​များ​ဖြစ်​ကြသည်။ ထို့​ပြင် မြက်​ပင်ကို သင်​သောက်​လည်း သောက်သုံး​နိုင်​ပါ​သည်။ နွား​နို့​အပြင် လူကြိုက်များ​သော အ​ဖျော်​ယမကာ​များစွာ—ဘီယာ၊ ဝီ​စ​ကီ၊ ရမ်၊ ဆာ​ကေ၊ ခါ​ဗတ်စ်​နှင့် ဗော့​ကာ—တို့​မှာ မြက်​ပင်​မှ ထုတ်လုပ်​ထား​ရာ​များ​ဖြစ်​ကြသည်။

သင်​အကြိုက်​နှစ်သက်​ဆုံး​ဟင်းလျာ​ကို မဖော်​ပြ​ထားသော​ကြောင့် ကျေးဇူးပြု​၍ စိတ်​မ​ပူ​ပါ​နှင့်။ မြက်​ပင်​မှ​ထုတ်လုပ်​သော စားသောက်​ကုန်​အားလုံး​ကို စာရင်း​တင်ပြ​ဖို့​မဖြစ်​နိုင်​ပါ။ ခန့်မှန်းချက်​အချို့​အရ ကမ္ဘာ​တစ်ဝန်း​၌​စားသုံး​သော ကယ်လိုရီ​ထက်ဝက်ကျော်​ကျော်​မှာ မြက်​ပင်​မှ​ဖြစ်သည်။ မြက်​ပင်​သည် စိုက်​ပျိုး​နိုင်သော​မြေ ၇၀ ရာခိုင်နှုန်း​ကို ဖုံးလွှမ်း​ထားခြင်း​မှာ အံ့အားသင့်​စ​ရာ​မဟုတ်ပေ!

သို့သော် မြက်​ပင်​သည် အစားအစာ​အတွက်သာ ကောင်း​သည်မဟုတ်​ပါ။ သင့်​အိမ်နံရံ​များ​ကို ရွှံ့၊ ကောက်ရိုး​တို့​နှင့်​ပြုလုပ်​ထား​လျှင် လိုအပ်ရာ​များ​ကို မြက်​ပင်​က​ပံ့ပိုး​ပေး​သည်။ ကမ္ဘာ့​ဒေသ​အသီးသီး​တွင် မြက်​ပင်​ဖြင့် အိမ်မိုး​ကြသည်။ အရှေ့တောင်​အာရှ​တွင် ငြ​မ်း​များ၊ ပိုက်​များ၊ အိမ်ထောင်​ပရိဘောဂ၊ နံရံ​များနှင့် အသုံးဝင်​သော အခြား​ပစ္စည်း​များစွာ​ကို ဝါး​ဖြင့်​ပြုလုပ်​ထား​သည်။ ဖျာ​များနှင့် ခြင်း၊ တောင်း​များ​ကို မြက်​ဖြင့်​ရက်လုပ်​ပြီး ကော်​နှင့် စက္ကူ ပြုလုပ်​ဖို့ ယင်း​မှ ကုန်​ကြမ်း​ရရှိ​ကြသည်။ သင့်​အဝတ်အစား​များ​ကို မမေ့လျော့​ပါ​နှင့်။ တိရစ္ဆာန်​အများစုမှာ မြက်​ကို​စား​ကြ​ပြီး ၎င်း​တို့​မှ သိုးမွေး​နှင့် သားရေ​ကို ကျွန်ုပ်​တို့​ရရှိ​ကြသည်။ Arundo donax ဟူသော​မြက်​မျိုး​မှ က​လယ်​ရီ​နက်​စ​သည့် သစ်သား​လေ​မှုတ်​တူရိယာ​များ​အတွက် အ​ခင်​ရရှိ​သည်။ အဆိုပါ​တူရိယာ​အတွက် သဘာဝ​အ​ခင်​နှင့် တူညီသော​အရာ​ကို ရှာမတွေ့​သေး​ပါ။

မြက်​ပင်​သည် မြေကြီး​အတော်များများကို ဖုံးလွှမ်း​ပြီး အလှဆင်​ပေး​သည်။ စိမ်းလန်း​သော​မြက်ခင်းပြင် သို့​မဟုတ် ကောင်းစွာ​ထိန်းသိမ်း​ထားသော​မြက်ခင်း​သည် လှပ​တင့်တယ်၊ အေးချမ်း​၍ အပန်း​ပြေ​စ​ရာ​မြင်ကွင်း​ပါ​တကား! မြက်​ပင်​သည် စိမ်းလန်း​သော​အပင်​လောကကို အစုလိုက်​အပြုံလိုက် ဖြစ်ပေါ်​စေသော​ကြောင့် အောက်ဆီဂျင်ကို​ထောက်ပံ့​ပေး​သော အဓိက​အပင်​ဖြစ်သည်။ သေးသွယ်​သော ယင်း​၏​အမြစ်များ​က​လည်း မြေ​တိုက်စား​ခြင်း​ကို ကာကွယ်​ပေး​သည်။ ယင်း​၏ ဘက်စုံ​အသုံးပြုနိုင်​ပုံ​ကို မှတ်ထား​ခြင်း​ဖြင့် ကြာမြင့်စွာ​ကတည်းက မြက်​ပင်​အသုံးဝင်​ပုံ​နှင့် စိုက်ပျိုးခြင်း​ကို ကျွန်ုပ်​တို့​အံ့သြ​ကြ​မည် မဟုတ်​ချေ။

မြက်​ပင်​၏​ရာဇဝင်

သမ္မာကျမ်းစာ​၏ ဖန်ဆင်း​ခြင်း​မှတ်တမ်း​တွင် ပထမဦးဆုံး​အကြိမ် မြက်​ပင်​ဖော်ပြ​ထား​သည်ကို ကျွန်ုပ်​တို့​တွေ့ရ​သည်။ ဖန်ဆင်း​ရာ​တတိယ​နေ့တွင် ဘုရားသခင်​က “မြေ​သည် မြက်​ပင်ကို . . . ပေါက်​စေ” မိန့်ဆိုခဲ့သည်။ (ကမ္ဘာဦး ၁:၁၁) * လူ့​အဖွဲ့အစည်း​အားလုံး မြက်​ပင်​အချို့​ကို မှီခို​ခဲ့​ကြပြီ။ ဥပမာ၊ အီဂျစ်၊ ဂရိ​နှင့် ရောမ​လူမျိုး​တို့၏ အဓိက​စား​ကုန်​မှာ ဂျုံ​နှင့် မုယော​စပါး; တရုတ်​လူမျိုး​တို့သည် လူး​မျိုး​နှင့် ဆန်; အင်း​န်​ဒတ်​စ်​လူမျိုး​တို့သည် ဂျုံ၊ မုယော​စပါး​နှင့် လူး; မာယာ၊ အို​က်စ်​ထ​စ်​နှင့် အင်​ခါ​လူမျိုး​တို့၏ အဓိက​စား​ကုန်​မှာ ပြောင်းဖူး​ဖြစ်သည်။ အဆုံးမရှိ​သော​လွင်ပြင်​ကြီး​က မွန်​ဂို​မြင်းတပ်​ရှိ မြင်းများ​အတွက် လိုအပ်သော​မြက်​ကို​ရရှိစေ​ခဲ့​သည်။ မှန်ပါသည်၊ မြက်​သည် လူသားတို့​အတွက် အစဉ်သဖြင့် အလွန်​အရေးပါ​ရာ​ဖြစ်​ခဲ့ပြီ။

ယိမ်း​နွဲ့​နေသော​ပြောင်းခင်း​တစ်​ခင်း၊ စိမ်းလန်း​၍ ထူထပ်​သော​မြက်ခင်းပြင် သို့​မဟုတ် လမ်း​နံဘေး​ရှိ ကျောက်ခဲ​များ​အကြား သာမည​မြက်​ပင်​ပေါက်​နေသည်​ကို နောက်​တစ်ကြိမ်​သင်​တွေ့ သောအခါ အလွန်​အံ့ဖွယ်ကောင်း​ပြီး စွယ်စုံ​ရ​အပင်​မျိုးရင်းဝင်​ဖြစ်သော ဤ​အပင်အကြောင်း​ကို ရပ်တန့်​၍ စဉ်းစား​နိုင်​သည်။ အသင်​လည်း ဤသို့​သီဆို​ခဲ့​သော ဆာလံဆရာ​ကဲ့သို့ မဟာ​ပုံစံ​ပြု​ရှင် ယေဟောဝါ​အား ကျေးဇူး​တင်​ရန် လှုံ့ဆော်​ခံရ​ပေမည်– “အကျွန်ုပ်၏​ဘုရားသခင်​ထာဝရ​ဘုရား ကိုယ်တော်​သည်​အလွန်​ကြီးမြတ်​တော်​မူ​၏။ . . . တိရစ္ဆာန်​ဖို့​မြက်​ပင်ကို​လည်းကောင်း၊ လူ​သုံးဖို့​စပါးပင်​ကိုလည်း​ကောင်း ပေါက်​စေတော်မူ​သဖြင့် မြေကြီး​ထဲ​က​မုန့်ကို​ထုတ်ဖော်​တော်​မူ​၏။ . . . [အသင် လူ​တို့] ထာဝရ​ဘုရား​ကို​ကောင်းချီး​ပေး​လော့။”—ဆာလံ ၁၀၄:၁၊ ၁၄၊ ၃၁-၃၅

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 17 ဤ​ကျမ်းချက်​ကို​ရေးသား​သည့် ရှေးခေတ်​ကျမ်း​ရေးသူ​သည် မြက်​နှင့်​တူသော​အပင်များ​နှင့် တကယ့်​မြက်​ပင်​များ​ဟု ယနေ့ သတ်မှတ်​သော​အပင်များ​ကို မခွဲခြား​ပြ​ခြင်း​ဖြစ်​နိုင်​သည်။

[စာမျက်နှာ ၁၇ ပါ ပုံကြမ်း]

[စာမျက်နှာ ၁၇ ပါ ပုံကြမ်း]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

မြက်​ပွင့်​ပုံ​များ

မြက်​ပင်​ဖွဲ့စည်း​တည်ဆောက်​ပုံ

စ​ပိုက်​ခ်

ရာ့​စင်း​မ်

ဖယ်​နီ​ကဲ​ယ်လ်

အမြစ်​မွှား​များ

ပင်စည်

အဖတ်

အဆစ်

အရွက်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ယနေ့ သင်၏​မြက်​ကို စားသုံး​ပြီးပြီ​လော

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

သို့​မဟုတ် မြက်​အချို့​ကို သင် သောက်​ခဲ့ပြီ​လော

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

မြက်​ဖြင့်​ပြုလုပ်​ထား​ရာ​၌​လည်း သင်​နေထိုင်​နိုင်​သည်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

သူတို့လည်း မြက်​ကို​စား​ကြသည်