မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သိပ္ပံနှင့် ဘာသာတရားတို့ကို ရင်ကြားစေ့ပေးခြင်း

သိပ္ပံနှင့် ဘာသာတရားတို့ကို ရင်ကြားစေ့ပေးခြင်း

သိပ္ပံ​နှင့် ဘာသာ​တရား​တို့ကို ရင်ကြားစေ့​ပေးခြင်း

“သိပ္ပံ​နှင့် ဘာသာ​တရား​တို့ကို ပြဒါး​တစ်​လမ်း​သံတစ်လမ်း​ဟု မယူမှတ်​တော့​ချေ။” —သည်​ဒေးလီး​တယ်​လီ​ဂ​ရပ်​ဖ် သတင်းစာ၊ လန်ဒန်၊ မေ ၂၆၊ ၁၉၉၉။

သိပ္ပံ​နှင့် ဘာသာ​တရား​နှစ်ရပ်​စ​လုံး​သည် ယင်း​တို့၏​သိက္ခာ​အရှိဆုံး​အနေအထား​တွင် အမှန်တရားကို​ရှာဖွေခြင်း​ပါဝင်​သည်။ သိပ္ပံ​က ဉာဏ်ကြီးရှင်​၏ ပုံစံ​ပြု​မှု​ကို ဖော်ပြ​သော စကြဝဠာကြီး​ဖြစ်သည့် အထူးတလည် စည်းစနစ်ကျ​န​မှု​ရှိသော ကမ္ဘာ​လောကကြီး​တစ်ခု​ကို ရှာတွေ့ ထား​၏။ စစ်မှန်သော​ဘာသာ​က မျက်မြင်ရ​လောက​ရှိ ထင်ရှား​ပေါ်လွင်​သည့် ပုံစံ​နောက်ဝယ်​မှ ဖန်ဆင်း​ရှင်​၏​ဉာဏ်တော်​ကို သွန်သင်​ပေးခြင်း​ဖြင့် ဤ​ရှာဖွေ​တွေ့ရှိချက်​တို့ကို ထူးခြား​သွား​စေ​၏။

မော်လီကျူး​ဇီဝ​ဗေဒ​ပညာရှင် ဖရန့်​စ္စ ကော်​လင်း​စ်​က “ဘာသာ​တရားသည် သိပ္ပံ​ပညာ​အပေါ် ကျွန်ုပ်​၏​အမြင်ကို များစွာ​ကျယ်​လာ​စေ​ကြောင်း သတိပြုမိ​ခဲ့​သည်” ဟု​ဆို​၏။ သူက “လူ့​ဂျီ​နု​မ်း​နှင့်​ပတ်သက်​၍ တစ်စုံတစ်ရာ​ကို ကျွန်ုပ်​တို့​ရှာဖွေ​တွေ့ရှိ​သောအခါ အသက်​၏​ရှုပ်ထွေးမှု​ကို အံ့သြ​တုန်လှုပ်​မိ​ပြီး ‘ဒါဟာ အရင်တုန်းက ဘုရားသခင်​တစ်ပါး​တည်း​သာ သိတဲ့​အရာ​ပါ​လား’ ဟူ၍ တစ်ကိုယ်တည်း​ရေရွတ်​မိ​သည်။ ယင်းက အလွန့်အလွန်​နှစ်လိုဖွယ်​နှင့် စိတ်​လှုပ်ရှား​တက်ကြွ​မှု​ကို ဖြစ်စေ​ပြီး ဘုရားသခင်​အား လေးမြတ်​တန်ဖိုး​ထား​ရန်​အပြင် ကျွန်ုပ်​အတွက် သိပ္ပံ​ပညာ​သည် ယခင်​က​ထက် ကျေနပ်ဖွယ်​ဆုကျေးဇူး​ဖြစ်စေ​၏” ဟု​ဆက်​ပြော​သည်။

သိပ္ပံ​နှင့် ဘာသာရေး​တို့ကို ရင်ကြားစေ့​ပေး​ရန် လူတစ်ဦး​အား အဘယ်အရာက အကူအညီ​ပေး​မည်​နည်း။

အဆက်မပြတ်​ရှာဖွေမှု

ကန့်သတ်ချက်​များ​ကို​လက်ခံပါ– ကျယ်ပြော​သော​စကြဝဠာ၊ အာကာသ​ဟင်းလင်းပြင်၊ အချိန်ကာလ​တို့​နှင့်​ပတ်သက်​၍ အဖြေ​ရှာဖွေမှု ဆုံးခန်းတိုင်​သွားဖို့​အကြောင်း မမြင်​ချေ။ ဇီဝ​ဗေဒ​ပညာရှင် လူ​ဝ​စ္စ သောမတ်စ်​က ဤသို့​သတိပြုမိ​သည်– “ဤ​ရှာဖွေမှု​သည် အဆုံးတိုင်​မည်​မဟုတ်​ချေ၊ အကြောင်း​မှာ ကျွန်ုပ်​တို့သည် နှိုက်နှိုက်​ချွတ်ချွတ်​သိလိုစိတ် မကုန်နိုင်​သော​အမျိုး​ဖြစ်​ခြင်း၊ စူးစမ်း​လေ့လာခြင်း၊ သုတေသန​ပြုခြင်း​နှင့် အရာရာကို နားလည်​ဖို့​ကြိုးစား​ခြင်း​တို့​ကြောင့်​ဖြစ်၏။ ယင်းကို ကျွန်ုပ်​တို့ ဘယ်တော့​မျှ ရှင်း​၍​ရ​ကြ​မည်​မဟုတ်။ ‘အခု ကျွန်တော်​တို့ တစ်ခုလုံး​ကို သဘောပေါက်​သွားပြီ’ ဟု လူတိုင်း စိတ်အေး​လက်​အေး​သက်​မချ​၍ ပြောဆို​ကြ​မည့် အဆုံးသတ်​တစ်ချိန်ချိန်​ကို ကျွန်ုပ်​စဉ်းစား၍​မရနိုင်​ပါ။ ၎င်း​သည် ကျွန်ုပ်​တို့ လက်လှမ်းမမီ​သော​အရာ​သာ ဆက်​ဖြစ်နေ​မည်။”

အလားတူ​ပင် ဘာသာရေးဆိုင်ရာ အမှန်တရား​နှင့်​ပတ်သက်သော လေ့လာမှု​သည်လည်း အဆုံး​မ​ရောက်​နိုင်​ပါ။ ကျမ်း​ရေးသူ​တစ်ဦး​ဖြစ်သော ပေါလု​က ဤသို့​ဖော်ပြ​ခဲ့​သည်– “ယခု​တွင် ငါ​တို့သည် မှန်​အားဖြင့်​ရိပ်မိ​လျက်​သာ​နေ [“မှန်​တွင်​မသဲမကွဲ​မြင်၊” က​ဘ] ကြ​၏။ . . . ယခု​တွင် ငါ​အသိအမြင်​မစုံမလင် [“တစ်စိတ်​တစ်​ဒေသ​အသိပညာ၊” အင်္ဂလိပ်​ကျမ်းစာ​သစ်] ဖြစ်၏။”—၁ ကောရိန္သု ၁၃:၁၂

သို့သော် သိပ္ပံ​နှင့်​ဘာသာရေး နှစ်ရပ်​စ​လုံး​ဆိုင်ရာ မေးခွန်း​တို့​နှင့်​စပ်လျဉ်း၍ တစ်စိတ်​တစ်​ဒေသ​အသိပညာ​ကြောင့် ကျွန်ုပ်​တို့​ရရှိ​ထားသော အချက်အလက်​တို့​အပေါ်​အခြေခံ​၍ ခြေမြစ်​ခိုင်လုံ​သော ကောက်ချက်​များ​မချ​နိုင်​စ​ရာ​အကြောင်း​မဖြစ်စေ​ပါ။ နောက်​နေ့ နံနက်​တွင် နေ​ထွက်​ဖို့ ခြွင်းချက်​မရှိ​သေချာ​စေရန် နေ​၏​မူလအစ​ကို ကျွန်ုပ်​တို့ အသေးစိတ်​သိ​စ​ရာ​မလို​ချေ။

သိထား​သော​အချက်အလက်​များ​ကို သုံးသပ်ပါ– အဖြေ​ရဖို့ စူးစမ်း​ရှာဖွေ​ရာ​၌ ကျွန်ုပ်​တို့သည် ခြေမြစ်​ခိုင်လုံ​မှု​ရှိသော​အခြေခံ​မူများ​၏ လမ်းညွှန်မှု​ခံရ​ရန်လို​၏။ သာဓက​အထောက်အထား​၏ အမြင့်ဆုံး​စံနှုန်း​များ​ကို ကျွန်ုပ်​တို့ လက်ကိုင်​မထား​ပါ​က သိပ္ပံ​နှင့် ဘာသာရေးဆိုင်ရာ​အမှန်တရား​အတွက် ကျွန်ုပ်​တို့၏​ရှာဖွေချက်​မှာ အလွယ်တကူ မှားယွင်း​တိမ်း​ချော်​သွား​နိုင်​သည်။ ကျွန်ုပ်​တို့ မည်သူမျှ ယနေ့ခေတ် စာကြည့်တိုက်​ကြီး​များ​တွင် အပြည့်​ဖြစ်နေ​သော သိပ္ပံ​ဆိုင်ရာ​အသိပညာနှင့် အယူအဆ​အားလုံး​ကို ချင့်ချိန်​ပိုင်းဖြတ်​နိုင်​မည်​မဟုတ်​ချေ။ အခြား​တစ်ဖက်​တွင်​မူ သမ္မာကျမ်းစာ​သည် ကျွန်ုပ်​တို့ အလွယ်တကူ​လေ့လာ​သုံးသပ်​နိုင်​သည့် ဝိညာဉ်​ရေး​ဆိုင်ရာ သွန်သင်ချက်​ပေါင်း​ချုပ်​ကျမ်းဂန်​ဖြစ်သည်။ သမ္မာကျမ်းစာ​ကို သိ​နှင့်​ပြီး​သား​အချက်အလက်​တို့​က အပြည့်အဝ​ထောက်ခံ​ထား​၏။ *

သို့သော် ယေဘုယျ​အားဖြင့် အသိပညာနှင့်​ပတ်သက်​လာ​လျှင် သိပ္ပံ​နှင့် ဘာသာရေး​နှစ်ရပ်​စ​လုံး​တွင် အချက်အလက်​နှင့် မှန်းဆ​ထင်မြင်ချက်​စပ်ကြား၊ စစ်မှန်​ရာ​နှင့် လှည့်စားမှု​စပ်ကြား ပိုင်းခြား​သိမြင်​ရန် အပတ်တကုတ် ကြိုးစား​အားထုတ်​ဖို့ လိုအပ်​သည်။ “ ‘အသိပညာ’ ဟု အ​လွဲ​ခေါ်ဝေါ်​သော ရှေ့နောက်​မညီ​သည့်​အရာများ” ကို ကျွန်ုပ်​တို့ ငြင်းပယ်​ရန်လို​ကြောင်း ကျမ်း​ရေးသူ​ပေါလု​က မှာကြား​ခဲ့​သည်။ (၁ တိမောသေ ၆:၂၀က​ဘ) သိပ္ပံ​နှင့် သမ္မာကျမ်းစာ​ကို ရင်ကြားစေ့​ပေး​ရန် အချက်အလက်​များ​ကို ကျွန်ုပ်​တို့​သုံးသပ်ကြ​ရမည်​ဖြစ်​ပြီး ထိုသို့​အားဖြင့် ရော်​ရမ်း​မှန်းဆ​ခြင်း​နှင့် ထင်ကြေး​ပေးခြင်း​ကို​ရှောင်​ကာ အချက်အလက်​တစ်ခုစီ​သည် အခြား​တစ်ခု​ကို မည်သို့​ထောက်ပံ့​ဖြည့်စွက်​ပေး​ကြောင်း ဆန်းစစ်​ကြ​ရသည်။

ဥပမာ၊ “နေ့ရက်” ဟူသော​စကားလုံး​ကို သမ္မာကျမ်းစာ​၌ အသုံးပြုရာတွင် အချိန်ကာလ​အမျိုးမျိုးကို ကိုယ်စား​ပြု​ကြောင်း ကျွန်ုပ်​တို့ နားလည်​သဘောပေါက်​သောအခါ ကမ္ဘာဦး​၌​ပါ​သော ဖန်ဆင်း​ခြင်း​နေ့ရက်​ခြောက်​ရက်​က ကမ္ဘာကြီး​၏​သက်တမ်း​သည် နှစ်ပေါင်း​ဘီ​လျံ​လေး​သန်း​ခွဲခန့်​ရှိပြီ​ဟူသော သိပ္ပံ​ဆိုင်ရာ​ကောက်ချက်​နှင့် ဆန့်ကျင်ဖီလာ​မနေ​ကြောင်း ကျွန်ုပ်​တို့​တွေ့မြင်​ရသည်။ ကျမ်းစာ​အရ ဖန်ဆင်း​ခြင်း​နေ့ရက်​များ​မစတင်မီ ကမ္ဘာကြီး​သည် အတိအကျ​ဖော်ပြ​မ​ထားသော​ကာလ​ကတည်းက တည်​ရှိခဲ့​ပြီး​ဖြစ်သည်။ (“ဖန်ဆင်း​ခြင်း​နေ့ရက်​များ—၂၄ နာရီ​စီ​လော” ဟူသော​လေးထောင့်ကွက်​ရှု။) အကယ်၍ သိပ္ပံ​က ကျွန်ုပ်​တို့​ကမ္ဘာ​ဂြိုဟ်​၏​သက်တမ်း​နှင့်​ပတ်သက်ပြီး ပြုပြင်​ကာ နောက်​သက်တမ်း​တစ်မျိုး​ကို အကြံပြု​လျှင်​ပင် သမ္မာကျမ်းစာ​၌​ပါရှိ​သော ဖော်ပြချက်​တို့​မှာ အမှန်အကန်​ဖြစ်​ဆဲ​ပင်​ဖြစ်သည်။ သမ္မာကျမ်းစာ​နှင့် ဆန့်ကျင်ဖီလာ​မည့်​အစား ဤကိစ္စနှင့် အခြား​ကိစ္စရပ်​များစွာ​တွင် အမှန်​အားဖြင့် သိပ္ပံ​ပညာ​သည် ကျွန်ုပ်​တို့ကို လက်ရှိ​နှင့် အတိတ်​က မျက်မြင်ရ​ကမ္ဘာ​လောက​နှစ်ခုစလုံး​နှင့်​ပတ်သက်သော ထပ်ဆင့်​အချက်အလက်​မြောက်မြားစွာ​ပေး​သည်။

ယုံကြည်ခြင်း၊ ယုံလွယ်ခြင်း​မဟုတ်ပါ– အခြား​မည်သည့်​ရင်းမြစ်​မဆို​မှ စုဆောင်း​၍​မရရှိ​နိုင်သော​အရာ​ဖြစ်သည့် ဘုရားသခင်​နှင့် ကိုယ်တော့်​ရည်ရွယ်တော်မူချက်​နှင့်​ပတ်သက်သော​အသိပညာကို ကျွန်ုပ်​တို့အား သမ္မာကျမ်းစာ​က​ပေး​ထား​သည်။ ယင်းကို ကျွန်ုပ်​တို့ အဘယ်ကြောင့်​ယုံကြည်​ကိုးစား​သင့်​သနည်း။ သမ္မာကျမ်းစာ​ကိုယ်နှိုက်​က ၎င်း​၏​တိကျ​မှန်ကန်မှု​ကို ဆန်းစစ်​ကြည့်​ရန် ကျွန်ုပ်​တို့အား ဖိတ်ခေါ်​သည်။ ယင်း​၏​သမိုင်းဝင်​အဖြစ်အပျက် အစစ်အမှန်​ဖြစ်​ခြင်း၊ လက်တွေ့ကျ ခြင်း​နှင့် ၎င်းကို​ရေးသားသူ​တို့၏ ပွင့်လင်း​ရိုးသားမှု​အပြင် ခိုင်လုံ​၍ တော်​တည့်​ဖြောင့်မှန်ခြင်း​ကို သုံးသပ်ကြည့်​ပါ။ သိပ္ပံ​သဘောတရား​ပါ​သော မိန့်ဆိုချက်​များ​အပါအဝင် ခေတ်​ကာလ​များ​တစ်လျှောက် ယနေ့ လက်ရှိ​ကျွန်ုပ်​တို့​အထိ မမှား​မ​ယွင်း​ဘဲ​ပြည့်စုံ​လာ​ခဲ့​သည့် သာ၍​ယုံကြည်​လာ​စေ​ဖွယ်​ဖြစ်သော ရာ​ချီ​ပရောဖက်ပြုချက်​တို့​နှင့် သမ္မာကျမ်းစာ​၏​တိကျ​မှန်ကန်မှု​ကို ဆန်းစစ်​လေ့လာ​ကြည့်​ခြင်း​မှ လူတစ်ဦး​အား ၎င်းကို ဘုရားသခင်​၏​နှုတ်မြွက်​စကားတော်​အဖြစ် အခိုင်အမာ​ယုံကြည်​လက်ခံ​စေနိုင်​သည်။ သမ္မာကျမ်းစာ​၌​ယုံကြည်ခြင်းက ယုံလွယ်ခြင်း​မဟုတ်၊ သမ္မာ​ကျမ်းစာပါ မိန့်ဆိုချက်​များ​၏ တိကျ​ညီညွတ်မှု​၌ သက်သေထူ​ပြီး​သော ယုံကြည်​စိတ်ချမှု​ဖြစ်သည်။

သိပ္ပံ​ကို​လေးမြတ်ပါ; ယုံကြည်ခြင်းကို နားလည်​အသိအမှတ်ပြု​ပါ– ယေဟောဝါသက်သေ​များသည် သိပ္ပံ​နှင့် ဘာသာရေး​နှစ်ရပ်​စ​လုံး​တွင် သဘောထားကြီး​သူတို့အား နယ်ပယ်​နှစ်ခုစလုံး​အတွက် အမှန်တရားကို စိတ်ရင်းမှန်​ဖြင့်​ရှာဖွေ​ရာ​၌ ပါဝင်​ကြဖို့ ဖိတ်ခေါ်​သည်။ သက်သေခံ​တို့သည် သူတို့၏​အသင်းတော်များ​တွင် သိပ္ပံ​ပညာ​နှင့် အထောက်အထား​ခိုင်လုံ​သော ယင်း​၏​တွေ့ရှိချက်​တို့အား သင့်လျော်​သောတန်​ဖိုး​ထား​လေးမြတ်မှု​ကို ပြုစု​ပျိုးထောင်​ပေး​နေစဉ် တစ်ကြိမ်​တည်း​တွင် ရှင်းလင်းစွာ​ဖြင့် သက်သေ​အမြောက်အမြား​ကိုယ်နှိုက်​က ဘုရားသခင်​နှုတ်မြွက်​စကားတော်​ဖြစ်​ကြောင်း ထင်ရှားစေ​သော သမ္မာကျမ်းစာ​တစ်ခု​တည်း​၌​သာ ဘာသာရေး​အမှန်တရား​ဖြစ်သည့် လေးနက်​သိမ်မွေ့​သော​ယုံကြည်ချက်ကို တွေ့ရှိ​နိုင်​ကြောင်း သူတို့၏​အသင်းတော်များ​တွင် သွန်သင်ခံ​ရသည်။ တမန်​တော်​ပေါလု​က ဤသို့​ဖော်ပြ​ခဲ့​သည်– “ငါ​တို့​ဟောပြောသော ဘုရားသခင်​၏​နှုတ်[မြွက်]တရားကို သင်တို့သည်​ခံယူ​ကြသောအခါ၊ လူ​၏​နှုတ်ထွက်​စကား​ကို​မခံမယူ​ဘဲ၊ ဘုရားသခင်​၏​နှုတ်[မြွက်]စကားတော်​အမှန်​ဖြစ်သည်​နှင့်​အညီ . . . ဘုရားသခင်​၏​နှုတ်[မြွက်]တရားကို ခံယူ​ကြသည်။”—၁ သက်သာလောနိတ် ၂:၁၃

အမှန်ပင် သိပ္ပံ​ပညာ​တွင်​နည်းတူ ဖျက်ဆီး​တတ်သော​အယူမှား​များနှင့် ထုံးတမ်း​ဓလေ့​များသည် ဘာသာ​တရား​အတွင်း​သို့ တဖြည်းဖြည်း​စိမ့်ဝင်​လာ​ခဲ့​၏။ သို့​နှင့် စစ်မှန်သော​ဘာသာ​နှင့် မှားယွင်းသော​ဘာသာ​ဟူ၍ ရှိသည်။ ထို​အတွက်​ကြောင့် လူများစွာ​တို့သည် ဖွဲ့စည်းထား​သည့် ပင်မ​ဘာသာ​ကို စွန့်ခွာ​ပြီး ယေဟောဝါသက်သေ​တို့၏​ခရစ်ယာန်​အသင်းတော်​သို့ တဖွဲဖွဲ​ဝင်ရောက်​လာ​ခဲ့​ကြသည်။ အမှန်တရားကို ရှာဖွေ​ဖော်ထုတ်​ပေး​ရန်​အတွက် လူ့​ထုံးတမ်း​စဉ်​လာ​များနှင့် ယုံ​တမ်း​စကား​တို့ကို ငြင်းပယ်​ဖို့ တလိုတလား​မရှိကြ​သော သူတို့၏​ယခင်​ဘာသာရေး​ကို သူတို့​စိတ်ပျက်​ခဲ့​ကြ​၏။

ထို့​အပြင် သမ္မာကျမ်းစာ​၌ ကိုယ်တော်​ဖော်ပြ​ပေး​ထားသော ဖန်ဆင်း​ရှင်​အကြောင်း အတွင်းကျကျ​သိရှိ​မှု​နှင့် လူသား​တို့​နှင့် ကျွန်ုပ်​တို့​မှီတင်း​နေထိုင်ရာ ကမ္ဘာ​ဂြိုဟ်​အတွက် ကိုယ်တော်​၏​ရည်ရွယ်တော်မူချက်​များ​ဆိုင်ရာ မိန့်တော်မူချက်​တို့​အပေါ်​အခြေပြု​ထား​သည့် ဘဝ၏ စစ်မှန်သော​အဓိပ္ပာယ်​နှင့် ရည်ရွယ်ချက်​တို့ကို ခရစ်ယာန်​စစ်​များ ရှာတွေ့ ထား​ကြပြီ။ ကျွန်ုပ်​တို့ ဤ​တွင် အဘယ်ကြောင့်​ရှိနေကြ​သနည်း၊ ကျွန်ုပ်​တို့၏​အနာဂတ်​ကား အသို့နည်း စ​သည့် မေးခွန်းများ​အတွက် ကျိုးကြောင်း​ညီညွတ်​၍ ကျမ်းစာ​အခြေခံ​သည့်​အဖြေ​များ​ဖြင့် ယေဟောဝါသက်သေ​များ ကျေနပ်မှု​ရထား​ကြပြီ။ ဤ​အချက်အလက်​များ​ကို သူတို့သည် သင့်​အား ဝမ်းမြောက်​ဝမ်းသာစွာ ဝေမျှပေး​လို​ကြသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည့် သမ္မာကျမ်းစာ—ဘုရားသခင့်​နှုတ်မြွက်​စကားတော်​လော၊ လူ့​နှုတ်ထွက်​လော [လိပ်] စာအုပ်​ကို​ရှု။

[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်]

ဖန်ဆင်း​ခြင်း​နေ့ရက်​များ—၂၄ နာရီ​စီ​လော

ရှိရင်းစွဲဝါဒီ​အချို့​က ဆင့်ကဲ​ထက် ဖန်ဆင်း​ခြင်း​အယူဝါဒ​က လူ​မတည်ရှိ​မီ​သမိုင်း​ကို ရှင်းပြ​ပေး​သည်​ဟု ဆို​၏။ သူတို့က မျက်မြင်ရ​ဖန်ဆင်း​ရာ​အားလုံး​သည် လွန်​ခဲ့​သည့်​နှစ်ပေါင်း ၆၀၀၀ နှင့် ၁၀၀၀၀ ကြား​ကာလ​တစ်ချိန်ချိန်​တွင်​ရှိခဲ့​သည့် တစ်ရက်​လျှင် ၂၄ နာရီ​စီ​ကြာ​သော ခြောက်​ရက်​လောက်​ဖြင့် ဖြစ်ပေါ်​လာ​သည်​ဟု အခိုင်အမာ​ဆို​ကြသည်။ သို့သော် ထိုသို့​ဆို​ရာ​တွင် သူတို့သည် ကျမ်းစာ​နှင့်​မညီသော​သွန်သင်ချက်​တစ်ရပ်​ကို ထောက်ခံ​နေရာကျ​ပြီး ယင်းကြောင့် လူများစွာ​တို့​က သမ္မာကျမ်းစာ​ကို ကဲ့ရဲ့​လှောင်ပြောင်​ကြသည်။

သမ္မာကျမ်းစာ​၌​ပါရှိ​သော နေ့ရက်​တစ်ရက်​သည် အမြဲ​ပင် စာသား​အတိုင်း ၂၄ နာရီ ကာလ​အပိုင်းအခြား​လော။ ကမ္ဘာဦး ၂:၄ တွင် “ထာဝရ​အရှင်​ဘုရားသခင်​သည် ကောင်းကင်​နှင့်​မြေကြီးကို ဖန်ဆင်း​တော်​မူ​သော​နေ့” နှင့်​ပတ်သက်​၍​ဖော်ပြ​ထား​သည်။ ဤ​နေ့ရက်​တစ်ရက်​သည် ကမ္ဘာဦး အခန်းကြီး ၁ တွင်​ဖော်ပြ​ထားသော ဖန်ဆင်း​ရာ​နေ့ရက် ခြောက်​ရက်​စ​လုံး​ကို​ခြုံငုံမိ​သည်။ သမ္မာကျမ်းစာ​၌ အသုံးပြုနည်း​အရ နေ့ရက်​တစ်ရက်​သည် ကာလ​အပိုင်းအခြား​တစ်ခု​ကို တိုင်းတာ​ပြပြီး အနှစ်​တစ်ထောင်​အချိန်ကာလ သို့​မဟုတ် နှစ်ထောင်​ပေါင်း​များစွာ​ပါဝင်သော အချိန်ကာလ​ဖြစ်​နိုင်​သည်။ သမ္မာကျမ်းစာ​ဆိုင်ရာ ဖန်ဆင်း​ရာ​နေ့ရက်​တစ်ရက်​စီ​တွင် နှစ်ပေါင်း​ထောင်ချီ​ပါဝင်​သည်။ ထို့​အပြင် ဖန်ဆင်း​ခြင်း​နေ့ရက်​များ​မစတင်မီ ကမ္ဘာ​မြေကြီး​သည် တည်ရှိ​နှင့်​ပြီး​ဖြစ်၏။ (ကမ္ဘာဦး ၁:၁) ထို့​ကြောင့် ဤ​အချက်​တွင် သမ္မာကျမ်းစာ​မှတ်တမ်း​သည် စစ်မှန်သော​သိပ္ပံ​ပညာ​နှင့် ကိုက်ညီ​ပေ​သည်။—၂ ပေတရု ၃:၈

မော်လီကျူး​ဇီဝ​ဗေဒ​ပညာရှင် ဖရန့်​စ္စ ကော်​လင်း​စ်​က ဖန်ဆင်း​ရာ​နေ့ရက်​များသည် စာသား​အတိုင်း ၂၄ နာရီ​သာ​ကြာ​သည်​ဟူသော အဆိုပြု​ချက်​အပေါ် ကောက်ချက်​ချ​ရာ​တွင် ဤသို့​ထင်မြင်ချက်​ပေး​သည်– “အဆိုပါ​ဖန်ဆင်း​ခြင်း​ဆိုင်ရာ အယူဝါဒ​သည် မျက်မှောက်ခေတ်တွင် အခြား​မည်သည့်​အရာ​မဆို​ထက် စဉ်းစားတတ်​သူတို့၏ ယုံကြည်ခြင်းကို လွန်​စွာ​ထိခိုက်​စေ​သည်။”

[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]

သိပ္ပံ​ပညာ​သည် ကိုယ်ကျင့်တရား သာ၍ မြင့်မား​သလော

ဘာသာ​တရားသည် သိပ္ပံ​ဆိုင်ရာ​တိုးတက်မှု​ကို ကန့်ကွက်​ခြင်း၊ ယင်း​၏ အလွန်​အကျည်းတန်​သော​မှတ်တမ်း​နှင့် အရေခြုံမှု၊ ရက်စက်မှု​တို့​ကြောင့် သိပ္ပံ​နယ်ပယ်​မှ များစွာ​တို့၏​ငြင်းပယ်​ခံရ​မည်​ဆို​လည်း ခံရ​လောက်​ပေ​သည်။ အဏုဇီဝ​ဗေဒ​၏​ပါမောက္ခ ဂျွန် ပို့​စ်ဂေ့​က ဤသို့​ထောက်ပြ​သည်– “ကမ္ဘာ့​ဘာသာ​တရား​များသည် . . . ကြောက်မက်​ဖွယ်​ဖြစ်သည့် လူသား​တို့ကို ယဇ်​ပူဇော်​ခြင်း၊ ခရူးဆိတ်​စစ်ပွဲ​များ၊ သိမ်း​ရုံး​သတ်ဖြတ်မှု​များနှင့် ဘာသာရေး​ခုံရုံး​များ​ကို ဖြစ်ပေါ်​စေ​ခဲ့ပြီ။ မျက်မှောက်​ကမ္ဘာ​တွင် ဘာသာရေး​၏ ဤ​အမှောင်ခြမ်း​ပိုင်း​သည် ပို​၍​အန္တရာယ်​ရှိလာ​ပေ​ပြီ။ ဘာသာ​တရားသည် သိပ္ပံ​ပညာ​နှင့်​မတူဘဲ ဘက်လိုက်​တတ်​သည်။”

အဆိုပါ​ဘာသာ​တရား​၏​အဆိုး​ပိုင်း​ကို သိပ္ပံ​ပညာ​က​အဆို​ရှိသော ဆင်ခြင်တုံ​တရား၊ အရှိအတိုင်း​ဖြစ်မှု​နှင့် ထိန်းသိမ်း​ကြပ်မတ်​သည့်​စည်းစနစ်​တို့ နှင့်​နှိုင်းယှဉ်​ကြည့်​လျှင် “သိပ္ပံ​ပညာ​သည် ကိုယ်ကျင့်တရား သာ၍​မြင့်မား​သည်” ဟု ပို့​စ်ဂေ့​က​ဆို​လေ​သည်။

အမှန်တကယ်​ပင် သိပ္ပံ​ပညာ​သည် ကိုယ်ကျင့်တရား​သာ၍​မြင့်မား​သလော။ အဖြေ​ကား လုံးဝ​မဟုတ်ပါ။ “သိပ္ပံ​နယ်ပယ်​အဖွဲ့အစည်း​တွင် မနာလို​ခြင်း၊ လောဘ​ကြီးခြင်း၊ မလိုမုန်းထား​ခြင်း​အပြင် သဝန်တို​ခြင်း​တို့ ရှိသည်” ဟု ပို့​စ်ဂေ့​ကိုယ်တိုင်​က ဝန်ခံခဲ့​၏။ “နာဇီ​ဂျာမနီ​နှင့် ဂျပန်​အကျဉ်း​စခန်း​များ​တွင် ဖြစ်ပျက်​ခဲ့​သကဲ့သို့ သိပ္ပံ​ပညာရှင်​အချို့​သည် သုတေသန​ပြု​သည်​ဟု အမည်ခံ​ကာ မိမိတို့​ကိုယ်ကို လက်​သံ​ပြောင်​သော လူသတ်သမား​များ​ဖြစ်စေ​ကြ​ကြောင်း ပြ​ခဲ့ပြီ” ဟု သူက ထပ်လောင်း​ပြောဆို​သည်။ ထို​ပြင် နေ​ရှင်​နယ်​လ် ဂျီ​အို​ဂ​ရဲ​ဖစ်​က လိမ်ညာ​ထား​သည့် ကျောက်ဖြစ်​ရုပ်ကြွင်း​ဆောင်းပါး မိမိတို့​မဂ္ဂဇင်း​တွင် မည်သို့​ပါ​လာ​ခဲ့​ကြောင်း သတင်းထောက်​တစ်ဦး​အား ထောက်လှမ်း​စုံစမ်း​စေသည့်​အခါ အဆိုပါ​သတင်းထောက်​က အစီရင်ခံ​သည်​မှာ “လွဲမှား​စွာ လျှို့ဝှက်​ထားမှု၊ အယုံသွင်း​တစ်ပတ်ရိုက်​မှု၊ လူ​ပေါ်​လူ​ဇော်​လုပ်​လို​စိတ်​ပြင်းထန်မှု၊ မိမိကိုယ်ကို အမွှမ်းတင်​လို​မှု၊ မိမိ​အာဘော်​ထည့်သွင်း​မှု၊ အယုံလွယ်​မှု၊ လူ့​သဘာဝ​မှားယွင်း​ချွတ်ချော်​မှု၊ ခေါင်းမာ​မှု၊ ကြိုးကိုင်​ခြယ်လှယ်​မှု၊ ကွယ်ရာ​အတင်း​ပြော​မှု၊ လိမ်လည်မှု [နှင့်] က​လိ​န်​ကျ​မှု​တို့သည် ဤသို့​ဖြစ်သွား​ရသည့်​အကြောင်းရင်း​များ​ထဲ​တွင်​ပါဝင်​သည်” ဟု တင်ပြ​ခဲ့​သည်။

ထို​မျှ​မ​က သိပ္ပံ​ပညာ​သည်​ပင် လူသားတို့အား ဇီဝ​လက်နက်များ၊ အဆိပ်​ဓာတ်ငွေ့၊ ဒုံးကျည်​များ၊ ပဲ့​ထိန်း​ဗုံး​များနှင့် န​ယူ​က​လီး​ယား​ဗုံး​များ​ကဲ့သို့​သော ကြောက်မက်​ဖွယ်​စစ်​လက်နက်များ​ကို ပေးအပ်​ခဲ့​သည်။

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]

ဟာ​ဘဲလ် နက္ခတ်​တာ​ရာ​ကြည့်မှန်​ပြောင်း​ဖြင့် တွေ့ရ​သည့် ပု​ရွတ်​ဆိတ်​နက်​ဗျူ​လာ (မ​န်​ဇာ​လ် ၃)

[Credit Line]

NASA, ESA and The Hubble Heritage Team (STScI/AURA)

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

သိပ္ပံ​ပညာရှင်​များသည် ဉာဏ်ကြီးရှင်​ဒီဇိုင်း​ပုံစံ​၏ ထူးခြားသော​အမှတ်လက္ခဏာ အပြည့်​ရှိ လောက​တစ်ခု​ကို ရှာတွေ့ခဲ့​ပြီ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ယေဟောဝါသက်သေ​များသည် စစ်မှန်သော​သိပ္ပံ​ပညာ​ကို တန်ဖိုး​ထား​လေးမြတ်​ပြီး သမ္မာကျမ်းစာ​၌ ယုံကြည်ခြင်း​ရှိ​ရန် ပြုစု​ပျိုးထောင်​ပေး​သည်