မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သိပ္ပံပညာနှင့် ဘာသာတရားတိုက်ပွဲ

သိပ္ပံပညာနှင့် ဘာသာတရားတိုက်ပွဲ

သိပ္ပံ​ပညာ​နှင့် ဘာသာ​တရား​တိုက်ပွဲ

“ဘာသာ​တရားကို ကူးစက်​တတ်သော စိတ်ရောဂါ​တစ်ရပ် ဟု ယူမှတ်ခြင်း​သည် အကောင်းဆုံး​ဖြစ်​မည်​လော။”—ဇီဝ​ဗေဒ​ပညာရှင် ရစ်ချတ် ဒေါ​ကင်​စ်။

ဘာသာ​တရား​နှင့် သိပ္ပံ​ပညာ​ကို တကယ့်​ရန်သူများ​ဟု ရံဖန်ရံခါ​ယူဆ​ထား​ကြ​၏။ အချို့​သူတို့​အမြင်​တွင် တစ်ဖက်​နှင့်​တစ်ဖက် ဘ​တစ်​ပြန်​ကျား​တစ်​ပြန် အနိုင်​လု​နေသည့် ထို​အရေးပါသော​တိုက်ပွဲ​သည် တစ်ဦး​သေ​မှ ကျန်​တစ်ဦး​က အနိုင်​ရမည့်​ပုံ​ဖြစ်နေ​သည်။

တစ်ဖက်​အုပ်စု​တွင် ဓာတု​ဗေဒ​ပညာရှင် ပီတာ အက်​ကင်​စ်​ကဲ့သို့​သော သိပ္ပံ​ပညာရှင်​အချို့​ပါဝင်​ပြီး ဘာသာ​တရား​နှင့် သိပ္ပံ​ပညာ​ကို ရင်ကြားစေ့​ဖို့​ဆို​သည်​မှာ “မဖြစ်​နိုင်” ဟု​ခံယူ​ထား​သူများ​ဖြစ်သည်။ အက်​ကင်​စ်​က “(အရာရာတိုင်း​ကို မဆို​ထား​ဘိ၊ တစ်စုံတစ်ခု​သည်​ပင်) ဘုရားသခင်​ကြောင့်​ဖြစ်သည်​ဟု အကြောင်းပြ​ခြင်း​ကို ယုံခြင်း​သည် ဉာဏ်​တိမ်​ရာ​ကျ​၏” ဟု ယူမှတ်​ရ​ကြောင်း ပြော​လေ​သည်။

ကျန်​အုပ်စု​မှာ သိပ္ပံ​ပညာ​သည် ယုံကြည်ခြင်းကို ဖျက်ဆီး​ပစ်​သည့်​အရာ​အဖြစ် စွပ်စွဲ​အပြစ်တင်​သော ဘာသာရေး​သမားများ​ဖြစ်သည်။ ထို​အုပ်စု​ပါ​သူတို့က ယနေ့ ကျင့်သုံး​သည့်​သိပ္ပံ​ပညာ​သည် လှည့်စားမှု​သာ​ဖြစ်သည်​ဟူ​သည့်​အယူအဆကို စွဲကိုင်​ထား​ကြသည်; ယင်း​၏​အချက်အလက်​တို့​မှာ မှန်​ကောင်း​မှန်​နိုင်​သည်၊ သို့သော် ထို​အချက်အလက်​တို့ကို တလွဲ​အနက်ဖွင့်​ခြင်း​က ဘာသာ​တရား​ကိုင်းရှိုင်း​သူတို့၏​ယုံကြည်ခြင်းကို အခြေ​မှ​လှိုက်စား​ပစ်​၏။ ဥပမာ၊ ဇီဝ​ဗေဒ​ပညာရှင် ဝီလျံ​ပ​ရိုဗင်​က ဒါ​ဝင်​ဝါဒ​ဟူသည် “ကိုယ်ကျင့်တရား​များ​အတွက် အခြေခံ​အုတ်မြစ်​မရှိ; အသက်​အတွက် အခြေခံ​အဓိပ္ပာယ်​မရှိ” သည့်​သဘော​ဖြစ်သည်​ဟု​ဆို​၏။

သို့သော် အချေအတင်​ပဋိပက္ခ​အချို့​မှာ နှစ်ဖက်စလုံး​မှ​လာသော မှားယွင်း​သည့် သို့​မဟုတ် သက်သေ​မ​ထူ​နိုင်​သည့်​အဆိုပြု​ချက်​များ​ကြောင့် ပေါ်လာ​ခြင်း​ဖြစ်၏။ ဘာသာရေး​ခေါင်းဆောင်​တို့​က ခေတ်​သစ်​သိပ္ပံ​ပညာ​၏​တွေ့ရှိချက်​များနှင့်​မညီ၊ မှုတ်သွင်းခံ​သမ္မာကျမ်း​စောင်​တွင် အခြေ​မခံ​သော​ဒဏ္ဍာရီ–ယုံ​တမ်း​စကား​များ၊ အခြေခံ​အယူဝါဒမှား​များ​ကို ရာစု​နှစ်ချီ၍ သွန်သင်​လာ​ခဲ့​ကြသည်။ နမူနာ​အနေ​ဖြင့် နေကို ကမ္ဘာ​က ပတ်​နေသည်​ဟူ၍ မှန်ကန်​စွာ ကောက်ချက်​ချ​ခဲ့​သောကြောင့် . . . ချာ့ခ်ျ​သည် ဂယ်လီလီယို​ကို အပြစ်ပေး​ခဲ့​သည်။ ဂယ်လီလီယို​၏​ရှုမြင်ပုံ​မှာ သမ္မာကျမ်းစာ​နှင့် ဆန့်ကျင်​မနေ​ပါ၊ သို့သော် ထို​အချိန်​က ချာ့ခ်ျ​မှ​သွန်သင်ချက်​နှင့်​မူ တခြား​စီ​ဖြစ်နေ​ခဲ့​သည်။ အခြား​တစ်ဖက်​တွင်​မူ သိပ္ပံ​ပညာရှင်​တို့​က အသက်​ဟူသည် ဘုရားသခင်​မပါဘဲ သက်မဲ့​အရာ​မှ ဆင့်ကဲ​ဖြစ်လာ​သည်​ဟု သက်သေ​မ​ထူ​နိုင်သော​သီအိုရီ​ကို အမှန်တရား​အဖြစ် သင်ကြား​ပေး​သောအခါ အပြစ်တင်ထိုက်​သွား​ပြန်​သည်။ သူတို့က ဘာသာရေး​ယုံကြည်ချက်​သည် သိပ္ပံ​ပညာ​နှင့်​မ​ကိုက်​ဟု သရော်​လှောင်ပြောင်​ကြ​၏။

ထိုသို့​ဆိုလျှင် သိပ္ပံ​ပညာ​နှင့် ဘာသာ​တရား​တို့ကို ရင်ကြားစေ့​ပေး​နိုင်​မည်​လော။ ပေး​နိုင်​ပါ​သည်။ အမှန်​မှာ၊ သက်သေထူ​နိုင်သော​သိပ္ပံ​ပညာ​နှင့် စစ်မှန်သော​ဘာသာ​တရား​တို့သည် တစ်ခု​နှင့်​တစ်ခု ဆန့်ကျင်​မည့်​အစား ဖြည့်ဖက်​များ​ဖြစ်​ကြသည်။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

ဂယ်လီလီယို​သည် သိပ္ပံ​ပညာ​ဆိုင်ရာ​အမှန်တရားကို သွန်သင်​ပေး​ခဲ့ သောကြောင့် ချာ့ခ်ျ​၏ အပြစ် ပေးခြင်း​ခံ​ခဲ့​ရသည်