မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့​ဖြစ်ရပ်​အကဲခတ်

ငှက်​များ​အတွက် “သကြားလုံး”

‘ဘရာဇီး​အပင်​တစ်မျိုး​သည် ဝတ်မှုန်​ကူး​နှုန်း မြန်​စေရန် ယခု​အချိန်​ထိ မသိ​ရ​သေး​သော​နည်းကို အသုံးပြု​နေသည်’ ဟု​ဂျာမန်​မဂ္ဂဇင်း ဂါ​အို က​ဖော်ပြ​သည်။ ကွ​မ်​ဘရီ​တ​မ် လ​န်​စီ​ဝ​လေ​တ​မ် ချုံပင်​သည် ၎င်း​၏​ဧည့်သည်​များ​ကို ဝတ်​ရည်​စုပ်​ခိုင်း​မည့်​အစား “သကြားလုံး​များ” ဖြင့်​ဧည့်ခံ​သည်။ ဤ​ချုံပင်​၏​ပန်း​များသည် ထိပ်​ဝ​အချင်း တစ်လက်​မ​၏​လေး​ပုံ​တစ်​ပုံ​ခန့်​ရှိ ဂျယ်လီ​အ​လုံး​လေး​များ​ကို ည​တွင်း​ချင်း ထုတ်ပေး​သည်။ ဂ​လူးကို့စ်​နှင့် သစ်သီး​သကြား​တို့သည် အဆီ​ပျစ်​ပျစ်​ကို ချို​စေပြီး ၎င်း​၏​အရသာ​မှာ စီးပွား​ဖြစ်​သကြားလုံး​တစ်မျိုး​ဖြစ်သော “ဂျယ်လီ​လုံး​လေး​များနှင့် အတော်​တူ​သည်” ဟု​သုတေသီ​များ​က​ဆို​သည်။ “နေ​ထွက်ချိန်​တွင် ပွင့်ဖတ်​များ ကား​ထွက်​လာ​သည့်​အခါ တောက်ပ​ကြည်လင်​သော သကြားလုံး​လေး​များသည် ဗန်း​တစ်ချပ်​ပေါ်​တွင် တင်ထား​သည့်​အလား အသင့်​ဖြစ်နေ​သည်” ဟု​မှတ်တမ်း​တစ်ခု​က ဖော်ပြ​၏။ ပွင့်ဖတ်​အရသာ​ကြောင့် အနည်းဆုံး “ငှက်​မျိုး​ရင်း​ရှစ်ခု​မှ ငှက်​မျိုးစိတ် ၂၈ မျိုး” ရောက်ရှိ​လာ​ကြသည်။ ငှက်​များသည် ချုံ​တစ်ခု​မှ​တစ်ခု​သို့ အစာ​ရှာဖွေ​စားသောက်​နေစဉ် ဝတ်မှုန်​များ​ကို ကြဲ​ဖြန့်​သွား​ကြ​သဖြင့် အပင်များ​ကို လျင်မြန်​စွာ ပြန့်ပွား​စေ​သည်။

ပျော်ရွှင်သော​အီတလီ​ကလေး​များ

ကလေး​ဘဝ​နှင့် မြီး​ကောင်​ပေါက်​ဆိုင်ရာ မှတ်တမ်း​နှင့် ခွဲခြမ်း​လေ့လာရေး အီတလီ​အမျိုးသား​ဗဟို​ဌာန​မှ လေ့လာချက်​တစ်ခု​အရ “အီတလီ​ကလေး​သည် ဥရောပ​တွင် အပျော်ရွှင်ဆုံး​ကလေး​ဖြစ်သည်” ဟု ရောမ​နေ့စဉ်​သတင်း လာရီ​ပါ​ဘ​လီ​ကာ​က​ဆို​သည်။ အီတလီ​ကလေး​များ​၏ ၉၆ ရာခိုင်နှုန်း​သည် မိ​စုံ​ဖ​စုံ​နှင့် ကြီးပြင်း​လာ​ကြ​သဖြင့် ခွဲနေ​မှု၊ ကွာရှင်းမှု တိုးများ​လာသော အခြား​ဥရောပ​နိုင်ငံ​များ​ထက် ရာခိုင်နှုန်း​ပို​များ​ကြောင်း သုတေသီ​များ​က တွေ့ ရှိခဲ့​ကြသည်။ ထို့​ပြင် ထို​ရာခိုင်နှုန်း​ထက်ဝက်ကျော် ကလေး​များ​၌ တစ်အိမ်​တည်း​တွင်​ဖြစ်စေ၊ အနီးအနား​တွင်​ဖြစ်စေ နေထိုင်ကြ​သော အဘိုးအဘွား​များလည်း ရှိကြသည်။ သို့​ဖြစ်၍ ဘိုးဘွား “၁၀ ဦးလျှင် ၈ ဦး” သည် “တစ်ပတ်​လျှင် တစ်ကြိမ်​ထက်မက” သူတို့​မြေး​များနှင့် တွေ့ဆုံ​စကားပြော​ကြသည်။ ယင်းက ကလေး​တစ်ဦး​ကို “ရင်းနှီး​ဖော်ရွေ” တတ်​စေပြီး အထီးကျန်​စိတ်​ကို လျော့နည်းစေ​သည်​ဟု မှတ်တမ်းက​ဆို​သည်။ “လူကြီး​တစ်ဦး၏ ပျော်ရွှင်မှု​ကဲ့သို့​ပင် ကလေး​တစ်ဦး၏​ပျော်ရွှင်မှု​သည် ချမ်းသာ​ကြွယ်ဝမှု သို့​မဟုတ် ဖက်ရှင်​အဝတ်အစား​မှ မဟုတ်ဘဲ မေတ္တာ​ခံစား​ရခြင်း​မှ ဖြစ်ပေါ်​လာ​သည်” ဟု​စိတ်​ပညာရှင် အာလဲစ်ဆာန်ဒရား ဂ​ရာ​စ်​ယော​တီ​န်​က ဆို​သည်။

ကျန်းမာ​ရေး​နှင့်​ညီညွတ်​စွာ လေယာဉ်​စီး​ခြင်း

လေယာဉ်​စီး​ခြင်း​ကို ပို​၍​ပျော်ရွှင်စရာ​ဖြစ်စေ​ရန် မက္ကဆီကို​မြို့တော်​သတင်းစာ အယ်​လ်​ယူ​နီ​ဗာ​ဆယ်​လ်​က အောက်ပါ​အတိုင်း အကြံပြု​သည်– (၁) လေယာဉ်​ပေါ်​ရှိ လေ​သည် အလွန်​ခြောက်သွေ့​နိုင်သော​ကြောင့် အရည်​များများ​သောက်​ပါ။ (၂) ခြောက်သွေ့​သော​လေ​သည် မျက်စိ​ကို ယားယံ​စေသည့်​အတွက် မျက်​ကပ်​မှန်​အစား မျက်မှန်​တပ်ထား​ပါ။ (၃) သင့်​ကြွက်သား​များ ပြေလျော့​စေရန်​နှင့် သင့်​ခြေထောက်​များ သွေး​လည်ပတ်​နေ​စေရန် လွယ်ကူ​သော​လေ့ကျင့်ခန်း​များ​ကို ပြုလုပ်​ပါ။ (၄) မင်း​လမ်းပေါ် မကြာခဏ လမ်းလျှောက်​ပေး​ပါ။ (၅) ချွတ်​ရလွယ်​ကူ​သော ဖိနပ်​စီး​ပြီး တစ်ညလုံး ခြေထောက်​ကို ခြေ​တင်​ပေါ် တင်ထား​ပါ။ (၆) သင်၏​အရေပြား​ထဲ လေဝင်လေထွက်​ရှိစေရန် သဘာဝ​ချည်​နှင့်​ချုပ်​ထားသော သက်သောင့်သက်သာ​ရှိသည့် ခပ်​ပွပွ​အဝတ်ကို ဝတ်​ပါ။ (၇) မြေပြင်​အထက်​အမြင့်​က အရက်​အရှိန်​တက်လာ​စေနိုင်​သောကြောင့် အရက်​ကို တော်ရုံ​သောက်​ပါ သို့​မဟုတ် လုံးဝ​မ​သောက်​ပါ​နှင့်။ (၈) သင်၏​လည်ပင်း သို့​မဟုတ် ကျောကုန်း​ကို လေ​အေး​တိုက်ရိုက်​မထိ​စေရန် လေ​အေးစက်​ကို လို​သလို​ညှိ​ပေး​ပါ။ (၉) မျက်စိ​အကာ​ကို​အသုံးပြု၍ အိပ်​ဖို့ ကြိုးစား​ပါ။ (၁၀) လေယာဉ်​အတက်​အဆင်း​တွင် နား​အူ​သက်သာ​စေရန် တစ်ခုခု​ကို ဝါး​နေပါ။ ကလေး​များ​ကို ချို​လိမ်​တစ်ခု​ပေး​ထား​နိုင်​သည်။

ဂျာမနီ​နိုင်ငံ​တွင် ကလေး​များ​ကို အလိုလိုက်​လွန်း

ကလေး​များ​ကို “အလျှော့ပေး​လိုက်လျော​သည့် ယဉ်ကျေးမှု​အသစ်​ကို” မိဘများ​ကြား​တွင် သတိထား​မိ​သည်​ဟု ဂျာမန်​ကျောင်း​ဆရာများ​သမဂ္ဂ​၏​ဥက္ကဋ္ဌ ယူ​ဒို​ဘက်ခ်မဲန်​က ဆို​၏။ ဇူ​ဝက်​စ်​ပ​ရက်စ် သတင်းစာ​အဆို​အရ ကလေး​များ​ကို အလိုလိုက်​လွန်း​သောကြောင့် ကျောင်းတွင် ကြိုးစား​အားထုတ်​လို​စိတ် မရှိကြ​တော့​ဟု ဘက်ခ်မဲန်​က ပြောပြ​သည်။ “မိမိတို့​ကလေး​များ​ကို အိမ်စာ ‘တရားလွန်’ ပေး​သည်၊ အစမ်း​စာမေးပွဲ​များ​အတွက် ကလေး​များ​ကို ‘တရားလွန်’ စာ​ကျက်​ခိုင်း​သည်​ဟု မိဘများ ခံစား​နေရ​ခြင်း​သည် အဆန်း​မဟုတ်​တော့​ဟု ဖော်ပြ​ခဲ့​သည်။” မိဘများသည် မိမိတို့​ကလေး​များနှင့် ပဋိပက္ခ​မဖြစ်စေ​ရန် အမြဲတမ်း​အလျော့ပေးလိုက်လျော​သောအခါ “သူတို့​ဘဝတွင် တာဝန်​သိ​သိ ပြုမူ​နေထိုင်​တတ်​ခြင်း” မရှိတော့​ဟု မှတ်တမ်းက​လည်း ဆို​သည်။ အလိုလိုက်​လွန်း​သောက​လေး​များသည် အဘယ်အရာကို​မဆို လိုချင်​တပ်မက်သော “အတ္တ​သမားများ” အဖြစ် ကြီးပြင်း​လာ​ကြသော်လည်း ယင်း​အတွက် ကြိုးကြိုးစားစား အလုပ်လုပ်ချင်​စိတ်​မရှိကြ​ဟု ဘက်ခ်မဲန်​က​ပြောပြ​သည်။

ဗီ​ပုံစံ​ဖြင့် ငှက်​များ ပျံသန်း​ရခြင်း​အကြောင်း

သဘာဝ​မဂ္ဂဇင်း​မှ အစီရင်ခံစာ​တစ်ခု​ကို ဆွေးနွေး​ရာ​တွင် ဘဲငန်း​များနှင့် ငှက်ကြီး​ဝန်​ပို​များ​အစ​ရှိသော ငှက်​များသည် “ရေ​ကြည်​ရာ​မြက်​နု​ရာ​ခရီး​ဝေး​သို့ ပြောင်းရွှေ့​ရာ​တွင် ရွေ့လျား​မှု​အတားအဆီး​ကို လျော့နည်းစေ​ရန်​နှင့် ခွန်အား​ကို ချွေတာ​ရန် ဗီ​ပုံစံ​ဖြင့် ပျံသန်း​ကြ​ကြောင်း” သုတေသီ​များ လက်တွေ့​အထောက်အထား​ရရှိ​ထား​ကြပြီ​ဟု လန်ဒန်​သတင်းစာ ဒေးလီး​တယ်​လီ​ဂ​ရပ်​ဖ်​က ဆို​သည်။ ပြင်သစ်​နိုင်ငံ၊ ဗီလ်​ယာ​အဲ​န်​ဘော့စ်​မြို့ရှိ အမျိုးသား​သိပ္ပံ​သုတေသန​ဌာန​မှ သိပ္ပံ​ပညာရှင်​များသည် ဗီ​ပုံစံ​ပျံသန်း​နေသော ငှက်ကြီး​ဝန်​ပို​ရှစ်​ကောင်​၏ နှလုံးခုန်​နှုန်း​များ​ကို တိုင်းတာ​ပြီး​နောက် ဤ​တိုင်းတာချက်​များ​ကို သူတို့၏ “အ​တောင်ပံ​ခတ်​ပုံ၊ ပျံသန်းမှု​ပုံစံ​များ” နှင့်​နှိုင်းယှဉ်ခဲ့​၏။ ပုံစံ​ဖော်​ပျံသန်း​ချိန်​တွင် ငှက်​များ​၏​နှလုံးခုန်​နှုန်း လျော့နည်း​သွား​ကြောင်း​နှင့် သူတို့၏​ပျံသန်းမှု​နှုန်း​မှာ အတူတူ​ဖြစ်​သော်လည်း တောင်ပံ​ခတ်​နှုန်း​မှာ​မူ တစ်ကောင်​တည်း​ပျံသန်း​ချိန်​ထက် လျော့နည်း​သည်ကို သုတေသီ​များ တွေ့ရှိ​ခဲ့​ကြသည်။ “ပုံစံ​ဖော်​ပျံသန်း​နေကြ​သော​ငှက်​များ​၏ တောင်ပံ​တစ်ခုစီ​သည် ပုံစံ​ဖော်​ပျံသန်း​နေကြ​သော အခြား​ငှက်​များ​က တောင်ပံ​ကို အထက်​သို့​ပြန်​ခတ်​ရာ​တွင် မြှင့်တက်​လာသော​လေ​၌ လေ​ဟု​န်​စီး​ပျံသန်း​သွား​ကြသည်” ဟု​သဘာဝ​မဂ္ဂဇင်းက ဆို​သည်။ ဤ​ပျံသန်း​နည်း​သည် ငှက်ကြီး​ဝန်​ပို​အဖြူ​များ​အတွက် တစ်ကောင်​တည်း​ပျံသန်း​ချိန်​ထက် ခွန်အား ၂၀ ရာခိုင်နှုန်း​ကျော်​ကို စုဆောင်း​ထား​နိုင်​သည်။

ပြင်သစ်​နိုင်ငံ​တွင် သမ္မာကျမ်းစာ​ဖတ်ရှုခြင်း

ကက်သလစ်​သတင်းစာ လာ​ခ​ရွိုင် တွင်​ဖော်ပြ​ထားသော သဘောထား​ခံယူ​မှု​တစ်ခု​အရ ပြင်သစ်​လူမျိုး​တို့၏ ၄၂ ရာခိုင်နှုန်း​သည် သမ္မာကျမ်းစာ​ပိုင်ဆိုင်​ကြသော်လည်း ၂ ရာခိုင်နှုန်း​သာ နေ့စဉ်​နီးပါး ကျမ်းစာ​ဖတ်ရှု​ကြ​ကြောင်း သုံးသပ်​ဖော်ပြ​ထား​၏။ ခု​နစ်​ဆယ်နှစ်​ရာခိုင်နှုန်း​က “ကျမ်းစာ​ကို မိမိတို့ တစ်ခါမျှ​မဖတ်ဖူး​ကြောင်း” ဆို​ကြသည်။ မေးမြန်း​ခံရ​သူ ၅၄ ရာခိုင်နှုန်း​က သမ္မာကျမ်းစာ​သည် “မျက်မှောက်ခေတ်​နှင့် မအပ်စပ်​တော့” သည့် “ခေတ်နှောင်း​စာအုပ်” အဖြစ် ယူမှတ်​ကြသည်။ “ပြင်သစ်​လူမျိုး​တို့သည် ကျမ်းစာ​ကို ဗဟုသုတ​စာအုပ်​ဟု ဦးစွာ​ယူဆကြ” ပြီး “ယုဒ​ဘာသာ​နှင့် ခရစ်ယာန်​ဘာသာ​တို့၏ ဇာစ်​မြစ်များ” ကို​ရှင်းပြ​ထား​ရာ​စာအုပ်​အဖြစ် ရှုမြင်​ကြသည်​ဟု မှတ်တမ်းက ရှင်းပြသည်။ “ပြင်သစ်​နိုင်ငံ​တွင် နှစ်​တိုင်း သမ္မာကျမ်းစာ​အုပ်​ပေါင်း ၂၅၀,၀၀၀ နှင့်​ဓမ္မသစ်​ကျမ်းစာ​အုပ်​ပေါင်း ၃၀,၀၀၀ တို့ကို ရော​င်း​ရသည်” ဟု​လာ​ခ​ရွိုင်​သတင်းစာ​က​ဆို​၏။

တရားဝင်​အသိအမှတ်ပြု​ထားသော နက္ခတ်​ဗေဒင်​ကျောင်း

“ဇာတာ​ရေး​တတ်​ရန်​နှင့် အနာဂတ်​နှင့်​ပတ်သက်​၍ အကြံပေး​ရန် ကျောင်းသား​များ တက်ရောက်​နေကြ​သည့်” ယူနိုက်တက်​စ​တိတ်​မှ ကျောင်း​တစ်​ကျောင်း​သည် “. . . အစိုးရ​ထံ​မှ တရားဝင်​အသိအမှတ်​ပြုခြင်း​ကို ရရှိ​ထား​သည်၊ ယင်းသည် နက္ခတ်​ဗေဒင်​ကျောင်း​အတွက် ပထမဦးဆုံး​အကြိမ်​ဟု ယူဆ​ရ” ကြောင်း နယူးယောက်​တိုင်းမ်​က ဖော်ပြ​သည်။ ထို​ကျောင်း​တည်ထောင်သူ​၏​အဆို​အရ အသိအမှတ်ပြု​ခံရ​သော​လ​၌​ပင် “ကြယ်​နက္ခတ်​ဆိုင်ရာ​နိမိတ်​သည် ကောင်း​သည်” ဟု​ဖော်ပြ​၏။ နက္ခတ်​ဗေဒင်​တက္ကသိုလ်​ဟု​ခေါ်​သည့် ထို​ကျောင်းတွင် “ဂြိုဟ်​သိ​မ်​ဂြိုဟ်မွှား​နတ်​ဘုရားမ​များ​အကြောင်း သင်ပေး​သော မဟာ​အတန်း​တစ်တန်း” နှင့် “နက္ခတ်​ဗေဒင်​ပင်တိုင်​ဆောင်းပါး​ရေး​ပုံ” အကြောင်း သင်ပေး​သော​အတန်း ပါဝင်​သည့် သင်တန်း​များ​ရှိသည်။ ကျောင်းဆင်း​အများစု​သည် “ကိုယ်ပိုင်​လုပ်ငန်း​ဖွင့်လှစ်​ကြသည်၊ သို့သော်လည်း အချို့​ကို ဟို​လစ်​စ​တစ်​ခေါ် ခန္ဓာပိုင်း၊ စိတ်ပိုင်း​နှင့် လူမှုရေး​ပိုင်း​ဆိုင်ရာ ကုသ​ရေး​ဌာန​များ၊ ကျန်းမာ​ရေး​စခန်း​များ၊ အပျော်တမ်း​သင်္ဘော​များ​က ငှား​ရမ်း​ကြသည်။” “သင်တန်း​ကျောင်း​၏​ဆရာများ​သည် အရည်အချင်း​ပြည့်မီ​ကြောင်း​နှင့် ကျောင်းဆင်း​များ​ကို အလုပ်ခန့်​အပ်​နိုင်​ကြောင်း ပြသ​ပြီး​နောက် . . . ထို​သင်တန်း​ကျောင်း​သည် တရားဝင်​အသိအမှတ်ပြု​ခံရ​သည်” ဟု​တိုင်းမ်​က​ဆို​၏။ သို့သော် အဆင့်မြင့်​ပညာရေး တရားဝင်​အသိအမှတ်ပြု​ရေး​ကောင်စီ ဦးစီး​ခေါင်းဆောင်​၏​အဆို​အရ “နက္ခတ်​ဗေဒင်​ပညာ​ကို တရားဝင်​အသိအမှတ်​ပြုခြင်း​မဟုတ်ဘဲ ဤ​ကျောင်း​က ကျောင်းသား​များ​အား ကတိ​အတိုင်း လုပ်ဆောင်ပေး​သည်ကို အသိအမှတ်​ပြုခြင်း​မျှ​သာ​ဖြစ်သည်။”

ဧဝ​ရက်​တောင် သန့်ရှင်းရေး

ကမ္ဘာ့​အမြင့်ဆုံး​တောင်​ဖြစ်သော ဧဝ​ရက်​တောင် (၂၉,၀၃၅ ပေ) ၏​ပုံမှန်​ရှုခင်း​သည် ရင်သပ်​ရှုမောဖွယ်​ကောင်း​လောက်​အောင် လှပ​သစ်လွင်​ရာ​များ​တွင် တစ်ခု​ဖြစ်၏။ သို့သော် န​ယူး​ဒေ​လီ​မဂ္ဂဇင်း ဒေါင်း​တူ​အ​တ်သ် အစီရင်ခံစာ​တစ်ခု​က ဧဝ​ရက်​တောင်​သည် ဧရာမ​အမှိုက်​သ​ရိုက်​စုပုံ​ရာ​အရပ်​ဖြစ်လာ​နေပြီ​ဟု ဖော်ပြ​သည်။ ဆယ်စုနှစ်​များ​တစ်လျှောက် ဧဝ​ရက်​တောင်တက်​ခဲ့​ကြသော ရာ​နှင့်​ချီ​သည့်​တောင်တက်သမား​များသည် “အောက်ဆီဂျင်​ဘူးခွံ​များ၊ လှေကား သို့​မဟုတ် တိုင်​အဟောင်း​များနှင့် ပလတ်စတစ်​တုတ်​ကောက်​များ” အပါအဝင် အမှိုက်​သ​ရိုက်​များ​ကို တန်​ချိန်​ပေါင်း​မြောက်မြားစွာ ပစ်ချ​ထားခဲ့​ကြသည်။ အ​ညစ်ပတ်​ဆုံး​စခန်း​မှာ “တောင်ထိပ်​သို့​တက်​ရာ​တွင် တောင်တက်သမား​အများစု တက်​ကြ​သည့် နောက်ဆုံး​တောင်ဘက်​ကြား​စခန်း” ဖြစ်သည်​ဟု အစီရင်ခံစာ​က​ဆို​၏။ နီ​ပါ​လ်​တောင်တက်​အဖွဲ့​အရာရှိ ဘူး​မီ လာ​လ် လာ​မာ​က “[ရှာပါ​စ်​များ] ကို အမှိုက်​တစ်​ကီ​လို​ဂ​ရမ် [၂.၂ ပေါင်] လျှင် ယူအက်စ်​ဒေါ်လာ ၁၃.၅၀ ပေး​ပြီး စုသိမ်း​ခိုင်း​ဖို့ ကျွန်တော်​တို့​စဉ်းစား​သုံးသပ်​နေကြ​သည်” ဟု​ဆို​သည်။ ရှာပါ​စ်​များသည် ဧဝ​ရက်​တောင်တက် “သူများ​အတွက် လမ်းပြ​သူများ​အဖြစ် လုပ်ဆောင်ပေး​ကြ​ပြီး ပစ္စည်း​သယ်​ပေး​ကြသည်” ဟု​မှတ်တမ်းက​ဆို​၏။

“မှော်အတတ်” တန်ပြန်​ဆိုးကျိုး

“ဂါနာ​လူမျိုး​တစ်ဦး​ကို ကျ​ည်​ကာ​အဖြစ်​လုပ်ရန် မှော်အတတ်ကို စမ်းသပ်​နေစဉ် ရွာသား​ချင်း​တစ်ဦး၏ ပစ်ခတ်မှု​ဖြင့် သေဆုံး​ခဲ့​လေ​သည်” ဟု​ရွိုင်​တာ​စ်​သတင်း​ဌာန​က ဖော်ပြ​သည်။ ဂါနာ​နိုင်ငံ​၏​အရှေ့မြောက်ပိုင်း​မှ ရွာသား​များသည် မိမိတို့ကို သေနတ်​ပြီး​သူများ​ဖြစ်​ဖို့ ပြုလုပ်​ပေး​ရန် နတ်​ဆရာ​တစ်ဦး​အား တောင်းဆို​ခဲ့​ကြသည်။ “ပြုစား​ခံ​မည့်​သူ၏ ကိုယ်ခန္ဓာ​ကို နှစ်ပတ်​အထိ ရောစပ်​ထားသော သစ်​ဥ​သစ်​ဖု​များ​ဖြင့် နေ့စဉ်​လိမ်းပေး​ပြီး​နောက် အောင်မြင်မှု​ရှိ၊ မရှိ စမ်းသပ်​ရန် သေနတ်​အ​ပစ်​ခံ​ခဲ့​သည်” ဟု​အစီရင်ခံစာ​က​ဆို​သည်။ ထို​သူသည် ရိုင်ဖယ်​သေနတ်​တစ်ချက်​တည်း​ဖြင့် ချက်ချင်း​သေဆုံး​ခဲ့​သည်။ ယင်း​သို့ မအောင်မြင်​မှု​ကြောင့် အမျက်ထွက်​နေကြ​သော အိမ်နီးချင်း​များ​က နတ်​ဆရာ​ကို ဖမ်း​၍ ပြင်းထန်​စွာ ရိုက်နှက်​ခဲ့​ကြသည်။ ဝေးခေါင်​သော ဂါနာ​နိုင်ငံ​၏​မြောက်ဘက်တွင် နေထိုင်ကြ​သူများ​သည် ပြိုင်ဘက်​လူမျိုးနွယ်​စုဝင်​များ​၏​ရန်​မှ ကာကွယ်​မှု​ရ​လို​ရ​ငြား နတ်​ဆရာများ​နှင့် ဆွေးနွေး​တိုင်ပင်​လေ့​ရှိကြသည်။