မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့အရှည်ဆုံး ဥမင်လိုဏ်ခေါင်းလမ်းမ

ကမ္ဘာ့အရှည်ဆုံး ဥမင်လိုဏ်ခေါင်းလမ်းမ

ကမ္ဘာ့​အရှည်ဆုံး ဥမင်​လိုဏ်ခေါင်း​လမ်းမ

နော်​ဝေး​နိုင်ငံ​မှ နိုးလော့! စာရေးသူ ပေး​ပို့​သည်

သင်သည် စွဲမက်​ဖွယ်​တောင်တန်း​များနှင့် တောင်ကြား​ပင်လယ်ကွေ့​များ​ကို မြင်​လိုလျှင် နော်​ဝေး​နိုင်ငံ​အနောက်ပိုင်း​သို့ လာ​ကြည့်​လှည့်ပါ! သင်​မှင်တက်​မိ​ပါ​လိမ့်​မည်! ထို့​ပြင် ကျဉ်း​မြောင်း​ပြီး ကွေ့ကောက်​သော လမ်းများနှင့် ဥမင်​လိုဏ်ခေါင်း​များစွာ​က လူ့​တီထွင်​ဉာဏ်​ကို ပေါ်လွင်​ထင်ရှားစေ​သည်။ မကြာသေးမီ​က မည်သည့်​ဥမင်​လိုဏ်ခေါင်း​ထက်​မဆို အင်ဂျင်နီယာ​စွမ်းဆောင်​ချက် ပြောင်မြောက်​လှ​သည့် ဥမင်​လိုဏ်ခေါင်း​အသစ်​တစ်ခု​ကို ဖောက်​လုပ်ပြီး​စီး​ခဲ့​သည်။ ယင်း​မှာ ကျောက်သား​ကို ဖောက်ခွဲ​တူး​ထားသော ၁၅.၂ မိုင်​ရှိသည့် ကမ္ဘာ့​အရှည်ဆုံး လာ​ဒါ​လ်​ဥမင်​လိုဏ်ခေါင်း​ပင်​ဖြစ်၏! ဥမင်​လိုဏ်ခေါင်း​၏​အဝင်ဝ​သို့ ကားမောင်း​ဝင်​ကာ မိနစ်​အနည်းငယ်​အကြာတွင် မိမိတို့​အထက်​၌​ပေ ၃,၀၀၀ ကျော်​မြင့်​သည့် တောင်​ရှိနေ​မည်​ကို မြင်ယောင်​ကြည့်​လိုက်ပါ!

ဤမျှ​ရှည်လျားသော ဥမင်​လိုဏ်ခေါင်း အဘယ်ကြောင့် လိုအပ်​ခဲ့​သနည်း။ ယင်းသည် နော်​ဝေး​နိုင်ငံ​၏ အကြီးဆုံး​မြို့​နှစ်မြို့​ဖြစ်သည့် (အရှေ့ဘက်ခြမ်း​ရှိ​မြို့တော်) အော့​ဇ​လို​နှင့် (အနောက်ဘက်​ကမ်းရိုးတန်း​ပေါ်​ရှိ) ဘာ​ဂ​န်​မြို့​တို့​ကြား ပင်မ​ဆက်သွယ်ရေး​၏ အဓိက​အပိုင်း​တစ်ခု​ဖြစ်သည်။ အဆိုပါ​မြို့များ​ကြား​ရှိ တခြား​တောင်ပေါ်​လမ်းမများ​တွင် ဆောင်း​ရာသီ​အတွင်း ဆီးနှင်း​ကျ​၍ လေ​တိုက်ခတ်​မှု​ကြောင့် သွားလာ​ရ​ခက်ခဲ​သည်။ သို့ ဖြစ်၍ ရာသီဥတု​ဆိုးရွား​ချိန်​တွင် စိတ်ချ​စွာ သွားလာ​နိုင်​မည့် လမ်းသစ်​တစ်​လမ်း အထူး​လိုအပ်​ခဲ့​၏။ ၁၉၉၂ ခုနှစ်​တွင် ဒေသ​ငယ်​များ​ဖြစ်သော အော့​လဲ​န်​နှင့် လာ​ဒါ​လ်​ကြား​တွင် ဥမင်​လိုဏ်ခေါင်း​တစ်ခု​ပါဝင်​မည့် အဝေးပြေးလမ်း​မ​အသစ်​ကို ဖောက်​လုပ်ရန် နော်​ဝေး​ပါလီမန်​လွှတ်တော်​က ဆုံးဖြတ်​ခဲ့​သည်။ ငါး​နှစ်​တာ​ဆောက်လုပ်ရေး​ကာလ​ပြီး​နောက် ဥမင်​လိုဏ်ခေါင်း​ကို ၂၀၀၀၊ နိုဝင်ဘာ​လ​တွင် တရားဝင်​ဖွင့်လှစ်​ပေး​ခဲ့​သည်။ အဆိုပါ​အင်ဂျင်နီယာ​စွမ်းဆောင်​ချက် မည်မျှ​ပြောင်မြောက်​လှ​သနည်း။ ဥမင်​လိုဏ်ခေါင်း​သည် မည်မျှ​စိတ်ချ​ရသနည်း။ ထို​တွင် ကားမောင်း​ရခြင်း​သည် အသို့နည်း။ ကြည့်​ကြ​စို့။

ဆောက်လုပ်ရေး​အခက်အခဲ​များ

ဥမင်​လိုဏ်ခေါင်း​သည် လာ​ဒါ​လ်​မြို့​နှင့် အော့​လဲ​န်​မြို့​တို့ကို ဆက်သွယ်​ထား​၏၊ သို့သော် အလုပ်သမား​များသည် သုံး​နေရာ​မှ တစ်ပြိုင်တည်း စတင်​ဖောက်​လုပ်ခဲ့ကြ​သည်။ အဖွဲ့​တစ်ဖွဲ့​စီ​သည် ဥမင်​၏​အစွန်း​တစ်ဖက်​စီ​မှ စ​တူးကြ​ပြီး တတိယ​အုပ်စု​သည် လာ​ဒါ​လ်​ဝင်ပေါက်​မှ ၄ မိုင်​အကွာ​တွင် ပင်မ​ဥမင်​လိုဏ်ခေါင်း​နှင့် တွေ့ဆုံ​မည့် ၁.၆ မိုင်​ရှည်​သော လေဝင်လေထွက်​ဥမင်​လိုဏ်ခေါင်း​တစ်ခု​ကို စတင်​တူးကြ​သည်။ အဖွဲ့​သုံး​ဖွဲ့​သည် တောင်​၏​အတွင်း​နက်​ပိုင်း​တွင် သေချာပေါက်​တွေ့ဆုံ​ရန် မည်သို့ ညှိနှိုင်း​လုပ်ဆောင်​နိုင်​ကြ​သနည်း။ အဖွဲ့​တစ်ဖွဲ့​စီ​၏​အစပြု​မှတ်​ကို အတိအကျ​သတ်မှတ်​ဖို့ ဆက်သွယ်ရေး​ဂြိုဟ်တု​စနစ်​ကို အသုံးပြု၍ လေ​ဆာ​ရောင်ခြည်တန်း​များ​ဖြင့် တူးဖော်​သည့်​လမ်းကြောင်းကို ထိန်းကျောင်း​ပေး​ခဲ့​သည်။ လေ​ဆာ​ရောင်ခြည်တန်း​များသည် ဖောက်ခွဲ​ဖို့ တူး​ထားသော​တွင်း​များ တိကျသော​နေရာတွင်​ရှိစေရန် တွင်း​တူး​စက်​ရွေ့လျား​မှု​ကို ထိန်းချုပ်​ပေး​သည်။

တစ်ခါ​ဖောက်ခွဲ​တိုင်း ၁၇ ပေ​အနက်​ရှိသော​တွင်း ၁၀၀ ခန့်​ကို​တူး၍ ဖောက်ခွဲ​သည်။ ဤ​တွင်း​များ​ကို ဖောက်ခွဲ​ပစ္စည်း​ပေါင် ၁,၀၀၀ ခန့်​ထည့်၍ ခွဲ​ခဲ့​ရာ ကျောက် ၂၀,၀၀၀ ကုဗ​ပေ​ခန့် ပြိုကွဲ​ခဲ့​သည်။ ထို့နောက် ကျောက်​အကျိုးအပဲ့​များ​ကို ထရပ်ကား​ဖြင့် သယ်​ထုတ်ပစ်​ရသည်။ နောက်ထပ် တွင်း​တူး​ခြင်း​မစ​မီ ဥမင်​လိုဏ်ခေါင်း​၏ နံရံ​များနှင့် ခေါင်မိုး​ကို ခိုင်ခံ့​စေ​ရ၏။ သံမဏိ​မူလီ​ရှည်​များ​ကို အသုံးပြုပြီး ၎င်း​မျက်နှာပြင်​ပေါ်​တွင် ရှော့​က​ရ​စ်​ဟု​ခေါ်​သည့် ဖိုက်ဘာ​အားဖြည့်​ကွန်ကရစ်​ကို ဖျန်း​ပေး​သည်။ အဖွဲ့​အသီးသီး​သည် တစ်ပတ်​လျှင် ပေ ၂၀၀ မှ​ပေ ၂၃၀ ခန့်​ဖောက်​လုပ်ပြီး​စီး​သည်။ ၁၉၉၉၊ စက်တင်ဘာ​လ​၌ ပင်မ​ဥမင်​လိုဏ်ခေါင်း​တွင် အလုပ်လုပ်​နေကြ​သော အဖွဲ့​နှစ်​ဖွဲ့​သည် လက်မ ၂၀ ခန့်အကွာ​တွင် တွေ့ဆုံ​ကြသောအခါ နောက်ဆုံး​ဖောက်​လုပ်​မှု​ပြီးစီး​ခဲ့​သည်! တစ်ဆယ့်​လေးလ​အကြာတွင် ဥမင်​လိုဏ်ခေါင်း​ကို အစီအစဉ်​ဇယား​အတိုင်း ဖွင့်​ခဲ့​သည်။ ဤ​အဆင့်​အထိ ဒေါ်လာ​သန်းပေါင်း ၁၂၀ ကုန်ကျ​ခဲ့​၏။

မည်သို့ လေဝင်လေထွက် စေ​သနည်း

လေ​ကောင်း​လေ​သန့်​ရရှိစေ​ရေး​သည် ဥမင်​လိုဏ်ခေါင်း​အင်ဂျင်နီယာ​များ​အတွက် စိန်ခေါ်ချက်​တစ်ရပ် အမြဲ​ဖြစ်လေ့​ရှိသည်။ လာ​ဒါ​လ်​ဥမင်​လိုဏ်ခေါင်း​တစ်လျှောက် မိနစ် ၂၀ ခန့်​ကားမောင်း​ရသည့်​အတွက် လေ​ကောင်း​လေ​သန့် အလုံအလောက်​ရရှိဖို့ အထူး​အရေးကြီး​သည်။ ယင်းကို မည်သို့​ဖြစ်မြောက်​အောင်မြင်​ခဲ့​သနည်း။

လာ​ဒါ​လ်​ဝင်ပေါက်​မှ ၄ မိုင်​အကွာ​တွင် ၁.၆ မိုင်​ရှိ လေဝင်လေထွက်​ဥမင်​လိုဏ်ခေါင်း​သည် တောင်ကြား​အစွန်းနား​အထိ ရှည်​ပြီး ယင်းကို ခေါင်းတိုင် သို့​မဟုတ် ထွက်ပေါက်​ပြွန်​အဖြစ် အသုံးပြု​သည်။ ဥမင်​အစွန်းနှစ်ဖက်​စ​လုံး​မှ လေ​ကောင်း​လေ​သန့် ဝင်လာ​ပြီး လေဝင်လေထွက်​ဥမင်​မှ ညစ်ညမ်း​သော​လေ ထွက်သွား​သည်။ လေဝင်လေထွက်​ဥမင်​လိုဏ်ခေါင်း​တွင် တပ်ဆင်​ထားသော အားကောင်း​သော​ပန်ကာ​နှစ်လုံး—နှစ်လုံး​ပေါင်း လေ​စီး​နှုန်း တစ်​နာရီ​လျှင်​သန်း ၆၀ ကုဗ​ပေ—ကို လေ​အလွန်​ညစ်ညမ်း​လာ​သည့်​အခါ လေ​စီး​ကြောင်း​မြန်​စေရန် အသုံးပြုနိုင်​သည်။ ဤ​နည်း​စနစ်​သည် ဥမင်​လိုဏ်ခေါင်း​၏ လာ​ဒါ​လ်​ဘက်​ခြမ်း​တွင် လေ​ကောင်း​လေ​သန့် အလုံအလောက်​ရရှိစေ​၏; သို့သော်လည်း ပိုမို​ရှည်လျားသော အော့​လဲ​န်​ဘက်​အတွက် လေ​အလုံအလောက်​ရရှိစေရန် ပို​လိုအပ်​၏။ ထို့​ကြောင့် လေဝင်လေထွက်​ဥမင်​လိုဏ်ခေါင်း​ဘက်​သို့ လေ​စီး​မြန်​စေရန် ဥမင်​၏​ခေါင်မိုး​တွင် လေ​မှုတ်​ပန်ကာ​များ​ဖြစ်သော ပန်ကာ​ငယ် ၃၂ လုံး​ကို တပ်ဆင်​ထား​၏။ သို့သော် အော့​လဲ​န်​ဘက်​ခြမ်း​မှ လေဝင်လေထွက်​ဥမင်​လိုဏ်ခေါင်း​အဝ​အထိ အကွာအဝေး​ကို လေ​စီး​လာစဉ်​တွင် လေ​ပို​၍​ညစ်ညမ်း​သည်ထက် ညစ်ညမ်း​လာ​သည်။ ဤ​ပြဿနာ​ကို မည်သို့​ဖြေရှင်း​နိုင်​မည်​နည်း။

ဖြေရှင်း​နည်း​မှာ အော့​လဲ​န်​အဝင်ဝ​မှ ခြောက်​မိုင်​အကွာ​၌​ပေ ၃၀၀ ရှည်​သော အပြိုင်​ဥမင်​တစ်ခု​ထဲ​တွင် လေ​သန့်စင်ရေး​စက်ယန္တရား​တစ်လုံး​ကို တည်ဆောက်​ရန်ဖြစ်​သည်။ ဤ​ဥမင်​၏​အစွန်းနှစ်ဖက်​စ​လုံး​ကို ပင်မ​ဥမင်​နှင့် ဆက်​ထား​သည်။ ပင်မ​ဥမင်​လိုဏ်ခေါင်း​မှ​လေကို အဆိုပါ အပြိုင်​ဥမင်​လိုဏ်ခေါင်း​သို့ လမ်းကြောင်း​ပြောင်း​ပေး​ပြီး ထို​တွင် ဖုန်​မှုန့်​နှင့် နို​က်​ထ​ရို​ဂျင်​ဒို​င်​အောက်​ဆို​ဒ် ၉၀ ရာခိုင်နှုန်း​အထိ စုပ်ထုတ်​ပေး​၏။

ဤ​လေဝင်လေထွက်​နှင့် သန့်စင်ရေး​နည်း​စနစ်​တို့ ဖြင့် လာ​ဒါ​လ်​ဥမင်​လိုဏ်ခေါင်း​တွင် တစ်​နာရီ​လျှင် ကား​အ​စီး ၄၀၀ အထိ စိတ်တိုင်းကျ​မောင်းနှင်​နိုင်​သည်။ ဥမင်​အတွင်းရှိ အာရုံခံ​ကိရိယာ​များသည် လေ​ကောင်း​လေ​သန့်​ကို စစ်ဆေး​ပေး​ပြီး လေဝင်လေထွက်​စနစ်​ကို ထိန်း​ညှိ​ပေး​၏။ လေထု​ညစ်ညမ်းမှု အလွန်​များ​လာ​လျှင် ဥမင်​လိုဏ်ခေါင်း​တွင် ယာဉ်​အသွားအလာ ပိတ်​ထား​မည်​ဖြစ်သည်၊ သို့သော် ဤမျှ​အထိ လုပ်ဆောင်ရန် မလို​အပ်​သေး​ချေ။

လုံခြုံ​စိတ်ချမှု မည်မျှ​ရှိ​သနည်း

အချို့​သည် ဥမင်​လိုဏ်ခေါင်း​တစ်လျှောက် ကားမောင်း​ရမည်ကို စိုးရိမ်​ကြသည်။ ယင်း​အချက်​နှင့်အတူ ဥရောပ​ဥမင်​လိုဏ်ခေါင်း​အတော်များများ​တွင် မကြာသေးမီ​က ဖြစ်ပျက်​ခဲ့​သော ဆိုးရွား​စွာ မတော်တဆ​ယာဉ်တိုက်မှု​များနှင့် မီးလောင်မှု​များ​ကြောင့် လာ​ဒါ​လ်​ဥမင်​လိုဏ်ခေါင်း​တွင် လုံခြုံ​စိတ်ချမှု​ကို အဓိက​ဦးစားပေး​ပြုလုပ်​ခဲ့​၏။ ဥမင်​လိုဏ်ခေါင်း​တွင် လုံခြုံ​စိတ်ချမှု​အတွက် အဘယ်အရာ လုပ်ဆောင်ခဲ့​သနည်း။

လာ​ဒါ​လ်​ရှိ ထိန်းချုပ်ရေး​ဗဟို​မှ ဥမင်​လိုဏ်ခေါင်း​ရှိ လုံခြုံရေး​စနစ်​အမျိုးမျိုးကို အဆက်မပြတ်​စစ်ဆေး​လျက်​ရှိပြီး အကယ်၍ လုံခြုံ​စိတ်ချမှု​မ​ရှိလျှင် ဥမင်​လိုဏ်ခေါင်း​ကို ပိတ်​ထား​လိမ့်​မည်​ဖြစ်သည်။ ဥမင်​လိုဏ်ခေါင်း​ကို အလျင်အမြန်​ပိတ်​ပြီး အမြန်ဆုံး​ထွက်ခွာ​သွား​နိုင်​ရန် ကြိုတင်​ကာကွယ်​မှုများ​စွာ ပြုလုပ်​ထား​သည်။ ထို့​ပြင်​ပေ ၈၂၀ အကွာအဝေး​တိုင်း​တွင် အရေးပေါ်​တယ်လီဖုန်း​များ၊ ပေ ၄၁၀ အကွာအဝေး​တိုင်း​တွင် မီး​သတ်​ဘူး​များ တပ်ဆင်​ပေး​ထား​၏။ မီး​သတ်​ဘူး​ဖြုတ်​လိုက်​သည့်​နေရာကို ထိန်းချုပ်ရေး​ဗဟို​က အလိုအလျောက်​မှတ်သား​သည်။ မီး​သတ်​ဘူး​တစ်​ဘူး​ကို ဖြုတ်​ထား​လျှင် အနီရောင်​အချက်ပြ​မီး​များ​က ယာဉ်မောင်း​သူများ​အား ဥမင်​လိုဏ်ခေါင်း​ထဲ​သို့​မဝင်​ရန် သတိပေး​ပြီး ဥမင်​လိုဏ်ခေါင်း​အတွင်းမှ သင်္ကေတ​များနှင့် အချက်ပြ​မီး​များသည် အန္တရာယ်ကင်း​ဝေးရာ​လမ်းကြောင်း​သို့ မောင်း​ထွက်သွား​ရန် လမ်းညွှန်​ပေး​၏။ ပေ ၁,၆၄၀ အကွာအဝေး​တိုင်း​တွင် ကား​ကွေ့​ရန်​နေရာများ​ရှိပြီး ကား​ကြီး​များ​ကွေ့​ရန်​နေရာ ၁၅ နေရာ​ရှိသောကြောင့် ယာဉ်မောင်း​များ သူတို့၏​ကား​ကို ပြန်​ကွေ့​သွား​နိုင်​သည်။ ဥမင်​လိုဏ်ခေါင်း​တွင် ရေဒီယို​ဧရိယာတိုင်​ကိုလည်း တပ်ဆင်​ထား​သဖြင့် ယာဉ်မောင်း​သူများကို ၎င်းတို့၏​ကား​ရေဒီယို​မှ​တစ်ဆင့် သတင်းပေး​နိုင်​သည်။ ရေတွက်ခြင်း​နှင့် ဓာတ်​ပုံ​စနစ်​များ​က ယာဉ်​အဝင်အထွက်​အားလုံး​ကို စစ်ဆေး​ပေး​သည်။ ယာဉ်​သွားလာ​မှု အတော်​နည်းပါး​သောကြောင့် လုံခြုံရေး​အလွန်​ကောင်းမွန်​သည်​ဟု လမ်း​အာဏာပိုင်​များ​က ယူဆကြ​သည်။

ဤ​ဥမင်​လိုဏ်ခေါင်း​သည် မည်သို့ ထူးခြား​သနည်း

ဥမင်​လိုဏ်ခေါင်း​တစ်လျှောက် ကားမောင်း​ရခြင်း​သည် မည်သို့​နေသနည်း။ အင်ဂျင်နီယာ​များ​၏ အဓိက​ရည်ရွယ်ချက်​တစ်ခု​မှာ ယာဉ်မောင်း​များ လုံခြုံ​စိတ်ချမှု​ခံစား​ရပြီး အန္တရာယ်ကင်း​စွာ ဥမင်​လိုဏ်ခေါင်း​တစ်လျှောက် မောင်းနှင်​နိုင်​ရန်ဖြစ်​သည်။ ယင်းကို​ဖြစ်မြောက်​စေရန် သုတေသန​ကျောင်း​မှ ယာဉ်​အသွားအလာ​စိတ်​ပညာရှင်​များနှင့် ပညာရှင် မီး​ဒီဇိုင်နာ​များ​အပြင် ခွင်​တု​ကားမောင်း​စက် အကူအညီ​တို့​ဖြင့် ဥမင်​လိုဏ်ခေါင်း​၏​အတွင်းပိုင်း​ကို ဒီဇိုင်း​ရေးဆွဲ​ခဲ့​ခြင်း​ဖြစ်သည်။

ရလဒ်​ကား​အဘယ်နည်း။ ဥမင်​လိုဏ်ခေါင်း​သည် လုံးဝ​မ​ဖြောင့်တန်း​ပါ။ ပြေပြစ်​သော​လမ်းကွေ့များ​သည် ယာဉ်မောင်း​သူများကို မ​ငိုက်မျဉ်း​စေရန် ကာကွယ်​ပေး​သည်၊ သို့သော်လည်း အရှေ့​ပေ ၃,၀၀၀ အကွာ​ကို သူတို့​တွေ့မြင်​နိုင်​သည်။ လမ်းကွေ့များ​သည် မျက်နှာ​ချင်း​ဆိုင် ယာဉ်​အကွာအဝေး​ကို တွက်ချက်​ရန်​လည်း ပို​၍​လွယ်ကူ​စေ​၏။ ဂူ​ကဲ့သို့​သော တောင်​ခန်းမ​ကြီး​သုံးခန်း​သည် ခရီးစဉ်​ကို ငြီးငွေ့မှု​လျော့ပါး​စေ​သည်။ ယင်းက ဥမင်​ရှည်​ကြီး​တစ်ခု​တည်း​ကို​မဟုတ်ဘဲ ဥမင်​အတို​လေးခု​ကို ဖြတ်​မောင်း​နေ​သ​ယောင် ထင်မှတ်​စေ​၏။ ဤ​ခန်းမ​များ​ရှိ အောက်ခြေ​မှ အဝါရောင်​အလင်း၊ အစိမ်းရောင်​အလင်း​နှင့် အထက်​မှ အပြာရောင်​အလင်း​တို့​ဖြင့် ထူးထူးခြားခြား​အလင်းရောင်​ပေး​ထား​ပုံ​သည် နေ့​အလင်းရောင်​နှင့် နေ​ထွက်ချိန်​ကဲ့သို့ ထင်ယောင်ထင်မှား​ဖြစ်စေ​သည်။ ဥမင်​လိုဏ်ခေါင်း​တစ်လျှောက် ကောင်းစွာ​အလင်းရောင်​ထိုး​ပေး​ထားမှု​ကြောင့် ယာဉ်မောင်း​သူ​အများစု​သည် သက်သောင့်သက်သာ​နှင့် လုံခြုံ​စိတ်ချမှု​ကို ခံစားရ​သည်။

ယခု ခရီး​သွား​သူများ​သည် ကမ္ဘာ့​အရှည်ဆုံး​ဥမင်​လိုဏ်ခေါင်း​လမ်းမ​ကို ဖြတ်သန်း​သွားလာ​ရသည့် တွေ့ကြုံမှု​အထူးအဆန်း​ကို ခံစား​နိုင်​ကြပြီ။ ခေတ်​သစ်​အင်ဂျင်နီယာ​စွမ်းဆောင်​ချက်​ကြောင့် နော်​ဝေး​နိုင်ငံ​၏ အရှေ့​နှင့် အနောက်​ကို ဆက်သွယ်​ပေး​နိုင်​ခဲ့​လေ​သည်။ ယင်းသည် လူ​၏​စွမ်းရည်​နှင့် တီထွင်​ဉာဏ်​တို့ကို အကျိုးရှိရှိ​အသုံးပြု​သောအခါ ထိထိရောက်ရောက် လုပ်ကိုင်​နိုင်စွမ်း​ရှိကြောင်း ဖော်ပြ​သည့်​သာဓက​ပေ​တည်း။

[စာမျက်နှာ ၁၅ ပါ ပုံကြမ်း/ရုပ်ပုံ]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

ဥမင်​လိုဏ်ခေါင်း​လမ်းကြောင်း

လာ​ဒါ​လ် ← → အော့​လဲ​န်

[စာမျက်နှာ ၁၇ ပါ ပုံကြမ်း/မြေပုံ]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

လာ​ဒါ​လ် ဥမင်​လိုဏ်ခေါင်း

ဝေး​ပြေးလမ်း​မကြီး​များ

↑ လာ​ဒါ​လ်​သို့

→ E၁၆မှ အော့​ဇ​လို​သို့

* ဤ​နေရာတွင် လေ​မှုတ်​ပန်ကာ​များ​ရှိ

လေ​စီး​ရာ လမ်းကြောင်း

တောင်​ခန်းမ

ပန်ကာ ဌာန → လေဝင်လေထွက် ဥမင်​လိုဏ်ခေါင်း

*

တောင်​ခန်းမ

*

လေ​သန့်​စက်

*

တောင်​ခန်းမ

*

*

လေ​စီး​ရာ လမ်းကြောင်း

အော့​လဲ​န်

↓ E၁၆မှ ဘာ​ဂ​န်​သို့

၁ မိုင်

၁ ကီလိုမီတာ

[Credit Line]

Statens vegvesen, Sogn og Fjordane

[စာမျက်နှာ ၁၄ ပါ မြေပုံ]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

နော်​ဝေး

လာ​ဒါ​လ်​ဥမင်​လိုဏ်ခေါင်း

ဘာ​ဂ​န် E၁၆ အော့​ဇ​လို

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

လာ​ဒါ​လ်​ဝင်ပေါက်

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

လေ​သန့်​စက်​၏​ပုံကြမ်း

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

နံရံ​များနှင့် ခေါင်မိုး​ကို ခိုင်ခံ့​စေသော သံမဏိ​မူလီ​များ​ကို​ပြ​ထား​သည့် ဥမင်​လိုဏ်ခေါင်း​နမူနာ

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ဥမင်​လိုဏ်ခေါင်း​တွင် အရေးပေါ်​တယ်လီဖုန်း ၁၀၀ ခန့်​နှင့် မီး​သတ်​ဘူး ၄၀၀ နီးပါး​ရှိ

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

အထူး​အလင်းရောင်​ထိုး​ပေး​ထားသော မီးလုံး​များ​ရှိသည့် တောင်​ခန်းမ​သုံးခု

[Picture Credit Lines on page 24]

Aerial view: Foto: Leiv Bergum; air treatment plant: ViaNova A/S; all other photographs on pages 24-6: Statens vegvesen, Sogn og Fjordane