မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကိုချင်နီလ်—ထူးခြားလှသော ပိုးကောင်

ကိုချင်နီလ်—ထူးခြားလှသော ပိုးကောင်

ကို​ချင်​နီ​လ်—ထူးခြား​လှ​သော ပိုးကောင်

မက္ကဆီကို​နှင့်​ပီရူး​မှ နိုးလော့! စာရေးသူ ပေး​ပို့​သည်

တချို့​နှုတ်ခမ်း​နီ​များနှင့် အခြား​အလှ​ကုန်​ပစ္စည်း​များ​တွင်​ပါရှိ​သည့် အ​နီရဲ​ရဲ​အရောင်​ကို မည်သို့​ရရှိ​သနည်း။ ပါးနီ​နှင့် နှုတ်ခမ်း​နီ​အချို့​၌ တွေ့ရှိ​ရသည့် ကြက်သွေးရောင်​ဆိုးဆေး​သည် ရှား​စောင်း​ပင်​များ​တွင် ကျက်စား​နေသော အ​ကြေး​ပါ​ပိုးကောင် ကို​ချင်​နီ​လ်​မှ ရရှိ​သည်ကို သင်​သိရ​လျှင် အံ့အားသင့်​သွားပေ​မည်။ အလွန်​ထူးခြားသော ဤ​ပိုးကောင်​ကို အနီးကပ်​လေ့လာ​ကြည့်​ကြ​စို့။

ဥပဒ်​ပေး​သလော၊ အကျိုးပေး​သလော

အရွယ်ရောက်​ကို​ချင်​နီ​လ်​ပိုးကောင်​အမ​၏​အရှည်​မှာ တစ်လက်​မ​၏ ရှစ်​ပုံ​တစ်​ပုံ​ခန့်​ရှိပြီး အရွယ်အစား​မှာ မီးခြစ်​ဆံ​ထိပ်​ဖူး​နီးပါး​ခန့်​ရှိသည်။ ကို​ချင်​နီ​လ်​ပိုးကောင်​အဖို​များ​၏​အရွယ်အစား​မှာ​မူ အမ​၏​ထက်ဝက်​မျှ​သာ​ရှိသည်။ သို့သော် ကို​ချင်​နီ​လ်​များ​၏​အရွယ်အစား​ကြောင့် စိတ်ရှုပ်​ထွေး​မသွား​ပါ​နှင့်။ “၎င်းတို့သည် အဖျက်​ဆီး​တတ်​ဆုံး ပိုးကောင်​အမျိုးအစား​တွင် ပါဝင်​သည်” ဟု​အကိုးအကား​စာအုပ်​တစ်အုပ်​က ဆို​၏။ သို့ရာတွင် ယင်း​သို့​လူသိ​များ​သော်လည်း လယ်သမား​အချို့​သည် ၎င်းတို့ကို မွေးမြူ​နေကြ​သည်။ အဘယ်ကြောင့်​နည်း။ ကို​ချင်​နီ​လ်​ပိုးကောင်​အမ​များ​၏​ကိုယ်ကို အခြောက်လှန်း​ပြီး အမှုန့်ကြိတ်​ရာ​မှ ကြက်သွေးရောင်၊ အ​နီရဲ​ရဲ​အရောင် ဆိုးဆေး​ရရှိရန်​ဖြစ်သည်။

မျက်မှောက်ခေတ် မက္ကဆီကို​နိုင်ငံ၊ ဝါ​ဟာ​ကာ​ပြည်နယ်​တွင် နေထိုင်ကြ​သည့် ရှေး​မီစ်​တ​ခ်​လူမျိုးစု​ခေတ်​ကတည်းက ကို​ချင်​နီ​လ်​ပိုးကောင်​များ​ကို ဆိုးဆေး​များ​အဖြစ် အသုံးပြု​ခဲ့​သည်။ စပိန်​စစ်​အောင်နိုင်သူ​များသည် ကို​ချင်​နီ​လ်​ပိုးကောင်​၏ ကြက်သွေးရောင်​ကို စွဲမက်​ခဲ့​ကြသည်၊ မကြာမီ ဥရောပတိုက်​သားများ​စွာ​သည် အဆိုပါ​သဘာဝ​ဆိုးဆေး​၏ အရောင်အသွေး​တောက်ပ​မှု​ကို နှစ်သက်​သဘောကျခဲ့​ကြ​၏။ ဗြိတိန်​သည် ရိုးရာ​ကြက်သွေးရောင်​စစ်​ယူနီဖောင်း​အတွက် ကို​ချင်​နီ​လ်​ကို အသုံးပြုလေ့​ရှိခဲ့​သည်။ ၁၆၅၀ ပြည့်နှစ်​ခန့်​မှ ၁၈၆၀ ပြည့်နှစ်​အထိ ကို​ချင်​နီ​လ်​ကို အလွန်​ကျယ်ပြန့်​စွာ အသုံးပြု​လာ​ခဲ့​ကြသည်၊ ယင်းသည် ရွှေငွေ​မှ​လွဲ​လျှင် မက္ကဆီကို​နိုင်ငံ​၏ တန်ဖိုး​အရှိဆုံး ထုတ်ကုန်​ဖြစ်၏။

ပျောက်ကွယ်​သွားပြီး ပြန်​ပေါ်လာ

၁၉ ရာစုနှစ်​လယ်​တိုင်သော် သဘာဝ​ဆိုးဆေး​များ​ကို ဓာတု​ဗေဒ​ဆိုးဆေး​များနှင့် အစားထိုး​လာ​ကြ​လေ​သည်။ ထိုသို့​အစားထိုး​ခဲ့​ကြ​ခြင်း​၏ အကြောင်းရင်း​များစွာ​ရှိသည်။ အက်ဖ်​ဒီ​အေ​စားသုံးသူ မဂ္ဂဇင်း​မှ ဂျွန်​ဟဲန်​ကာ​လ်​က ဤသို့​ဆို​၏– “ဓာတု​ဗေဒ​ဆိုးဆေး​များသည် ထုတ်လုပ်​ရန် ပို​၍​လွယ်ကူ​ပြီး ဈေး​ပေါ​သည်၊ အရောင်အသွေး​ကောင်း​လှ​သည်။” သို့ ဖြစ်၍ အစားအစာ၊ ဆေးဝါး​များနှင့် အလှ​ကုန်​ပစ္စည်း​များ​ကို အရောင်​ဆိုး​ရန် ဓာတု​ဗေဒ​ဆိုးဆေး​များသည် အချိန်တို​အတွင်း ဈေးကွက် တွင်ကျယ်​လာ​ခဲ့​သည်။ “သို့သော် ဓာတု​ဗေဒ​ဆိုးဆေး အသုံးများ​လာ​လေ၊ အန္တရာယ်​တိုးများ​လာ​လေ” ဟူ၍ ဟဲန်​ကာ​လ်​က​ပင် ထပ်​ဆို​သည်။

၁၉၇၀ ပြည့်လွန်​နှစ်များ​မှ လေ့လာချက်​များ​က ဓာတု​ဗေဒ​ဆိုးဆေး​အချို့​သည် ကင်ဆာ​ရောဂါ​ဖြစ်ပွား​စေနိုင်​၏​ဟု ဖော်ပြ​ခဲ့​သည်။ ကျန်းမာ​ရေး​ထိခိုက်​စေနိုင်​သည်​ဟု သိရှိ​လာ​ကြသည်​နှင့်​အမျှ သဘာဝ​ဆိုးဆေး​များ​ဘက်​သို့ ဦးလှည့်​လာ​ကြ​ပြန်​၏။ ဥပမာ၊ ပီရူး​နိုင်ငံ​သည် ယခု​အခါ ကမ္ဘာ့​ကို​ချင်​နီ​လ်​ဆိုးဆေး​၏ ၈၅ ရာခိုင်နှုန်း​ခန့်​ကို ထုတ်လုပ်​လျက်​ရှိသည်။ ကနေ​ရီ​ကျွန်းစု​များသည် ကို​ချင်​နီ​လ်​ပိုးကောင်​စုသိမ်းခြင်း​ကြောင့် လူသိ​များ​သကဲ့သို့ စပိန်​နိုင်ငံ​တောင်ပိုင်း၊ အယ်လ်ဂျီးရီးယား၊ ဗဟို​နှင့်​တောင်​အမေရိက​ရှိ နိုင်ငံ​များလည်း ထို​နည်း​ထပ်တူ​ပင်​ဖြစ်သည်။ သို့သော် မျက်မှောက်ခေတ်တွင် ကြက်သွေးရောင်​ကို လို​သလော​က်​မရရှိ​နိုင်​သဖြင့် မက္ကဆီကို​အစိုးရ​သည် ပိုမို​ထုတ်လုပ်​ရန် ကြိုးပမ်း​ဆောင်ရွက်လျက်​ရှိ၏။

ကြက်သွေးရောင်​ဆိုးဆေး ထုတ်လုပ်ပုံ

ကို​ချင်​နီ​လ်​ပိုးကောင်​သည် ရှား​စောင်း​ပင်​၏​အကိုင်းများ​တွင် ယင်း​၏​သက်တမ်း​တစ်လျှောက်​လုံး တွယ်ကပ်​နေထိုင်ကြ​သည်။ ဖယောင်း​နှင့်​တူ​သည့်​အမှုန့်​ကို ကိုယ်​ပေါ်​မှ​ထုတ်လွှတ်​၍ ငှက်​ရဲ​တိရစ္ဆာန်​များ​၏​ရန်​မှ မိမိကိုယ်ကို ကာကွယ်​သည်။ အဆိုပါ​နူးညံ့​သော​အမှုန့်​များသည် ပိုးကောင်​ကို​လွှမ်းခြုံ​ပေး​ပြီး ယင်း​၏​အိမ်​ဖြစ်သည်။ သို့သော် စုသိမ်းချိန်​တွင် ပိုးကောင်​ရှိသည့်​နေရာကိုလည်း အလွယ်တကူ​တွေ့ရှိ​စေ​သည်။

ကို​ချင်​နီ​လ်​ပိုးကောင်​အမ​များ​တွင်​သာ အနီရောင်​ခြယ်​ဓာတ်၊ ကြက်သွေးရောင်​အက်စစ်​ပါရှိ​သည်။ ဥ​တည်​နေသော​ကို​ချင်​နီ​လ်​ပိုးကောင်​များ​တွင် အများဆုံး​ပါရှိ​၏။ ထို့​ကြောင့် အရည်အသွေး​အကောင်းဆုံး ဆိုးဆေး​ရရှိရန် စုသိမ်း​သူများ​သည် ဥ​တည်​နေသော​ကို​ချင်​နီ​လ်​ပိုးကောင်​များ မ​ဥ​မီ အထူး​ဂရုစိုက်​စုသိမ်း​ကြ​ရသည်။ ပီရူးအင်းဒီးစ်​တောင်တန်း​တွင် ခု​နစ်​လ​အတွင်း သုံးကြိမ် စုသိမ်း​ကြသည်။ အပင်​ပေါ်​ရှိ ကို​ချင်​နီ​လ်​ပိုးကောင်​များ​ကို ဝက်​မှ​င်​ဘီး​ဖြင့် ဖြီး​ချ​သည် သို့​မဟုတ် ဓား​တုံး​ဖြင့် ခြစ်ထုတ်​ရသည်။ ၎င်းတို့ကို အခြောက်လှန်း၊ ဆေးကြော​၍ အမှုန့်ကြိတ်​ပြီး​နောက် ကြေညက်​နေသော​ပိုးကောင်​များ​ကို အမိုး​နီး​ယား သို့​မဟုတ် ဆို​ဒီယမ်​ကာဗွန်နိတ်​ဖျော်ရည်​တွင် အဆင့်ဆင့်​ဓာတ်ပြု​ရသည်။ ပိုးကောင်​အဖတ်​များ​ကို စ​ကာ​ဖြင့် စစ်ထုတ်​ပစ်​ပြီး သန့်စင်​သော​အရည်များ ကျန်ရစ်​ခဲ့​သည်။ ထို့​ပြင် ခရမ်းရောင်​ရရှိရန် ထုံး​ကိုလည်း ထည့်​ပေး​နိုင်​သည်။

ပိုးကောင်​များ​မှ ပြုလုပ်​ထားသော​မိတ်ကပ်​ကို လိမ်း​ရန်​အတွေး​ကို နှစ်သက်​ကြ​မည်​မဟုတ်သော်လည်း ထို​သဘာဝ “ဆိုးဆေး​ပစ္စည်း​များ​ကို အသေးစိတ်​စိစစ်​ထား” ကြောင်း သင်​စိတ်ချ​နိုင်​ပါ​သည်။ “ထို​ဆိုးဆေး​များ​ကို အသေအချာ အပြန်​ပြန်​အ​လှန်​လှန်​စစ်ဆေး​သုတေသန​ပြု​ထား​သည်၊ တစ်ခါတစ်ရံ အကြိမ်ပေါင်း​မြောက်မြားစွာ အပြန်​ပြန်​ပြု​ရသည်” ဟု​ဟဲန်​ကာ​လ်​က​ဆို​၏။ ထို့​ကြောင့် သင့်​မျက်နှာ တောက်ပြောင်​နေသည်​ဟု ချီးမွမ်း​ခံရ​လျှင် အလွန်​ထူးခြားသော​ပိုးကောင် ကို​ချင်​နီ​လ်​ကြောင့် ဖြစ်​နိုင်၏!

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

၁။ ရှား​စောင်း​အကိုင်း​ပေါ်​မှ ကို​ချင်​နီ​လ်​ပိုးကောင်​များ

၂။ ဥ​တည်​နေသော​အမ​များ​၏ အနီးကပ်​ပုံ

၃။ အခြောက်လှန်း​ထားသော ကို​ချင်​နီ​လ်​ပိုးကောင်​များ

၄။ အလှ​ကုန်​များ​တွင်​အသုံးပြုသည့် အရည်​အဆင့်ဆင့်

[Credit Lines]

Page 23 photos: #1: The Living Desert, Palm Desert, CA; #3 and products: Cortesía del Centro de Investigaciones Económicas, Sociales y Tecnológicas para la Agroindustria y la Agricultura Mundial, Universidad Autónoma de Chapingo, fotografía de Macario Cruz; #4: David McLain/AURORA

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ဆိုးဆေး​ဖြင့်​ပြုလုပ် ထားသော ပစ္စည်း​များ