ကြင်ဖော်မဲ့မိဘများ၊ စိန်ခေါ်ချက် ပေါင်းစုံ
ကြင်ဖော်မဲ့မိဘများ၊ စိန်ခေါ်ချက် ပေါင်းစုံ
“ကျွန်မမှာ စိတ်ထိခိုက်စရာတွေ အများကြီးပဲ။ ရေချိုးခန်းထဲမှာ ငိုရင်းနဲ့ ညတွေကုန်သွားတယ်။ ကျွန်မအတွက် သိပ်ခက်တာပဲ။”—ကလေးသုံးဦးရှိ ကြင်ဖော်မဲ့မိခင် ဂျဲနက်။
ကြင်ဖော်မဲ့မိဘဖြစ်ရသည့်အကြောင်းရင်း မြောက်မြားစွာရှိ၏။ စစ်ဘေး၊ သဘာဝဘေး၊ သို့မဟုတ် ကပ်ရောဂါတို့ကြောင့် အချို့မိသားစုများတွင် မိဘတစ်ဦးတည်း ကျန်ရစ်ရရှာသည်။
ကလေးတချို့၏ မိဘများသည် တစ်ဦးနှင့်တစ်ဦး လက်မထပ်တော့ဟု ဆုံးဖြတ်ထားကြ၏။ ဥပမာ၊ ဆွီဒင်နိုင်ငံရှိ ကလေးထက်ဝက်နီးပါးမှာ လက်မထပ်ဘဲ မွေးဖွားလာကြသည်။ ကွာရှင်းခြင်းသည်လည်း ကြင်ဖော်မဲ့မိဘ အိမ်ထောင်စုများကို ဖြစ်ပေါ်စေ၏။ အမေရိကန်နိုင်ငံရှိ ကလေး ၅၀ ရာခိုင်နှုန်းကျော်သည် ကြင်ဖော်မဲ့မိဘအိမ်ထောင်စုတွင် ကလေးဘဝဖြင့် အချိန်အတန်ကြာအထိ နေရလိမ့်မည်ဟု သုတေသနပြုချက်က ဖော်ပြသည်။
စိန်ခေါ်ချက်များကို သဘောပေါက်ခြင်း
မကြာသေးမီက မုဆိုးမဖြစ်လာကြသော မိခင်များသည် အထူးထမ်းစရာဝန်ထုပ်များရှိသည်။ သူတို့သည် ကွယ်လွန်သွားသော ခင်ပွန်းအတွက် ဝမ်းနည်းပူဆွေးရင်း အိမ်ထောင်တာဝန်ကို ယူရမည်။ စီးပွားရေးအခက်အခဲများကို ကိုင်တွယ်ဖြေရှင်းပြီး သားသမီးများအား ဖြေသိမ့်ပေးနေစဉ် အခြေအနေကို လချီ၍၊ နှစ်ချီ၍ပင် ပြုပြင်ပြောင်းလဲကြရပေမည်။ မုဆိုးမများသည် ဤထပ်ဆင့်တာဝန်များကို လုပ်ဆောင်ရန် အကြီးအကျယ်အခက်တွေ့ကြပေမည်။ ယင်းကြောင့် ကလေးတစ်ဦးသည် ဂရုစိုက်မှုနှင့် အားပေးမှုလိုနေသည့်အချိန်တွင် မိဘအုပ်ထိန်းမှုအလုံအလောက် မရရှိဘဲဖြစ်စေပေမည်။
ကလေး၏ဖခင်များကို လက်မထပ်ထားသော ကြင်ဖော်မဲ့မိခင်များသည် အများအားဖြင့် ငယ်ရွယ်လွန်းကြပြီး အတွေ့အကြုံမရှိကြချေ။ သူတို့သည် ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ယူခွင့် မရရှိခဲ့ကြချေ။ အလုပ်ကျွမ်းကျင်မှုမရှိကြ၍ ဆင်းရဲဖို့ ပိုအကြောင်းရှိကာ လခနည်းသောအလုပ်များကိုသာ လုပ်ကိုင်ရဖွယ်ရှိသည်။ မိဘဆွေမျိုးသားချင်းများ၏ အကူအညီမရလျှင် နေ့ခင်းဘက် ကလေးထိန်းရသည့် တာဝန်လည်း ပိုလာပါလိမ့်မည်။ လက်မထပ်ထားသောမိခင်သည် ရှက်ကြောက်မှုနှင့် အထီးကျန်မှုအစရှိသည့် စိတ်ဖိစီးမှုဒဏ်များကိုလည်း ကြိုးစားတွန်းလှန်နေရပေမည်။ အချို့မှာ ကလေးကြောင့် သင့်တော်သောအိမ်ထောင်ဖက် ရှာမတွေ့မည်ကို စိုးရိမ်ကောင်းစိုးရိမ်ကြပေမည်။ ကလေးများသည်လည်း ဤသို့သောအိမ်ထောင်စုအတွင်း ကြီးပြင်းလာသောအခါ သူတို့၏ဘဝနောက်ခံနှင့်ပတ်သက်၍ အဖြေမရသည့်မေးခွန်းများ၊ လစ်လပ်နေသည့် မိဘ၏အသိအမှတ်ပြုမှု မခံရခြင်းတို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကြပေမည်။
ထိုနည်းတူစွာ၊ ကွာရှင်းထားကြသော မိဘများမှာလည်း စိတ်ဖိစီးမှု အကြီးအကျယ်ခံစားကြရသည်။ မိဘတချို့သည် ကွာရှင်းမှုကြောင့် အလွန်ဒေါသကြီးကြပေမည်။ အချို့မိဘများသည် မိမိကိုယ်ကို တန်ဖိုးမရှိ၊ အပယ်ခံဟူသော ခံစားချက်များကြောင့်လည်း သူတို့သားသမီးများကို စိတ်ပိုင်းအရ ကူညီပေးနိုင်စွမ်း မရှိကြတော့ပေ။ ပထမဦးဆုံးအကြိမ် အလုပ်ရှာရမည့် မိခင်များသည် အိမ်ထောင်တာဝန်ကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲနိုင်သည်။ မိဘများကွာရှင်းပြီးနောက် ရုတ်တရက်ဖြစ်ပေါ်လာသော အပြောင်း
အလဲများကို ရင်ဆိုင်နေကြရသည့် သားသမီးများ အထူးလိုအပ်သော အကူအညီကိုပေးရန် အချိန်နှင့် ခွန်အားမရှိဟု သူတို့ယူမှတ်ကြပေမည်။ကွာရှင်းထားသောမိဘများ ရင်ဆိုင်ရသည့် ထူးခြားသော စိန်ခေါ်ချက်များ
ကလေးတစ်ဦးစီ၏လိုအပ်ရာများ မတူကြသည့်အပြင် အမြဲပြောင်းလဲနေတတ်သည်ကို ကြင်ဖော်မဲ့မိဘများ သဘောပေါက်ကြသည်။ ကွာရှင်းထားသော ကြင်ဖော်မဲ့မိဘများသည် သူတို့ကလေးများကို ဝိညာဉ်ရေးလမ်းညွှန်မှု ပေးခွင့်ရရှိရန် အလွန်အခက်တွေ့ကြပေမည်။
ဥပမာ၊ ကွာရှင်းထားသော ယေဟောဝါသက်သေဖြစ်သူ မိဘတချို့သည် သူတို့၏သားသမီးများကို အုပ်ထိန်းခွင့်မရရှိကြပေ။ ထိုအခါ ခရစ်ယာန်အစည်းအဝေးကို သားသမီးများ တက်ရောက်နိုင်သည့်အချိန်တွင် ကလေးများအလည်အပတ်လာရန် ကြိုးစားစီစဉ်ပေးခဲ့ကြသည်။ ဤလည်ပတ်မှုအစီအစဉ်ကြောင့် ကွာရှင်းထားသောမိဘများ၏ သားသမီးများအတွက် အလွန်အကျိုးရှိစေသည့် ခရစ်ယာန်အစည်းအဝေးကို မှန်မှန်တက်ရောက်စေနိုင်မည်။
သားသမီးများနှင့် မှန်မှန်ဆက်သွယ်ခွင့် အနည်းငယ်သာရရှိသည့် ကွာရှင်းထားသောမိဘများသည် သူတို့ကို ချစ်ခင်စုံမက်မှုပြရန် နည်းလမ်းများ ရှာကြံဖို့လိုသည်။ မိဘတစ်ဦးသည် အောင်မြင်မှုရရှိရေးအတွက် ကလေး၏ပြောင်းလဲနေသော စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို အကင်းပါးပါးသိရှိဖို့လို၏။ ယင်းသည် ကလေးကြီးကောင်ဝင်ချိန်တွင်လည်းကောင်း၊ လူမှုရေးကိစ္စများနှင့် မိတ်ဆွေအပေါင်းအသင်းများကို တဖြည်းဖြည်းစိတ်ဝင်စားလာချိန်တွင်လည်းကောင်း အထူးသဖြင့် မှန်ကန်သည်။
အောင်မြင်မှုရှိသောမိဘသည် ကလေး၏လုပ်ရည်ကိုင်ရည်၊ ကိုယ်ရည်ကိုယ်သွေးနှင့် တွေးခေါ်ပုံတို့ကိုလည်း နားလည်ပေးသည်။ (ကမ္ဘာဦး ၃၃:၁၃) မိဘနှင့်ကလေးသည် ရင်းနှီးကျွမ်းဝင်ပြီး နွေးနွေးထွေးထွေး ပေါင်းသင်းဆက်ဆံကြသည်။ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထားရသည်။ မိဘ၏အသက်တာတွင် ကလေးပါဝင်ပတ်သက်သကဲ့သို့ ကလေး၏အသက်တာတွင်လည်း မိဘပါဝင်ပတ်သက်သည်။
အကျိုးသင့်အကြောင်းသင့်ရှိဖို့လိုအပ်
သားသမီးများသည် မိဘများကွာရှင်းပြီးနောက် မိဘနှစ်ပါးစလုံးနှင့် မှန်မှန်ဆက်သွယ်ခြင်းက အကျိုးရှိ၏။ မိဘများ၏ယုံကြည်ခြင်း ကွဲပြားခြားနားသည် ဆိုကြပါစို့; တစ်ဦးက ယေဟောဝါသက်သေဖြစ်ပြီး နောက်တစ်ဦးက မဟုတ်ချေ။ မှန်မှန်နှင့် ပွင့်ပွင့်လင်းလင်း ဆက်သွယ်ခြင်းက မလိုလားအပ်သော သဘောထားကွဲလွဲမှုကို ရှောင်ရှားစေနိုင်သည်။ “အကျိုးသင့်အကြောင်းသင့်သဘောရှိသည်ဟူသော နာမည်ကို ပိုင်ဆိုင်ကြလော့” ဟုတမန်တော်ပေါလု ရေးသားခဲ့သည်။ (ဖိလိပ္ပိ ၄:၅၊ ဖိလစ်) မိဘနှစ်ပါးစလုံး၏ ဘာသာရေးကိုင်းရှိုင်းခွင့်ကို လေးစားကြရန် သားသမီးများအား သွန်သင်ပေးသင့်သည်။
သက်သေခံမဟုတ်သောမိဘသည် ကလေးအား သူ၏ချာ့ခ်ျတွင် ဝတ်ပြုရေးပွဲများသို့ အတင်းတက်ခိုင်းပေမည်။ ယေဟောဝါသက်သေဖြစ်သူ မိဘသည် အဘယ်အရာပြုလုပ်နိုင်သနည်း။ မိမိ၏ဘာသာရေးယုံကြည်ချက်များကို ကလေးအား ပြောပြနိုင်သည်။ ၂ တိမောသေ ၃:၁၄၊ ၁၅) ကလေးသည် အခြားဝတ်ပြုရေးပွဲများ တက်ရောက်ခြင်းကို စိတ်အနှောင့်အယှက်ဖြစ်လျှင် စစ်မှန်သောကိုးကွယ်သူ ဖြစ်လာပြီးနောက် ရိမ္မုန်ဘုရားကျောင်းတွင် ဝတ်ပြုကိုးကွယ်သည့်ဘုရင်နှင့် လိုက်ပါသွားရသောတာဝန်ကို ဆက်၍ထမ်းဆောင်ရသည့် ကျမ်းစာထဲမှ နေမန်အကြောင်း သူဆင်ခြင်သုံးသပ်နိုင်၏။ ကလေးသည် သူအကျွမ်းမဝင်သော ဝတ်ပြုရေးအခမ်းအနားများတွင် ရောက်ရှိနေလင့်ကစား ယေဟောဝါ၏မေတ္တာနှင့် နားလည်ပေးမှုကို သူ့အား ဤမှတ်တမ်းက စိတ်ချစေနိုင်သည်။—၄ ဓမ္မရာဇဝင် ၅:၁၇-၁၉။
သမ္မာကျမ်းစာမူများကို မိခင်နှင့် အဘွားတို့က သင်ပေးခဲ့ဖွယ်ရှိသည့် လူငယ်တိမောသေကဲ့သို့ ကလေးသည် အချိန်တန်သော် ဝတ်ပြုရေးနှင့်စပ်လျဉ်းပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက် ချစေနိုင်မည်။ (အောင်မြင်မှုရှိသောမိဘသည် သားသမီးများ၏ စဉ်းစားတွေးခေါ်မှုကို ပုံသွင်းပေးနိုင်ပြီး သူတို့၏ခံစားချက်များကို နားလည်ပေးနိုင်သည်။ (တရားဟောရာ ၆:၇) တစ်ခါမျှလက်မထပ်ခဲ့သော မိဘများသည် သူတို့၏ယခင်ဘဝလမ်းစဉ်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်မည်မှာ မှန်ပါသည်။ သို့သော် ဤသို့သောမိဘများက သားသမီးများတွင် မိဘရင်းနှစ်ပါးရှိကြောင်းကို သတိရဖို့လိုသည်။ သားသမီးများသည် မိဘနှစ်ပါးစလုံး၏အကြောင်းကို သိလိုကြသည်၊ သူတို့ကို အမှန်တကယ်လိုချင်၍ မွေးခဲ့ခြင်းဖြစ်ကြောင်း သိရှိခံစားစေဖို့လိုသည်။ မရှိသည့်မိဘအကြောင်းကို လေးစားစွာ ပြောပြပြီး ကလေး၏အသက်အရွယ်အလိုက် သိသင့်သိအပ်ရာများကို ပြောပြခြင်းဖြင့် ကလေးအား မေတ္တာပါစွာ အားပေးနိုင်သည်။
ကလေးနှင့် မိဘဆက်ဆံရေးက ချစ်ခြင်းမေတ္တာ၊ အခွင့်အာဏာတို့နှင့်ပတ်သက်၍ ကလေး၏စိတ်တွင် ဦးစွာစွဲမှတ်စေကြောင်း မိဘများ သတိရသင့်သည်။ ခရစ်ယာန်မိဘသည် အခွင့်အာဏာကို မေတ္တာပါစွာပြခြင်းအားဖြင့် ကလေးအား ယေဟောဝါနှင့် မေတ္တာပါသောဆက်ဆံရေးရှိစေရန်နှင့် အသင်းတော်၏အစီအစဉ်များကို လေးစားလာစေရန် များစွာပြင်ဆင်ပေးနိုင်သည်။—ကမ္ဘာဦး ၁၈:၁၉။
သားသမီးများ၏ပူးပေါင်းဆောင်ရွက်မှု မရှိမဖြစ်လိုအပ်
ကြင်ဖော်မဲ့မိဘ၏မိသားစုများတွင် နေထိုင်သော ကလေးများသည် မိသားစုဘဝအောင်မြင်စေရန် သူတို့၏ပူးပေါင်းဆောင်ရွက်မှု မရှိမဖြစ်လိုအပ်ကြောင်းကိုလည်း သဘောပေါက်ဖို့လိုသည်။ (ဧဖက် ၆:၁-၃) မိဘ၏အခွင့်အာဏာကို သူတို့နာခံခြင်းက မိဘကိုချစ်ပြီး အိမ်ထောင်ကိုလုံခြုံပျော်ရွှင်စေရန် မိဘ၏ကြိုးစားအားထုတ်မှုကို လေးစားရာရောက်၏။ ဆက်သွယ်မှုဟူသည် အပြန်အလှန်ဖြစ်သောကြောင့် ကြင်ဖော်မဲ့မိဘ၏မိသားစုမှ ကလေးများက မိသားစုတွင်း ဆက်သွယ်မှု ဆက်ကောင်းနေစေရန် မိဘ၏ကြိုးစားမှုများကို တလိုတလားပံ့ပိုးပေးရမည်ဖြစ်ကြောင်း သတိရသင့်သည်။—သု. ၁:၈; ၄:၁-၄။
ဤသို့သောကလေးများသည် မိစုံဖစုံနှင့်နေရသူများထက် ပို၍မြန်မြန်ဆန်ဆန် တာဝန်ယူလုပ်ဆောင်ဖို့လိုလေ့ရှိသည်။ မေတ္တာနှင့် စိတ်ရှည်စွာ သွန်သင်ပေးမှုကြောင့် ကလေးများသည် ငယ်စဉ်ကတည်းက ဘဝအတတ်ပညာများကို တတ်မြောက်လာသောအခါ မိမိကိုယ်ကို ယုံကြည်စိတ်ချမှုရှိလာကြပြီး မိမိကိုယ်ကိုတန်ဖိုးရှိသည်ဟူသည့် အသိစိတ် ဝင်လာကြလိမ့်မည်။ ထို့ပြင် အိမ်မှုကိစ္စကို စနစ်တကျဆောင်ရွက်ရာတွင် ကလေးများပါဝင်ကူညီပေးနိုင်ရန် တောက်တိုမယ်ရအလုပ်တချို့ကို လုပ်ခိုင်းနိုင်သည်။
ကြင်ဖော်မဲ့မိဘ၏ရည်ရွယ်ချက်မှာ သားသမီးများကို မိဘ၏လမ်းညွှန်မှုမလိုသည့် ကိုယ့်ခြေပေါ်ကိုယ်ရပ်တည်နိုင်သော လူကြီးပေါက်စများဖြစ်စေရန် မဆိုလိုချေ။ ကလေးငယ်ကို တစ်ဦးတည်းပစ်ထားလျှင် သို့မဟုတ် မအုပ်ထိန်းလျှင် အမှန်ပင် ပညာမဲ့ရာရောက်သည်။
ကြင်ဖော်မဲ့မိဘများက မိမိတို့သည် သားသမီးများ၏ တန်းတူမိတ်ဆွေသူငယ်ချင်းများ ဖြစ်ရမည်ဟု လွဲမှားစွာ တွေးမိတတ်ကြ၏။ မိဘနှင့်သားသမီးစပ်ကြား ရင်းနှီးသောဆက်ဆံရေးရှိဖို့လိုသော်လည်း သားသမီးများတွင် မိဘတစ်ဦးရှိဖို့လိုကြောင်း၊ ကလေးသည် မိဘ၏အတိုင်ပင်ခံ သို့မဟုတ် တန်းတူဖြစ်ရန် စိတ်ပိုင်းဆိုင်ရာအရ ရင့်ကျက်မှုမရှိသေးကြောင်း ကြင်ဖော်မဲ့မိဘများ စိတ်စွဲမှတ်ထားသင့်သည်။ သင်သည် မိဘတစ်ဦးသဖွယ် ပြုမူရန် သင်၏သားသမီးများက သင့်ကိုလိုအပ်သည်။
မေတ္တာပါပါဆက်ဆံခြင်းဖြင့် အတူတကွပူးပေါင်းကြသော ကြင်ဖော်မဲ့မိဘများနှင့် သားသမီးများသည် မိသားစုဘဝကို အောင်မြင်စေနိုင်၏။ ကြင်ဖော်မဲ့မိဘ၏ အိမ်ထောင်စုများတွင် မွေးလာသောကလေးများ တိုးများလာသည်နှင့်အမျှ လူတိုင်းက ကြင်ဖော်မဲ့မိဘများနှင့် သူတို့၏သားသမီးများ ရင်ဆိုင်ရသော အထူးစိန်ခေါ်ချက်များကို သတိပြုပြီး စိတ်လိုကိုယ်လျောက် မေတ္တာနှင့်အားပေးကာ ထောက်ပံ့ပေးသင့်သည်။
[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
သားသမီးများအပေါ် သက်ရောက်မှုများ
အများအားဖြင့် ကြင်ဖော်မဲ့မိဘများသည် ကလေးတစ်ဦးစီကို မိစုံဖစုံလောက် အချိန်မပေးနိုင်ကြပေ။ ကြင်ဖော်မဲ့မိဘတစ်ဦးသည် တစ်ခါတစ်ရံ သူ၏အိမ်ထောင်ဖက်မဟုတ်သူနှင့် နေထိုင်တတ်ကြ၏။ သို့သော် လက်မထပ်ဘဲ အတူနေထိုင်ခြင်းသည် လက်ထပ်ထားသော အိမ်ထောင်သည်များလောက် တည်ကြည်ခိုင်မြဲမှုမရှိကြချေ။ ဤသို့သောမိသားစုများတွင် နေထိုင်ကြသော ကလေးများသည် သူတို့၏ဘဝတွင် ပြောင်းနေသော လူကြီးများအဖြစ် ကြီးပြင်းလာနိုင်ဖွယ်ရှိ၏။
လေ့လာမှုတချို့အရ “ကြင်ဖော်မဲ့မိဘ၏မိသားစုများမှ ကလေးများသည် မိစုံဖစုံမိသားစုများမှ ကလေးများထက် ပျမ်းမျှအားဖြင့် စိတ်ပိုင်း၊ ကိုယ်ကျင့်တရားပိုင်းတွင် ပိုချူချာနိုင်ဖွယ်ရှိသည်” ဟုဆို၏။ သို့သော် “မိသားစုပုံစံအမျိုးမျိုးမှ ကလေးများ၏ဖွံ့ဖြိုးမှုနှင့် အကျင့်စရိုက်မတူရသည့် အဓိကအကျဆုံးအချက်မှာ” ဝင်ငွေမလုံလောက်ခြင်းကြောင့် ဖြစ်နိုင်သည်ဟု အနီးကပ်ဆန်းစစ်လေ့လာမှုက ဖော်ပြသည်။ ယင်းက ကြင်ဖော်မဲ့မိဘ၏မိသားစုမှ ကလေးများသည် ရှုံးနိမ့်မည်ဟု ဆိုလိုနေခြင်း မဟုတ်ချေ။ နည်းမှန်လမ်းကျ လမ်းညွှန်လေ့ကျင့်ပေးခြင်းအားဖြင့် သူတို့သည် ဆိုးကျိုးသြဇာများကို ကျော်လွှားအောင်မြင်နိုင်မည်ဖြစ်သည်။