မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကြင်ဖော်မဲ့မိဘ၏ မိသားစုအရေအတွက် တိုးများလာခြင်း

ကြင်ဖော်မဲ့မိဘ၏ မိသားစုအရေအတွက် တိုးများလာခြင်း

ကြင်ဖော်​မဲ့​မိဘ​၏ မိသားစု​အရေအတွက် တိုးများ​လာ​ခြင်း

“‘မနက်ဖြန်​ဘာ​ဖြစ်လာ​မလဲ​ဆိုတာ ကျွန်မ,မသိ​ဘူး’ ဆိုပြီး ဘုရားသခင်​ဆီ မျက်ရည်​စက်​လက်နဲ့ ဆုတောင်း​ခဲ့​တဲ့​ည​တွေ မနည်း​တော့​ပါ​ဘူး။”—ကလေး​သုံးဦး​ရှိ ကြင်ဖော်​မဲ့​မိခင် ဂလိုရီယာ။

ယနေ့ လူ့​အသိုင်းအဝိုင်း​များစွာ​တွင် ကြင်ဖော်​မဲ့​မိဘ​၏​မိသားစု​များသည် ဆက်လက်​ဖြစ်ပေါ်​နေ​ကာ သိသာ​ထင်ရှား​လျက်​ရှိသည်။ * ခင်ပွန်း၊ ဇနီး​နှင့် သားသမီး​များ​ဖြင့် ဖွဲ့စည်းထား​သော သ​မား​ရိုး​ကျ​မိသားစု​ဘဝ​ပုံစံ​တွင် နောက်​တစ်မျိုး​က အစားထိုး​ဝင်လာ​သည့်​အတွက် ကမ္ဘာ့​ဒေသ​အသီးသီး​မှ လူဦးရေ​ပညာရှင်​များနှင့် လူမှုရေး​ပညာရှင်​များ​က အဘယ်ကြောင့်​နည်း​ဟု မေးမြန်း​လျက်​ရှိကြသည်။

“မိသားစု​ဘဝ​ပုံစံ​များနှင့် ကျား-မဆက်ဆံ​ရေး​သဘောထားများ ပြောင်းလဲ​လာ​သည်​မှာ အချိန်အတန်​ကြာပြီ” ဟု​လူမှုရေး​ပါမောက္ခ​များ​ဖြစ်​ကြသော ဆိုင်​မွန် ဒန်​ကဲ​န်​နှင့် ရို​ဇ​လင်း အက်ဒ်​ဝပ်​တို့​က ဖော်ပြ​သည်။ အဘယ်ကြောင့်​နည်း။ စီးပွားရေး၊ ယဉ်ကျေးမှု​နှင့် လူမှုရေး​တို့ ပြောင်းလဲ​နေသော ဝန်းကျင်​တွင် မည်သို့​အသက်ရှင်​နေထိုင်​မည်​နှင့်​ပတ်သက်​၍ လူ​တို့​ရွေးချယ်မှု​၏​ရလဒ်​ဖြစ်သည်​ဟု လေ့လာသူ​အချို့​က ဖော်ပြ​ကြသည်။

အဆိုပါ​ပြောင်းလဲမှု​တချို့​အပြင် ရွေးချယ်မှု​များ​ကိုလည်း သုံးသပ်ကြည့်​ကြ​စို့။ ဘဝဖိစီးမှု​များသည် လူတို့၏​အသက်တာကို ထိခိုက်​နေသည့် အဓိက​အကြောင်းရင်း​တစ်ခု​ဖြစ်၏။ ပြင်ပ​လောကတွင် ဖြစ်နေ​ရာ​များသည် သူတို့ကို ထိခိုက်​နေသည်။ ယခင်​က မိသားစု​လုပ်ငန်းဆောင်တာ​များနှင့် ကုန်​ခဲ့​ရသော​အချိန်​သည် ယခု​အခါ အင်တာနက်​ကြည့်​ခြင်း၊ ရုပ်မြင်သံကြား​ကြည့်​ခြင်း၊ တယ်လီဖုန်း​ဆက်​ခြင်း၊ ကားစီး​ခြင်း၊ ပြေးလွှား​ရုန်းကန်​နေရ​ခြင်း​တို့​ဖြင့် အချိန်ကုန်​လျက်​ရှိ၏။

စီးပွားရေး​ဖိစီးမှုများ​ကြောင့်​လည်း ထိခိုက်​၏။ ခေတ်မီ​အသုံးအဆောင်​ပစ္စည်း​များ​က ငွေ​ကုန်ကျ​စေ​ရာ ပို​များ​လာသော​မိဘတို့​သည် ပို​၍​အလုပ်,လုပ်​လာ​ကြ​ရသည်။ ပြောင်းရွှေ့​လုပ်ကိုင်​ရန် ဝန်မလေး​သည့် လူ့​အဖွဲ့အစည်း​ဝင်​ဖြစ်​ခြင်း​ကြောင့် အိမ်သား​အများစု​သည် ဆွေမျိုး​နီးစပ်​အပါအဝင် မိသားစုကို ထောက်ပံ့​ပေး​နိုင်​ရန် မိသားစု​နှင့်​ခွဲ​၍၊ အချို့​အခြေအနေ​များ​တွင် အိမ်ထောင်ဖက်​နှင့်​ခွဲ​၍​ပင် အဝေး​တွင် သွားရောက်​နေထိုင်​ကာ အလုပ်,လုပ်ကြ​ရ၏။ နိုင်ငံ​များစွာ​တွင် ရေပန်းစား​နေသော ယဉ်ကျေးမှု​သည် အကျိုးမပြု​သည်​သာမက ခိုင်မာ​သည်​ဟု​ခံစား​စေသော အိမ်ထောင်ရေး​နှင့် မိသားစု​စ​သည့် ဖွဲ့စည်းထား​ရာ​များ​ကို​ပါ အထင်အမြင်​သေး​စေ​သည်။ *

ကြင်ဖော်​မဲ့​မိခင်​ဖြစ်​ခါ​စ

အမျိုးသမီးများ​စွာ​သည် ပညာ​ကောင်းစွာ တတ်မြောက်​ကြ​ပြီး မိမိတို့​ကိုယ်ကို ကောင်းစွာ​ထောက်ပံ့​နိုင်​သူများ​ဖြစ်​ကြသော​ကြောင့် အိမ်ထောင်ရေး​တွင် ငွေ​ရေး​ကြေး​ရေး​သည် မိခင်​ဘဝ​အတွက် မရှိမဖြစ်​လိုအပ်ရာ မဟုတ်​တော့​ချေ။

အထူးသဖြင့် ကွာရှင်း​ခံရ​သော မိဘများ​၏​အရွယ်ရောက် သားသမီး​များ​ဖြစ်သည့် ကြင်ဖော်​မဲ့​မိခင်​အချို့​သည် သူတို့၏​ကလေး​များ​အား မိသားစုကို မိဘ​တစ်ဦး​စွန့်​သွား​သည်ကို မြင်ရ​သည့် စိတ်​ဆင်းရဲမှု​မခံစား​စေ​လို​ကြ​၍ ကြင်ဖော်​မဲ့​နေကြ​သည်။ အခြား​အမျိုးသမီးများ​သည် တစ်ဦးတည်း​နေ​လို​၍​မဟုတ်ဘဲ စွန့်ပစ်​ခံရ​ခြင်း​ကြောင့် ကြင်ဖော်​မဲ့​မိခင်များ ဖြစ်လာ​ရ​ကြ​၏။ ဂျိုးဇက် ရော​န်သ​ရီ ဗြိတိန်​အဖွဲ့က “ကြင်ဖော်​မဲ့​မိဘ​ဖြစ်​ရခြင်း​သည် အများအားဖြင့် တစ်ကိုယ်ကောင်း​ဆန်​ဆန် တမင်​ရွေးချယ်ခြင်း​ကြောင့်​မဟုတ်​ချေ၊ သို့​ဖြစ်၍ ကြင်ဖော်​မဲ့​မိဘ​၏​မိသားစု​များ​မှ ကလေး​များသည် လျစ်လျူရှု​မခံရ​ပါ၊ စည်းကမ်း​မဲ့​သူများ​မဟုတ်ပါ” ဟု​ဖော်ပြ​သည်။

မည်သို့​ပင်​ဖြစ်ပါစေ၊ ကြင်ဖော်​မဲ့​မိဘ​၏​မိသားစု​များ​ကို နေရာအနှံ့​တွေ့ရှိ​နေရ​ခြင်း​သည် စိုးရိမ်​စ​ရာ​ဖြစ်၏၊ အကြောင်း​မှာ ကြင်ဖော်​မဲ့​မိဘများနှင့် သူတို့၏​သားသမီး​များသည် စိတ်ဖိစီးမှု၊ စီးပွားရေး​ချို့ငဲ့​မှု​နှင့် လူမှုရေး​ဆုံးရှုံးမှု​တို့ ခံစား​နိုင်သော​ကြောင့်​ဖြစ်သည်။ မိဘ​တစ်ဦးတည်း​က သားသမီး​များ​အား အောင်မြင်စွာ မွေးမြူ​နိုင်​မ​နိုင်​ကို လူတချို့ သိ​လို​ကြ​ပေမည်။ ကြင်ဖော်​မဲ့​မိဘ​၏​မိသားစု​များ ရင်ဆိုင်​ရသော အထူး​စိန်ခေါ်ချက်​တချို့​ကား အဘယ်နည်း။ ကြင်ဖော်​မဲ့​မိဘ​အနေ​နှင့် ခရစ်ယာန်​တစ်ဦး​သည် သားသမီး​မွေးမြူ​ရခြင်း​၏​စိန်ခေါ်ချက်​ကို မည်သို့​အောင်မြင်စွာ ကိုင်တွယ်​ဖြေရှင်း​နိုင်​မည်​နည်း။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 3 ကြင်ဖော်​မဲ့​မိခင်​အရေအတွက်​သည် ‘ကြင်ဖော်​မဲ့​ဖခင်​အရေအတွက်​ထက် အဆ​မတန်​များပြားနေ’ ကြောင်း​လူမှုရေး​ပညာရှင်​များ​က ဖော်ပြ​ကြ​၏။ ထို့​ကြောင့် ဤ​ဆောင်းပါး​များ​တွင် ကြင်ဖော်​မဲ့​မိခင်များ​ကို အဓိက​ထား​၍ သုံးသပ်​ဖော်ပြ​ထား​သည်။ သို့ရာတွင် ဆွေးနွေး​ထားသော​မူများ​သည် ကြင်ဖော်​မဲ့​ဖခင်​များနှင့်​လည်း သက်ဆိုင်​ပါ​သည်။

^ အပိုဒ်၊ 6 မိခင်​ဘဝ၏ ယေဘုယျ​စိန်ခေါ်ချက်​များနှင့်​ပတ်သက်​၍ အသေးစိတ်​ဆွေးနွေးချက်​ကို ၂၀၀၃၊ အောက်တိုဘာ ၈ ရက်ထုတ် နိုးလော့! တွင်​ပါရှိ​သည့် “မိခင်​ဘဝ—စူပါ​အမျိုးသမီး​ဖြစ်​ဖို့​လို​သလော” ဆောင်းပါး​ကို​ရှု။

[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်]

အနက်ဖွင့်ဆို​ချက်​တချို့

ကမ္ဘာ​တစ်ဝန်း​တွင် သားသမီး​များ​ကို တစ်ဦးတည်း​မွေးမြူ​သည့် မိခင်များ​အား ဝေါဟာရ​အမျိုးမျိုးဖြင့် ခေါ်ဝေါ်​ကြသည်။ နိုင်ငံ​တချို့​တွင် တစ်ခါမျှ​လက်မ​ထပ်​ဖူး​သော မိခင်များ​အား “ကြင်ဖော်​မဲ့​မိခင်” ဟူ၍ ရည်ညွှန်း​ခေါ်ဆို​သော်လည်း တခြား​နိုင်ငံ​များ​တွင် မိမိတို့၏​အိမ်ထောင်​ကို ခင်ပွန်း​မပါဘဲ သားသမီး​များ​မွေးမြူ​နေသည့် မိခင်​အားလုံး​ကို​ခြုံငုံ​၍ “အဖော်မဲ့​မိခင်” ဟု​ခေါ်ဝေါ်​ကြသည်။ ဤသို့​သော​မိခင်များ​သည် ကွာရှင်း​ထားခြင်း​ဖြစ်​ပေမည်၊ ခွဲနေ​ခြင်း​ဖြစ်​ပေမည်၊ မုဆိုးမ​ဖြစ်​ပေမည်၊ သို့​တည်း​မဟုတ် တစ်ခါမျှ​အိမ်ထောင်​မပြု​ဖူး​သူများ​လည်း ဖြစ်​နိုင်​ပေ​သည်။

ဤ​အခန်းဆက်​ဆောင်းပါး​များ​တွင် အိမ်ထောင်ဖက်​မပါဘဲ သားသမီး​များ​မွေးမြူ​နေကြ​သော မိဘများ​ကို ရည်ညွှန်း​ရန် “ကြင်ဖော်​မဲ့​မိဘ” နှင့် “ကြင်ဖော်​မဲ့​မိခင်” ဟူသော ဝေါဟာရ​များ​ကို အသုံးပြု​ထား​သည်။

ကြင်ဖော်​မဲ့​မိဘ,ဘဝ—နိုင်ငံ​များစွာ​တွင် ခေတ်​ရေစီးကြောင်း

ယူနိုက်တက်​စ​တိတ်– “ကြင်ဖော်​မဲ့​မိခင်​အရေအတွက်​သည် ၁၉၇၀ ပြည့်နှစ်​မှ ၂၀၀၀ ပြည့်နှစ်​အတွင်း ၃ သန်း​မှ ၁၀ သန်း​အထိ တိုးများ​လာ​၏; ထို​အချိန်အတွင်း ကြင်ဖော်​မဲ့​ဖခင်​အရေအတွက်​သည်လည်း ၃၉၃,၀၀၀ မှ ၂ သန်း​အထိ များပြား​လာ​၏။”—ယူ.အက်စ်. အစိုးရ​သန်း​ခေါင်​စာရင်း​ဌာန။

မက္ကဆီကို– လာ​ဟို​ရ်​နာ​ဒါ သတင်းစာ​၏​အဆို​အရ နိုင်ငံ​တွင် စုစုပေါင်း​ကိုယ်ဝန်ဆောင်​အရေအတွက်​၏ ၂၇ ရာခိုင်နှုန်း​ခန့်​သည် ဆယ်ကျော်သက်​မိခင်များ ဖြစ်​ကြသည်​ဟု​ဆို​၏။

အိုင်ယာလန်– ကြင်ဖော်​မဲ့​မိဘ​၏​အိမ်ထောင်စု​နှုန်း​သည် ၁၉၈၁ ခုနှစ်​တွင် ၅.၇ ရာခိုင်နှုန်း​ရှိရာ​မှ ၁၉၉၁ ခုနှစ်​တွင် ၇.၉ ရာခိုင်နှုန်း​အထိ တိုးများ​လာ​ခဲ့​သည်။ “ကြင်ဖော်​မဲ့​မိခင်​ဘဝ​ရောက်​ရသည့် အဓိက​အကြောင်းရင်း​တစ်ခု​မှာ အိမ်ထောင်​ပြိုကွဲခြင်း​ကြောင့်​ဖြစ်၏။”—နိုင်ငံတကာ ကြင်ဖော်​မဲ့​မိခင်များ၊ ၁၉၉၇။

ဗြိတိန်– “ကြင်ဖော်​မဲ့​မိဘ​က ဦးဆောင်​နေသော မိသားစု​အချိုး​သည် ပထမဦးဆုံး​အကြိမ် ၂၅ ရာခိုင်နှုန်း​ထက် ကျော်လွန်​ခဲ့​သည်၊ လွန်ခဲ့သော​အနှစ် ၃၀ ကျော်​အတွင်း တစ်ခါမျှ​လက်မ​ထပ်​ခဲ့​သော မိခင်​အရေအတွက် အလွန်​တိုးများ​လာပြီး ကွာရှင်းမှု​နှုန်း သိသိသာသာ မြင့်တက်​လာ​နေကြောင်း ထင်ရှား​၏။”—တိုင်းမ်၊ လန်ဒန်၊ မတ် ၂၊ ၂၀၀၀။

ပြင်သစ်– “၁၉၇၀ ပြည့်လွန်​နှစ်များ​အကုန်ပိုင်း​မှ​စ၍ ကြင်ဖော်​မဲ့​မိဘ​၏ မိသားစု​အချိုး​သည် ၅၀ ရာခိုင်နှုန်း​ကျော် တိုးများ​လာ​ခဲ့​သည်။”—နိုင်ငံတကာ ကြင်ဖော်​မဲ့​မိခင်များ၊ ၁၉၉၇။

ဂျာမနီ– “လွန်ခဲ့သော​ဆယ်စုနှစ် နှစ်ခု​အတွင်း ကြင်ဖော်​မဲ့​မိဘ​အရေအတွက် နှစ်ဆ​တက်လာ​သည်။ ကြင်ဖော်​မဲ့​မိဘ​၏​မိသားစု​အားလုံးနီးပါး​ကို . . . မိခင်​က ဦးဆောင်​လျက်​ရှိသည်။”—နိုင်ငံတကာ ကြင်ဖော်​မဲ့​မိခင်များ၊ ၁၉၉၇။

ဂျပန်– ‘အဖော်မဲ့​မိခင်၏​မိသားစု​များသည် ၁၉၇၀ ပြည့်လွန်​များ​ကတည်းက တိုးများ​လာ​လျက်​ရှိသည်။ ၁၉၉၇ ခုနှစ်​တွင် အိမ်ထောင်စု​အားလုံး​၏ ၁၇ ရာခိုင်နှုန်း​ကို ကြင်ဖော်​မဲ့​မိခင်များ​က ဦးဆောင်​ခဲ့​ကြသည်။’—နိုင်ငံတကာ​မှ ကြင်ဖော်​မဲ့​မိခင်များ၊ ၁၉၉၇; ကမ္ဘာ့​အမျိုးသမီးများ ၂၀၀၀– ခေတ်​ရေစီးကြောင်း​နှင့် ကိန်း​ဂဏန်း​များ။

ဂရိ– “[ဂရိ​နိုင်ငံ] တွင် ၁၉၈၀ ပြည့်နှစ်​မှ​စ၍ လက်မ​ထပ်​ထား​သည့် မိခင်​အရေအတွက်​သည် ၂၉.၈ ရာခိုင်နှုန်း​အထိ များပြား​လာ​၏။ ထို့ ပြင် ဥရောပ​သမဂ္ဂ​မှ​ပေး​ပို့​သော အချက်အလက်​အရ ၁၉၉၇ ခုနှစ်​တွင် လက်မ​ထပ်​ဘဲ မွေးဖွား​လာ​သည့် ကလေး​ရာခိုင်နှုန်း​မှာ ၃.၃ ရာခိုင်နှုန်း​ရှိခဲ့​သည်၊ သို့သော် ၁၉၈၀ ပြည့်နှစ်​တွင် ၁.၁ ရာခိုင်နှုန်း​သာ​ရှိခဲ့​သည်။”—တာ​နာ​သတင်းစာ၊ အေ​သင်​မြို့၊ စက်တင်ဘာ ၄၊ ၁၉၉၈။

ဩစတြေးလျ– ကလေး ၄ ဦးလျှင် ၁ ဦး​နီးပါး​သည် မိဘ​တစ်ဦးတည်း​နှင့်​သာ နေထိုင်ကြ​ရသည်။ အများအားဖြင့် မိဘများ​၏​အိမ်ထောင်ရေး သို့​မဟုတ် ဆက်ဆံ​ရေး​ပြိုကွဲ​သွားခြင်း​ကြောင့် ထိုသို့​နေရ​ခြင်း​ဖြစ်၏။ ကြင်ဖော်​မဲ့​မိဘ​၏​မိသားစု​များသည် ၂၅ နှစ်​ကျော်​အတွင်း ၃၀ ရာခိုင်နှုန်း​နှင့် ၆၆ ရာခိုင်နှုန်း​ကြား​အထိ များပြား​လာ​လိမ့်​မည်​ဟု ခန့်မှန်း​ခဲ့​ကြသည်။—ဩစတြေးလျ​စာရင်းအင်း​ဌာန။