အဖော်မဲ့မိဘ ဖြစ်သော်လည်း အဖော်မမဲ့
အဖော်မဲ့မိဘ ဖြစ်သော်လည်း အဖော်မမဲ့
“ကလေးတွေ အိမ်ပြန်ရောက်တာနဲ့ ကျွန်မကိုပွေ့ဖက်ပြီး အမေ့ကိုချစ်တယ်လို့ ပြောတဲ့အချိန်ဟာ မိခင်တစ်ယောက်ဖြစ် ရတဲ့ အကောင်းဆုံးအခိုက်အတန့်လေးပါပဲ။”—ကလေးနှစ်ဦးရှိ ကြင်ဖော်မဲ့မိခင် ဒေါရစ္စ။
ကြင်ဖော်မဲ့မိဘများသည် သမ္မာကျမ်းစာတွင်ပါရှိသော ဤအာမခံချက်ကို တွေ့ရှိနိုင်သည်– “သားသမီးများသည် ထာဝရဘုရား[သခင်]ပေးသော ဆုလာဘ်များဖြစ်ကြ၏။ သူတို့သည် ကောင်းချီးမင်္ဂလာအစစ်အမှန်ဖြစ်ကြ၏။” (ဆာလံ ၁၂၇:၃၊ သတင်းကောင်း) ကြင်ဖော်မဲ့မိဘ၏မိသားစုတွင် ကြီးပြင်းလာသော သားသမီးများသည် ဘုရားသခင်ရှေ့တွင် အဖိုးထိုက်တန်၏။ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် ကြင်ဖော်မဲ့မိဘ၏မိသားစုများ အောင်မြင်သည်ကို တွေ့လိုသည်။ ကိုယ်တော်နှင့်ပတ်သက်၍ ကျမ်းစာက ဤသို့ဆို၏– “မုဆိုးမနှင့် မိဘမရှိသောသူတို့ကို ထောက်မတော်မူ၏။” (ဆာလံ ၁၄၆:၉) ဘုရားသခင်သည် ထောက်ပံ့ကူညီပေးရန် အသင့်ရှိကြောင်း ကြင်ဖော်မဲ့မိဘများ စိတ်ချနိုင်သည်။
ကလေးတစ်ဦးသည် ကာယရေး၊ စိတ်ဓာတ်ရေးနှင့် ဝိညာဉ်ရေး တိုးတက်စေနိုင်သည့် မေတ္တာပါ၊ လုံခြုံစိတ်ချမှုရှိသော အသိုင်းအဝိုင်းတွင် ကြီးပြင်းလာဖို့လိုသည်။ ယင်းက ကလေးတစ်ဦးကို လေ့ကျင့်ပေးရန် ဘုရားသခင်အသုံးပြုသည့် မိဘတစ်ဦးစီ၏တာဝန်နှင့် အခွင့်ထူးဖြစ်၏။
အောင်မြင်မှုရရှိရန် ဇွဲရှိရှိဆုတောင်း၍ ကျမ်းစာမူများကို တစိုက်မတ်မတ်လိုက်လျှောက်ကာ ယေဟောဝါကို လုံးလုံးလျားလျား မှီခိုအားထားဖို့လိုကြောင်း ကြင်ဖော်မဲ့မိဘများ တွေ့ရှိခဲ့ကြပြီ။ ၎င်းသည် ဆာလံ ၅၅:၂၂ တွင်တွေ့ရသည့် ဤတိုက်တွန်းချက်နှင့်ကိုက်ညီ၏– “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား[သခင်]၌ ချထားလော့။ သင့်ကိုမစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ။”
ခက်ခဲသောအခြေအနေများကို ကိုင်တွယ်ဖြေရှင်းနေသော ကြင်ဖော်မဲ့မိဘ၏မိသားစုတစ်စုအား ဘိုးဘွားများ၊ ဒေသခံအကြီးအကဲများနှင့် ခရစ်ယာန်အသင်းတော်မှ အတွေ့အကြုံရှိမိဘများက အခါအားလျော်စွာ ကူညီပေးနိုင်သည်။ မှန်ပါသည်၊ အိမ်သားများနှင့် ဝတ်ပြုသူချင်းများသည် ကြင်ဖော်မဲ့မိဘများ၏ကြိုးစားမှုများကို များစွာထောက်မကူညီပေးနိုင်သော်လည်း ဘုရားသခင်ပေးတာဝန်အရှိဆုံးသူမှာ ကလေး၏မိဘပင်ဖြစ်သည်။ *
ဝမ်းသာစရာမှာ ကြင်ဖော်မဲ့မိဘများစွာသည် သူတို့အခြေအနေ၏ ထူးခြားသောစိန်ခေါ်ချက်များကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ကြသည်၊ တာဝန်သိတတ်ပြီး အမူအကျင့်ကောင်းသော ဘုရားသခင်ကိုကြောက်ရွံ့သည့် သားသမီးများကို ပြုစုပျိုးထောင်ပေးနိုင်ခဲ့၏။ သူတို့ထဲမှတချို့အကြောင်းကို နိုးလော့! ကပြောပြခဲ့သည်။ ဤသို့သောမိဘများ၏ ယေဘုယျတူညီချက်အချို့ကို ဤတွင်ဖော်ပြထားသည်။
• အိမ်ထောင်ကို ကောင်းစွာစီမံခန့်ခွဲခြင်း။ အောင်မြင်သောမိဘများသည် ကောင်းစွာစီစဉ်ဖွဲ့စည်းပြီး ဇယားအတိုင်း သု. ၂၁:၅။
လုပ်ဆောင်ရန် ကြိုးစားအားထုတ်ကြ၏။ သင့်လျော်သော အစီအစဉ်ရေးဆွဲပြီး စနစ်တကျဖွဲ့စည်းခြင်းသည် မရှိမဖြစ်လိုအပ်သည်။ သမ္မာကျမ်းစာက ဤသို့ဆို၏– “လုံ့လဝီရိယပြုသောသူ၏အကြံအစည်သည် ကြွယ်ဝ . . . ၏။”—• တာဝန်ယူခြင်း။ အောင်မြင်သောကြင်ဖော်မဲ့မိဘများသည် မိသားစုဘဝကို အဓိကဦးစားပေးကြသည်။ မိမိတို့အရေးထက် သားသမီးများ၏လိုအပ်ရာများကို ဦးစားပေးလုပ်ဆောင်ကြသည်။—၁ တိမောသေ ၅:၈။
• မျှတစွာလုပ်ဆောင်ခြင်း။ အောင်မြင်သောကြင်ဖော်မဲ့မိဘများသည် ပြဿနာများကို သေးငယ်စေမည်လည်းမဟုတ်၊ ပုံကြီးချဲ့မည်လည်းမဟုတ်ချေ; ကြိုးစားဖြေရှင်းကြသည်။ အခက်အခဲများကို အသိအမှတ်ပြုပြီး မိမိကိုယ်ကိုမသနားဘဲ သို့မဟုတ် နာကြည်းမှုမရှိဘဲ ၎င်းတို့ကို ဖြေရှင်းရန် ကြိုးစားကြ၏။
• ကောင်းသောဆက်သွယ်ရေး။ အောင်မြင်သောကြင်ဖော်မဲ့မိဘများသည် ဆက်သွယ်ရေးလမ်းကြောင်းကို ဖွင့်ထား၏။ သူတို့သည် မိသားစုအတွင်း စဉ်းစားတွေးခေါ်မှုများနှင့် ခံစားချက်များကို ပွင့်ပွင့်လင်းလင်းပြောဆိုရန် တိုက်တွန်းကြသည်။ သားသမီးများနှင့်ပတ်သက်၍ ကြင်ဖော်မဲ့ဖခင်တစ်ဦးက ဤသို့ဆိုသည်– “အခွင့်အရေးရတိုင်း သူတို့နဲ့ စကားစမြည်ပြောတယ်။ ညစာပြင်တဲ့အချိန်တိုင်းဟာ ကျွန်တော်တို့မိသားစုအတွက် ‘ရင်းရင်းနှီးနှီးနဲ့ နွေးနွေးထွေးထွေးရှိတဲ့အခိုက်အတန့်’ ပါပဲ။ အဲဒီအချိန်မှာ ကလေးတွေက ကျွန်တော့်ကို သူတို့ရဲ့အတွင်းရေးတွေ ဖွင့်ပြောတတ်ကြတယ်။”
• မိမိကိုယ်ကို ဂရုပြုကြည့်ရှုခြင်း။ အောင်မြင်သောကြင်ဖော်မဲ့မိဘများသည် မိမိတို့၏အချိန်ကို မပေးမဖြစ်ပေးရမည်ဖြစ်သော်လည်း မိမိတို့၏ဝိညာဉ်ရေး၊ စိတ်ဓာတ်ရေးနှင့် ကာယရေးလိုအပ်ရာများကို ဂရုပြုရန် အရေးကြီးကြောင်း အသိအမှတ်ပြုကြ၏။ ကွာရှင်းထားသော ကလေးနှစ်ဦး၏ကြင်ဖော်မဲ့မိခင် အက်သဲလ်က ဤသို့ပြောခဲ့သည်– “ကျွန်မအတွက် အချိန်ဖယ်ထားရတယ်။ ဥပမာ၊ မိတ်ဆွေတစ်ယောက်က ကလေးတွေကို တေးဂီတသင်ပေးနေတဲ့အချိန်မှာ ကျွန်မအတွက် တစ်နာရီအချိန်ရတယ်။ အဲ့ဒီအခါ ရုပ်မြင်သံကြားမဖွင့်ဘဲ ထိုင်နေလိုက်တယ်။”
• အပြုသဘောထား။ အောင်မြင်သော ကြင်ဖော်မဲ့မိဘများသည် အများအားဖြင့် မိဘအုပ်ထိန်းမှု၊ ဘဝတို့နှင့်စပ်လျဉ်း၍ အပြုသဘောထား ထိန်းထားကြသည်။ ဗျာများရသောအခြေအနေများကို အပြုသဘောဖြင့် ရှုမြင်ကြ၏။ ကြင်ဖော်မဲ့မိခင်တစ်ဦးက ဤသို့ဆိုသည်– “ကြင်ဖော်မဲ့မိဘဖြစ်ရတာ စိတ်ပျက်အားလျော့စရာမဟုတ်ဘူးဆိုတာ ကျွန်မသဘောပေါက်လာတယ်။”
အောင်မြင်မှုရရှိသော ဖြစ်အင်များ
အဆိုပါမူများသည် အကျိုးသက်ရောက်မှုရှိပါသလော။ ရှိပါသည်၊ ယင်းကို အောင်မြင်မှုရရှိသော ကြင်ဖော်မဲ့မိဘများ၏ ဖြစ်အင်များမှ တွေ့မြင်ရ၏။ ပထမဆောင်းပါးတွင် ဖော်ပြခဲ့သည့် အင်္ဂလန်နိုင်ငံမှ အလုပ်,လုပ်နေသည့် ကွာရှင်းထားသော ကြင်ဖော်မဲ့မိခင် ဂလိုရီယာသည် သားနှစ်ဦးနှင့် သမီးတစ်ဦးကို ပြုစုပျိုးထောင်ခဲ့၏။ သူတို့သုံးဦးစလုံး ကျမ်းစာပညာပေးလုပ်ငန်းတိုးမြှင့်ရေးတွင် သူတို့ဘဝကိုမြှုပ်နှံကာ အချိန်ပြည့်ခရစ်ယာန်အမှုဆောင်များအဖြစ် ကြီးပြင်းလာခဲ့ကြသည်။ မည်သို့အောင်မြင်ခဲ့သည်ကို မေးမြန်းသောအခါ ဂလိုရီယာက ဤသို့ရှင်းပြခဲ့သည်– “စိတ်ဝင်စားစရာကောင်းတဲ့ မိသားစုကျမ်းစာသင်အံမှုတစ်ခုကို ပုံမှန်ကျင်းပနေဖို့က ပထမဦးဆုံး စိန်ခေါ်ချက်ပဲ။ သားသမီးတွေကို ပျော်ရွှင်ပြီး စိတ်ငြိမ်သက်မှု ရစေချင်တယ်၊ ကျေနပ်ရောင့်ရဲပြီး အန္တရာယ်တွေကို ကာကွယ်တတ်စေချင်တယ်။ ညမှာလုပ်ရတဲ့ အလုပ်တစ်ခုကို ကျွန်မရခဲ့တယ်။ သားသမီးတွေနဲ့ ဖြစ်နိုင်သရွေ့ အတူနေချင်တယ်။ ကျွန်မ အလုပ်မသွားခင် မိသားစုလိုက် ဆုတောင်းပြီး သူတို့ကို အိပ်ရာပေါ် သိပ်ခဲ့တယ်။ ကျွန်မအလုပ်သွားတဲ့အချိန်မှာ အဒေါ်က အိမ်မှာလာနေပေးတယ်။”
ဦးစားထားရာများကို မှန်ကန်စွာရွေးချယ်တတ်ရန် သားသမီးများကို ဂလိုရီယာ မည်သို့ကူညီပေးခဲ့သနည်း။ သူဤသို့ဆက်ပြောပြသည်– “ကျွန်မအဖြစ်ချင်ဆုံးက ဝိညာဉ်ရေးရာတွေကို ဦးစားထားဖို့ပဲ။ ကျွန်မတို့က မချမ်းသာတဲ့အတွက် ငွေနဲ့ပတ်သက်လာရင် ကလေးတွေကို ပွင့်ပွင့်လင်းလင်းပဲပြောပြတယ်။ ကလေးတွေကိုခိုင်းထားတဲ့ အလုပ်မှန်သမျှကို ကျွန်မကိုယ်တိုင် လိုက်လုပ်ပြီး သူတို့အားလုံး ဝိုင်းပြီးပူးပေါင်းလုပ်ဆောင်ကြတယ်။” မိသားစုလိုက် ရင်းရင်းနှီးနှီးရှိစေရန် မည်သို့ ပြုခဲ့ကြောင်းကို ဂလိုရီယာ ဤသို့စားမြုံပြန်သည်– “အဓိကသော့ချက်ကတော့ အတူတကွလုပ်ဆောင်ခြင်းပါပဲ။ ဘယ်သူမှ ကိုယ့်အခန်းထဲမှာ တစ်သီးပုဂ္ဂလမနေကြဘူး။ ကျွန်မတို့ အတူတူချက်ပြုတ်ကြတယ်၊ အိမ်သန့်ရှင်းရေးလုပ်ကြတယ်၊ အိမ်ကိုအလှဆင်ကြတယ်။ ကျွန်မတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို မျှမျှတတလုပ်ကြတယ်။ အပန်းဖြေဖို့လည်း အမြဲတမ်းစီစဉ်တယ်။”
ဂျိုးဇက်ဖ်အမည်ရှိ ယောက်ျားလေး၏ ကြင်ဖော်မဲ့မိခင် ကာရိုလင်သည် သားလေးကြီးပြင်းလာပုံကို ကျေနပ်အားရလျက်ရှိသည်။ သူ၏အဓိကသော့ချက်ကား အဘယ်နည်း။ သူက ဤသို့ဆိုသည်– “ညအိပ်ရာဝင်ချိန်မှာ ကျွန်မတို့နှစ်ယောက် ကျမ်းစာအတူတူဖတ်ကြတယ်၊ ပြီးတာနဲ့ သားလေး သိရှိခဲ့တာတွေကို ပြန်မေးတယ်။ နောက်ပြီးတော့ ကျမ်းစာအခြေပြုစာပေတွေကနေ ရွေးချယ်ထားတဲ့အပိုဒ်တွေကို ဆင်ခြင်သုံးသပ်ကြတယ်၊ ကိုယ်တိုင်ကိုယ်ကျလည်း ကျင့်သုံးတယ်။ ကျောင်းမှာ ဂျိုးဇက်ဖ် အနိုင်ကျင့်ခံရတဲ့အခါတွေမှာ အဲ့ဒါက သူ့အတွက် အကူအညီဖြစ်စေတယ်။” အမှန်ဆိုရလျှင် သူ၏ဘဝသည် မလွယ်ကူသော်လည်း အဖော်မဲ့နေသည်ဟု မခံစားရကြောင်း ကာရိုလင် ဝန်ခံ၏။ သူဤသို့ပြောပြ၏– “မပြတ်တမ်းရုန်းကန်နေရပေမဲ့ ကျွန်မကို ယေဟောဝါ တကယ်ပဲ ကူညီပေးနေတယ်လို့ ခံစားရတယ်။ ခရစ်ယာန်အသင်းတော်ရဲ့ အားပေးမှုလည်း အများကြီးရရှိတယ်။”
ဂလိုရီယာနှင့် ကာရိုလင်တို့ကဲ့သို့သော ထောင်နှင့်ချီကြင်ဖော်မဲ့မိဘများ၏ အောင်မြင်မှုရရှိသည့် ဖြစ်အင်များက ယနေ့ မိဘများသည် သားသမီးများကို ကောင်းစွာပြုစုပျိုးထောင်ရန်နှင့် ဝိညာဉ်ရေးအရ ကျန်းမာသန်စွမ်းစေရန် ရေရှည်အကျိုးပေးသော ကျမ်းစာမူများအပေါ် လုံးလုံးလျားလျားမှီခိုအားထားနိုင်ကြောင်း သက်သေထူသည်။ (သု. ၂၂:၆) အောင်မြင်မှု ရရှိနိုင်ပါသည်! မိဘတစ်ဦးတည်းအုပ်ထိန်းခြင်း၏ စိန်ခေါ်ချက်များက တိုးတက်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် အခွင့်အရေးများရရှိစေသည်။ ဘုရားသခင်ကို အပြည့်အဝအားကိုးပြီး ကိုယ်တော်ပေးသည့် အကူအညီကို ယုံကြည်စိတ်ချခြင်းသည် ကြင်ဖော်မဲ့မိဘ,ဘဝ၏လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် အကောင်းဆုံးနည်းဖြစ်၏။—ဆာလံ ၁၂၁:၁-၃။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 6 ကြင်ဖော်မဲ့မိဘ၏မိသားစုများ အောင်မြင်နိုင်ပုံနှင့်စပ်လျဉ်း၍ ထပ်ဆင့်သိလိုလျှင် ယေဟောဝါသက်သေများ ထုတ်ဝေထားသော မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက် အခန်း ၉ ကိုရှု။
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
မိသားစုကျမ်းစာသင်အံမှုသည် ဂလိုရီယာ၏ သားသမီးသုံးဦးကို အချိန်ပြည့်ခရစ်ယာန်အမှုဆောင်များ ဖြစ်လာစေသည်။ ယခု ခရစ်ယာန်သာသနာပြုအဖြစ် အမှုဆောင်နေသော သားကြီးထံမှ စာနှင့်ဓာတ်ပုံကို သူတို့ ကြည့်ရှုနေကြ
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ကာရိုလင်နှင့် သူ၏သားဂျိုးဇက်ဖ်