မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့​ဖြစ်ရပ်​အကဲခတ်

ရှားပါး​သော​သစ်​ခွ​မျိုး မျိုး​မ​သု​ဉ်း​စေရန်​ကာကွယ်

ဗြိတိန်​နိုင်ငံ​တွင် အလေ့​ကျ​ပေါက်​သည့် တစ်ခု​တည်း​သော လေး​ဒီး​စ​လစ်​ပယ်​သစ်​ခွ​မျိုး (ဆစ်​ပ​ရီ​ဒီယမ် ကယ်​စီ​ရော​လ​ပ်စ်) ကို မျိုး​မ​သု​ဉ်း​စေရန်​ကာကွယ်​ဖို့ အနှစ် ၅၀ တိုင်တိုင် ၂၄ နာရီ​အချိန်ပြည့် စောင့်ရှောက်​ခဲ့​ကြသည်။ ဝိ​တို​ရိယ​ခေတ်​သူ​ခေတ်​သားများ​နှင့် နောက်ပိုင်း​လူမျိုးဆက်​များသည် လှပသည့်​မိုး​လုံး​မှိုင်း​သစ်​ခွ​ပန်း​ကို အလွန်​တန်ဖိုး​ထား​ကြ​ရာ ၁၉၅၀ ပြည့်လွန်​နှစ်များ​ရောက်​သော် ယင်းကို “မျိုးသုဉ်း​လု​မတတ်​ခူး​ခဲ့” ကြ​၍ တစ်ပင်​သာ ကျန်​တော့​သည်။ ရုက္ခဗေဒ​ပညာရှင်​များသည် ဤ​နော့သ်ယောက်ရှိုင်းယား​အပင်​မှ ပျိုးပင်​များ​မျိုးပွား​ယူ​ရန် ကြိုးစား​ခဲ့​သော်လည်း ၎င်း​သည် တစ်ခါတစ်ရံ​သာ အပွင့်​ပွင့်​သောကြောင့် သဘာဝ​အလျောက်​ဝတ်မှုန်​ကူး​ရန် မဖြစ်​နိုင်​ခဲ့​ချေ။ သို့သော် ၁၉၉၀ ပြည့်လွန်​နှစ်များ​အစောပိုင်း​တွင် လန်ဒန်​မြို့၊ က​ယူး​ဥယျာဉ်​များ​မှ သိပ္ပံ​ပညာရှင်​များသည် အဏုဇီဝ​မျိုးပွားခြင်း​ဟု​ခေါ်​သည့် နည်း​တစ်​နည်းကို​တွေ့ ရှိခဲ့​၏၊ ၎င်း​နည်း​သည် အပွင့်​များ​အား လက်​ဖြင့်​ဝတ်မှုန်​ကူး​ပေးခြင်း​ဖြင့် ရရှိ​လာ​သည့်​အစေ့များ​မှ အပင်ငယ်​လေး​များ​ကို စိုက်​ပျိုး​နိုင်​စေ​ခဲ့​သည်။ ထို့နောက် ၎င်း​အပင်ငယ်​လေး​များ​ကို ၎င်း​တို့​သဘာဝ​ပေါက်ရောက်​သည့် ထုံး​ကျောက်​များ​ရှိရာသို့ ပြောင်းရွှေ့​ကြသည်။ ယင်းကြောင့် ယခု​အခါ အင်္ဂလန်​နိုင်ငံ​မြောက်ပိုင်း​တွင် လေး​ဒီး​စ​လစ်​ပယ်​သစ်​ခွ​များ​အပင် ၂၀၀ မှ ၃၀၀ အထိ ပေါက်​နေပြီ​ဖြစ်သည်။ “သိပ္ပံ​ပညာရှင်​များသည် ၎င်း​တို့အား အဖျက်​ပိုးမွှား​များနှင့် မှို​များ​ကို ခုခံ​နိုင်စွမ်း​အလုံအလောက်​ရှိစေရန် ဆက်လက်​လုပ်ဆောင်နေ” ကြသော​ကြောင့် တစ်​နေရာကို ပြည်သူ​များ​အား ပြသထား​သော်လည်း ကျန်​တစ်​နေရာကို​မူ ၎င်း​တို့​အကာအကွယ်​ရရှိစေရန် လျှို့ဝှက်​နေရာများ​တွင် ထား​ရှိသည်​ဟု လန်ဒန်​မြို့​ထုတ် သည်​အင်​ဒီ​ပဲ​န်းဒင့် သတင်းစာ​က ဖော်ပြ​သည်။

လူ​တို့​နှင့်​ဓာတ်​မတည့်​ခြင်း

“တိရစ္ဆာန်​များစွာ​သည် လူ​တို့​နှင့်​ဓာတ်​မတည့်​ကြ​ပါ” ဟု ဂျာမန်​သတင်းစာ လစ်​ပ်​စီ​ဂါ ဖော့​ခ်စ်စိုင်​တွန်း​န် က​ဖော်ပြ​သည်။ ထို​တွင် ဖော်ပြ​ထား​သည့်​အတိုင်း ဂျာမန် ဓာတ်​မတည့်​ခြင်း​နှင့် ပန်း​နာ​ရင်​ကျပ်​ဆိုင်ရာ​အဖွဲ့အစည်း (ဒီ​အေ​အေ​ဘီ) က “လူ​တို့​နှင့်အတူ​ရှိနေခြင်း​သည် အိမ်မွေး​တိရစ္ဆာန် အကောင် ၂၀ တွင် ၁ ကောင်​၌ အရေပြား​အဖု​အ​ပိမ့်​များ သို့​မဟုတ် အမြဲ​နှာချေ​ခြင်း​ကဲ့သို့​သော ဓာတ်​မတည့်​သည့်​လက္ခဏာများ ဖြစ်ပေါ်​စေ​သည်” ဟု မကြာသေးမီ​က ကြေညာ​ခဲ့​သည်။ အများအားဖြင့် လူတို့၏​အရေခွံ​အလွှာ​များ ကွာကျ​ခြင်း​ကြောင့်​နှင့် ၎င်းတို့ကို​စား​ပစ်​သည့် က​မျဉ်း​ကောင်​များ​၏ အညစ်အကြေး​တို့​ကြောင့် ထိုသို့​ဖြစ်​ရသည်​ဟု​ဆို​၏။ အိမ်မွေး​တိရစ္ဆာန်​တစ်ကောင်​သည် သူ့ကိုယ်သူ​ကုတ်​ခြ​စ်​ခြင်း၊ လျှာ​ဖြင့်​လျက်​ခြင်း သို့​မဟုတ် သန်း​များ​မရှိ​ပဲ သူ၏​အမွေး​ကို​နုတ်​ခြင်း​ပြု​နေလျှင် ၎င်း​၏​ပိုင်ရှင်​သည် အိမ်မွေး​တိရစ္ဆာန်​မှာ လူ​တို့​နှင့်​ဓာတ်​မတည့်​ကြောင်း လက္ခဏာ​တစ်ရပ်​ရရှိ​ကာ ဝန်းကျင်​အခြေအနေ​ပြောင်းလဲ​ပြီး​နောက် သို့​မဟုတ် ပိုင်ရှင်​မရှိသည့်​အခါ​တွင် လက္ခဏာများ​တိုးတက်​ကောင်းမွန်​လာ​လျှင် ယင်းသည် နောက်ထပ်​အထောက်အထား​တစ်ရပ်​ဖြစ်ပါ​မည်။ အစားအစာ​နှင့် ဝတ်မှုန်​တို့သည်​လည်း တိရစ္ဆာန်​များ​၌ ယားယံ​ဖျားနာ​မှုများ​ဖြစ်စေ​သည်​ဟု ဆို​ကြသည်။ ဥပမာ​အနေ​နှင့် မကြာသေးမီ​နှစ်များ​က နှာ​စေး​ဖျားနာ​သော​မြင်း​အရေအတွက် တိုးများ​လာ​သည်​ဟု ဒီ​အေ​အေ​ဘီ​က ဖော်ပြ​ခဲ့​သည်။

မည်သည့်​အရာ​က “တကယ့်​ယောက်ျား” ဖြစ်စေ​သနည်း

“အလုပ်​ကြိုးစား​ခြင်း​သည် ‘ယောက်ျား​မပီသ​ခြင်း’ ဖြစ်​ကာ အားကစား​ထူးချွန်​ခြင်း၊ တံဆိပ်​ပါ​သော​အဝတ်ကို ဝတ်ဆင်ခြင်း​နှင့် ရင်းနှီးသော​ပေါင်းသင်းမှု​များ​ကို ရှောင်ခြင်းက​မှ ‘တကယ့်​ယောက်ျား’ ၏​လက္ခဏာများ​ဖြစ်သည်​ဟု ယောက်ျား​ကလေး​များ . . . ယူမှတ်​နေကြ​ဆဲ​ဖြစ်သည်” ဟု​လန်ဒန်​မြို့​ထုတ် သည်​အင်​ဒီ​ပဲ​န်ဒင့် သတင်းစာ​က ဖော်ပြ​သည်။ “ယောက်ျား​ကလေး​များသည် လွှမ်းမိုး​ထိန်းချုပ်​နိုင်​ပြီး မိုး​မွှန်​အောင်​ဆဲဆို​သော​အတန်းဖော်​များ​ကို လေးစား​ကြသည်။ အများ​လမ်းစဉ်​မလိုက်သော ဆယ်ကျော်သက်​များ​မှာ အနိုင်ကျင့်​ခံရ​ကြသည် သို့​မဟုတ် လိင်​တူ​ဆက်ဆံ​သူ​ဟူ၍ အခေါ်​ခံရ​ကြသည်။” လန်ဒန်​မြို့ရှိ ကျောင်း ၁၂ ကျောင်းတွင် အသက် ၁၁ နှစ်​မှ ၁၄ နှစ်အရွယ်​ရှိ ယောက်ျား​ကလေး​များ​အား လန်ဒန် ဘာ​ဘက်​ခ်​ကောလိပ် က​ပြုလုပ်​ခဲ့​သည့် လေ့လာချက်​အရ ယောက်ျား​ကလေး​များသည် “သူတို့၏ ‘ယောက်ျား​ဟိတ်​ဟန်​ထုတ်​မှု’ က သူတို့အား အထီးကျန်​သည်​ဟု ခံစား​ရစေ​ကာ ထုတ်ဖော်​ပြောဆို​ဖို့ စိုးရွံ့​စေ​လေ့​ရှိ၏​ဟု ဝန်ခံခဲ့​ကြ” သည်ကို တွေ့ရှိ​ခဲ့​ရ​ကြောင်း သတင်းစာ​က​ဖော်ပြ​သည်။ သုတေသန​ပြု​မှု​ကို​ဦးဆောင်​ခဲ့​သူ ပါမောက္ခ စတီဗင် ဖရော့ရှ် က ဤသို့​ဆို​၏– “ယောက်ျား​ဖြစ်​ခြင်း​ဟူသည် ကြမ်းတမ်း​ပြီး ခံစားချက်​မျိုသိပ်​ထား​ရခြင်း​ကို မဆိုလို​ပါ​ဟူသော ယုံကြည်​လောက်​သည့်​စကား​များ​ကို ယောက်ျား​ကလေး​များ လိုအပ်​ကြသည်။”

ပြစ်တင်​ဝေဖန်ခံ​နေရ​သည့် ကြက်​ခြေ​နီ​အသင်း

စက်တင်ဘာ ၁၁ ရက်​နေ့ တိုက်ခိုက်မှု​များ​ဖြစ်​ပြီး များ​မကြာမီတွင် အမေရိကန်​ကြက်​ခြေ​နီ​အသင်း​သည် ငွေ​နှင့် သွေး​ကို အလှူ​ကောက်ခံ​ခဲ့​သည်။ အမေရိကန်​ဒေါ်လာ​သန်း ၈၅၀ ခန့်​နှင့် သွေး​ယူနစ် ၄၀၀,၀၀၀ ရရှိခဲ့သည်။ ကောက်ခံမှု​များ​မြန်ဆန်​သော်လည်း ဖြန့်ဝေမှု​များ​မှာ​မူ နှောင့်နှေး​ခဲ့​သည်။ “အမေရိကန်​ကြက်​ခြေ​နီ​အသင်း​သည် တိုက်ခိုက်မှု​များ​ကြောင့် ထိခိုက်​ခဲ့​သော မိသားစု​များ​အား ကယ်ဆယ်​ရေး​ရန်ပုံငွေ​များ​ဖြန့်ဝေ​ပေး​ရန် နှောင့်နှေး​ခဲ့​သည်” ဟု​ဝါ​ရှင်​တန်​တိုင်းမ်​စ်​က ဖော်ပြ​သည်။ “စက်တင်ဘာ ၁၁ ရက်​ဖြစ်ရပ်​နှင့်​မပတ်သက်​သော အစီအစဉ်များ​အတွက် ကယ်ဆယ်​ရေး​ရန်ပုံငွေ​များ​ကို အသုံးပြု​ခဲ့” ကာ ရန်ပုံငွေ​များစွာ​ကို​မူ “သွေး​ခဲ​စေခြင်း​အစီအစဉ် [တစ်ခု]၊ ပညာပေး​လမ်းညွှန်မှု​နှင့် အနာဂတ်​တိုက်ခိုက်​လာ​မှုများ အစ​ရှိသည့် ရေရှည်​လိုအပ်ရာ​များ​အတွက် လျာထား​ခဲ့​သည်။” စုဆောင်း​ခဲ့​သော​သွေး​ကို အနည်းငယ်​သာ​လိုအပ်​ပြီး ယင်း​၏​သိုလှောင်​ခံ​သက်တမ်း ၄၂ ရက်​သည် ကုန်ဆုံး​တော့​မည်​ဖြစ်​ရာ သွေးသည် “အသုံးမဝင်​တော့​ဘဲ မီးရှို့ ပစ်​ရမည့်​ကိန်း​ဆိုက်​နေသည်” ဟု ဆောင်းပါး​က​ဖော်ပြ​သည်။ ကြက်​ခြေ​နီ​အသင်း​ဘုတ်​အဖွဲ့​သည် အကြီးအကျယ်​ပြစ်တင်​ဝေဖန်ခံ​ရ​ကာ ယင်း​၏​ဥက္ကဋ္ဌ​မှာ ဖယ်ရှားခံ​ခဲ့​ရ​ကြောင်း၊ စုဆောင်း​ထား​သည့် ရန်ပုံငွေ​၏ ၉၀ ရာခိုင်နှုန်း​ကို ဘေးသင့်​သူများ​အား ၂၀၀၂ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်​တွင် ဖြန့်ဝေ​ပေး​မည်​ဟု ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီ​လ​အကုန်​တွင် ကြေညာ​ခဲ့​ကြောင်း သတင်း​မီဒီယာ​က ဖော်ပြ​ခဲ့​သည်။

သေစေနိုင်​သော သဘာဝဘေးဒဏ်​များ

“သဘာဝဘေးဒဏ်​များသည် ၂၀၀၁ ခုနှစ်​တွင် ကမ္ဘာ​တစ်ဝန်း​၌ အနည်းဆုံး အသက်​ပေါင်း ၂၅,၀၀၀ ကို​ဆုံးရှုံး​စေ​ခဲ့​ကာ ယင်းသည် ယခင်​နှစ်​ထက် နှစ်ဆ​ပို​များသည်” ဟု ရွိုင်​တာ​သတင်းက ဖော်ပြ​သည်။ ကမ္ဘာ​ပေါ်​တွင် အကြီးမားဆုံး ထပ်ဆင့်​အာမခံကုမ္ပဏီ​ဖြစ်သည့် မြူး​နစ်​ခ် ရေ​၏​အဆို​အရ စီးပွားရေး​ဆိုင်ရာ​နစ်နာ​ဆုံးရှုံးမှု​များ​မှာ စုစုပေါင်း အမေရိကန်​ဒေါ်လာ ၃၆ ဘီလီယံ​ရှိ​ကာ ယင်းသည် အမေရိကန်​ပြည်ထောင်စု​တွင် စက်တင်ဘာ ၁၁ ရက်​က တိုက်ခိုက်မှု​များ​မှ​ပေါ်ပေါက်​လာ​သည့် ဆုံးရှုံးမှု​များ​ထက် အဆ​မတန်​ပို​များသည်။ ဘေးဒဏ်​ကြီး ၇၀၀ ၏​သုံးပုံနှစ်ပုံ​တွင် မုန်တိုင်း​နှင့် ရေလွှမ်းမိုးခြင်း​တို့​ပါဝင်​သည်။ ရာသီဥတု​အခြေအနေ​များ အလွန်​ဆိုးရွား​လာ​ခြင်း​မှာ ကမ္ဘာ့​ရာသီဥတု အမြဲ​ပြောင်းလဲ​နေခြင်း​ကြောင့်​ဟု ယူမှတ်​ကြသည်။ “ဩစတြေးလျ​တွင် သစ်တော​မီးလောင်​ခြင်း၊ ဘရာဇီး​နှင့် တူရကီ​တို့​တွင် ရေလွှမ်းမိုးခြင်း၊ ဥရောပ​အလယ်ပိုင်း​နှင့် တောင်ပိုင်း​တို့​တွင် ဆီးနှင်း​များ​ထူထပ်​စွာ​ကျ​ခြင်း​နှင့် စင်​ကာ​ပူ​တွင် မိုးလေဝသ​ပညာ​အရ မဖြစ်​နိုင်​ဟု​ထင်​ရသော တိုင်ဖွန်း​မုန်တိုင်း​တို့​မှာ ရာသီဥတု​ပြောင်းလဲမှု​များနှင့် ရာသီဥတု​ဘေးဒဏ်​များ​တိုးများ​လာ​မှု​တို့ ဆက်စပ်​နေသည်​ဟူသော လက္ခဏာများ​ဖြစ်သည်” ဟု ကုမ္ပဏီ​က​ဆို​၏။ မှတ်တမ်းများ စတင်​ထား​ရှိသည့် လွန်ခဲ့သော​နှစ်ပေါင်း ၁၆၀ မှ​စ၍ ၂၀၀၁ ခုနှစ်​သည် ဒုတိယ​အ​နွေး​ဆုံး​နှစ်​ဖြစ်​ကြောင်း သတိပြုမိ​ခဲ့​သည်။ မြေငလျင်​များ​ကြောင့် အသက်ဆုံးရှုံး​မှု အများဆုံး​ဖြစ်​ခဲ့​သည်—ဇန်နဝါရီ​တစ်လ​တည်း​တွင် ၁၄,၀၀၀ ကျော်​အသက်ဆုံးရှုံး​ခဲ့​ကာ ယင်းသည် အိန္ဒိယ​နိုင်ငံ​တွင် လှုပ်​ခဲ့​သည့်​မြေငလျင်​တစ်ခု​၏​အကျိုးဆက်​ဖြစ်သည်။ ထို​နှစ်​အတွင်း မြေငလျင်​ကြီး စုစုပေါင်း​အရေအတွက် ၈၀ လှုပ်​ခဲ့​သည်။

ကား​အနောက်​ထိုင်ခုံ​ခါးပတ်​များသည် အသက်​အန္တရာယ်ကင်း​စေ

“ယာဉ်တိုက်မှု​တစ်ခု​ဖြစ်သည့်​အခါ ကား​အနောက်​ခုံ​ရှိ ထိုင်ခုံ​ခါးပတ် မ​ပတ်​ထားသော​ခရီးသည်​များသည် ကား​အရှေ့​ခုံ​ရှိ ထိုင်ခုံ​ခါးပတ် ပတ်​ထားသော​ခရီးသည်​များ​ကို အသက်​အန္တရာယ်​ငါး​ဆ​ပို​ရှိစေသည်” ဟု လန်ဒန်​မြို့​ထုတ် သည်​ဂါးဒီးယန်း​သတင်းစာ​က ဖော်ပြ​သည်။ တို​ကျို​တက္ကသိုလ်​မှ သုတေသီ​များ​က ဂျပန်​နိုင်ငံ​တွင် ငါး​နှစ်​အတွင်း​ဖြစ်​ခဲ့​သည့် ကား​တိုက်မှု ၁၀၀,၀၀၀ ကျော်​၏​မှတ်တမ်းများ​ကို လေ့လာ​ရာ ကား​အနောက်​ခုံ​ရှိ ခရီးသည်​များသည် ထိုင်ခုံ​ခါးပတ်​များ ပတ်​ထား​ကြ​မည်​ဆိုလျှင် ကား​အရှေ့​ခုံ​ရှိ ခါးပတ်​ပတ်​စီး​သူများ​၏​အသက်ဆုံးရှုံး​မှု ၈၀ ရာခိုင်နှုန်း​နီးပါး​ကို ရှောင်ရှား​နိုင်​ခဲ့​မည်​ဟု တွေ့ရှိ​ခဲ့​ရသည်။ ယာဉ်တိုက်မှု​ဖြစ်သည့်​အခါ အထိန်း​အချုပ်​မရှိသော​ခရီးသည်​များသည် အရှိန်​ဖြင့် ရှေ့သို့​ထိုး​စိုက်​သွား​ရာ ရှေ့​ခုံ​တွင်​ထိုင်​စီး​သူများ​အား အပြင်းအထန်​ဒဏ်ရာ​ရစေသည် သို့​မဟုတ် ဖိ​မိ​ပြီး​သေဆုံး​သည့်​အထိ​ပင် များစွာ​အန္တရာယ်​ရှိစေသည်။ ဗြိတိန်​နိုင်ငံ​၌ ၁၉၉၁ ခုနှစ်​ကတည်းက ကား​အနောက်​ထိုင်ခုံ​ခါးပတ်​များ​ကို မ​ပတ်​မနေ ပတ်​ခိုင်း​သော်လည်း ထို​နိုင်ငံ​ရှိ​လူကြီး ၄၀ ရာခိုင်နှုန်း​နီးပါး​မှာ ယနေ့​အချိန်​ထိ ယင်း​တို့ကို အသုံးမပြု​ကြ​သေး​ကြောင်း လေ့လာမှု​များ​က​ဖော်ပြ​သည်။

အာရှရှိလေထုညစ်ညမ်းမှု​အန္တရာယ်

“အိန္ဒိယ​နိုင်ငံ​တွင် လေထု​ညစ်ညမ်းမှု​ကြောင့် နှစ်စဉ်​လူ ၄၀,၀၀၀ ကျော်​သေဆုံး​ရသည်” ဟု ပတ်ဝန်းကျင်​ဆိုင်ရာ မဂ္ဂဇင်း ဒေါင်း​ထူ​အ​သ် က ဖော်ပြ​သည်။ ကမ္ဘာ့​ဘဏ်​နှင့် စ​တော့​ခ်​ဟု​မ်း ပတ်ဝန်းကျင်​အဖွဲ့အစည်း က​ပြုလုပ်​သည့် သုတေသန​ပြု​မှု​က အာရှရှိလေထုညစ်ညမ်းမှု​မှာ ဥရောပ​နှင့် အမေရိက​နှစ်ခု​ပေါင်း​ထက် များစွာ​သာလွန်​ကြောင်း၊ ယင်းကြောင့် ဆိုးလ်၊ ဘေဂျင်း၊ ဘန်ကောက်၊ ဂျာ​ကာ​တာ​နှင့် မ​နီ​လာ​မြို့များ​တွင် ထောင်ပေါင်း​များစွာ​အသက်ဆုံးရှုံး​မှု​ဖြစ်​ရသည်​ဟု ဖော်ပြ​သည်။ ဥပမာ၊ မ​နီ​လာ​တွင် အသက်ရှူ​လမ်းကြောင်း​ဆိုင်ရာ​ရောဂါ​ကြောင့် နှစ်စဉ်​လူ ၄,၀၀၀ ကျော်​သေဆုံး​ကာ လူ ၉၀,၀၀၀ သည် ပြင်းထန်သော​နာတာရှည် ချောင်းဆိုး​ရင်​ကျပ်​နာ​ကို ခံစား​ကြ​ရသည်။ အသေအပျောက်​နှုန်း​သည် ဘေဂျင်း​နှင့် ဂျာ​ကာ​တာ​တို့​တွင် ပို​၍​ပင်​များ​၏။ ပြဿနာ​မှာ “အရည်အသွေး​မမီ​သည့်​လောင်စာဆီ​ကို အသုံးပြုခြင်း၊ စွမ်းအင်​ထုတ်လုပ်မှု​နည်း​စနစ်​များ ညံ့ဖျင်းခြင်း၊ အခြေအနေ​မကောင်း​သည့်​ယာဉ်များ​ကို အသုံးပြုခြင်း​နှင့် ယာဉ်ကြော​ပိတ်ဆို့​မှု” တို့​ကြောင့်​ဖြစ်သည်​ဟု ယူဆ​ရ​ကြောင်း မဂ္ဂဇင်းက​ဆို​သည်။

ယူရို​ငွေကြေး​သို့ ပြောင်းလဲခြင်း​မှ အမြတ်​ထုတ်ခြင်း

ယူရို​ငွေကြေး​သို့ ပြောင်းလဲမှု​နှင့်အတူ အီတာလျံ​ချာ့ခ်ျ​သည် “အလှူငွေ​ထည့်ဝင်​မှုများ နည်းပါး​လာ​မှု​ကို​ကုစား​ရန် လီ​ရာ​ငွေ​ကွယ်ပျောက်​မှု​ကို အခွင့်အရေး​ယူ​လျက်” “ဈေးနှုန်း​များ​ကို​တိုးမြှင့်” ခဲ့​သည်​ဟု ကိုရီယေးရယ်ဒေးလားစေးရား သတင်းစာ​က​ဆို​သည်။ ရောမမြို့​ရှိ ခရစ်ယာန်​ဘုန်းတော်ကြီး​ရုံး​သည် “‘ဈေးနှုန်း​စာရင်း’ ကို​ပြုပြင်” ရန် ယင်း​၏​အသင်းတော်​နယ်ပယ်​များ​အားလုံးထံ​သို့ နှိုးဆော်​စာ​တစ်စောင်​ပို့​ခဲ့​သည်။ “မားစ်ပွဲ​တော်​တစ်ခု​ကျင်းပ​ရန် ယခင်​က ၁၅,၀၀၀ လီ​ရာ​မျှ​သာ ပေး​ရသော​အလှူငွေ​သည် ယူရို​ငွေ ၁၀ (၁၉,၃၆၃ လီ​ရာ) သို့​တက်​သွား​သည်။ ထိမ်းမြား​မင်္ဂလာပွဲ​တစ်ခု​အတွက် ယခင်​က​အများဆုံး ၄၅၀,၀၀၀ လီ​ရာ​ပေး​ရသော​အလှူငွေ​သည် ယူရို​ငွေ ၂၇၀ (၅၂၃,၀၀၀ လီ​ရာ) သို့​တက်​သွား​သည်။” သို့သော် “ဤ​ဈေးနှုန်း​သည် ‘အသင်းသား​မဟုတ်​သူများ’ ကျင်းပ​သည့် မင်္ဂလာပွဲ​များ​အတွက်​ဖြစ်​ကာ အသင်းသားများ​အတွက်​မူ နှစ်ခြင်း​ခံ​ခြင်း​နှင့် ဈာပန​အခမ်းအနား​များ​အတွက်​ကဲ့သို့ ဆန္ဒရှိ​သရွေ့ အလှူငွေ​ထည့်​နိုင်​သည်” ဟု​နှိုးဆော်​စာ​က​ဖော်ပြ​သည်။ သို့သော် ရောမမြို့​ရှိ ခရစ်ယာန်​ဘုန်းတော်ကြီး​များသည် အလှူငွေ​သေတ္တာ​များ​တွင် စိတ်ပျက်ဖွယ်​ကောင်း​လောက်​အောင် ဗလာ​န​တ္ထိ​ဖြစ်နေ​သည်ကို တွေ့​ရလေ့​ရှိသော​ပြဿနာ​ကို​မူ ရင်ဆိုင်​နေရ​တုန်း​ပင်။ ထိုသို့​ဖြစ်​ရခြင်း​မှာ “တက်ရောက်သူ​ဦးရေ လျော့နည်းလာ​ခြင်း​နှင့်အတူ အသင်းသားများ​ထဲ​တွင် တပ်မက်​မော​ခြင်း​ကြောင့်​ဖြစ်​နိုင်​သည်” ဟု သတင်းစာ​က​ဆို​သည်။