ချစ်စနိုး တိရစ္ဆာန်လော၊ ရက်စက်ပေ့ သတ်ဖြတ်ကောင်လော
ချစ်စနိုး တိရစ္ဆာန်လော၊ ရက်စက်ပေ့ သတ်ဖြတ်ကောင်လော
ပိုလန်နိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်
လေ့ကျင့်ခန်းအဖြစ် ဖြည်းဖြည်းမှန်မှန်ပြေးနေသူတစ်ဦးသည် ရန်မူသောခွေးတစ်ကောင်၏ တိုက်ခိုက်မှုခံရပြီးနောက် သွေးထွက်လွန်ကာ သေဆုံးသွားသည်။ မိန်းကလေးတစ်ဦးသည် သူပိုင်သည့် ရော့ဝီလာခွေး၏ကိုက်သတ်ခြင်းကို ခံခဲ့ရသည်။ မိဘများ၏မျက်စိရှေ့တွင် ကိုးနှစ်အရွယ်ကလေးတစ်ဦးသည် ဂျာမန်သိုးထိန်းခွေးအလေအလွင့်တစ်ကောင်ကြောင့် သေလောက်အောင်ဒဏ်ရာရခဲ့သည်။ ယင်းတို့သည် ပိုလန်နိုင်ငံရှိ ခွေးမျိုးကောင်းမျိုးသန့်များကြောင့်ဖြစ်ခဲ့ရသည့် ဖြစ်ရပ်ဆိုးအနည်းငယ်မျှသာဖြစ်သည်။
ထိုကဲ့သို့အဖြစ်ဆိုးများမဖြစ်စေရန် အာဏာပိုင်အချို့က တရားဝင်လက်မှတ်ရပြီးမှသာ အချို့သောခွေးများကို မွေးခွင့်ပြုသည်။ ပိုလန်ခွေးဂေဟာအသင်းဝင်တစ်ဦးဖြစ်သည့် ဘာဘရာ ဇာလက်စ်ကာက “မက်စ်တစ်ဖ်၊ ရော့ဝီလာနှင့် တယ်ရီယာခွေးဘီလူးမျိုးတို့တွင် မည်သည့်ခွေးမျိုးက ရက်စက်ကြမ်းကြုတ်လာမည် သို့မဟုတ် လူတို့၏မိတ်ဆွေများဖြစ်နေမည်ကို ပိုင်ရှင်ကဆုံးဖြတ်ရသောကြောင့်” ခွေးအတွက်မဟုတ်ဘဲ ပိုင်ရှင်အတွက် တရားဝင်လက်မှတ်ထုတ်ပေးသင့်သည်ဟု စောဒကတက်သည်။
အချို့ကိစ္စများ၌ လူသတ်ကောင်များဖြစ်လာရန် ခွေးများကို တမင်သက်သက်လေ့ကျင့်ပေးကြသည်။ လေ့ကျင့်ပေးသူများ၏နည်းစနစ်များတွင် ရိုက်နှက်ခြင်း၊ အစာငတ်ထားခြင်းနှင့် လူအရုပ်များကို တိုက်ခိုက်ကာ အစိတ်စိတ်အမြွှာမြွှာဆုတ်ဖြဲရန်လေ့ကျင့်ပေးသည့် “သတ်ဖြတ်သောလုပ်ရပ်” တို့ပင် ပါဝင်သည်ဟုဆိုကြသည်။ ထို့နောက် အမှန်ပင်သတ်ရန်ဖြစ်သည့် အားကုန်နေသောခွေးများကို တိုက်ခိုက်စေသည်။ လေ့ကျင့်မှုပြီးသွားသောအခါ ခွေးသည် တကယ့်ခွေးတိုက်ပွဲများတွင် ပါဝင်ရန်အသင့်ရှိကာ ယင်းက လောင်းကစားသမားများနှင့် သွေးဆာနေသောဝါသနာအိုးများကို သဘောခွေ့စေသည်။
သမ္မာကျမ်းစာက တိရစ္ဆာန်များအား ရက်စက်ခြင်းနှင့်ပတ်သက်၍ ဘုရားသခင်၏ရှုမြင်ပုံကို အတိအလင်းဖော်ပြသည်။ ယင်းက ဤသို့ဆိုသည်– “ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်အသက်ကို နှမြောတတ်၏။ မတရားသောသူမူကား ကရုဏာအရာ၌ပင် ကြမ်းကြုတ်တတ်၏။” (သု. ၁၂:၁၀) ဘုရားသခင်၏နှစ်သက်မှုရလိုသူများသည် တိရစ္ဆာန်များကို ရက်ရက်စက်စက် နှိပ်စက်ခြင်းမပြုကြပါ။ ဘုရားသခင့်ကမ္ဘာသစ်တွင် တိရစ္ဆာန်များအား—အားကစားပွဲအတွက် သို့မဟုတ် အခြားအကြောင်းအတွက်—လူသတ်ကောင်များဖြစ်လာရန် လေ့ကျင့်ပေးသောလုပ်ရပ်သည် အဆုံးတိုင်မည်ဖြစ်၍ ကျွန်ုပ်တို့ပျော်ရွှင်နိုင်ပါသည်။—ဆာလံ ၃၇:၉-၁၁။