တစ်ခါသုံးပစ္စည်းသုံးလေ့ရှိသည့် လူ့ဘောင်တွင် နေထိုင်ခြင်း
တစ်ခါသုံးပစ္စည်းသုံးလေ့ရှိသည့် လူ့ဘောင်တွင် နေထိုင်ခြင်း
ဖွံ့ဖြိုးပြီးနိုင်ငံများရှိ လူတို့သည် အမှိုက်သရိုက်များကို တောင်ပုံရာပုံစွန့်ပစ်နေကြသည်။ ဥပမာ၊ ယူနိုက်တက်စတိတ်မှ နှစ်စဉ်ထွက်ရှိသော အမှိုက်သရိုက်များကို စဉ်းစားကြည့်ပါ။ “အိုလံပစ်ရေကန်ပေါင်း ၆၈,၀၀၀ ကိုဖြည့်နိုင်သည့် ရေအလေးချိန်နှင့် ညီမျှသည်” ဟုဆို၏။ လွန်ခဲ့သောနှစ်အနည်းငယ်က နယူးယောက်မြို့တစ်မြို့တည်းမှ နှစ်စဉ်စွန့်ပစ်သော အမှိုက်များသည် ထိုမြို့၏စန်တရာလ်ပါ့ခ်ဥယျာဉ်ကြီးကို ၁၃ ပေအနက်အထိ နစ်မြှုပ်သွားစေနိုင်သည်ဟု ခန့်မှန်းကြသည်! *
“များများထုတ် များများသုံးပြီး တစ်ခါသုံးပစ္စည်းသုံးလေ့ရှိသည့် လူ့ဘောင်” နှင့်ပတ်သက်၍ ယူနိုက်တက်စတိတ်ကို “ကျန်နိုင်ငံများအတွက် သတိပေးပုံနမူနာတစ်ခု” ဟုခေါ်ဆိုခြင်းသည် အံ့ဩစရာမဟုတ်ပေ။ သို့သော် ထိုနိုင်ငံတစ်နိုင်ငံတည်းသာ မဟုတ်ချေ။ ဂျာမန်လူမျိုးတို့ နှစ်စဉ် စွန့်ပစ်သော အမှိုက်သရိုက်များသည် ဘာလင်မြို့မှ အာဖရိကကမ်းရိုးတန်းအထိ မိုင်ပေါင်း ၁,၁၀၀ အထိရှည်သော ကုန်တင်ရထားတစ်စင်းစာ ရှိနိုင်သည်ဟု ခန့်မှန်းသည်။ ထို့ပြင် ဗြိတိန်နိုင်ငံတွင် ပျမ်းမျှအိမ်ထောင်စုလေးစုသည် တစ်နှစ်လျှင် အပင်ခြောက်ပင်စာရှိ စာရွက်များကို စွန့်ပစ်နေကြသည်ဟု တစ်ချိန်က ခန့်မှန်းခဲ့ကြသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများသည်လည်း အမှိုက်ပုံကြီးနှင့် မကင်းကြချေ။ နာမည်ကြီး မဂ္ဂဇင်းသစ်တစ်စောင်က ဤသို့ဖော်ပြသည်– “ကမ္ဘာ့လူဦးရေ ၆ ဘီလီယံမှ အများစုသည် ယူ.အက်စ်. နှင့်အခြားဖွံ့ဖြိုးပြီးနိုင်ငံများ၏ အမှိုက်ပစ်လမ်းစဉ်ကို လိုက်လျှောက်စပြုနေကြခြင်းမှာ အမှန်ပင် မနှစ်မြို့စရာဖြစ်၏။” ယင်းလမ်းစဉ်ကို နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ ယနေ့ ကျွန်ုပ်တို့အများစုသည် တစ်ခါသုံးပစ္စည်းသုံးလေ့ရှိသည့် လူ့ဘောင်အဝင် ဖြစ်နေကြ၏။
မှန်ပါသည်၊ လူတို့တွင် စွန့်ပစ်စရာ အမြဲရှိနေတတ်သည်။ သို့သော် စည်သွတ်ဘူးများ၊ ကုန်ပစ္စည်းထုပ်များသည် လွန်ခဲ့သောနှစ်များထက် ယခုအခါ ပိုမိုတွင်ကျယ်လာသောကြောင့် တစ်ခါသုံးထုပ်ပိုးပစ္စည်းမှာ နေရာတကာတွင် ရှိနေ၏။ သတင်းစာများ၊ မဂ္ဂဇင်းများ၊ ကြော်ငြာဝေစာများနှင့် တခြားစက္ကူများသည်လည်း တစ်မုဟုတ်ချင်း တောင်ပုံရာပုံဖြစ်လာသည်။
စက်မှုသိပ္ပံအလွန်တိုးတက်ထွန်းကားသော လောကကြောင့်လည်း အမှိုက်အမျိုးအစားသစ်များ ဖြစ်ပေါ်လာသည်။ “ဥရောပနိုင်ငံများတွင် မော်တော်ကား ကိုးသန်းနီးပါးကို နှစ်စဉ် စွန့်ပစ်နေကြသည်” ဟုဂျာမန်သတင်းစာ ဒီဗဲ့လ်တ် ကဆိုသည်။ ယင်းတို့ကို စွန့်ပစ်ခြင်းသည် မလွယ်ကူပေ။ အဏုမြူ သို့မဟုတ် ဓာတု စွန့်ပစ်ပစ္စည်းများကို အန္တရာယ်ကင်းစွာ မည်သို့စွန့်ပစ်မည်နည်း ဟူသောမေးခွန်းကို ဖြေဆိုရန်မှာ ပို၍ပင်ခက်၏။ ၁၉၉၁ ခုနှစ်တွင် ယူနိုက်တက်စတိတ်က “ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်းများမှာ တောင်ပုံရာပုံဖြစ်နေပြီး ယင်းတို့ကို အတည်တကျထားသိုရန် နေရာမရှိ” ဟုဆို၏။ သေစေနိုင်သည့်ပစ္စည်း စည်တစ်သန်းကို “လွဲမှားစွာကိုင်တွယ်မှုကြောင့် ပျောက်ဆုံးခြင်း၊ အခိုးခံရခြင်းနှင့် ပတ်ဝန်းကျင်ကိုထိခိုက်စေသည့် အန္တရာယ်များ” ရှိမြဲရှိနေမည်ဖြစ်ရာ ယာယီသိုလှောင်ခန်းတွင် ထားရှိရမည်ဟုဆိုသည်။ ၁၉၉၉ ခုနှစ် တစ်နှစ်တည်း၌ပင် ယူနိုက်တက်စတိတ်မှ စက်ရုံအလုပ်ရုံ ၂၀,၀၀၀ က အန္တရာယ်ရှိစွန့်ပစ်ပစ္စည်း တန်ချိန်ပေါင်းသန်း ၄၀ ကျော်စွန့်ပစ်ခဲ့ကြသည်။
နောက်တစ်ချက်မှာ လွန်ခဲ့သောရာစုနှစ်အတွင်းက ကမ္ဘာ့လူဦးရေ တစ်ဟုန်ထိုး တိုးများလာခြင်းကြောင့်ဖြစ်သည်။ လူဦးရေတိုးများလာလေလေ၊ အမှိုက်သရိုက်များလာလေလေဖြစ်၏! ထို့ပြင် လူအတော်များများသည် များများထုတ်၊ များများသုံးဝါဒကို စွဲကိုင်ထားကြသည်။ ကမ္ဘာ့စောင့်ကြည့်ရေးအဖွဲ့သည် မကြာသေးမီက ဤသို့ကောက်ချက်ချခဲ့သည်– “ကျွန်ုပ်တို့သည် ယခင်လူ့သမိုင်းတစ်လျှောက်လုံးထက် ၁၉၅၀ ပြည့်နှစ်ကတည်းက ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ပိုမိုအသုံးပြုခဲ့ကြပြီဖြစ်သည်။”
မှန်ပါသည်၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် နေထိုင်သူအချို့သည် “ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု” ရှိသမျှတို့ကို စွန့်ပစ်လိုကြသည်။ ဥပမာ၊ စတိုးဆိုင်သို့သွား၍ ထုပ်ပိုးပြီးသားကုန်ပစ္စည်းများကို ဝယ်ယူပြီးနောက် စတိုးဆိုင်မှ စက္ကူအိတ်များ သို့မဟုတ် ပလတ်စတစ်အိတ်များဖြင့် အိမ်သို့ယူလာရခြင်းသည် မည်မျှအဆင်ပြေကြောင်း စဉ်းစားကြည့်ပါ။ ပစ္စည်းများကို ရုတ်တရက် ထိုသို့ထုပ်ပိုးမပေးတော့လျှင် ယင်းထုပ်ပိုးမှုအပေါ် မည်မျှအားထားလာခဲ့ရကြောင်း မကြာမီ လူတို့သဘောပေါက်လာကြပေမည်။ ထို့ပြင် ပိုမိုသန့်ရှင်းသော ဤထုပ်ပိုးပစ္စည်းများသည် အတိုင်းအတာတစ်ခုအထိ ကျန်းမာရေးကို သွယ်ဝိုက်၍ အကျိုးပြုသည်။
ဤသို့သောအကျိုးကျေးဇူးများ ရှိသော်ငြားလည်း မျက်မှောက်ခေတ် တစ်ခါသုံးပစ္စည်းသုံးလေ့ရှိသည့် လူ့ဘောင်သည် ဤမျှများပြားသော အမှိုက်သရိုက်များကို စွန့်ပစ်နေရသဖြင့် စိုးရိမ်စရာရှိသလော။ လူတို့စွန့်ပစ်နေသော တောင်ပုံရာပုံအမှိုက်များ လျော့နည်းသွားစေရန် အမျိုးမျိုးကြိုးစားဖြေရှင်းမှုများ အောင်မြင်မှုမရှိသောကြောင့် စိုးရိမ်စရာဖြစ်နေသည်မှာ ထင်ရှားပါသည်။ ပိုဆိုးသည်မှာ မျက်မှောက်ခေတ် တစ်ခါသုံးပစ္စည်းသုံးလေ့ရှိသည့် လူ့ဘောင်၏စိတ်ထားများကြောင့် ပို၍ပင် စိတ်အနှောင့်အယှက်ဖြစ်စရာဖြစ်နေသည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 2 ထိုပါ့ခ်ဥယျာဉ်သည် ၈၄၃ ဧက သို့မဟုတ် မန်ဟက်တန်မြို့၏ ၆ ရာခိုင်နှုန်းခန့် ကျယ်ဝန်းသည်။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းများကို ဘေးကင်းစွာစွန့်ပစ်ရေးသည် ကြီးမားသောစိန်ခေါ်ချက်များ ဖြစ်ပေါ်စေ