မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တစ်ခါသုံးပစ္စည်း သုံးလေ့ရှိသည့် လူ့ဘောင်တွင် သင် အောင်မြင်နိုင်ပုံ

တစ်ခါသုံးပစ္စည်း သုံးလေ့ရှိသည့် လူ့ဘောင်တွင် သင် အောင်မြင်နိုင်ပုံ

တစ်ခါ​သုံး​ပစ္စည်း သုံးလေ့​ရှိသည့် လူ့ဘောင်တွင် သင် အောင်မြင်​နိုင်​ပုံ

“သဘာဝ​တွင် . . . စွန့်ပစ်​စ​ရာ​ဟူ၍​မရှိပါ။” တိုင်းမ်​မဂ္ဂဇင်း​၏​အဆို​အရ ၎င်း​သည် လေးစား​ခံရ​သော ပြန်လည်​စီမံ​အသုံးပြုခြင်း​ဆိုင်ရာ ကျွမ်းကျင်​သူ​တစ်ဦး၏ ထင်မြင်ချက်​ဖြစ်သည်။ ဂေဟစနစ်​တစ်ခု​၏ အပိုင်း​တစ်ပိုင်း​မှ သက်မဲ့​ပစ္စည်း သို့​မဟုတ် စွန့်ပစ်​ပစ္စည်း​ကို အခြားအပိုင်း​များ​တွင် အကျိုးရှိရှိ အသုံးပြုလေ့​ရှိသည့် ထူးခြားသော​နည်းကို သူ​ရည်ညွှန်း​နေခြင်း​ဖြစ်သည်။ “လူသည် သဘာဝ​အမှိုက်​ရှင်းလင်းရေး နည်း​စနစ်​များ​ကို အတုယူ​နိုင်​သည်၊ သို့သော် ဆန်းသစ်​တီထွင်​ထား​သည့် နည်း​ပညာ​လိုအပ်​ပြီး စိတ်​သဘောထားကို ကြီးစွာ​ပြောင်းလဲ​ရန်လို​လိမ့်​မည်” ဟု​အဆိုပါ​ကျွမ်းကျင်​သူက ယူဆ​ကြောင်း ဖော်ပြ​ထား​သည်။

ကျွန်ုပ်​တို့​အများစု​သည် ဆန်းသစ်​တီထွင်​ထားသော​နည်း​ပညာ​ကို တိုးတက်​ရန် မလုပ်ဆောင်​နိုင်​ကြ​ပေ။ သို့သော် ကျွန်ုပ်​တို့၏​စိတ်​သဘောထားကို ထိန်းချုပ်​နိုင်၏!

ထို့​ပြင် အမူအကျင့်ကောင်း​ဆိုင်ရာ အခြေခံ​မူ​အချို့​အပေါ် သဘောထား​မှန်​ရှိ​ခြင်း​သည် တစ်ခါ​သုံး​ပစ္စည်း​သုံးလေ့​ရှိသည့် လူ့ဘောင်တွင် ဘဝ​ပြဿနာ​များ​ကို သာ၍​ဖြေရှင်း​နိုင်​ရန် ကူညီ​ပေး​လိမ့်​မည်။

ဖြုန်းတီးခြင်း​ကို​ရှောင်

ကမ္ဘာ့​လူဦးရေ ငါး​ပုံ​တစ်​ပုံ​သည် ဆာလောင်​မွတ်​သိပ်​စွာ ညအိပ်​ရာ​ဝင်​ရသည်။ ယင်းကြောင့် အစားအစာကို တန်ဖိုး​ထားပြီး ဖြုန်းတီးခြင်း​ကို ရှောင်ရန် စိတ်ထဲ​စွဲမှတ်​သင့်​၏။ အာဖရိက​နိုင်ငံ​တွင် ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​ကို ၂၈ နှစ်​ကြာ ထမ်းဆောင်​ပြီး​နောက် ဥရောပ​သို့​ပြန်လာ​သော ဇနီး​မောင်နှံ​တစ်စုံ​က မိမိတို့၏​ဇာတိ​နိုင်ငံ​တွင် ပြန်လည်​ကျင့်​သား​ရလာ​ရန် အကြီးမားဆုံး​စိန်ခေါ်ချက်​တစ်ခု​မှာ “အစားအစာကို လွှင့်ပစ်​တတ်သော လူတို့၏ ဖြုန်းတီး​သည့်​အမူအကျင့်” ကို​ရင်ဆိုင်​နေရ​ခြင်း​ဖြစ်သည်​ဟု ပြော​ခဲ့​သည်။

စား​နိုင်​သလော​က်​သာ ပန်းကန်​ထဲ​ထည့်​စား​ရန် သားသမီး​များ​ကို ပညာရှိ​မိဘများ​က သင်ပေး​ကြသည်။ ထိုသို့​ပြုခြင်း​ဖြင့် အမှိုက်​သ​ရိုက်​နှင့် အလေအလွင့်​တို့ကို လျော့နည်းစေ​သည်။ နောက်ထပ်​မ​ထည့်​မီ ပထမ​ဦးစွာ အနည်းငယ်​ထည့်​စားခြင်း​သည် သာ၍​ကောင်း​၏။ အမှန်​ဆို​ရ​လျှင် မိဘများ​က ပုံသက်သေ​ပြ​ရမည်။ ယေရှုသည် ဘုရားသခင်​ကျွေးမွေး​သည့် ကာယ​အစာ​ရော၊ ဝိညာဉ်​အစာ​အတွက်​ပါ အမှန်​တန်ဖိုး​ထား​ကြောင်း ဖော်ပြခြင်း​ဖြင့် ကျွန်ုပ်​တို့အားလုံး​အတွက် ပုံသက်သေ​ပြ​ခဲ့​သည်။ ယေရှုသည် အစားအစာကို အံ့ဖွယ်​နည်းဖြင့် ပွား​များ​စေ​ခဲ့​သော်လည်း အစားအသောက်​ဖြုန်းတီးခြင်း​ကို ဂရုတစိုက်​ရှောင်ရှား​ခဲ့​ကြောင်း ကျမ်းစာ​က​ဖော်ပြ​သည်!—ယောဟန် ၆:၁၁-၁၃

ဖြုန်းတီးခြင်း​ကို ရှောင်ရှားပါ​ဟူသော​မူ​သည် အဝတ်အစား​များ၊ ပရိဘောဂ​များ၊ စက်ပစ္စည်း​များနှင့်​လည်း သက်ဆိုင်​ပေ​သည်။ ၎င်းတို့ကို ကောင်းစွာ​ပြုပြင်​ပြီး ကြာကြာ​အသုံးပြု​နေ​မည်​ဆိုလျှင် ကျွန်ုပ်​တို့​ပိုင်ဆိုင်ရာ​များ​ကို တန်ဖိုး​ထား​ကြောင်း ဖော်ပြ​ရာ​ရောက်​သည်။ သာ၍​ကြီးမား​မြန်ဆန်​ခိုင်ခံ့​ကောင်းမွန်​သည့် ပစ္စည်း​များ​ကို ပြသခြင်း​အားဖြင့် ကျွန်ုပ်​တို့​ပိုင်ဆိုင်ရာ​များနှင့် မရောင့်ရဲ​စေနိုင်​ရန် ကြော်ငြာ​လောက​၏​လှည့်ဖြားမှု​ကို မခံ​မိဖို့​လို​သည်။ မှန်ပါသည်၊ အသုံးပြုနိုင်​သေး​သော ပစ္စည်း​များ​ကို အစားထိုး​ပိုင်ခွင့် ကျွန်ုပ်​တို့​တွင်​ရှိကြသည်။ သို့သော် ထိုသို့​မပြု​မီ ကျွန်ုပ်​တို့၏​သဘောထားများ​နှင့် ရည်ရွယ်ချက်များ​ကို ချင့်တွက်​လို​ကြ​ပေမည်။

လို​ဘ​ကြီးခြင်း​ကို​ရှောင်

ဣသရေလလူ​တို့သည် ကတိထားရာ​ပြည်​သို့​အသွား တောကန္တာရ​ကို ဖြတ်ကျော်​ကြ​စဉ် မန္နမုန့်​စား​ခဲ့​ရသည်။ သမ္မာကျမ်းစာ​မှတ်တမ်းအရ မန္န​မုန့်ကို အလုံအလောက်​ပေး​ထား​သည်။ သို့သော် လို​ဘ​မကြီး​ရန် ဣသရေလလူ​တို့ကို သတိပေး​ခဲ့​သည်; သူတို့သည် လတ်တလော လို​သလော​က်​သာ ယူ​ကြ​ရန်ဖြစ်​သည်။ ကျန်​ရှိသော​မန္နမုန့်​သည် ပိုး​ဖြစ်၍ နံ​သွား​လေ​ရာ လို​ဘ​ကြီးခြင်း​မှာ အကျိုးမရှိ​ကြောင်း နာခံမှု​မရှိ​သူများ တွေ့ရှိ​ခဲ့​ကြသည်။ (ထွက်မြောက်ရာ ၁၆:၁၆-၂၀) သမ္မာကျမ်းစာ​က လို​ဘ​ကြီးခြင်း​ကို ခိုင်မာ​ပြတ်သား​စွာ ထပ်ခါတလဲ​လဲ ပြစ်တင်​ရှုတ်ချ​ထား​သည်။—ဧဖက် ၅:၃

ဤ​အကြောင်းကို သမ္မာကျမ်းစာ​တစ်အုပ်​တည်း​က​သာ ဖော်ပြ​ထားခြင်း​မဟုတ်​ချေ။ ဥပမာ၊ ပထမ​ရာစု ရောမ​အတွေးအခေါ်​ပညာရှင်​နှင့် ပြဇာတ်​ရေး​ဆရာ​ဖြစ်သူ စီ​နီ​ကာ​က လို​ဘ​ကြီး​သူ​တစ်ဦး​သည် ဘယ်​သောအခါ​မျှ ကျေနပ်​ရောင့်ရဲမှု​မရှိကြောင်း အသိအမှတ်ပြု​ခဲ့​၏။ သူ​ဤသို့​ပြော​ခဲ့​သည်– “လို​ဘ​ကြီး​သူကို ဘယ်အရာ​က​မျှ ကျေနပ်​ရောင့်ရဲ​စေနိုင်​စွမ်း​မရှိ​ချေ။” ၂၀ ရာစု အတွေးအခေါ်​ပညာရှင် အဲရစ်​ခ်ျ ဖ​ရော​မ်​သည်လည်း ထို​နည်းတူ​သုံးသပ်​ပြ​ခဲ့​သည်– “လို​ဘ​သည် လိုအပ်ရာ​ကို အတော​မ​သတ်​နိုင်အောင် ရေ​ကုန်​ရေ​ခန်း​ကြိုးစား ဖြည့်ဆည်း​သော်လည်း အားအင်ကုန်ခန်း​ရုံ​သာ​ဖြစ်စေ​သည့် အဆုံးမဲ့​တွင်း​နှင့်​တူ​၏။” လို​ဘ​ကြီးခြင်း​နှင့် ဖြုန်းတီးခြင်း​တို့ကို ရှောင်ရှား​ခြင်း​အပြင် လူများစွာ ရွေးချယ်​လုပ်ဆောင်ကြ​သည့် အကျိုးပြု​နည်းလမ်း​အချို့​ရှိသည်။

ဝေမျှ​ရန် သင်ယူပါ

အသုံးပြုနိုင်​သေး​သည့် ပစ္စည်း​များ​ကို မ​လွှင့်ပစ်​မီ ဝမ်းမြောက်​ဝမ်းသာ​လက်ခံ​ယူ​မည့်​သူကို စဉ်းစား​ကြည့်​ပါ။ ဥပမာ၊ သားသမီး​များ​၏​အဝတ်အစား​များ မတော်​တော့​သည့်​အခါ ယင်း​တို့သည် တခြား​ကလေး​များ​အတွက် ကောင်းစွာ​အသုံးတည့်​နိုင်​သေး​သလော။ တစ်ချိန်က​လောက် အသုံးမပြု​တော့​သော်လည်း တန်ဖိုး​ရှိနေသေး​သည့် တခြား​ပစ္စည်း​များ​ကို​ကော ထို​နည်းတူ​ပြု​နိုင်​မည်​လော။ သင့်​အား ရွှင်လန်းစေသည့် ပစ္စည်း​တစ်ခု​ကို သူတစ်ပါး​အား လက်ဆင့်ကမ်း​ပေးခြင်း​ဖြင့် ရွှင်လန်းမှု​ကို မျှဝေပါ။ အမေရိကန်​ဟာသ​စာရေး​ဆရာ မာ့ခ် တွိန်း​သည် တစ်ချိန်က ဤသို့​ရေးခဲ့​ဖူး​သည်– “ရွှင်လန်းမှု​၏​တန်ဖိုး​ကို အပြည့်အဝ​ခံစားရ​ရန် ယင်းကို​ခွဲခြမ်း​ဝေမျှ​ဖို့ နောက်​တစ်ဦး​ကို သင်လို​အပ်​သည်။” ရွှင်လန်းမှု​ကို ဝေမျှပေး​ခြင်း​ဖြင့် ရွှင်လန်းမှု​နှစ်ဆ​ပွား​စေ​ကြောင်း သင်​တွေ့ကြုံ​ခံစား​ခဲ့​ဖူး​ပေ​လိမ့်​မည်။ ထို့​ပြင်၊ သင်သည် ဤသို့​ဝေမျှခြင်း​အားဖြင့် တစ်ခါ​သုံး​သဘောထား​၏ ဆိုးကျိုး​များ​ကို ဟန့်တား​ရာ​ရောက်​သည်။

သူတစ်ပါး​အား ဝေမျှပေး​ခြင်း​သည် သမ္မာကျမ်းစာ​က အလွန်အမင်း​ထောက်ခံ​ထားသော မွန်မြတ်​သည့်​အကျင့်​တစ်ခု​ဖြစ်၏။ (လုကာ ၃:၁၁; ရောမ ၁၂:၁၃; ၂ ကောရိန္သု ၈:၁၄၊ ၁၅; ၁ တိမောသေ ၆:၁၈) ကမ္ဘာ​သူ​ကမ္ဘာ​သား​အားလုံး​သည် တလိုတလား​ဝေမျှ​မည်​ဆိုလျှင် မည်မျှ​ကောင်း​လိုက်​မည်​ဖြစ်​ခြင်း!

လိုအပ်ရာ​များနှင့် ရောင့်ရဲ​ပါ

ရောင့်ရဲတတ်​သူသည် ပျော်ရွှင်သော​သူ​ဖြစ်၏။ ယင်း​စကား​သည် အမြဲတမ်း​မှန်ကန်​သည်။ ဂရိ​စကားပုံ​တစ်ခု​က ဤသို့​ဆို​သည်– “နည်းနည်းလေး​နှင့် မရောင့်ရဲ​တတ်​သူကို မည်သည့်​အရာ​က​မျှ ရောင့်ရဲ​စေနိုင်​မည်​မဟုတ်။” ထို့​ပြင် ဂျပန်​ဆိုရိုး​စကား​က ဤသို့​ဆို​သည်– “ရောင့်ရဲမှု​မရှိသော​သူသည် ဆင်းရဲ​၏။” သမ္မာကျမ်းစာ​က​လည်း ရောင့်ရဲမှု​ကို လွန်​စွာ​ချီးမွမ်း​ထား​သည်။ ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရသည်– ‘ရောင့်ရဲသော​စိတ်ပါ​လျှင်၊ ဘုရားသခင်​ဝတ်၌ မွေ့လျော်ခြင်း​သည် ကြီးစွာ​သော​အကျိုး​စီးပွား​မှန်​၏။ အကြောင်း​မူ​ကား၊ ငါ​တို့သည် ဤ​လောက​ထဲ​သို့ အဘယ်အရာမျှ​မပါဘဲ​လာ​သည်​ဖြစ်၍ ထွက်သွား​လျှင်​လည်း၊ အဘယ်အရာကို​မျှ​ယူ၍ မသွား​နိုင်​ဟု ထင်ရှား​လျက်​ရှိ၏။ သို့​ဖြစ်၍ စား​ရန်၊ ဝတ်​ရန်​ရှိသမျှ​နှင့် ရောင့်ရဲ​လျက်​နေကြ​ကုန်​အံ့။’—၁ တိမောသေ ၆:၆-၈; ဖိလိပ္ပိ ၄:၁၁

မှန်ပါသည်၊ ရှိသမျှ​နှင့် ရောင့်ရဲတတ်​ရန် “စိတ်​သဘောထားကို အကြီးအကျယ်​ပြောင်းလဲ” ဖို့​လို​သည်။ အမျိုးသမီးငယ် ဆူ​ဇန်​နာ​သည် ထို​ကဲ့သို့​ပြောင်းလဲ​ဖို့​လို​ကြောင်း မကြာမီ​က နားလည်​သဘောပေါက်ခဲ့​သည်။ သူ​ဤသို့​ဆို​ခဲ့​သည်– “လိုချင်​တိုင်း မရ​နိုင်​တဲ့​အတွက် ရှိတာ​လေး​နဲ့ နေတတ်အောင် ကျွန်မ​ဆုံးဖြတ်​လိုက်တယ်။ အခု​ဆိုရင် ကျွန်မ​ဟာ စိတ်​ချမ်းသာ​ပြီး ရောင့်ရဲတတ်​နေပြီ။”

ကျေနပ်​ရောင့်ရဲမှု​သည် ပျော်ရွှင်မှု​အမှန်​ရရှိစေ​၏။ အိုမင်း​ခြင်း​ဘာသာရပ်​ဆိုင်ရာ ဘူလ်​ဂေး​ရီး​ယန်း​ပညာရှင် ပါမောက္ခ​အာရ်​ဂီ ဟာ​ဂျီ​ခ်​ရီ​စ်​တီ​ဖ်​က ဤသို့​ဆို​သည်– “ဦးဆုံး​အနေ​နဲ့​ပြော​ရ​ရင် အခြေခံကျ​တဲ့ မကောင်းမှု​ဟာ ရှိတာ​နည်းနည်းနဲ့ မရောင့်ရဲ​တတ်​ခြင်း​ပဲ။” ရောင့်ရဲတတ်​ခြင်း​၏ ကျန်းမာ​ရေး​အကျိုးဆက်ကို ရည်ညွှန်း​၍ သူ​ဤသို့​ထပ်ဆင့်​ဆို​သည်– “အိမ်နီးချင်း​ထက် သာအောင်၊ ရှိသည်​ထက်​ရှိအောင် မကြိုးစား​တဲ့​သူဟာ ပြိုင်ဆိုင်မှု​မရှိတဲ့​အတွက် ဖိစီးမှု​ဒဏ်​မခံစားရဘူး။ အာရုံကြော​အတွက်​လည်း ကောင်းတယ်။”

အမှန်​ဆို​သော် တစ်ခါ​သုံး​ပစ္စည်း​သုံးလေ့​ရှိသည့် လူ့​ဘောင်​သည် စစ်မှန်သော​ပျော်ရွှင်မှု​ကို ဘယ်​သောအခါ​မျှ ဆောင်ကြဉ်း​ပေး​နိုင်​မည်​မဟုတ်​ချေ။ တစ်ခါ​သုံး​စိတ်ထား​သည်လည်း ထပ်တူ​ပင်​ဖြစ်၏! သဘောပေါက်​စ​ပြုသူ များသည်ထက်​များ​လာ​နေကြောင်း သိသာ​ထင်ရှား​သည်။ အသင်​ကော။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

အစားအသောက်​ဖြုန်းတီးခြင်း​ကို မည်သို့​ရှောင်​ရမည်ကို သားသမီး​များ သိရှိဖို့​လို

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ယေရှုသည် ဖြုန်းတီးခြင်း​ကို​ရှောင်​ရာ​တွင် ပုံသက်သေ​ကောင်း​ပြ​ခဲ့

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

သင် အသုံးမပြု​လို​သော​ပစ္စည်း​ကို လွှင့်ပစ်​မည့်​အစား တခြား​သူကို ပေး​ပါ​လေ