မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖြေရှင်းနည်းရှိသလော

ဖြေရှင်းနည်းရှိသလော

ဖြေရှင်း​နည်း​ရှိသလော

မလိုချင်​သော​ပစ္စည်း​တစ်ခု​ကို သင်​မည်သို့​ပြုသင့်​သနည်း။ “လွှင့်​သာ​လွှင့်ပစ်လိုက်” ဟု​လွယ်လွယ်လေး​နှင့် အဖြေပေး​လိမ့်​မည်။ သို့သော် စွန့်ပစ်​ပစ္စည်း​များ​ကို လွှင့်ပစ်ခြင်း​မှာ ဤမျှ​လောက်​အမြဲတမ်း​မလွယ်ကူ​ပေ။ မည်သည့်​နေရာတွင် လွှင့်ပစ်​မည်​နည်း။ ပင်လယ်ထဲ ပစ်ချ​လိုက်​သော ပုလင်း​တစ်လုံး ကျေ​ပျက်​ရန် နှစ်ပေါင်း ၁,၀၀၀ ကြာ​လိမ့်​မည်​ဟု အီတလီ​ပတ်ဝန်းကျင်​အဖွဲ့​တစ်ဖွဲ့​က ခန့်မှန်း​၏။ ယင်း​နှင့်​ခြားနား​စွာ စက္ကူ​ပါး​များ​မှာ​မူ သုံးလ​တည်း​နှင့် ကျေ​ပျက်​သွား​လိမ့်​မည်။ စီးကရက်​တို တစ်​တို​သည် ငါး​နှစ်အထိ; ပလတ်စတစ်

အိတ်များ​သည် ၁၀ နှစ်​မှ အနှစ် ၂၀ အထိ; နိုင်လွန်​ပစ္စည်း​များသည် အနှစ် ၃၀ မှ​အနှစ် ၄၀ အထိ; ဘူးခွံ​များသည် အနှစ် ၅၀၀ အထိ; ပလတ်စတစ်​ဖော့​ဖြူ​သည် အနှစ် ၁,၀၀၀ အထိ ပင်လယ်ရေ​ကို ညစ်ညမ်း​စေ​သည်။

ဤသို့​သော​အမှိုက်​သ​ရိုက်​များသည် အလွန့်အလွန်​များပြား​လာ​သည်။ ယခု​အခါ ဈေးကွက်​တွင် ရောင်းချ​စ​ရာ မြောက်မြားစွာ​ရှိနေပြီး ကြော်ငြာ​လောက,က​လည်း ယင်း​တို့အားလုံး​ကို ကျွန်ုပ်​တို့​လိုအပ်​သည်​ဟု ယူမှတ်​စေ​လို​၏။ ဗြိတိသျှ​သတင်းစာ သည်​ဂါးဒီးယန်း​က အတိုချုပ်​ဤသို့​ဆို​သည်– “ကြော်ငြာ​ရှင်​များသည် ကျွန်ုပ်​တို့​တစ်ခါမျှ​မသိ​ရှိခဲ့​သည့် လိုအပ်ရာ​များ​ကို သိရှိ​စေ​သည်။” အမှန်​မှာ ပစ္စည်း​အသစ်များ​ကို လက်လွတ်​သွား​မည်​စိုး​၍ နောက်ဆုံး​ပေါ်​ပစ္စည်း​များ ဝယ်ယူ​ကြ​ရန် တိုက်တွန်း​နေခြင်း​ဖြစ်သည်။ ကြော်ငြာ​ဝေါဟာရ​တွင် “အသစ်” ဟူသည် “သာလွန်​ကောင်းမွန်​ခြင်း” ဟု​အဓိပ္ပာယ်​ရပြီး “အဟောင်း” မှာ​မူ “အဆင့်​မရှိ၊ ခေတ်​နောက်ကျ​ခြင်း” ဟု​အဓိပ္ပာယ်​ရသည်။

သို့​ဖြစ်၍ ပစ္စည်း​အဟောင်း​ကို ပြုပြင်​မည့်​အစား အသစ်​ကို ဝယ်ယူ​ရန် ကျွန်ုပ်​တို့ တိုက်တွန်း​ခံ​ရလေ့​ရှိသည်။ ပစ္စည်း​အဟောင်း​ကို ပြုပြင်ခြင်း​ထက် အစားထိုး​လိုက်ခြင်း​သည် ပို​၍​လက်တွေ့ကျ​ပြီး ချွေတာ​ရာ​ရောက်​သည်​ဟု ဆင်ခြေပေး​ကြသည်။ ထိုသို့​ဆင်ခြေပေး​ခြင်း​သည် တစ်ခါတစ်ရံ မှန်ကန်​၏။ သို့သော် အဟောင်း​ကို လွှင့်ပစ်ခြင်း၊ အသစ်​နှင့်​အစားထိုး​ခြင်း​သည် အကုန်အကျ​များ​ပြီး အပို​ဖြစ်နေ​တတ်​သည်။

မျက်မှောက်ခေတ် ကုန်​ပစ္စည်း​များစွာ​ကို တစ်ခါ​သုံး​ပုံစံ​ဖြင့် ထုတ်လုပ်​ထား​ကြသည်။ ဈေးဝယ်​သည့်​အခါ သတိပြု​ရမည့်​အချက်​တစ်ချက်​မှာ ကုန်​ပစ္စည်း​များသည် ပြုပြင်​ရ​ခက်​ခြင်း​ဖြစ်၏။ ဂျာမန်​စားသုံးသူ​မဂ္ဂဇင်း​တစ်စောင်​က ဤသို့​မှတ်ချက်​ပြု​သည်– “ကုန်​ပစ္စည်း​တစ်ခု​သည် ကြာရှည်​မခံ​ပါ။ မ​နေ့​က ‘ခေတ်​စား​သော’ ပစ္စည်း​သည် ယနေ့​အတွက် ‘ခေတ်​နောက်ကျ’ သွားပြီး အမှိုက်ပုံ​ထဲ ရောက်သွား​တတ်၏။ သို့ဖြင့် အဖိုးတန်​ကုန်​ကြမ်း​ပစ္စည်း​များသည် နေ့စဉ်​နှင့်​အမျှ တန်ဖိုး​မဲ့​အမှိုက်​သ​ရိုက်​ဖြစ်သွား​တတ်​သည်!”

စိတ်ကူး​ပေါက်​ရာ​ဝယ်ယူ​သော ပစ္စည်း​အားလုံး​သည် သုံးစွဲ​သူ​အတွက် အမှန်တကယ် အကျိုးပြု​သလော။ အမှန်စင်စစ် အကျိုး​ခံစားရ​သူများ​မှာ ဝင်ငွေ​များများ​ရရှိ​ရေး​အတွက် ရောင်းဝယ်​ဖောက်​ကား​သူများ​ဖြစ်​ကြသည်။ ဆွီစ္စ​အပတ်စဉ်​သတင်းစာ ဒီ ဗီ​ဝေါ့ခ်ျ​က ဤသို့​ဖော်ပြ​သည်– “အကယ်၍ လူတိုင်း​သည် သူတို့၏​ပရိဘောဂ​နှင့် ကား​ကို တစ်သက်လုံး​အသုံးပြု​သွား​မည် သို့​မဟုတ် လက်ရှိ​အသုံးပြု​သော​သက်တမ်း​ထက် နှစ်ဆ​တိုး၍ အသုံးပြု​သွား​မည်​ဆိုလျှင် စီးပွားရေး​ကျဆင်း​သွား​မည်​မှာ သေချာ​သည်။” စီးပွားရေး​ကျဆင်း​သွား​မည့်​အပြင် ယင်းက သုံးစွဲ​သူများ​အား​လည်း အလုပ်​လက်မဲ့​ဖြစ်စေ​မည်။ သို့​ဖြစ်၍ အမှိုက်ပုံ​ကြီး​နှင့်​ပတ်သက်​၍ ဖြေရှင်း​နည်း​အချို့​ကား အဘယ်နည်း။

စွန့်ပစ်​သလော ပြုပြင်​အသုံးပြု​သလော သို့​မဟုတ် လျှော့ချ​သလော

စက်​မှု​နိုင်ငံ​အချို့​သည် သူတို့၏​စွန့်ပစ်​ပစ္စည်း​များ​ကို ဖွံ့ဖြိုးဆဲ​နိုင်ငံ​များ​တွင် စွန့်ပစ်​လိုက်ခြင်း​ဖြင့် အလွယ်တကူ​ဖြေရှင်း​ကြသည်။ ဥပမာ၊ အစီရင်ခံစာ​တစ်ခု​က “နိုင်ဂျီးရီးယား​နိုင်ငံ​ရှိ ညစ်ညမ်း​မြေ​တစ်​ကွက်​တွင် အဆိပ်​ရှိ​ဓာတု​ပစ္စည်း တန်​ချိန်​ပေါင်း ၃,၅၀၀ သည်​သံချေး​တက်​ပေါက်​ပြဲ​နေသော​စည်ပိုင်း ၈,၀၀၀ ကျော်​မှ ယို​စိမ့်ထွက်​ကာ မြေဆီလွှာ​နှင့် မြေအောက်​ရေ​တို့ကို အဆိပ်သင့်​စေ​နေသည်” ဖော်ပြ​၏။ ဤ​ကဲ့သို့​အမှိုက်ပစ်​ခြင်း​သည် လက်တွေ့ကျ​ဖြေရှင်း​နည်း​မဟုတ်သလို သူတစ်ပါးကို မလေးမစား​ပြုမူ​ဆက်ဆံ​ရာ​လည်း ရောက်​ပေမည်။

မလိုချင်​သော​ပစ္စည်း​များ​ကို လွှင့်ပစ်​မည့်​အစား ထပ်မံ​အသုံးပြုရန် ပြန်လည်​ပြုပြင်​လျှင်​ကော အသို့နည်း။ ဤ​အစီအစဉ်များ​တွင် တချို့​ဒေသ​များ​၌ တရား​ဥပဒေ​ပြဋ္ဌာန်း​ထားပြီး​သည့်​အတိုင်း သုံးစွဲ​သူများ​က သူတို့၏​စွန့်ပစ်​ပစ္စည်း​များ​ကို အမျိုးအစား​လိုက် ခွဲခြား​ပစ်​ဖို့​လို​သည်။ စက္ကူ၊ ကတ်​ထူ​ပုံး၊ သတ္တု၊ ပုလင်း​နှင့် ဇီဝ​စွန့်ပစ်​ပစ္စည်း​များ​အစ​ရှိသော အမှိုက်​တို့ကို အမျိုးအစား​အလိုက် ခွဲခြား​ထား​ရန် အာဏာပိုင်​များ​က တောင်းဆို​ကြ​ပေမည်။ ပုလင်း​များ​ကိုလည်း အရောင်​အလိုက် ခွဲထား​ရ​ပေမည်။

ပြန်လည်​ပြုပြင်​အသုံးပြုခြင်း​သည် အကျိုးများစွာ​ရှိသည်​မှာ ထင်ရှား​ပါ​သည်။ ကမ္ဘာ​ဂြိုဟ်​ကို​ကယ်တင်​ရေး​ရက် ၅၀၀၀ စာအုပ်​က ဒန်​သတ္တု​ကို ပြန်လည်​စီမံ​အသုံးပြုခြင်း​သည် “စွမ်းအင်​များစွာ​ကို အကုန်​သက်သာ​စေ” ပြီး “ဘော​က်​ဆိုက်​သတ္တု​ကို တူးဖော်​ခြင်း​ကြောင့် ဖြစ်ပေါ်​သည့် ပတ်ဝန်းကျင်​ပျက်စီးမှု​ကို လျော့နည်းစေ” နိုင်​သည်​ဟု ဖော်ပြ​၏။ ထို​စာအုပ်​က ဤသို့​အကျယ်ချဲ့​ဖော်ပြ​ပေး​သည်– “ထပ်တူ​စက္ကူ​ပမာဏ​အတိုင်း​ထွက်​ရှိ​ရန် ပြန်လည်​စီမံ​အသုံးပြု​လျှင် စွမ်းအင်​တစ်ဝက်​နှင့် ရေ​ဆယ်​ပုံ​တစ်​ပုံ​သာ ကုန်ခန်း​သည်။ . . . စွန့်ပစ်​ပစ္စည်း​များစွာ​ကို စုသိမ်း​ပြီး ပြန်လည်​ပြုပြင်​အသုံးပြုနိုင်​၏။ . . . စက်​မှု​လုပ်ငန်းများ​သည် မိမိတို့၏​စွန့်ပစ်​ပစ္စည်း​များ​ကို ပြန်လည်​အသုံးမပြု​နိုင်​လျှင်​ပင် အခြားသူများ အသုံးပြုရန် ယင်း​တို့ကို ပြုပြင်​ပြောင်းလဲ​ပေး​နိုင်သော​အခါ​များ​ရှိသည်။ . . . ဟော်​လ​န်​နိုင်ငံ​တွင် ၁၉၇၀ ပြည့်လွန်​နှစ် အစောပိုင်းကတည်းက စွန့်ပစ်​ပစ္စည်း​လဲလှယ်​မှု​ကွန်ရက်​တစ်ခု​ကို အောင်မြင်စွာ လုပ်ဆောင်​လျက်​ရှိသည်။”

အမှိုက်ပစ်​ရန် နည်းလမ်း​ရှာကြံ​နေ​မည့်​အစား အစ​ကတည်းက အမှိုက်​တားဆီးရေး​ကို အခြား​အာဏာပိုင်​များ​က ပိုမို​အလေးပေး​လျက်​ရှိသည်။ အထက်တွင်​ဖော်ပြ​ထားသော စာအုပ်​က “တစ်ခါ​သုံး​စနစ်​မှ . . . စွန့်ပစ်​ပစ္စည်း​လျော့နည်းစေ​ပြီး ယင်း​၏​ရင်းမြစ်​များ သုံးစွဲ​နေ​မှု​ကို လျှော့ချ​စေသည့် ထိန်းသိမ်း​စောင့်ရှောက်ရေး လူ့​ဘောင်​သို့ ဦးတည်​စေဖို့​ဆိုလျှင် အရေးတကြီး လုပ်ဆောင်ရန် လို​နေသည်” ဟု​သတိပေး​သည်။

သို့သော် “တစ်ခါ​သုံး​စနစ်​ကို​ရှောင်” လို​သူများ​သည် ဝယ်ယူ​ထားသော ကုန်​ပစ္စည်း​များ​ကို တတ်နိုင်​သရွေ့ ကြာကြာ​အသုံးပြုပြီး ပြုပြင်၍​မရနိုင်​တော့​မှ​သာ လွှင့်ပစ်​လို​စိတ်​ရှိ​ရ​ပေမည်။ မလိုချင်​သော်လည်း အသုံးပြုနိုင်​သေး​သည့် ပစ္စည်း​များ​ကို​မူ အသုံးပြု​မည့်​သူအား ပေး​လိုက်ရမည်။ “ပစ်​မည့်​အစား အသုံးပြု” ဟူသော​မူကို အမြဲ​လိုက်လျှောက်​သော အိမ်ထောင်စု​တစ်စု​သည် သာမန်​အိမ်ထောင်စု​က လွှင့်ပစ်​သော​အမှိုက်​ထက် ၇၅ ရာခိုင်နှုန်း လျော့နည်းစေ​သည်​ဟု ဂျာမန်​အော့​ကို​အင်​န်​စ​တီ​ကျူ​တ် (အသုံးချ​ဂေဟဗေဒ​ကျောင်း) ၏​ဒါ​မ်​စ​တာ​တ်​ဌာန​က ခန့်မှန်း​၏။

သို့သော် အိမ်ထောင်စု အတော်များများ​သည် ဤ​မူကို လိုက်နာ​ကြ​မည်​လော။ လိုက်နာ​နိုင်​ဖွယ်​မရှိ​ချေ။ လူသား​တို့၏​အမှိုက်​ပြဿနာ​သည် ကြီးကျယ်​သော​ငြင်းခုံ​စ​ရာ​တစ်ခုမျှသာ ဖြစ်နေ​သည်။ ယနေ့ တစ်ခါ​သုံး​ပစ္စည်း​သုံးလေ့​ရှိသည့် လူ့ဘောင်တွင် တစ်ခါ​သုံး​စိတ်ထား ခံယူ​လာ​သူများ များသည်ထက်​များ​လာ​ကြသည်။ ထို​စိတ်ထား​နှင့် ဖြစ်ပေါ်​စေနိုင်​သည့် အစွန်းရောက်မှု​အချို့​ကို ဆန်းစစ်​ကြည့်​ကြ​စို့။

တစ်ခါ​သုံး​စိတ်ထား​၏ အန္တရာယ်များ

တစ်ခါ​သုံး​စိတ်ထား​သည် အသေးအဖွဲ​ဖြုန်းတီးမှု​ထက် မ​က​တော့​ချေ။ ယင်းက တန်ဖိုး​မထားတတ်​သည့်၊ အဆင်​အ​ခြင်​မဲ့သည့်​သဘောကို ဖြစ်ပေါ်​စေနိုင်​သဖြင့် မတို့ထိ​ရ​သေး​သော အစားအစာ​နှင့် အခြား​ပစ္စည်း မြောက်မြားစွာ​ကို ဖြုန်းတီး​တတ်လာ​ကြ​မည်။ ကိုယ့်​ကိုယ်ကို​သာ​အာရုံစိုက်​ပြီး ပေါ်ပင်​များ​ကို နှစ်သက်​ကာ အဟောင်း​များ​ကို မနှစ်သက်​သူများ​သည် ကောင်း​နေ​သေး​သော အဝတ်အစား​များ၊ ပရိဘောဂ​နှင့် တခြား​ပစ္စည်း​များ​ကို အသစ်များ​နှင့် အစားထိုး​လို​စိတ် အမြဲ​ရှိနေ​တတ်​ပေမည်။

သို့ရာတွင် တစ်ခါ​သုံး​စိတ်ထား​သည် အရာ​ဝ​တ္တု​များ​လောက်​နှင့် မပြီး​နိုင်​သေး​ချေ။ စွန့်ပစ်​အိမ်ထောင်​ပစ္စည်း​များ အသုံးပြုခြင်း​ကို အဓိက​ထား​သုံးသပ်​ခဲ့​သော ဂျာမန်​လေ့လာမှု​တစ်ခု​တွင် မကြာသေးမီ​က ဤသို့​ဖော်ပြ​ခဲ့​သည်– “လိုက်ဖက်​သည်​ဟု ကျွန်ုပ်​တို့​ယူဆ​ထားသော ဧည့်​ခန်း​အသုံးအဆောင်​ကို မကြိုက်​တော့​၍ ငါး​နှစ်​ကြာပြီး​နောက် အသစ်​နှင့်​အစားထိုး​ရန် အဆိုပါ​အသုံးအဆောင်​ကို လွှင့်ပစ်လိုက်​သည်၊ ထို​သဘောတရား​အတိုင်း လူ​တို့​နှင့် ကျွန်ုပ်​တို့​ပြုမူ​ဆက်ဆံ​ကြသည်။ မေးခွန်း​မှာ ကျွန်ုပ်​တို့၏​လူ့​ဘောင်​သည် ယင်းကို မည်မျှ​တိုင် သည်းခံ​နိုင်​မည်​နည်း။” အစီရင်ခံစာ​က ဤသို့​ရှင်းပြသည်– “လူတစ်ဦး​သည် အကောင်းဆုံး​မစွမ်းဆောင်​နိုင်​တော့​သည်​နှင့် ချက်ချင်း​ဆို​သလို အစားထိုး​ခံရ​သည်။ အကြောင်း​မှာ အလုပ်သမား မြောက်မြားစွာ ရရှိနိုင်သော​ကြောင့်​ဖြစ်သည်!”

ယူ.အက်စ်. ဒုတိယ​သမ္မတဟောင်း အဲလ်​ဂိုး​သည် သူ၏ မရေရာ​သော​ကမ္ဘာ​စာအုပ်​တွင် ဤ​မေးခွန်း​ကို ချက်​ကျ​ကျ​မေးခဲ့သည်– “ကျွန်ုပ်​တို့​အသုံး​နေ​ပြုသော ပစ္စည်း​များ​ကို တစ်ခါ​သုံး​များ​အဖြစ် ယူမှတ်​လာ​လျှင် လူသားချင်း​နှင့် ပြုမူ​ဆက်ဆံ​သည့်​အခါ ထို​နည်းတူ သဘောထား​မည်​လော။ . . . ထို​သို့ပြုလျှင် ကျွန်ုပ်​တို့သည် လူတစ်ဦး​ချင်း​စီ​၏ သူ​မတူ​ထူးခြားချက်​ကို တန်ဖိုး​ထား​လေးစားမှု ပျောက်​ဆုံးသွား​ပြီ​လော။”

သူတစ်ပါးကို တန်ဖိုး​ထား​လေးစားမှု​မရှိသူ​များသည် မိတ်ဆွေများ သို့​မဟုတ် အိမ်ထောင်ဖက်​များ​ကို အပြစ်​မရှိဘဲ လွယ်လွယ်​နှင့် အဆက်ဖြတ်​လို​ကြ​ပေမည်။ ထိုသို့​စဉ်းစား​တွေးခေါ်ပုံ​ကို ဝေဖန်​ရာ​တွင် ဂျာမန်​သတင်းစာ ဇွတ်​ဒဝိုက်​ချာ ဇိုင်တွန်​က ဤသို့​ဖော်ပြ​သည်– “ကျွန်ုပ်​တို့သည် အဝတ်အစား​သစ်​များ​ကို တစ်နှစ်,နှစ်ကြိမ်၊ ကား​အသစ်​ကို လေးနှစ်,တစ်ကြိမ်၊ ဧည့်​ခန်း​အသုံးအဆောင်​အသစ်​ကို ဆယ်နှစ်,တစ်ကြိမ် ဝယ်ယူ​ကြသည်; အားလပ်ရက်​ခရီး​ထွက်​မည့်​နေရာ​အသစ်​ကို နှစ်​တိုင်း ရှာဖွေ​ကြသည်; အိမ်၊ အလုပ်အကိုင်၊ စီးပွားရေး​တို့ကို ပြောင်း​နေကြ​သည်—သို့​ဆိုလျှင် ကျွန်ုပ်​တို့၏​အိမ်ထောင်ဖက်​ကို​ကော။”

ယနေ့ လူ​အချို့​သည် ဝန်ထုပ်ဝန်ပိုး​ဖြစ်လာ​သည့် အရာအားလုံး​နီးပါး​ကို စွန့်ပစ်​လို​ပုံ​ရ၏။ ဥပမာ၊ ဥရောပ​နိုင်ငံ​တစ်နိုင်ငံ​တွင် ၁၉၉၉ ခုနှစ်​အတွင်း ကြောင်​ကောင်ရေ ၁၀၀,၀၀၀ နှင့်​ခွေး​ကောင်ရေ ၉၆,၀၀၀ တို့ကို ပိုင်ရှင်​များ​က စွန့်ပစ်​ခဲ့​ကြသည်​ဟု ခန့်မှန်း​ရ၏။ တိရစ္ဆာန်​စောင့်ရှောက်ရေး​ဝါဒီ​တစ်ဦး​က မိမိ၏​နိုင်ငံသား​ချင်း​များသည် “အိမ်မွေး​တိရစ္ဆာန်​တစ်ကောင်​ကို အချိန်​ကြာမြင့်စွာ တာဝန်​ယူ​ပိုင်ဆိုင်​ဖို့ မစဉ်း​စား​ကြ​ပါ။ သူတို့သည် စက်တင်ဘာ​လ​တွင် ခွေး​တစ်ကောင်​ကို ဝယ်ယူ​ကြ​ပြီး [သူတို့ အားလပ်ရက်​အပန်းဖြေ​ခရီး​ထွက်​မည့် နောက်​တစ်နှစ်] ဩဂုတ်​လ​တွင် ခွေး​ကို စွန့်ပစ်​လိုက်​ကြ​မည်။” ထို့​ထက်​ဆိုး​သည်​မှာ တစ်ခါ​သုံး​စိတ်ထား​သည် လူ့​အသက်တာ​သို့ ကူးစက်​လာ​၏။

အသက်ကို တန်ဖိုး​ထား​လေးစားမှု ကင်းမဲ့​ခြင်း

ယနေ့ လူများစွာ​သည် သူတို့၏​အသက်ကို အမှန်တကယ် တန်ဖိုး​ထား​ကြ​ပုံ​မရှိတော့​ချေ။ မည်သို့​အားဖြင့်​နည်း။ ဥပမာ၊ မကြာသေးမီ​နှစ်များ​အတွင်း စွန့်စား​လို​ကြသော လူငယ်များ တဖြည်းဖြည်း​တိုးများ​လာ​ကြောင်း ဥရောပ​မဂ္ဂဇင်း​တစ်စောင်​က မကြာမီ​က​ဖော်ပြ​ခဲ့​သည်။ ယင်းကြောင့် သူတို့သည် သက်စွန့်​ဆံ​ဖျား​အားကစား​များ​တွင် ပါဝင်​လို​ကြသည်​ကို တွေ့မြင်​နိုင်​သည်။ အခိုက်အတန့်​သည်းထိတ်ရင်ဖို​ခံစားရ​စေရန် အသက်တာကို တစ်ခါ​သုံး​စွန့်စား​လို​ကြ​၏! အမြတ်အစွန်း​ရရှိ​ရေး​ကို အာသာငမ်းငမ်း​ဖြစ်နေ​သော စီးပွားရေး​သမားများ​သည် ဤ​ခေတ်​ရေစီးကြောင်း​ကို အမြတ်​ထုတ်​ရန် အခွင့်ကောင်း​ယူ​ကြသည်။ သက်စွန့်​ဆံ​ဖျား​အားကစား​များ​ကို အားပေး​အား​မြှောက်​ပြုသူ​များသည် “လူ့​ကျန်းမာ​ရေး​နှင့် အသက်​ထက် ငွေ​ရရှိ​ရေး​ကို ပို​အလေးပေး​တတ်ကြ​သည်” ဟု​ဂျာမန်​နိုင်ငံရေးသမား​တစ်ဦး​က ဖော်ပြ​ခဲ့​၏။

သန္ဓေသား​၏​အသက်ကို စွန့်ပစ်ခြင်း​နှင့်​ပတ်သက်​၍​ကော အသို့နည်း။ “ကမ္ဘာ​တစ်ဝန်း​တွင် နှစ်စဉ် သန္ဓေသား ၇၅ သန်း​ခန့်​ကို မည်သူကမျှ အမှန်တကယ်​မလိုချင်​ကြ​ပေ။ အမျိုးသမီးများ​စွာ​အတွက် ကိုယ်ဝန်​ဖျက်ချခြင်း​သည် တစ်ခု​တည်း​သော ဖြေရှင်း​နည်း​ဖြစ်၏” ဟု​ကမ္ဘာ့​ကျန်းမာ​ရေး​အဖွဲ့က မှန်းဆ​ဖော်ပြ​သည်။ မွေးဖွားပြီး​နောက်​၌​ပင် နို့စို့​သူငယ်​များ အန္တရာယ်​ကြုံနေ​ကြ​ရသည်။ ဘရာဇီး​သတင်းစာ အို အက်စ်တာ​ဒို ဒီ အက်စ်. ပေါ​လျူ ၏​အဆို​အရ “ကလေး​ငယ်​များ​ကို လမ်းပေါ်တွင် စွန့်ပစ်​ထားခြင်း​သည် တိုးများ​လာ​လျက်​ရှိသည်။” သင်၏​ဒေသ​တွင် ထို​အတိုင်း​ဖြစ်နေ​ပါသလော။

မျက်မှောက်​လောက​ရှိ ကျွန်ုပ်​တို့၏​ဝန်းကျင်​တွင် လူ့​အသက်ကို အမှတ်တမဲ့​လွှင့်ပစ်လိုက်​ရမည့် အပေါ​စား​တန်ဖိုး​မဲ့​ပစ္စည်း​ကဲ့သို့ သဘောထား​တတ်ကြ​သည်။ ရုပ်ရှင် သို့​မဟုတ် ရုပ်မြင်သံကြား​အစီအစဉ် တစ်ခု​တည်း​တွင် “လူဆိုး” အမြောက်အမြား​ကို သတ်ဖြတ်​သည့် “လူစွမ်းကောင်း​များ” ပါရှိ​သော နာမည်ကြီး​အကြမ်းဖက်​ဖျော်ဖြေမှု​၌ ယင်း​သဘောထားများကို ကျွန်ုပ်​တို့​တွေ့ရ​၏။ ငွေ​အနည်းငယ်​အတွက် သို့​မဟုတ် အကြောင်းပြချက်​လုံးဝ​မရှိဘဲ လုယက်​သတ်ဖြတ်​နေသည့် သူခိုး​များ​ကြောင့် ကမ္ဘာ​တစ်ခွင် အကြမ်းဖက်​ရာဇဝတ်မှု အဆက်မပြတ်​တိုးများ​လာ​မှု​တွင် ယင်းကို တွေ့ရ​သည်။ အကြမ်းဖက်​လုပ်ရပ်များ၊ လူမျိုးစု​သန့်စင်မှု​များနှင့် လူမျိုးစု​လိုက်​သတ်ဖြတ်မှု​များ​အပါအဝင် စိတ်နှလုံး​မာကျော​ခက်ထန်​ကာ အစုလိုက်​အပြုံလိုက်​သတ်ဖြတ်​သည့် စိတ်မချ​မ်းမြေ့​ဖွယ်​သတင်း​များ​တွင်​လည်း တွေ့ရ​၏—အဖိုး​မ​ဖြတ်​နိုင်သော​အသက်​များ​ကို အမှိုက်​သ​ရိုက်​ကဲ့သို့ စွန့်ပစ်​နေကြ​သည်။

ကျွန်ုပ်​တို့သည် တစ်ခါ​သုံး​ပစ္စည်း​သုံးလေ့​ရှိသည့် လူ့ဘောင်တွင် အသက်ရှင်​နေထိုင်​ရခြင်း​ကို မလွှဲ​မရှောင်​နိုင်​သော်လည်း တစ်ခါ​သုံး​စိတ်ထား​ကို မခံယူ​မိ​ရန် ရှောင်ကြဉ်​နိုင်​ပါ​သည်။ မျက်မှောက်ခေတ် တစ်ခါ​သုံး​ပစ္စည်း​သုံးလေ့​ရှိသည့် လူ့​ဘောင်​ကို​သာမက ၎င်းနှင့်​ဆက်စပ်​သည့် မနှစ်မြို့ဖွယ်​စိတ်ထား​များ​ကို အောင်မြင်​ကျော်လွှား​ရန် အဘယ်အရာက ကျွန်ုပ်​တို့ကို ကူညီ​ပေး​နိုင်​ကြောင်း နောက်​ဆောင်းပါး​တွင် ဆွေးနွေး​ပါ​လိမ့်​မည်။

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

နေရာ​ဒေသ​များစွာ​တွင် ပြန်လည်​စီမံ​အသုံးပြုရန် အမိန့်​ထုတ်ပြန်​ထား

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

သင်သည် အဝတ်အစား​ကောင်း​များ​ကို လွှင့်ပစ်​၍ အသစ်​ဝယ်​ရန် ပြောင်းလဲ​နေသော ပေါ်ပင်​များ​နောက် တကောက်ကောက် လိုက်နေ​သလော

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

သန္ဓေသား​ကို မြတ်နိုး​သင့်​သည်၊ မစွန့်ပစ်​ပါ​နှင့်

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

အသက်သည် အလွန်​တန်ဖိုး​ရှိ​လှ​၍ သည်းထိတ်ရင်ဖို​ခံစားရ​ရန် သက်စွန့်​ဆံ​ဖျား​မပြု​လုပ်ပါ​နှင့်