ယာဉ်တိုက်မှုများ သင် အန္တရာယ်ကင်း၏လော
ယာဉ်တိုက်မှုများ သင် အန္တရာယ်ကင်း၏လော
“ကျွန်တော် ယာဉ်မောင်းမှတ်တမ်းကောင်းရရှိထားလို့ ယာဉ်တိုက်မှုဖြစ်တာနဲ့ပတ်သက်ပြီး စိုးရိမ်နေစရာမလိုဘူး။” “လူငယ်တွေနဲ့ မဆင်မခြင်မောင်းတဲ့ယာဉ်မောင်းတွေလောက်ပဲ ယာဉ်တိုက်မှုဖြစ်ကြတာပါ။” မိမိတို့သည် မည်သည့်အခါမျှ ယာဉ်တိုက်မှုဖြစ်မည်မဟုတ်ဟု လူအများယူဆကြသည်။ သင်ကော ထိုသို့ယူဆသလော။ သင်သည် ယာဉ်တိုက်မှုပြီးသူလော။
သင်သည် ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံတွင် နေထိုင်ပါက သင့်တစ်သက်တွင် ယာဉ်တိုက်မှုတစ်ခုကြောင့် အနည်းဆုံးတစ်ကြိမ် ထိခိုက်ဒဏ်ရာရနိုင်သည်ဟု စာရင်းဇယားများက ဖော်ပြသည်။ လူအများအတွက် ထိုသို့သောမတော်တဆဖြစ်မှုများသည် သေစေနိုင်၏။ ယခု ကမ္ဘာတစ်ဝန်းတွင် ယာဉ်တိုက်မှုကြောင့် နှစ်စဉ် လူသန်းတစ်ဝက်ကျော် အသက်ဆုံးရှုံးကြရသည်။ လွန်ခဲ့သောနှစ်တွင် အသက်ဆုံးရှုံးခဲ့သူများထဲမှ အများစုသည် မိမိတို့၌ ဘယ်တော့မျှ ထိုသို့ဖြစ်မည်မဟုတ်ဟု ယူဆခဲ့ကြပေမည်။ သင် အန္တရာယ်လျော့နည်းစေရန် အဘယ်အရာပြုလုပ်နိုင်သနည်း။ ကာကွယ်ခြင်းသည် သော့ချက်ဖြစ်၏။ အိပ်ငိုက်ခြင်းနှင့် အိုမင်းခြင်း၏အကျိုးဆက်များကြောင့်ဖြစ်ရသည့် မတော်မဆဖြစ်မှုများအား သင်မည်သို့ကာကွယ်နိုင်ပုံကို သုံးသပ်ကြည့်ပါ။
အိပ်ငိုက်သောယာဉ်မောင်း
အိပ်ငိုက်သောယာဉ်မောင်းတစ်ဦးသည် အရက်မူးနေသောယာဉ်မောင်းတစ်ဦးကဲ့သို့ပင် အန္တရာယ်ရှိနိုင်သည်ဟု ကျွမ်းကျင်သူအချို့ကဆို၏။ အိပ်ငိုက်ခြင်းကြောင့် မတော်မဆဖြစ်မှုများ တိုးများလာသည်ဟု မှတ်တမ်းများကဖော်ပြသည်။ ယာဉ်ထိန်းသိမ်းရေးနှင့် လုံခြုံရေးမှတ်တမ်း သတင်းလွှာက တစ်နှစ်တည်းတွင် နော်ဝေးနိုင်ငံရှိ ယာဉ်မောင်း ၁၂ ဦးလျှင် ၁ ဦးသည် ကားမောင်းနေစဉ် အိပ်ပျော်တတ်ကြကြောင်း မကြာသေးမီကဖော်ပြခဲ့သည်။ တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ထုတ် စတား သတင်းစာအရ ထိုနိုင်ငံရှိယာဉ်တိုက်မှုအားလုံး၏ သုံးပုံတစ်ပုံသည် ယာဉ်မောင်းများ ပင်ပန်းနွမ်းလျခြင်းကြောင့်ဖြစ်သည်။ အခြားတိုင်းပြည်များမှမှတ်တမ်းများက ပင်ပန်းနွမ်းလျမှုသည် နေရာတိုင်းရှိ ယာဉ်မောင်းများအပေါ် အကျိုးသက်ရောက်နေသည်ဟု ဖော်ပြသည်။ အိပ်ငိုက်သောယာဉ်မောင်းများ အဘယ်ကြောင့် ဤမျှများရသနည်း။
မျက်မှောက်ခေတ် အလွန်ဗျာများသောဘဝပုံစံသည် ပြဿနာ၏အကြောင်းရင်းတစ်ခုဖြစ်၏။ အမေရိကန်တို့သည် “[၂၀]ရာစုနှစ်သို့အကူးအပြောင်းကထက် တစ်ညလျှင် အိပ်ချိန် တစ်နာရီခွဲလောက်လျော့နည်းလာရာ အခြေအနေသာ၍ဆိုးလာဖို့အကြောင်းရှိသည်” ဟု နယူးစဝိခ် မဂ္ဂဇင်းကဆို၏။ အဘယ်ကြောင့်နည်း။ အအိပ်ပါရဂူ တယ်ရီ ယန်း၏စကားကို မဂ္ဂဇင်းက ဤသို့ကိုးကားဖော်ပြခဲ့သည်– “လူတို့က အိပ်စက်ခြင်းကို လျှော့ပေါ့၍ပေးနိုင်သည့် ကုန်စည်တစ်ခုအဖြစ် ယူမှတ်ထားကြသည်။ နည်းနည်းသာအိပ်၍ များများလုပ်ကိုင်နိုင်ပါက တိုးတက်မှုရှိ၏ဟု ယူမှတ်ထားကြသည်။”
သာမန်လူတစ်ဦးသည် တစ်ညလျှင် အိပ်ချိန် ၆ နာရီခွဲမှ ကိုးနာရီအထိ လိုအပ်သည်ဟုဆို၏။ အိပ်ရေးမဝသောအခါ လူတို့သည် “အိပ်ချိန်အကြွေး” တင်လာသည်။ ယာဉ်အသွားအလာလုံခြုံရေး အေအေအေ ဖောင်ဒေးရှင်းက ဖြန့်ဝေခဲ့သည့်မှတ်တမ်းတစ်ခုက ဤသို့ဆိုသည်– “ပုံမှန်အလုပ်ဆင်းရက်များတွင် ညစဉ်လိုအပ်သည်ထက် အိပ်ချိန်မိနစ် ၃၀ သို့မဟုတ် ၄၀ လျော့နည်းလျှင်ပင် စနေတနင်္ဂနွေရောက်သော် ၃ နာရီမှ ၄ နာရီအထိ အိပ်ချိန်အကြွေးတင်လာရာ နေ့ဘက်တွင် ပို၍အိပ်ငိုက်လာသည်။”
တစ်ခါတစ်ရံ သင်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မည်မဟုတ်ချေ။ သင်သည် အိပ်မပျော်ခြင်း၊ ဖျားနာသောကလေးတစ်ဦးကိုပြုစုရခြင်း သို့မဟုတ် သင် မထိန်းချုပ်နိုင်သည့် အခြားအကြောင်းများကြောင့် အိပ်ရေးပျက်နိုင်သည်။ နောက်တစ်နေ့ ကားမောင်းနေစဉ် သင်အိပ်ငိုက်လာပေမည်။ ထိုသို့ဖြစ်လာလျှင် သင်ဘာလုပ်သင့်သနည်း။
အခါးရည်သောက်ခြင်း၊ ပြူတင်းပေါက်ဖွင့်ထားခြင်း၊ ပီကေဝါးခြင်း သို့မဟုတ် အနံ့အရသာရှိသောအရာတစ်ခုခုကို စားခြင်းကဲ့သို့သော အများကြိုက်ကုစားနည်းများသည် သင့်အား နိုးကြားမလာစေနိုင်ပေ။ ကုစားနည်းများဟုခေါ်သည့် ဤနည်းတစ်ခုမျှ တကယ့်ပြဿနာကို မပြေလည်စေပါ။ သင်လိုအပ်သည့်အရာမှာ အိပ်
စက်ဖို့သာဖြစ်၏။ ထို့ကြောင့် တစ်မှေးအိပ်စက်ရန်ကြိုးစားပါလေ။ နယူးယောက်တိုင်းမ်စ် က ဤသို့အကြံပြု၏– “အလုပ်ဆင်းရက်များတွင် အားပြန်ပြည့်စေသော တစ်မှေးအိပ်စက်ခြင်းသည် မိနစ် ၃၀ ထက်မကြာသင့်ချေ; ထိုထက်ပိုပါက ကိုယ်ခန္ဓာသည် အိပ်မောကျသွားကာ နိုးကြားဖို့အခက်တွေ့စေသည်။” တစ်မှေးအိပ်စက်ခြင်းသည် သင့်ခရီးပန်းတိုင်သို့ အရောက်နှေးစေသော်လည်း သင့်အသက်ကို ရှည်စေနိုင်သည်။သင်၏ဘဝပုံစံက သင့်အား အိပ်ငိုက်သောယာဉ်မောင်းတစ်ဦး ပိုဖြစ်စေနိုင်သည်။ သင်သည် အင်တာနက်ဖြင့် အချိန်များစွာဖြုန်းနေသလော သို့မဟုတ် ရုပ်မြင်သံကြားကြည့်ခြင်းကြောင့် အိပ်ရာဝင်နောက်ကျသလော။ သင်သည် မိုးလင်းပေါက်ကျင်းပသောမိတ်ဆုံပွဲများသို့ သွားသလော။ ထိုသို့သောအလေ့အထများကြောင့် အိပ်ရေးမပျက်ပါစေနှင့်။ တစ်ခါက ပညာရှိရှင်ဘုရင်ရှောလမုန်သည် “လက်တစ်ဆုပ်စာ အနားယူခြင်း” ပင်လျှင် တန်ဖိုးရှိကြောင်း အလေးပေးဖော်ပြခဲ့သည်။—ဒေ. ၄:၆၊ ကဘ။
အတွေ့အကြုံများသော်လည်း အသက်ကြီးနေပြီ
များသောအားဖြင့် သက်ကြီးယာဉ်မောင်းများသည် လမ်းပေါ်အတွေ့အကြုံ အများဆုံးရှိသူများဖြစ်ကြသည်။ ထို့အပြင် သူတို့သည် သတိရှိကာ မိမိတို့၏အကန့်အသတ်ဖြစ်မှုများကို သိကြသည်။ သို့သော် သက်ကြီးယာဉ်မောင်းများသည် ယာဉ်တိုက်မှုအန္တရာယ်နှင့် မကင်းလွတ်ကြချေ။ အမှန်မှာ သူတို့သည် အသက်အရွယ်ကြောင့် ထိုသို့သောမတော်တဆဖြစ်မှုများ ပို၍ဖြစ်နိုင်သည်။ ကားနှင့်ခရီးသွားလာခြင်း ဟူသော ယူ.အက်စ်. မဂ္ဂဇင်းက ဤသို့ဆို၏– “အသက် ၇၀ ကျော်သူများသည် လူဦးရေ၏ ၉ ရာခိုင်နှုန်းသာရှိသော်လည်း ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးမှုများ၏ ၁၃ ရာခိုင်နှုန်းသည် ၎င်းတို့ပင်ဖြစ်သည်။” ဝမ်းနည်းစရာမှာ သက်ကြီးယာဉ်မောင်းများပါဝင်ပတ်သက်သော ယာဉ်တိုက်မှုအရေအတွက်မှာ တိုးများလာနေသည်။
အသက် ၈၀ ရှိပြီဖြစ်သော မာတဲယ်၏ အကဲဖြတ်ချက်များကို သုံးသပ်ကြည့်ပါ။ * သူသည် လွန်ခဲ့သောနှစ်ပေါင်း ၆၀ ကျော်က ကားစမောင်းခဲ့ကာ ယာဉ်တိုက်မှုတစ်ခါမျှ မဖြစ်ခဲ့ချေ။ သို့သော် အခြားသူများစွာကဲ့သို့ပင် သူသည် မတော်တဆဖြစ်မှု ပိုမိုဖြစ်စေနိုင်သည့် အိုမင်းခြင်း၏အကျိုးဆက်များကို ခံစားနေရသည်။ သူသည် နိုးလော့! အား မကြာသေးမီက ဤသို့ပြောပြခဲ့သည်– “အသက်ကြီးလာသည်နှင့်အမျှ [ကားမောင်းခြင်းအပါအဝင်] ဘဝကဏ္ဍတိုင်းသည် စိန်ခေါ်ချက်တစ်ခုဖြစ်လာသည်။”
ယာဉ်တိုက်မှုအန္တရာယ်လျော့နည်းစေရန် သူအဘယ်အရာပြုလုပ်ခဲ့သနည်း။ “ကျွန်မရဲ့အသက်အရွယ်နှင့်ညီမျှတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို နှစ်ပေါင်းများစွာပြုလုပ်ခဲ့တယ်” ဟု မာတဲလ် ကဆိုသည်။ ဥပမာ၊ သူသည် အထူးသဖြင့် ညဘက်ကားမောင်းချိန်ကို လျှော့ချခဲ့သည်။ ဤသေးငယ်သောပြောင်းလဲမှုက ကားမောင်းခြင်းကိုမစွန့်လွှတ်ရဘဲ မှတ်တမ်းကောင်းတစ်ခုကို ထိန်းသိမ်းထားနိုင်ရန် သူ့အားကူညီပေးသည်။
အိုမင်းခြင်းသည် လူတိုင်းကို ထိခိုက်ကြောင်း ဝန်ခံရန်ခက်ပေမည်။ (ဒေ. ၁၂:၁-၇) ကျန်းမာရေးပြဿနာအမျိုးမျိုးပေါ်ပေါက်ခြင်း၊ တုံ့ပြန်မှုများ ပိုမိုနှေးကွေးလာခြင်းနှင့် စက္ခုအာရုံချို့ယွင်းလာခြင်း စသည့်အရာအားလုံးက အန္တရာယ်ကင်းစွာမောင်းနှင်ရန် အခက်တွေ့စေနိုင်သည်။ သို့သော် အသက်ကြီးခြင်းကိုယ်နှိုက်က ယာဉ်မောင်းတစ်ဦးအား အရည်အချင်းမရှိဟု မဆိုနိုင်စေပါ။ အရေးကြီးသည်ကား ယာဉ်မောင်း၏စွမ်းဆောင်နိုင်မှုဖြစ်၏။ ကျွန်ုပ်တို့၏ ကိုယ်ကာယအစွမ်းအစပြောင်းလဲမှုများကို အသိအမှတ်ပြုခြင်းနှင့် ကျွန်ုပ်တို့၏လုပ်ရိုးလုပ်စဉ်ကို သင့်လျော်သလို ပြုပြင်ပြောင်းလဲပေးခြင်းက ကားမောင်းသည့်အခါ ကျွန်ုပ်တို့၏စွမ်းဆောင်နိုင်မှုကို တိုးတက်စေနိုင်သည်။
သင် သတိပြုမိချင်မှပြုမိမည်ဖြစ်သော်လည်း သင်၏အမြင်အာရုံသည် ပြောင်းလဲနေသည်။ သင် အသက်ကြီးလာသည်နှင့်အမျှ သင်၏မြင်ကွင်းသည် ကျဉ်းလာကာ မျက်ကြောလွှာသည် အလင်းပိုလိုအပ်လာသည်။ သက်ကြီးရွယ်အိုနှင့် ပညာရှိသောယာဉ်မောင်း ဟူသောစာအုပ်ငယ်က ဤသို့ဆို၏– “အသက် ၆၀ ရှိသောယာဉ်မောင်းတစ်ဦးသည် ဆယ်ကျော်သက်တစ်ဦးကဲ့သို့မြင်ရန် အလင်းသုံးဆပိုလိုအပ်ကာ အလင်းမှ အမှောင်သို့ပြောင်းသည့်အခါ နေသားကျရန် အချိန်နှစ်ဆကျော်ကြာမည်ဖြစ်သည်။” ကျွန်ုပ်တို့၏မျက်စိများတွင် ဤပြောင်းလဲမှုများက ညအချိန်ကားမောင်းရန် ခက်ခဲစေနိုင်သည်။
ဟင်နရီသည် အသက် ၇၂ နှစ်ရှိကာ နှစ်ပေါင်း ၅၀ ကျော်တိုင်တိုင် ယာဉ်မောင်းမှတ်တမ်းကောင်းရရှိထားသည်။ သူသည် နှစ်များကုန်လွန်လာသည်နှင့်အမျှ ညဘက်တွင် စူးရှတောက်ပသောအလင်းက ကားမောင်းရန် အခက်တွေ့စေကြောင်း စတင်သတိပြုမိလာသည်။ မျက်စိစစ်ဆေးမှုပြုလုပ်ပြီးနောက် ညဘက်တွင် စူးရှတောက်ပသောအလင်း လျော့နည်းစေရန်စီမံထားသည့် မျက်မှန်အသစ်လိုအပ်ကြောင်း သူသိရှိခဲ့သည်။ “ညဘက်မှာ ကားမောင်းဖို့ အခက်အခဲမရှိတော့ဘူး”
ဟု ဟင်နရီကဆိုသည်။ သူ့အတွက် ဤသေးငယ်သောပြောင်းလဲမှုက ကားမောင်းရာတွင် များစွာထူးခြားမှုရှိစေခဲ့သည်။ မာတဲလ် ကဲ့သို့သော အခြားသူများအတွက်မူ ညဘက် ကားမောင်းခြင်းကို လုံးဝစွန့်လွှတ်ခြင်းဖြင့် ပြဿနာပြေလည်စေနိုင်သည်။အိုမင်းခြင်းသည် လူတစ်ဦး၏တုံ့ပြန်ချိန်ကိုလည်း အကျိုးသက်ရောက်နိုင်သည်။ အသက်ကြီးသူများသည် လူငယ်များထက် ပိုမိုပညာရှိကာ စဉ်းစားချင့်ချိန်တတ်သည်။ သို့သော် လူတစ်ဦးသည် အသက်အရွယ်ရလာလေ အချက်အလက်များထုတ်လုပ်ရန်နှင့် တုံ့ပြန်မှုပြုရန် အချိန်ပိုယူရလေဖြစ်သည်။ ယင်းက ကားမောင်းရာ၌ ပို၍ပင်ခက်ခဲစေ၏၊ အကြောင်းမှာ ယာဉ်အသွားအလာနှင့် လမ်းအခြေအနေများသည် အမြဲပြောင်းလဲနေသောကြောင့်ဖြစ်သည်။ သင့်လျော်သောလုပ်ဆောင်မှုကို အချိန်မီပြုလုပ်မည်ဆိုလျှင် ဤပြောင်းလဲမှုများကို လျင်မြန်စွာအကဲဖြတ်ရမည်ဖြစ်သည်။
“ယာဉ်ကြောထိန်းသောကိရိယာကို အလျင်စလိုကြည့်ခြင်းသည် သက်ကြီးယာဉ်မောင်းများတွင် သေလောက်သောယာဉ်တိုက်မှုများဖြစ်ရသည့် အများဆုံးအကြောင်းရင်းဖြစ်သည်” ဟု ကားနှင့်ခရီးသွားလာခြင်း မဂ္ဂဇင်းက ဖော်ပြသည်။ အဘယ်ကြောင့်နည်း။ ထိုမဂ္ဂဇင်းက ဤသို့ဆက်ဖော်ပြသည်– “ပြဿနာမှာ . . . သက်ကြီးယာဉ်မောင်းတစ်ဦးသည် လမ်းဆုံသို့မောင်းမထွက်မီ လက်ဝဲဘက်နှင့် လက်ယာဘက်ရှိ ပြောင်းလဲနေသောယာဉ်အသွားအလာကို အကဲဖြတ်ရမည့်အခြေအနေများနှင့် ဆက်စပ်နေပုံရသည်။”
တုံ့ပြန်မှုများနှေးကွေးလာခြင်းအတွက် သင် မည်သို့အစားထိုးပြုလုပ်နိုင်သနည်း။ လမ်းဆုံများသို့နီးလာသည့်အခါ သတိထားပါ။ ဆက်မသွားမီ ယာဉ်အသွားအလာကို နှစ်ကြိမ်စစ်ဆေးသည့်အကျင့်ပြုလုပ်ပါ။ အထူးသဖြင့် ကွေ့သည့်အခါတွင် သတိထားပါ။ လမ်းဆုံများတွင်ကွေ့ခြင်းသည် သေစေနိုင်၏၊ အထူးသဖြင့် သင့်လမ်းကြောင်းသည် မျက်နှာချင်းဆိုင်ယာဉ်ကြောများကို ဖြတ်ယူထားလျှင်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၌ အသက် ၇၅ နှစ်ကျော်ရှိသောယာဉ်မောင်းများအတွက် သေလောက်သည့် လမ်းဆုံယာဉ်တိုက်မှုများ၏ ၄၀ ရာခိုင်နှုန်းမှာ လက်ဝဲဘက်ချိုးခြင်းကြောင့်ဖြစ်သည်။ ယာဉ်အသွားအလာလုံခြုံရေး အေအေအေ ဖောင်ဒေးရှင်းက ထိုနိုင်ငံရှိ ယာဉ်မောင်းများအား “သင်သွားလိုရာခရီးကိုဆိုက်ရောက်ဖို့ တစ်ခါတစ်ရံ လက်ယာဘက်သုံးခါချိုးခြင်းဖြင့် လက်ဝဲဘက်သို့တစ်ကြိမ်ချိုးခြင်းကို ရှောင်နိုင်သည်” ဟုအကြံပြုသည်။ သင်သည် မိမိနေထိုင်ရာဒေသအခြေအနေများနှင့်အညီ ထိုမူကို ပြုပြင်ပြောင်းလဲနိုင်သည်။ အချိန်အနည်းငယ်ယူ၍ ကြိုတင်စီစဉ်ခြင်းဖြင့် အန္တရာယ်ရှိပြီး ခက်ခဲသည့်လမ်းဆုံများကို ရှောင်ရှားနိုင်ပါသည်။
ထည့်သွင်းစဉ်းစားရမည့် ဆုံးဖြတ်ချက်
သင်၏ယာဉ်မောင်းစွမ်းရည်များကို အကဲဖြတ်ရန် အဘယ်အရာက သင့်အားကူညီပေးနိုင်သနည်း။ လေးစားခံရသောမိတ်ဆွေ သို့မဟုတ် မိသားစုဝင်တစ်ဦးအား သင်နှင့်အတူစီးစေ၍ သင်၏ကျွမ်းကျင်မှုများကို အကဲဖြတ်ပေးရန် တောင်းဆိုနိုင်သည်။ ထို့နောက် သူတို့ပေးမည့် မည်သည့်အကဲဖြတ်ချက်များကိုမဆို သေသေချာချာနားထောင်ပါ။ သင်သည် စိတ်ချရသောယာဉ်မောင်းသင်တန်းတစ်ခုကို တက်ရန် ဆုံးဖြတ်ကောင်းဆုံးဖြတ်နိုင်သည်။ ယာဉ်မောင်းအသင်းများစွာသည် အထူးသဖြင့် သက်ကြီးယာဉ်မောင်းများအတွက် ရည်ရွယ်၍ သင်တန်းများပေးကြသည်။ ယာဉ်တိုက်မှုမှ သီသီကလေးလွတ်မြောက်သည့်အဖြစ်မျိုး နှစ်ကြိမ် သို့မဟုတ် ထိုထက်မကကြုံရခြင်းက သင်သည် ယခင်ကလောက် ယာဉ်မောင်းကျွမ်းကျင်မှုမရှိတော့ကြောင်း သတိပေးလက္ခဏာတစ်ရပ်ဖြစ်နိုင်သည်။
အမှန်ဆိုလျှင် သင်သည် တစ်ချိန်ချိန်တွင် ကားမမောင်းတော့လျှင် အကောင်းဆုံးဖြစ်ပေမည်။ ယင်းကြောင့် စိတ်မချမ်းမြေ့စရာ ဆုံးဖြတ်ချက်တစ်ခုကို ရင်ဆိုင်ရနိုင်သည်။ အစောပိုင်းကဖော်ပြခဲ့သော မာတဲလ် သည် မကြာမီ တစ်နေ့နေ့တွင် သူ ကားမောင်းရတော့မည်မဟုတ်ကြောင်း သိထားသည်။ ထိုနေ့နီးလာသည်နှင့်အမျှ သူသည် အခြားသူများနှင့်အတူ မကြာခဏလိုက်၍ ကားစီးနေပြီဖြစ်သည်။ အခြားသူတစ်ဦးဦးအား ကားမောင်းခိုင်းရခြင်းကို သူ မည်သို့ခံစားရသနည်း။ “ကားမောင်းလို့ဖြစ်ပေါ်တဲ့ ဖိစီးမှုကိုမခံစားရဘဲ ကားစီးရတာ အရမ်းပျော်ဖို့ကောင်းတယ်” ဟူ၍ဆိုသည်။
ကိစ္စရပ်ကို သေသေချာချာသုံးသပ်ပြီးနောက် သင်သည် အလားတူခံစားရပေမည်။ မိတ်ဆွေတစ်ဦးနှင့်အတူ ဈေးဝယ်ခြမ်းခြင်း၊ ဟိုဟိုဒီဒီသွားလာခြင်း၊ ချိန်းဆိုထားသည့်နေရာများနှင့် အစည်းအဝေးများသို့သွားလာရခြင်းသည် ပို၍ပျော်ရွှင်စရာဖြစ်နိုင်သည်။ မိတ်ဆွေတစ်ဦးသည် သင့်ကားကို မောင်းပေးနိုင်ပေမည်။ ထိုသို့သွားခြင်းသည် တစ်ဦးတည်းသွားခြင်းထက် ပို၍အန္တရာယ်ကင်းကာ ပျော်ရွှင်စရာဖြစ်နိုင်သည်။ ဖြစ်နိုင်လျှင် အများသုံးသယ်ယူပို့ဆောင်ရေးယာဉ်များကို အသုံးပြုခြင်းသည်လည်း လက်တွေ့ကျသောနည်းတစ်နည်းဖြစ်၏။ သင်၏တန်ဖိုးသည် ယာဉ်မောင်းစွမ်းရည်အပေါ် မမူတည်ကြောင်း သတိရပါ။ သင်၏နှစ်လိုဖွယ်အရည်အသွေးများကား သင်၏မိသားစု၊ သင်၏မိတ်ဆွေများ—နှင့် ဘုရားသခင်ရှေ့တွင် သင့်ကို အမှန်တကယ်တန်ဖိုးရှိစေသောအရာများပင်ဖြစ်သည်။—သု. ၁၂:၂; ရောမ ၁၄:၁၈။
သင်သည် အသက်ကြီးသည်ဖြစ်စေ၊ ငယ်ရွယ်သည်ဖြစ်စေ၊ အတွေ့အကြုံရှိသော သို့မဟုတ် အတွေ့အကြုံနုနယ်သော ယာဉ်မောင်းတစ်ဦးဖြစ်စေ ယာဉ်တိုက်မှုအန္တရာယ်များနှင့် မကင်းလွတ်နိုင်ပေ။ ကားမောင်းခြင်းနှင့်ဒွန်တွဲပါလာသည့် ကြီးလေးသောတာဝန်ကို အသိအမှတ်ပြုပါ။ ယာဉ်တိုက်မှုတစ်ခုတွင် ပါဝင်ပတ်သက်နိုင်စရာအကြောင်းများ လျော့နည်းစေရန် ကြိုတင်ကာကွယ်မှုများပြုလုပ်ပါ။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် နောင်ခရီးစဉ်များစွာတစ်လျှောက်တွင် သင့်ကိုယ်သင်နှင့် အခြားသူများကို ကာကွယ်နိုင်ပေမည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 13 ဤဆောင်းပါးရှိနာမည်များကို ပြောင်းထားသည်။
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
အိပ်ရေးဝဝအိပ်ခြင်းဖြင့် သင့်ကိုယ်ခန္ဓာကို “အားဖြည့်” ထားကြောင်း သေချာစေပါ
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
တစ်မှေးအိပ်စက်ခြင်းသည် အနည်းငယ်နှောင့်နှေးစေနိုင်သော်လည်း အသက်များကို ကယ်တင်နိုင်
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
သက်ကြီးယာဉ်မောင်းများသည် အတွေ့အကြုံပိုရှိသော်လည်း အထူးစိန်ခေါ်ချက်များကို ရင်ဆိုင်ကြရ
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
အဖော်တစ်ဦးနှင့် ခရီးသွားခြင်းသည် အကျိုးရှိ၏