မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရုပ်အလှပြင် ခွဲစိတ်ကုသမှုကို ကျွန်ုပ် ခံယူသင့်သလော

ရုပ်အလှပြင် ခွဲစိတ်ကုသမှုကို ကျွန်ုပ် ခံယူသင့်သလော

လူငယ်များ​အမေး . . .

ရုပ်​အလှ​ပြင် ခွဲစိတ်​ကုသမှု​ကို ကျွန်ုပ် ခံယူ​သင့်​သလော

“ကျွန်မ​ရဲ့​နှာခေါင်း​ကို မ​ခွဲစိတ်​ခင်​က လူတွေ​လှောင်ပြောင်​ကြ​လို့ ကျွန်မ​စိတ်​ဆင်းရဲ​လိုက်တာ။ ထူးခြားတဲ့ နှာခေါင်း​မျိုး ကျွန်မ မလိုချင်​ပါ​ဘူး၊ ကျွန်မ​နဲ့​လိုက်ဖက်​တဲ့​နှာခေါင်း​ဆို ပြီး​တာ​ပါ​ပဲ။ ခွဲစိတ်​ကုသ​ပြီး​တော့ ကျွန်မ​စိတ်​ချမ်းသာ​လိုက်တာ၊ လိုအပ်​မယ်​ဆိုရင် ကျွန်မ ထပ်​ပြီး​တော့ ခွဲစိတ်​ကုသ​ခံ​ဦး​မှာ။”—အီလဲန်းနီ။ *

“ဆွဲဆောင်မှု​ရှိတဲ့​ရုပ်သွင်​လို့ လူတွေ စံ​ထား​ရာတွေကို ကျွန်တော်​ဘာလို့ လက်ခံရ​မှာ​လဲ။ ခွဲစိတ်​ပြုပြင်​ထား​တဲ့ ကိုယ်​အင်္ဂါ​တွေ​နဲ့​ဆိုရင် ငွေ​အတု​လို့​ပဲ ကျွန်တော်​ခံစား​ရမှာ။ အစစ်​မဟုတ်ဘူး။”—မက်​တီ​ယေ့စ်။

“လူတိုင်း ကိုယ့်​ဘာသာ​ကိုယ်​ဆုံးဖြတ်​ရမယ်။ တခြားသူ​တစ်ယောက်​အတွက် အကဲဖြတ်​ပေးဖို့​ဆိုတာ တော်​တော်​ခက်​သား​ပဲ။”—မယ်​နူး​ဝယ်​လာ။

“ငါ့​ထက်ပိုပြီး ချောမော​လှပတဲ့​သူဟာ မိတ်ကပ်​လိမ်း​ထား​လို့​ဖြစ်​ရမယ်။” ဂျာမနီ​နိုင်ငံ​တွင်၊ ဟာသ​မြောက်​သော ထို​ဆိုရိုး​စကား​သည် မိမိတို့​ရုပ်​ပုံလွှာ​ကို စိတ်​တိုင်း​မကျ​သူများ မိမိတို့​ကိုယ်ကို ခုခံ​ကာကွယ်​သည့်​အနေ​နှင့် အသုံးပြု​ခဲ့​သည်​မှာ ကြာ​ပေ​ပြီ။ သို့သော် ယခု​ခေတ်တွင် အချို့​သော​နိုင်ငံ​များ​၌ ၎င်း​ဆိုရိုး​စကား​ကို ခေတ်​နှင့်​အညီ ဤသို့​ပြုပြင်​နိုင်​သည်– “ငါ့​ထက် ပို​ပြီး​ချောမော​လှပတဲ့​သူဟာ ခွဲစိတ်​ဓားနဲ့​တွေ့​ထား​လို့​ဖြစ်​ရမယ်။” မှန်ပါသည်၊ ရုပ်​အလှ​ပြင် ခွဲစိတ်​ကုသ​ခြင်း​သည် သာမန်​ကိစ္စ​ဖြစ်လာ​ပေ​ပြီ။

ဆွစ်​သတင်းစာ နီ​ယို ဇူ​ရ​ခဲ ဇိုင်တွန်​က “ချမ်းသာ​ကြွယ်ဝသူ​များ​သာ ရုပ်​အလှ​ပြင် ခွဲစိတ်​ကုသ​သည့်​ခေတ် ကုန်​သွားပြီ” ဟု​ဆို​၍ ဤသို့​ထပ်ဆင့်​ဖော်ပြ​သည်– “ခေတ်​စား​လာသော ခေတ်​ရေစီးကြောင်း​နှစ်ခု​မှာ ရုပ်​အလှ​ပြင် ခွဲစိတ်​ကု​ဆရာဝန်​များ​ကို ရှာဖွေကြ​သော အမျိုးသား များသည်ထက်​များ​လာ​ခြင်း​နှင့် . . . အမျိုးသမီး​ခွဲစိတ်​ပြုပြင်​ခံ​သူများ​မှာ ငယ်​သည်ထက်​ငယ်​လာ​ခြင်း​တို့​ဖြစ်သည်။” ဂျာမနီ​နိုင်ငံ​မှ စစ်တမ်း​တစ်ခု​အရ၊ အသက် ၁၄ နှင့် ၂၉ နှစ်​အကြား​ရှိသူ ၂၀ ရာခိုင်နှုန်း​နီးပါး​မှာ ရုပ်​အလှ​ပြင် ခွဲစိတ်​ကုသမှု​ခံယူ​ပြီး​သူ၊ ကုသမှု​ခံယူ​ရန်​စီစဉ်​ထား​သူ သို့​မဟုတ် ယု​တ်စွ​အဆုံး ကုသမှု​ခံယူ​ရန် စဉ်းစား​ဖူး​သူများ​ဖြစ်​ကြသည်။ * သင့်​မိတ်ဆွေများ၊ ကျောင်းနေ​ဖက်​များ သို့​မဟုတ် ဆွေမျိုး​အချို့​သည် သူတို့၏​ရုပ်သွင်​ကို ခွဲစိတ်​ကု​ဆရာဝန်​လက်ထဲ အပ်​ထား​ကြ​ပေမည်။

အသင်​ကော။ ခွဲစိတ်​ကုသ​ခြင်း​ဖြင့် သင်၏​ရုပ်​ဆင်း​သဏ္ဌာန် တိုးတက်​လှပ​စေဖို့ စိတ်ကူးယဉ်​ဖူး​သလော။ သင့်​နား​များ ကား​ထွက်​နေသည်၊ သင့်​ရင်​သားကြီး​လွန်း သို့​မဟုတ် သေး​လွန်း​သည်၊ သင့်​ဝမ်းဗိုက်​စူ​နေ သို့​မဟုတ် ပေါင်တံ​ကြီး​နေသည် သို့​မဟုတ် သင်၏​နှာခေါင်း​မလှ​ဟု သင်​ခံစား​နေရ​သလော။ သို့​ဆိုလျှင် အသင်​တစ်ဦးတည်း ထိုသို့​ခံစား​နေရ​သည်မဟုတ်​ပါ။ အထက်တန်း​ကျောင်းသူ​တစ်စု​သည် ဂျာမန်​သတင်းစာ​တစ်စောင်​တွင် ဤသို့​ဖော်ပြ​ထားသော ဆောင်းပါး​တစ်ပုဒ်​ကို ရေးသားခဲ့​ကြသည်– “မိမိရဲ့​ကိုယ်ခန္ဓာ​နဲ့​ပတ်သက်ပြီး မကျေမနပ်​ဖြစ်​တဲ့​အချိန်​မျိုးကို မ​ဖြတ်သန်း​ဖူး​တဲ့ ကျွန်မ​တို့​အရွယ်​မိန်းကလေး ခပ်​ရှား​ရှား​ပါ​ပဲ။” ဆွဲဆောင်မှု​ရှိပြီး နှစ်သက်​သဘောကျ​မှု​ရ​လို​ခြင်း​သည် ဓမ္မတာ​ပင်​ဖြစ်သည်။ သို့သော် ခွဲစိတ်​ကုသ​ခြင်း​သည် ဖြေရှင်း​နည်း​ဖြစ်​သလော။

သင့်​ပြဿနာ​များ​ကို ဖြေရှင်း​သည့်​နည်း​တစ်ခု​လော

သင်​သိထား​သော လူငယ်​လူရွယ်​များ​ကို ကြည့်​လိုက်ပါ။ သင့်​အမြင်​၌ အတော်ပင်​လှ​သူ​အချို့​ပါ​နိုင်သော သူတို့​ထဲ​မှ များစွာ​သော​သူတို့မှာ မိမိတို့၏​ရုပ်​ဆင်း​သဏ္ဌာန်​ကို စိတ်​တိုင်း​မကျ​ဖြစ်​ကြ​ကြောင်း​သိရ​လျှင် သင်​အံ့အားသင့်​မည်​လော။ ထိုသို့​ဖြစ်​ဖို့​အကြောင်း​များ​ပါ​သည်။ မေးခွန်း​မှာ သူတို့​အားလုံး လျောက်ပတ်​သော ခွဲစိတ်​ကုသမှု​ခံယူ​သင့်​သည်​ဟု သင်​ထင်​သလော။ သို့​မဟုတ် သူတို့​ထဲ​မှ အများစု​သည် မိမိတို့​ရုပ်ရည်​၏​နှစ်လိုဖွယ်​ရာ​များနှင့် ကျေနပ်​ပျော်ရွှင်​ရန်​သင်ယူ​လျှင် ပို​ကောင်း​မည်​ဟု သင်​ထင်​သလော။ သင့်​အဖြစ်​၌​လည်း အလားတူ​မူကို ကျင့်သုံး​နိုင်​သလော။

အီလဲန်းနီ​၏​မှတ်ချက်​က ဖော်ပြ​သည့်​အတိုင်း အချို့​ကိစ္စ​များ​တွင် ရုပ်​အလှ​ပြင်​ခွဲစိတ်​ကုသ​ခြင်း​သည် လှောင်ပြောင်၊ နှောင့်ယှက်မှု​များ​ကို ဟန့်တား​ပေး​နိုင်​ပါ​သည်။ တစ်ဖက်​တွင်​မူ ရုပ်​အလှ​ပြင်​ခွဲစိတ်​ကုသ​ခြင်း​သည် ပြဿနာ​အားလုံး​ကို​ဖြေရှင်း​သည့်​နည်း မဟုတ်ပါ။ ယင်းသည် လူတစ်ဦး​၏​အသွင်အပြင်​ကို များစွာ​အကျိုး​သက်ရောက်​သော ကျန်းမာ​သည့်​ဘဝ​ပုံစံ​ကို အစားထိုး​ပေးခြင်း​မဟုတ်​သည်​မှာ သေချာ​သည်။ ခွဲစိတ်​ကုသ​သော​ဆရာဝန်​သည် သင့်​ရုပ်သွင်​ကို ပြောင်းလဲ​ပေး​နိုင်​သော်လည်း သင်၏​ကိုယ်​ရည်​ကိုယ်​သွေး​ကို မပြောင်းလဲ​ပေး​နိုင်​ပါ၊ သင်၏​စိုးရိမ်​ပူပန်မှု​များ​ကို မဖယ်ရှား​ပေး​နိုင်​သကဲ့သို့ ကိုယ့်​ကိုယ်ကို​လေးစား​သည့်​စိတ်​ကို မ​တိုး​စေနိုင်​ပါ။

အချို့​သော​ဆေးခန်း​များနှင့် ဆရာဝန်​များသည် သူတို့​မတတ်နိုင်​ရာ​ကို ပြောဆို​တတ်​ကြောင်း​လည်း စိတ်စွဲ​မှတ်ထားပါ။ တစ်နည်း​အားဖြင့် သင်​ပျော်ရွှင်​စေ​ရမည်ဟု သူတို့က​တိ​ပြု​ပုံ​ပင်။ အမှန်​သော် သင်၏​ပျော်ရွှင်မှု​ထက် သင်၏​ငွေ​ကို သူတို့​ပို​စိတ်ဝင်စားခြင်း​ဖြစ်​နိုင်​သည်။ တစ်ဦး​တစ်ယောက်​က ကျသင့်​ငွေပေး​နေ​သမျှ​ကာလပတ်လုံး မလို​အပ်သော၊ အောင်မြင်​ဖို့​အလားအလာ​နည်းသော သို့​မဟုတ် ဘေးမ​ကင်း​သော​ခွဲစိတ်​ကုသမှု​ကို ပြုလုပ်​ပေး​မည့် မ​သ​မာ​သည့်​ဆရာဝန်​အချို့​ရှိ​ခြင်း​သည် ဝမ်းနည်းစရာ​ဖြစ်သည်။

ရေရှည်​အတွက်​စဉ်းစား​ရမည့် ကိစ္စ​တစ်ခု​လည်း​ရှိသည်။ ဥပမာ၊ ၁၆ နှစ်အရွယ်​က သင့်အတွက်​အကျည်းတန်​သော​အရာ​သည် သင့်​အသက် ၂၁ နှစ်​ရောက်​သောအခါ အတော်ပင်​ခြားနား​သွားပေ​မည်။ အလှအပ​ဖန်တီးမှု​ခွဲစိတ်​ဆရာဝန် ဒေါက်တာ အာစ်ဘော့ရှ်​က ဤသို့​ဆို​သည်– “ယေဘုယျ​စည်းမျဉ်း​အရ ဆယ်ကျော်သက်​များ​ကို ရုပ်​အလှ​ပြင်​ခွဲစိတ်​ကုသ​ခြင်း မပြု​လုပ်သင့်​ပေ။ ဆယ်ကျော်သက်​အရွယ်​တွင် ခန္ဓာကိုယ်​အချိုးအစား​နှင့် မိမိ​ကိုယ်ခန္ဓာ​အပေါ် စိတ်ဝင်စားမှု​တို့သည် ပြောင်းလဲ​တတ်​သည်။” ထို့​အပြင် လူငယ်​လူရွယ်​များသည် နောက်ဆက်တွဲ​ခွဲစိတ်မှု​များ ပြုလုပ်​ရဖို့​အကြောင်း​များသည်။ သင့်ကိုယ်​ခန္ဓာ ကြီးထွား​လာ​သည်​နှင့်​အမျှ ခွဲစိတ်​ကုသ​ထားသော​အမာရွတ်​များလည်း ကြီး​လာနိုင်​သည်။

အကုန်အကျ​ကို​တွက်ချက်​ပါ

အရေးကြီးသော​စီမံကိန်း​တစ်ခု​ကို မစတင်မီ ဦးဆုံး အကုန်အကျ​တွက်ချက်​ဖို့ သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့ကို အကြံပြု​သည်။ (လုကာ ၁၄:၂၈) ရုပ်​အလှ​ပြင်​ခွဲစိတ်​ကုသ​ခြင်း​သည် ကုန်ကျ​စရိတ်​များ​လွန်း​သောကြောင့် လူငယ်​အများစု​အတွက် အလျှင်း​မဖြစ်​နိုင်​ချေ။ ထို​ကုန်ကျ​စရိတ်​တွင် နောက်ဆက်တွဲ​စစ်ဆေးမှု​များ—သို့​မဟုတ် လိုအပ်​မည့် အ​ချော​ကိုင်​မှုများ​အတွက် မပါ​သေး​ချေ။

ခွဲစိတ်​ကုသမှု​အတွက် ငွေ​သာမက မိမိတို့​ကျန်းမာ​ရေး​ကို​ပါ ပေးဆက်​ခဲ့​ကြ​သူ အတော်များများ​ရှိသည်။ အမေရိကန် အလှ​ဖန်တီးမှု​ဆိုင်ရာ ရုပ်​ပြင်​ခွဲစိတ်​ပညာ​အဖွဲ့အစည်း​အရ ကျန်းမာ​ရေး​အန္တရာယ်များ​တွင် ခေတ္တမျှ​ရောင်ရမ်းခြင်း၊ သေ​ရာ​ပါ​အမာရွတ်​များ၊ အတွေ့​အထိ​အာရုံ​နှင့် နို့တိုက်​နိုင်စွမ်း​များ ပျောက်ဆုံး​ခြင်း​အပြင် သွေး​ဆုံးရှုံးမှု​လွန်ကဲ​ခြင်း​တို့​ပင် ပါဝင်​သည်။ ဥပမာ၊ အယ်နာ​သည် အဆီ​ထုတ်​ခွဲစိတ်မှု​ပြု​စဉ်​အတွင်း သေလုနီးပါး​ဖြစ်​ခဲ့​သည်။ “အခု ကျွန်မ​ရဲ့​ဝမ်းဗိုက်​မှာ ကြောက်စရာ​အမာရွတ်​တွေ​နဲ့ အ​ချိုင့်​အခွက်​တစ်ခု​ကျန်​နေတယ်” ဟု သူ​ညည်းတွား​သည်။ အဆီ​ထုတ် ခွဲစိတ်​ကုသမှု​များနှင့်​ပတ်သက်​၍ ဂျာမန်​သတင်းစာ​တစ်စောင်​က “ကုသ​နေစဉ် စိုးရိမ်ဖွယ်​ရောဂါ​သစ်​များ​တိုးလာ​သည့်​သတင်း​များ၊ သေဆုံး​သည့်​သတင်း​များ​ပင် စု​ပြုံ​လာ​နေသည်” ဟု​ဖော်ပြ​၏။ အဖော​ထိတ်​ကဲ​န် အွမ်​ရှောင်​ဝ် ဟူသော ကျန်းမာ​ရေး​သတင်း​ကြေညာ​ချက်​ဖော်ပြ​သည့်​အတိုင်း “ခွဲစိတ်​ကုသ​သည်​ဆို​ကတည်းက အန္တရာယ်​ရှိနေပြီ” ဆို​သည်ကို မမေ့​ပါ​နှင့်။ ထို့​ကြောင့် မည်သည့်​ခွဲစိတ်​ကုသမှု​ကို​မဆို မရွေးချယ်​မီ အန္တရာယ်များ​ကို စေ့စေ့စပ်စပ်​တွက်ဆ​ပါ—အထူးသဖြင့် ဆေး​ကုသမှု​နှင့်​မဆိုင်သော ခွဲစိတ်မှု​မျိုး​ဖြစ်သည်။

သင့်ကိုယ်​သင် ဤသို့​လည်း​မေး​နိုင်​ပါ​သည်– ‘ငါ​နဲ့​ပတ်သက်ပြီး ဘယ်လို​သတင်း​မျိုး ထွက်​စေ​မလဲ။ ရုပ်ရည်​ရူပ​ကာ​ကို ဦးစား​ထား​တယ်​ဆို​တဲ့​သတင်း​မျိုး​လား။ ငါ့ရဲ့​ရွေးချယ်မှု​က ရွယ်တူချင်း​တွေ ဒါမှ​မဟုတ် ငါ့ရဲ့​မွေးချင်း​မောင်နှမ​တွေ​ကို ဘယ်လို​အကျိုး​သက်ရောက်​မလဲ။’ *

သင်​ပြုလုပ်​ရသည့်​အကြောင်းရင်း​များ

ထိုသို့​သင်​ပြုလုပ်​ရသည့်​အကြောင်းရင်း​များ​ကိုလည်း အလေးအနက်​ထား စဉ်းစား​သင့်ပါသည်။ ၎င်းတို့ကို နားလည်​ရ​မလွယ်​နိုင်​ပါ။ ဥပမာ၊ သင့်ကိုယ်​သင် ဤသို့​မေး​လို​ပေမည်– ‘အချိုး​မကျတဲ့​ပုံ​ကို အမြဲတစေ​လူတွေ နောက်​ပြောင်​ကျီစယ်​တာ ရပ်သွား​စေ​ချင်​လို့လား။ ဒါမှ​မဟုတ် သူများ​ချီးမွမ်း​တာ​ခံ​ချင်​လို့လား။ ရွယ်တူချင်း​ဖိအား၊ အ​ဆွယ်​ကောင်း​တဲ့​ကြော်ငြာ​တွေ ဒါမှ​မဟုတ် နာမည်ကြီး​အနုပညာရှင်​တချို့​ကြောင့် ငါ့​ရုပ်​ဆင်း​သွင်ပြင်​ကို ပြောင်းလဲ​ချင်​တာ​လား။ မျက်မှောက်ခေတ်​မီဒီယာတွေ​က အကြီးအကျယ်​အားပေး​အား​မြှောက်​ပြု​နေတဲ့ အလှ​သရဖူ​ပိုင်ရှင်​မျိုး​ရနိုင်ဖို့ ငါ​ကြိုးစား​နေတာလား။’

မိမိတို့​ရုပ်ရည်​ကို တိုးတက်​စေခြင်း​က အိမ်ထောင်ဖက်​တစ်ဦး သို့​မဟုတ် လစာ​ကောင်းသော​အလုပ်အကိုင်​တစ်ခု ရှာတွေ့​ဖို့​အခွင့်အလမ်း​များ​နိုင်​သည်​ဟု အချို့​ယူဆကြ​သည်။ သို့သော် အမှန်အတိုင်း​ပြော​ရ​လျှင် သင်​သိထား​သော​အိမ်ထောင်သည်​တိုင်း​သည် ရုပ်​ချော​သူများ​လော။ အလုပ်အကိုင်​ရှိ​သူများ​ကော မည်သို့​နည်း။ ထိုသို့​သော​ရရှိ​မှုများ​သည် ရုပ်ရည်​ရူပ​ကာ​ပေါ် လုံးလုံး​မူတည်​သည်မဟုတ်​ပါ။ ထို့​ထက်​ကား သင်၏​အတွင်း​အရည်အသွေးများ​ထက် သင့်​ရုပ်​ဆင်း​သဏ္ဌာန်​ကို သာ၍​အလေးထား​သော ကြင်ဖော်​အလောင်းအလျာ သို့​မဟုတ် အလုပ်ရှင်​ဖြစ်​မည့်​သူ​အတွက် သင်​ကျ​ခံသည့် ခွဲစိတ်​ကုသမှု​စရိတ်​နှင့် အရဲစွန့်​ရ​မှု​တို့သည် အမှန်ပင်​တန်​၏​လော။

သင်၏​အကြောင်းရင်း​များ​ကို အသေအချာ​ဆန်းစစ်​ကြည့်​စဉ် သင့်​မိဘများ သို့​မဟုတ် ရင့်ကျက်သော​မိတ်ဆွေ​တစ်ဦး​နှင့် သင်၏​ခံစားချက်​များ​ကို​ဆွေးနွေး​ပါ။ သင့်ကိုယ်​ခန္ဓာ​အစိတ်အပိုင်း​တစ်ခု​သည် အမှန်ပင် မနှစ်မြို့ဖွယ်​ကောင်း​သည်​ဟု​ထင်​လျှင် သူတို့၏ ထင်မြင်ချက်​အမှန်​ကို မေးကြည့်ပါ။ ကြည့်မှန်​ကို လုံးလုံး​စိတ်မချ​လိုက်ပါ​နှင့်။ ကျွန်ုပ်​တို့၏​ရုပ်ပိုင်း ချွတ်ယွင်းချက်​များ​ကို ရှုမြင်ပုံ​နှင့်​ပတ်သက်​၍ နာနာ​က ဤသို့​ဆို​သည်– “သူများနဲ့​မတူတဲ့​အမြင်​နဲ့ သင့်ကိုယ်​သင် ကြည့်​တတ်​တဲ့​အတွက်​ကြောင့် ချွတ်ယွင်းချက်​ကို တခြား​သူတွေ​ထက်ပိုပြီး မြင်တတ်​ခြင်း​ဖြစ်တယ်။” အဖြစ်အပျက်​များစွာ​တွင် “ကိုယ်ခန္ဓာ​အစိတ်အပိုင်း​တစ်ခု​သည် အမှန်​ရုပ်ပျက်​ဆင်း​ပျက်​ဖြစ်​နေ၍​မဟုတ်ဘဲ သက်ဆိုင်သူ​အတွက် ယင်းသည် ရုပ်ပျက်​ဆင်း​ပျက်​ဖြစ်​ဟန်​ရှိသောကြောင့်” ရုပ်​အလှ​ပြင်​ခွဲစိတ်​ကုသ​ခြင်း​ကို စဉ်းစား​ကြ​ခြင်း​ဖြစ်သည်​ဟု ဂျာမနီ​နိုင်ငံ၊ လဲ​န်း​ဒို​တက္ကသိုလ်​မှ သုတေသီ​များ​က​ရှင်းပြသည်။

စိတ်ကူး​ရသည်​နှင့် ကောက်ကာငင်ကာ​ဆုံးဖြတ်ချက်​မချ​ဘဲ အကြောင်းရင်း​အားလုံး​ကို စေ့စေ့​ဝေဖန်​သုံးသပ်ပါ။ မည်သည့်​ခွဲစိတ်​ကုသမှု​ကို​မဆို ပြန်​ပြင်​၍​မရ​သော​အရာ​အဖြစ် ရှုမြင်ပါ။ မည်​ကဲ့သို့​ပင်​ဖြစ်စေ​ကာ​မူ သင်သည် ခွဲစိတ်​ကုသမှု​၏​အကျိုးဆက်များ​ကို အချိန်​အတန်ကြာ ခံစား​ရဖို့​ရှိ​မည်။

သင်၏ အရေးအပါဆုံး​အလှ

ရုပ်​လှ​တိုင်း ပျော်​သည်မဟုတ်​ပါ။ ရုပ်ရည်​ရူပ​ကာ​သည် ကိုယ့်​ကိုယ်ကို​လေးစား​သည့်​စိတ်​ကို တိုး​စေနိုင် သို့​မဟုတ် အဟန့်အတား​ဖြစ်စေ​နိုင်​သော်လည်း အမှန်​အရေးပါသော​အရာများ​မှာ သင်၏​ကိုယ်​ရည်​ကိုယ်​သွေး​နှင့် စိတ်သဘောထား​ဖြစ်သည်။ သူကိုယ်တိုင် အသက်​အန္တရာယ်​တွေ့ကြုံ​ရပြီး​နောက် အယ်နာ​ဤသို့​ကောက်ချက်​ချ​ခဲ့​သည်– “အလှအပ​ဟာ အပြင်ပန်း​သဏ္ဌာန်​နဲ့ ဘာမှ​မဆိုင်​ဘူးဆို​တာ​ကို ကျွန်မ​နားလည်​သွားပြီ။”

သမ္မာကျမ်းစာ​က ရုပ်​ရူပ​ကာ​လှပမှု​အကြောင်း အပြုသဘော​ပြော​ပြီး တစ်ချိန်တည်း​တွင် ယင်းသည် ဝိညာဉ်​ရေး​လှပမှု​နှင့်​ယှဉ်​လျှင် အဓိက​မကျ​သော​အရာ​ဖြစ်​ကြောင်း ဤသို့​ဖော်ပြ​သည်– “ယဉ်ကျေး​သော​အရာ​သည် လှည့်စားခြင်း​နှင့်​ယှဉ်​တတ်၏။ လှ​သော​အဆင်း​သည်လည်း အချည်းနှီး​ဖြစ်၏။ ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​သော​မိန်း​မ​မူ​ကား ချီးမွမ်း​ခြင်း​ကို​ခံရ​လိမ့်​မည်။” (သု. ၃၁:၃၀; ၁ ဓမ္မ​ရာဇဝင် ၁၆:၇) ထိုသို့​ရှုမြင်ခြင်းက သင်​မနှစ်သက်​သော ကိုယ်ခန္ဓာ​သွင်ပြင်​အချို့​ရှိ​သော်​ငြား အတွင်း​ငြိမ်သက်မှု​ရစေ​နိုင်​ပါ​သည်။

မည်သို့​ပင်​ဆုံးဖြတ်​သည်​ဖြစ်စေ သင်သည် ပြစ်မျိုးမှဲ့မထင်​သော​အလှ​မျိုး​နှင့် ပြည့်ဝ​စုံလင်သော​ပျော်ရွှင်မှု​မျိုး​တို့ကို ယခု​အချိန်၌ မပိုင်ဆိုင်​နိုင်​ပါ။ လူတိုင်း​လူတိုင်း ချို့ယွင်းချက်​တစ်မျိုး​မဟုတ်​တစ်မျိုး ရှိကြ​သူ​ချည်း​ပင်။ (ရောမ ၃:၂၃) ယင်းကို သင်​မပြောင်းလဲ​နိုင်​ပါ။ သင်​ပြောင်းလဲ​နိုင်သော​အရာ​မှာ “စိတ်နှလုံး​၏​အတွင်းလူ” ဟု​သမ္မာကျမ်းစာ​ခေါ်ဆို​သော သင်၏​အတွင်းလူ​ဖြစ်သည်။ (၁ ပေတရု ၃:၃၊ ၄) ဘုရားသခင့်​ရှေ့တော်၌ လှပသော​အရည်အသွေးများ​ကို ပြုစု​ပျိုးထောင်​ခြင်း​အားဖြင့် သင့်ကိုယ်​သင် တိုးတက်​ရည်​မွန်​စေပါ။ အန္တရာယ်​လည်း​မရှိ ငွေ​ကုန်​ကြေး​ကျ​လည်း​မရှိပါ၊ ရမည့်​အကျိုးကျေးဇူးများ​မှာ မရေတွက်​နိုင်အောင် များ​လှ​ပေ​သည်!

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 3 နာမည်​အချို့ ပြောင်း​ထား​သည်။

^ အပိုဒ်၊ 7 ရုပ်​အလှ​ပြင် (သို့​မဟုတ် အလှ​ဖန်တီးမှု​ဆိုင်ရာ) ခွဲစိတ်​ကုသ​ခြင်း (Cosmetic surgery) ကို ရုပ်​ဆင်း​အင်္ဂါ တိုး၍​လှပ​စေရန် ကျန်းမာ​သော​ကိုယ်​အင်္ဂါ​အစိတ်အပိုင်း​များ​အပေါ် ပြုလုပ်​ကြသည်။ အစားထိုး​ကုသ​ခြင်း (Reconstructive surgery) မှာ ထိခိုက်​ဒဏ်ရာ​များ၊ အနာ​ရောဂါ​များ သို့​မဟုတ် မွေးရာပါ​အင်္ဂါ​ချို့တဲ့ခြင်း​တို့​ကြောင့် ရုပ်ပျက်​နေသော​အင်္ဂါ​အစိတ်အပိုင်း​များ​ကို နဂို​အတိုင်း​ပြန်​ဖြစ်စေ​ဖို့​ဖြစ်သည်။ ကုသ​နည်း​နှစ်မျိုး​စ​လုံး​မှာ ရုပ်​ပြင်​ခွဲစိတ်​ကုသမှု​ပညာ (plastic surgery) ဖြစ်သည်။

^ အပိုဒ်၊ 17 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​ခဲ့​သော လူငယ်များ​အမေး—တာသွား​သည့်​အဖြေ​စာအုပ်​ထဲ​မှ “ရုပ်​ဆင်း​ရူပ​ကာ ဘယ်လောက်​အရေးပါ​သလဲ” ဟူသော​အခန်း​ကိုလည်း​ရှု။

[စာမျက်နှာ ၁၉ ပါ အကျဉ်း​ဖော်ပြချက်]

သင့်အတွက် “မနှစ်မြို့ဖွယ်” ဖြစ်​ဟန်​ရှိသော မျက်နှာ​ပေါက်​သည် တကယ့်​ချို့ယွင်းချက် တစ်ခု​လော သို့​မဟုတ် သင့်ကိုယ်ကို ရှုမြင်ပုံကို ပြုပြင်​ဖို့​လို​သလော