မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရွှေရောင်အကာရှပင်—ကမ္ဘာ့တောင်ဘက်ခြမ်းတွင် နွေဦးရာသီကို ကြိုဆို

ရွှေရောင်အကာရှပင်—ကမ္ဘာ့တောင်ဘက်ခြမ်းတွင် နွေဦးရာသီကို ကြိုဆို

ရွှေရောင်​အကာရှပင်—ကမ္ဘာ့​တောင်ဘက်​ခြမ်း​တွင် နွေဦး​ရာသီ​ကို ကြိုဆို

ဩစတြေးလျ​နိုင်ငံ​မှ နိုးလော့! စာရေးသူ ပေး​ပို့​သည်

ဤ​စာမျက်နှာ​များ​ကို အလှဆင်​ထားသော​ပန်း​ပွင့်​သည် သာမန်​ပန်း​ပွင့်​မဟုတ်ပေ။ ဩစတြေးလျ​နိုင်ငံ​၏ နာမည်​ကျော်​အချစ်​တော်​ပန်း​ဖြစ်သည်။ အမှန်​ဆို​ရ​လျှင် ၁၉၁၂ ခုနှစ်​မှ​စ၍ ၎င်းကို ဩစတြေးလျ​နိုင်ငံ​၏​တံဆိပ်​အမှတ်အသား​အဖြစ် ထုလုပ်​ခဲ့​ကြသည်။ ၁၉၈၈ ခုနှစ်​တွင် ယင်းကို ဩစတြေးလျ​နိုင်ငံ​၏ ရုံး​သုံး​ပန်း​ပွင့်​အမှတ်​တံဆိပ်​အဖြစ် ကြေညာ​ခဲ့​သည်။ ယင်းကို ဩစတြေးလျ​ငွေ​ဒ င်္ဂါး​များနှင့် တံဆိပ်​ခေါင်း​များ​တွင်​လည်း တွေ့ရ​သည်။ အဘယ်ကြောင့် လူကြိုက်များ​ရသနည်း။

အဖြေကို ဗရော့​နီ​ကာ မေ​စ​န် ရေးသား​ကာ ၁၉၂၉ ခုနှစ်​တွင်​ထုတ်ဝေ​ခဲ့​သော ကဗျာ​တစ်ပုဒ်​၌ တစ်စိတ်​တစ်ပိုင်း​တွေ့​နိုင်​သည်။ ဆောင်း​နှောင်းပိုင်း​ရှုခင်း​ကို စိုးမိုး​ထား​သည့် မှိုင်း​ညို့​သော “စိမ်း​ဖျော့​ဖျော့ ညို မီးခိုး​တို့” အကြောင်း​ဖွဲ့ဆို​ပြီး​နောက် ကဗျာ​က ရွှင်မြူး​စွာ ဤသို့​ကြေညာ​သည်– “ယခု​သော်​မူ အကာ​ရှ​ပွင့် နွေဦး​ရာသီ​ရောက်ပြီ​ထ​င့်။”

နွေဦး​ရာသီ​ရောက်တော့​မည်​ဟူသော​သတင်းကို လူတိုင်း​လို​လို အထူး​နှစ်မြို့​ကြ​ပုံ​ရသည်။ ကမ္ဘာ့​မြောက်ဘက်​ခြမ်း​၌ ဆောင်းဦး​ရာသီ​တဖြည်းဖြည်း​ဝင်လာ​ချိန်​တွင် ကမ္ဘာ့​တောင်ဘက်​ခြမ်း​ရှိ ဩစတြေးလျ​တွင်​မူ နွေဦး​ရာသီ​စ​ဝင်လာ​သည်။ ဩစတြေးလျ​တိုက်​တောင်ဘက်​ပိုင်း​တွင် ရွှေရောင်​အကာရှပင်​များ ရုတ်ခြည်း​အပွင့်​ပွင့်​လာပြီ​ဆိုလျှင် နွေဦး​ရာသီ​ရောက်တော့​မည်​ဟူသော ကြိုတင်​အချက်ပြ​မှု​တစ်ခု​ဖြစ်၏။ ထို့​ကြောင့် ဩဂုတ်​လတိုင်း​တွင် မေ​စ​န်​၏​ကဗျာ​ကို ကျောင်းသား​သူငယ်​များ အလွတ်​ရွတ်ဆို​နေသည်​ကို ကြား​ရ​ပေမည်။ ထို့​အပြင် ၁၉၉၂ ခုနှစ်​တွင် ဩစတြေးလျ​နိုင်ငံ​ဘုရင်ခံချုပ်​က စက်တင်ဘာ ၁ ရက်​နေ့ကို အမျိုးသား အကာ​ရှ​နေ့​ဟူ၍ ကြေညာ​ခဲ့​သည်။

မှန်ပါသည်၊ ရွှေရောင်​အကာရှပင်​သည် နွေဦး​ရာသီ​ရောက်ပြီ​ဆို​သည်ကို ကျက်သရေ​အပေါင်း​နှင့်​ခ​ညောင်း​စွာ ကြေညာ​ပေး​လိုက်ခြင်း​ပေ​တည်း။ အပွင့်​များ​ကြောင့် ကိုင်း​ညွှတ်​ကျ​ကာ နွေဦး​ပေါက်​လေပြည်​အ​လာ​တွင် ဘယ်​ညာ​ယိမ်း​နေ​ပုံ​ကို မေ​စ​န်​၏​ကဗျာ​ထဲ​တွင် “ဒူး​တု​ပ် ဦးညွှတ်​ဂါရဝပြု​အကာ​ရှ” ဟု​စပ်ဆို​ထား​သည်။ အကာ​ရှ​ပန်း​သည် ကမ္ဘာ​တစ်ဝန်း ပူနွေး​သော​ရာသီဥတု​ဒေသ​များ​တွင်​ထင်ရှား​သည့် စိတ်ဝင်စားဖွယ်​မျိုး​ရင်း​အဝင်​ဖြစ်သည်။

ခံနိုင်ရည်​ရှိ​ကာ ထင်ရှား​ကျော်ကြား​သည့်​မျိုး​ရင်း

ရွှေရောင်​အကာရှပင်​၏ ရုက္ခဗေဒ​အမည်​မှာ အ​ကေး​ရှား ပစ်​န​န်​သာ ဖြစ်၏။ ၁၂ ပေ​မှ ၂၄ ပေ​အထိ​မြင့်​သည့် ချုံပင်​မျိုး​ဖြစ်၏။ သို့သော် ဩစတြေးလျ​နိုင်ငံ​တွင် အကာ​ရှ​မျိုး ၆၀၀ မှ ၁,၀၀၀ ခန့်​အထိ​ရှိသည်။ အမှန်​ဆို​ရ​လျှင် ကမ္ဘာ​ပေါ်​တွင်​လူသိ​များ​သည့် အကာ​ရှ​မျိုး​ထက်ဝက်ကျော်​ကို ဩစတြေးလျ​တွင်​တွေ့ရ​သည်။ ဥရောပ​နှင့် အမေရိက​တွင် အကာရှပင်​ကို ထိ​က​ရုံး​ပင်​ဟု​ခေါ်​လေ့​ရှိကြသည်။ အခြား​အကာရှပင်​အမျိုးအစား​တစ်ခု​ကို သမ္မာကျမ်းစာ​တွင် မကြာခဏ​ဖော်ပြ​ထား​သည်။ ပဋိညာဉ်သေတ္တာ​နှင့် တဲ​တော်​အစိတ်အပိုင်း​များ​ကို အကာ​ရှ​သား​နှင့်​ပြုလုပ်​ရန် ဘုရားသခင်​ညွှန်ကြား​ခဲ့​သည်။—ထွက်မြောက်ရာ ၂၅:၁၀; ၂၆:၁၅၊ ၂၆

ထင်ရှား​သည့် အကာ​ရှ​မျိုး​ရင်း​အဝင်​တစ်ခု​မှာ အာဖရိကတွင်​တွေ့ရ​သော ထီး​ပင်​မျိုး​ဖြစ်၏။ ထို​အကာရှပင်​၏​အရွက်​များသည် သစ်​ကုလားအုတ်​၏ အနှစ်သက်ဆုံး​အစာ​ဖြစ်၏။ အမှန်​ဆို​ရ​လျှင် ၎င်း​အပင်​နှင့် ပုရွက်ဆိတ်​တစ်မျိုး​သည် ထူးခြားသည့်​ပူးပေါင်း​မှုမရှိ​လျှင် သစ်​ကုလားအုတ်​များသည် ဤ​အကာရှပင်​ကို ပြောင်​နေ​အောင်​ခွာပစ်​မည်​ဖြစ်သည်။ အပင်​က ပုရွက်ဆိတ်​အတွက် နေစရာ​နှင့် မှီဝဲ​ရန်​ဝတ်​ရည်​ကို​ပေး​သည်။ တစ်ဖန် ပုရွက်ဆိတ်​က အစား​ကြီးသော​သစ်​ကုလားအုတ်​ကို​ကိုက်​ကာ အခြား​အပင်​တစ်ပင်​တွင် ပြောင်းရွှေ့​အစာစား​ရန် မောင်းထုတ်​ပေး​သည်။ ထိုသို့​သော​ပူးပေါင်း​မှုများ​က ပညာ​ပါ​သော​ဒီဇိုင်း​ရေးဆွဲ​မှု​၏ မှတ်သားလောက်ဖွယ်​သာဓက​ကို ဖော်ပြ​မနေပေလော။

ဩစတြေးလျ​နိုင်ငံ​ရှိ အကာရှပင်​မျိုး​တို့​မူ သစ်​ကုလားအုတ်​များ​၏​ရန်ကို​ကြောက်​ဖို့​မလို​ပေ။ သို့သော် ၎င်းတို့သည် မိုးခေါင်ခြင်း​ကဲ့သို့​သော​ရန်ကို ရင်ဆိုင်​ကြ​ရသည်၊ ယင်းကြောင့် ၎င်း​တို့​တွင် ထိရောက်​သော​ကာကွယ်​နည်း​တစ်နည်း​ရှိသည်။ အကာ​ရှ​စေ့​၏​အပြင်​ခွံ​သည် အလွန်​မာကျော​ရာ အစေ့​ဆန်​ထဲ​သို့ ရေ​ဝင်ပြီး အညှောက်​ထွက်​နိုင်​ရန် ယင်း​အစေ့​ခွံ​ကို တစ်နည်း​နည်းဖြင့် ပျက်ယွင်း​စေ​ရသည်။ ဤ​အစေ့များ​သည် ဤမျှ​မာကျော​ရာ ဥယျာဉ်မှူး​များသည် စိုက်​သည့်​အခါ ပွ​နေသည့်​အသီး​တော​င့်​မှ အညှောင့်​ထွက်​လာနိုင်​ရန် ဆူ​နေသည့်​ရေ​ထဲ​တွင် ယင်း​တို့ကို​စိမ်ထား​ရမည်​ဖြစ်သည်။ မြေ​ရိုင်း​တွင် အကာ​ရှ​စေ့​တစ်စေ့​သည် ဆယ်စုနှစ်​နှင့်​ချီ​၍ မ​ပေါက်​ဘဲ​နေနိုင်​သည်! နောက်ဆုံး​တွင် တောမီး​ကြောင့် မာကျော​သော​အစေ့​လေး​သည် အညှောက်​ထွက်​လာ​တတ်​သည်။ ထို့​ကြောင့် အကြီးအကျယ်​မိုးခေါင်​သည့်​အချိန်၌​ပင် မြေကြီး​ထဲ​တွင် လုံလုံခြုံခြုံ​ရှိ​ကာ ရာသီဥတု​ပြန်ကောင်း​လာရန်​စောင့်မျှော်​နေသည့် အကာ​ရှ “သဘာဝ​မျိုးစေ့​သိုလှောင်​ဘဏ်” တစ်ခု​ရှိသည်။

မိုးခေါင်​သည့်​အချိန်၌ အလားအလာ​ရှိသော​စားစရာ​ရင်းမြစ်​တစ်ခု​အဖြစ်​အသုံးပြုရန် ခံနိုင်ရည်​ရှိသော ဩစတြေးလျ​အကာရှပင်​အချို့​ကို အာဖရိက​သို့​တင်ပို့​ခဲ့​သည်​မှာ ယခု​ဆိုလျှင် နှစ်ချီ​ရှိပြီ​ဖြစ်သည်။ ကြီးမား​သည့်အကျိုးကျေးဇူး​တစ်ခု​မှာ ဤ​အကာရှပင်​များသည် မာကျော​ပြီး မြေ​သြဇာ​မကောင်း​သည့်​မြေများ​တွင် ရှင်သန်​နိုင်​ခြင်း​ဖြစ်သည်။ အချို့​သော​အမျိုးအစား​များသည် သဲသောင်​ခုံ​များ​တွင်​ပင် ပေါက်​နိုင်​သည်! ဤ​အပင်များ​သည် မြေကြီးကို​အစိုင်အခဲ​ဖြစ်စေ​ပြီး နိုင်​ထ​ရို​ဂျင်​ဖြည့်ပေး​သည့်​အပြင် လေ​ကာ​များ​အဖြစ်​လုပ်ဆောင်ပေး​ရာ အခြား​အပင်များ​အတွက်​ပါ ပတ်ဝန်းကျင်​ကို တိုးတက်​ကောင်းမွန်​စေ​သည်။

စွယ်စုံ​ရ​အကာရှပင်

အကာ​ရှ​စေ့​များ​တွင် အသား​ဓာတ်​ပါဝင်မှု​ပမာဏ​များသည်​ကို​သတိပြုမိ​ကာ ယင်း​တို့ကို အခြား​ကောက်နှံ​ပင်​များနှင့် အာဟာရဓာတ်​ပါဝင်မှုနှုန်း​နှိုင်းယှဉ်​ကြည့်​လျက် သိပ္ပံ​ပညာရှင်​များသည် အချို့​သော​အကာ​ရှ​စေ့​များ​ကို အလားအလာ​ရှိသော စားစရာ​သီးနှံ​တစ်ခု​အဖြစ် ယူမှတ်​ကြသည်။ အစေ့များ​ကို​လှော်​ထား​လျှင် နှစ်လိုဖွယ်၊ ဆိမ့်​သော​အရသာ​ရှိ၏; ပြုတ်​ထား​လျှင် အချို့​သော​အမျိုးအစား​များသည် ပဲ​နီ​ကလေး​နှင့်​အရသာ​တူ​သည်။ အကာ​ရှ​စေ့​များ​ကို အမှုန့်ကြိတ်​ကာ မုန့်​သာမက အီတလီ​ခေါက်ဆွဲ​ခြောက်​အဖြစ်ပင် ပြုလုပ်​ခဲ့​ကြသည်။ အချို့​သော​အကာ​ရှ​အမျိုးအစား​များသည် တစ်နှစ်​လျှင် အစေ့ ၂၂ ပေါင်​ထွက်​သည်။

ရနံ့​သင်း​သော​အကာ​ရှ​ပွင့်​များ​ကို ရေမွှေး​ပြုလုပ်​ရာ​တွင်​အသုံးပြု​သည်။ ထို့​အပြင် အကာရှပင်​ကို တိရစ္ဆာန်​အစာ​ပြုလုပ်​ရန်​နှင့် မြေဆီလွှာ​တိုက်စားမှု​ထိန်းချုပ်​ရန် ကျယ်ကျယ်ပြန့်ပြန့်​အသုံးပြု​သည်။ သို့သော် ကျွန်ုပ်​တို့သည် အကာ​ရှ​သား​၏​အသုံးဝင်​မှု​ကို အနည်းငယ်​မျှ​သာ​ရှင်းပြ​နိုင်​သည်။

အစောပိုင်း​သြစတြေးလျ​တိုင်းရင်းသား အ​ဘော်​ရ​ဂျင်​နီ​များသည် အကာ​ရှ​သား​ဖြင့် တောင်ပံ​ကွေး​လက်နက်များ​ပြုလုပ်​ခဲ့​ကြသည်။ အကာ​ရှ​အမျိုးအစား​တစ်ခု​ဖြစ်သည့် အကာ​ရှ အ​ကျူ​မီ​နာ​တာ ကို ရ​တ်စ်​ဘယ်​ရီယို ဟု​ခေါ်​ကြသည်၊ အကြောင်း​မှာ ယင်း​၏​အသား​သည် ဖြတ်​ခါ​စ​တွင် ရ​တ်စ်​ဘယ်ရီသီး​ဖျော်ရည်​အနံ့​မျိုး​ထွက်​သောကြောင့်​ဖြစ်သည်။ သို့သော် အစောပိုင်း​သြစတြေးလျ​နယ်​သစ်​ရှာဖွေသူ​များသည် ၎င်းတို့၏​ရွှံ့​ဖြင့်​ဆောက်​ထားသော​အိမ်များ​အတွက် အကာရှပင်​များ​ကို အသုံးပြု​ကြသည်။ ယှက်​ထားသော​အပင်ပေါက်​များ​ကို ရွှံ့​ဖြင့်​ကျံ၍ အဆောက်အအုံ​အတွက် နံရံ​များ​ပြုလုပ်​ကြသည်။

ဤ​အပင်များ​သည် အမျိုးမျိုး​အသုံးဝင်​သည့်​အတွက် မထူးခြား​ပေ​လော။ သို့သော် ဩစတြေးလျ​တွင် နွေဦး​အချိန်​ရောက်​သည့်​အခါ အကာရှပင်​ကို စွယ်စုံ​ရ​အပင်​ဟု မမြင်​တော့​ဘဲ တောင်စောင်း​များ​ကို ရွှေရောင်​အဖြစ်​ပြောင်း​လိုက်​သည့် အ​လိပ်​လိပ်​ထ​နေသော​ဂွမ်း​စောင်​များ​ကဲ့သို့​တွေ့မြင်​ရာ လူတို့သည် စိတ်​လွင့်မျော​ကာ ကဗျာ​များ​ကို ပြန်​အမှတ်ရ​ကြသည်။ ဤ​အပင်​၏​လှပမှု​နှင့် အသုံးဝင်​မှု​နှစ်ခုစလုံးက နှစ်သက်​သဘောကျ​သူများစွာ​အား “အလုံးစုံ​တို့ကို​တည်ဆောက်​သော” ဘုရားသခင်​၏​တီထွင်​ဉာဏ်​နှင့် ပြောင်မြောက်​မှု​ကို သတိ​ရစေသည်။—ဟေဗြဲ ၃:၄

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

အကာ​ရှ​ပွင့်​များနှင့် အစေ့​တော​င့်​များ

[Credit Line]

© Australian Tourist Commission

[Picture Credit Lines on page 15]

Wattle: © Copyright CSIRO Land and Water; stamp: National Philatelic Collection, Australia Post; emblem: Used with permission of the Department of the Prime Minister and Cabinet