ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
ပိုးကောင် မျက်လုံးအတု
ဩစတြေးလျ သိပ္ပံပညာရှင်များ ပုံစံပြုတီထွင်ထားသည့် စက်ရုပ်ပိုးကောင်မျက်လုံးကို နာဆာက အင်္ဂါဂြိုဟ်စူးစမ်းရေးယာဉ်တွင် အသုံးပြုရန်အတွက် ဝယ်ယူလိုက်ကြောင်း သည်သြစတြေးလျန်း သတင်းစာက ရေးသားဖော်ပြသည်။ ဩစတြေးလျ အမျိုးသား တက္ကသိုလ်မှ သုတေသီများက ၎င်းတို့၏ အာရုံခံကိရိယာအတုကို ကျိုင်းကောင်၏ မျက်လုံးပေါ် အခြေပြု၍ ပုံစံထုတ်ထားသည်။ “၎င်းတက္ကသိုလ်မှ ဇီဝစက်ရုပ်အမြင် ဓာတ်ခွဲခန်းသည် ကျိုင်းကောင်၊ ပျားနှင့် ပုစဉ်းများက ၎င်းတို့၏ ပျံသန်းမှုကိုထိန်းချုပ်ရန် အမြင်အာရုံကို မည်သို့အသုံးပြုကြောင်း နှစ်ပေါင်းများစွာ လေ့လာခဲ့ကြသည်။ သူတို့သည် ပျံသန်းမှုကိုထိန်းချုပ်သည့် စည်းမျဉ်းများကို အဖြေထုတ်၍ ပုံတူပြုလုပ်ရန် သင်္ချာဆိုင်ရာ အယ်လဂိုရီသမ်များကို ဖန်တီးခဲ့ရသည်” ဟု ထိုသတင်းကဆိုသည်။ နာဆာက ဤကျိုင်းကောင်မျက်လုံးအတုကို “ကျောက်ဆောင်ထူထပ်သော အင်္ဂါဂြိုဟ်၏ မျက်နှာပြင်ပေါ်တွင် ပိုးကောင်တစ်ကောင်ကဲ့သို့ တိုက်မိခိုက်မိခြင်းမရှိဘဲ လျင်မြန်စွာ ပျံသန်းရွေ့လျားနိုင်မည့်” အာကာသ စူးစမ်းရေးယာဉ်ငယ်တစ်စီးတွင် တပ်ဆင်သုံးစွဲလိုသည်။ ဤအစီအစဉ် အောင်မြင်ပါက ထိုအာကာသစူးစမ်းရေးယာဉ်သည် နေစကြဝဠာတွင် အကြီးကျယ် အခမ်းနားဆုံးသော နက်ရှိုင်းသည့်ချောက်ကြီးဖြစ်သော ဗေးလီး မရီးနားရီးစ်—မိုင်ပေါင်း ၂,၅၀၀ ရှည်လျား၍ ၄ မိုင်နက်ရှိုင်းသည်—၏ ကျောက်လွှာဖြစ်တည်ခြင်းကို စူးစမ်းလေ့လာ၍ ဤအနီရောင်ဂြိုဟ်ကြီး၏ ဘူမိသမိုင်းကိုဖော်ထုတ်ရန် ကြိုးပမ်းသွားမည်ဖြစ်သည်။
သားစားဝေလငါးများ ကွဲပြားသောအသံများဖြင့် ကြင်ဖော်ရှာပုံ
“တစ်ခုတည်းသော သေးငယ်သည့် ငါးအုပ်အတွင်း တစ်သက်လုံးနေထိုင်ကြသည့် သားစားဝေလငါးများ [killer whales] သည် မျိုးတူစပ်မိခြင်းကို မည်သို့ရှောင်နိုင်ကြသနည်း” ဟု ကနေဒါနိုင်ငံထုတ် ဗန်ကူးဗားဆန်း သတင်းစာ၌ မေးခွန်းထုတ်ထားသည်။ “ဗြိတိသျှကိုလမ်ဘီယာနှင့် အလာစကာမှ ဤသားစားဝေလငါးများ၏ ဒီအင်အေ နမူနာ ၃၄၀ နှင့် မျိုးရိုးဗီဇကို ခုနစ်နှစ်ကြာ သုတေသနပြုချက်ပေါ် အခြေပြု၍ ဝေလငါးအမများသည် အခြားငါးအုပ်များမှ အထီးများနှင့်သာ သီးသန့်မိတ်လိုက်ကြောင်း ဗန်ကူးဗား ငါးပြတိုက်မှ အကြီးတန်း သိပ္ပံပညာရှင် လန်းစ် ဘားရစ်–လင်းနဒ် ကတွေ့ ရှိခဲ့သည်။” သို့ရာတွင် ၎င်းတို့ဒေသတွင်း သို့မဟုတ် ငါးအုပ်ကြီးပြင်ပမှ ငါးများနှင့်မူကား မိတ်လိုက်ခြင်းမပြုပေ။ “သွေးရင်းမိတ်လိုက်သည့် အထောက်အထားကို မတွေ့ရ” ဟု ဘားရစ်–လင်းနဒ် ကဆိုသည်။ “မိတ်လိုက်မှု အားလုံးနီးပါးသည် အလွန့်အလွန်ကွဲပြားသည့် အသံများရှိသည့် ငါးအုပ်များအချင်းချင်းသာ ပြုကြသည်။” “သားစားဝေလငါးများသည် အတတ်နိုင်ဆုံး မိမိတို့နှင့် သွေးဝေးသည့်ငါးများကိုသာ ကြင်ဖော်အဖြစ် ရွေးချယ်ကြသည်။ အခြားဝေလငါးများ၏ အသံကို နားထောင်၍ မိမိတို့၏အသံနှင့် အလွန်ကွဲပြားသည့် ဝေလငါးများကိုရှာခြင်းဖြင့် ထိုသို့ရွေးချယ်ခြင်း ဖြစ်ဖွယ်ရှိသည်” ဟုထိုဆောင်းပါးက ဆက်၍ဆိုသည်။
ငါးမန်းဖြူကို ခြေရာခံခြင်း
“အခြားသတ္တဝါများကို သတ်ဖြတ်စားသောက်တတ်သော အကြီးဆုံးငါးမျိုးဖြစ်သည့် ငါးမန်းဖြူအား ဂြိုဟ်တုဖြင့် ခြေရာခံလိုက်ရာမှ ယင်းတို့သည် သမုဒ္ဒရာရေပြင်ကိုဖြတ်၍ မိုင်ပေါင်းထောင်နှင့်ချီ၍ တစ်နေရာမှတစ်နေရာသို့ ပြောင်းရွှေ့ကျက်စားသည်ကို တွေ့ရှိခဲ့သည်” ဟု လန်ဒန်ထုတ် ဒေးလီး တယ်လီဂရပ်ဖ် သတင်းစာကဆိုသည်။ နေးချား မဂ္ဂဇင်းတွင် ပုံနှိပ်ထုတ်ဝေလိုက်သည့် ၎င်းတွေ့ရှိချက်က ငါးမန်းဖြူနှင့်ပတ်သက်သည့် ရှေးဟောင်းယုံကြည်ချက်ကို ကြေကွဲစေခဲ့သည်။ ငါးမန်းဖြူကို ကမ္ဘာတစ်ဝန်းတွင် တွေ့ရှိရသော်လည်း ၎င်းတို့သည် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်၌သာ နေထိုင်ကျက်စားပြီး ပင်လယ်ဖျံများနှင့် ပင်လယ်ဖျံကြီးများကို ဖမ်းယူစားသောက်သည်၊ မိမိတို့၏ ဇာတိဒေသမှဝေးရာသို့ အုပ်ခွဲသွားခြင်းမရှိဟု ယူဆခဲ့ကြသည်။ သို့သော် များမကြာမီက ကယ်လီဖိုးနီးယားမှ သုတေသီများက ငါးမန်းဖြူ အထီးလေးကောင်နှင့် အမနှစ်ကောင်၌ အမှတ်သညာ ကပ်ပေးလိုက်သည့်အခါ ငါးမန်းတစ်ကောင်သည် ကယ်လီဖိုးနီးယားကမ်းခြေမှ မိုင် ၂,၂၈၀ ကွာဝေးသည့် ဟာဝိုင်ယီကျွန်းအထိ အဝေးဆုံးသွားရောက်ခဲ့ကြောင်း၊ တစ်နေ့လျှင် အနည်းဆုံး ၄၃ မိုင်နှုန်းဖြင့် သွားခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ထိုငါးမန်းဖြူကြီးများသည် ကမ်းရိုးတန်းအနီးတွင် အနက်ပေ ၉၀ ကျော်သည်အထိ ငုပ်ဆင်းခြင်း မရှိလှသော်လည်း သမုဒ္ဒရာရေပြင်တွင်မူကား တစ်ခါတစ်ရံ အလွန်နက်ရှိုင်းစွာ ငုပ်ဆင်းတတ်ကြသည်။
စီးပွားရေးကပ်ဆိုက်မှုများကြောင့် ဆေးခန်းများတွင် အုံကျလာ
အာဂျင်တီးနား ငွေကြေးတန်ဖိုး ရုတ်တရက် ထိုးကျခြင်းနှင့်ဆက်နွှယ်သည့် စီးပွားရေး ကပ်ဆိုက်မှုကြောင့် အာဂျင်တီးနားပြည်သူများသည် စိတ်ဖိစီးမှုနှင့်ဆက်စပ်သည့် ကျန်းမာရေးပြဿနာများနှင့် ဆေးရုံဆေးခန်းများသို့ အစုအပြုံလိုက် ရောက်ရှိလာကြသဖြင့် ဆေးရုံဆေးခန်းများ မနိုင်မနင်း ဖြစ်ရကြသည်ဟု ကလဲရင် သတင်းစာက ရေးသားဖော်ပြသည်။ အဆိုပါ ကျန်းမာရေးပြဿနာများတွင် “ခေါင်းကိုက်ခြင်း၊ သွေးတိုးခြင်း၊ ဖက်ခွက်နာ၊ ပြည်တည်နာ၊ အစာအိမ်ရောင်ရမ်းခြင်း၊ အိပ်မပျော်ခြင်းနှင့် စိုးရိမ်ကြောင့်ကြခြင်း” တို့ပါဝင်သည်။ အချို့သူတို့သည် “အာရုံကြောဆိုင်ရာ ပြဿနာအခံ မရှိဘဲ” မူးမေ့ကြသည်ဟု ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးကဆိုသည်။ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုနှင့် ကြောက်ရွံ့မှုတို့အတွက် ဆရာဝန်နှင့် လာရောက်တိုင်ပင်သူတို့သည် ဆေးခန်းတစ်ခု၌ ရက်အနည်းငယ်အတွင်း ၃၀၀ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ဆရာဝန်များနှင့် သူနာပြုများသည် လူနာနှင့်ပြည့်ကျပ်နေသည့် စောင့်ဆိုင်းခန်းများအတွက် ကိုင်တွယ်ဖြေရှင်းရသည့်အပြင် ငွေရေးကြေးရေး အကျပ်အတည်းကြောင့် ဒေါသထွက်နေကြသည့် လူနာများနှင့်လည်း ရင်ဆိုင်ကြရသည်။ အချို့လူနာတို့သည် ဆရာဝန်များနှင့် သူနာပြုများကို ကိုယ်ထိလက်ရောက်ပင် ကျူးလွန်ခဲ့ကြသည်။ သူနာပြုတစ်ဦးဆိုလျှင် ခေါင်းတွင် ထိုးကြိတ်ခံလိုက်ရသည်။
အမြန်ဆုံး အပျော်စီးရထား ရိုလာကိုစတာ
“ကမ္ဘာ့အမြန်ဆုံး ရိုလာကိုစတာကို ဖူဂျီကျူ ကုန်းမြင့်ဒေသ အပန်းဖြေဥယျာဉ်၌ ဖွင့်လှစ်လိုက်သည်” ဟူ၍ ဂျပန်နိုင်ငံထုတ် အိုင်အိပ်ခ်ျတီ အဆာဟီ ရှင်ဘွန်း သတင်းစာက ရေးသားဖော်ပြသည်။ “ရပ်နေရာမှ နှစ်စက္ကန့်အတွင်း တစ်နာရီလျှင် ၁၇၂ ကီလိုမီတာနှုန်း (တစ်နာရီလျှင် ၁၀၆ မိုင်) အရှိန်မြှင့်တင်နိုင်သဖြင့် သူရဲဘောနည်းသူများ မစီးသင့်ပေ။ ဒုံးပျံတစ်စင်းမှ ပစ်လွှတ်လိုက်သည်နှင့်တူသည်။ စီးနင်းသူများသည် တိုက်လေယာဉ်မှူးများ သာမန် တွေ့ ကြုံနေကျ ဆွဲငင်အား၏ ဆွဲငင်ခြင်းမျိုးကို တွေ့ ကြုံနိုင်သည်။ ၎င်းရိုလာကိုစတာကို တည်ဆောက်သည့်ကုမ္ပဏီ၏ စီမံကိန်းဒါရိုက်တာ ဟိသ် ရောဘတ်ဆန် က ဤသို့ဆိုသည်– “လေယာဉ်တစ်စင်း စတင်ပျံသန်းချိန်၌ ဆွဲငင်အား 2.5 Gs [ကမ္ဘာမြေထု၏ ဆွဲငင်အား ၂.၅ ဆ] ရှိနိုင်သည်။ ဤရိုလာကိုစတာ၌ ဆွဲငင်အား 3.6 Gs ရှိသည်။” ဤရိုလာကိုစတာသည် “လေယာဉ်ငယ်များ၏ ဘီးမျိုးဖြင့် ရွေ့လျားပြီး” မြင်းကောင်ရေ ၅၀,၀၀၀ အားရှိသည့် လေဖိသိပ်စက် (air compressor) သုံးလုံးဖြင့် မောင်းနှင်သည်ဖြစ်ရာ ၎င်းကို “ဒုံးပျံငယ်တစ်စင်းနှင့် နှိုင်းယှဉ်နိုင်သည်။”
အိန္ဒိယနိုင်ငံမှ ဆေးလိပ်နှင့်ဆက်နွှယ်သည့် နှလုံးရောဂါ
“နှလုံးပတ် သွေးလွှတ်ကြောရောဂါ ဖြစ်ပွားမှု မြှင့်တက်လျက်ရှိသည်ဟု [အိန္ဒိယနိုင်ငံမှ] အထက်တန်း နှလုံးရောဂါ အထူးကု ဆရာဝန်ကြီးများက ဆိုကြသည်၊” ဟူ၍ မွမ်ဘိုင်း သတင်းဌာနက သုံးသပ်တင်ပြသည်။ “ဂျက်စ်လော့ခ် ဆေးရုံမှ နှလုံးရောဂါကုထုံး ဒါရိုက်တာ ဒေါက်တာ အရွှမ်း မီထာ ၏အဆိုအရ အိန္ဒိယနိုင်ငံသားများသည် နှလုံးရောဂါ ရရှိနိုင်
သည့် ပင်ကိုဗီဇဓာတ်ခံ ပါရှိကြသည်။” အထူးစိုးရိမ်ဖွယ်ရာမှာ ပိုမိုအသက်ငယ်ရွယ်သူတို့သည် “ပို၍ ဆေးလိပ်သောက်လာကြသည့်အတွက် နှလုံးဆိုင်ရာပြဿနာများ” တွေ့ ကြုံခံစားလာခြင်းဖြစ်သည်။ ထိထိရောက်ရောက် အရေးယူပြုပြင်ခြင်း မရှိပါက အိန္ဒိယနိုင်ငံသည် တစ်နေ့သောအခါ ကမ္ဘာပေါ်တွင် နှလုံးရောဂါ ဝေဒနာသည် အများဆုံးနိုင်ငံ ဖြစ်လာမည်ဟု ဘုံဘေဆေးရုံမှ အတိုင်ပင်ခံ နှလုံးရောဂါ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ပီ.အယ်လ်. တီဝါရီ က ယုံကြည်သည်။ အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်၌ အသက် ၃၅ နှစ်မှ ၄၉ နှစ်အတွင်းရှိ အမျိုးသား ၇၀ ရာခိုင်နှုန်းကျော်သည် ဆေးလိပ်သောက်သူများ ဖြစ်ကြသည်၊ “ဝင်ငွေကျဆင်းသည်နှင့်အမျှ ဆေးလိပ်သောက်သည့်နှုန်းထား မြင့်တက်လာသည်” ဟု အိန္ဒိယတိုင်းမ်စ် သတင်းစာကဆိုသည်။ ပျမ်းမျှခြင်းအားဖြင့် ဆေးလိပ်သောက်သူ တစ်ဦးစီသည် “အဝတ်အစား၊ အိုးအိမ်၊ ကျန်းမာရေးနှင့် ပညာရေးအတွက် လူတစ်ဦးချင်းစီ စုစုပေါင်းကုန်ကျစရိတ်၏ နှစ်ဆကျော်ကို စီးကရက်အတွက် သုံးစွဲနေကြသည်။” ဆေးလိပ်အတွက် သုံးဖြုန်းသည့်ငွေများကို စားနပ်ရိက္ခာအတွက် ပြောင်းလဲအသုံးပြုနိုင်မည်ဆိုလျှင် ဤဆင်းရဲသည့်နိုင်ငံမှ အာဟာရချို့တဲ့သောပြည်သူ ၁၀.၅ သန်းအတွက် အစားအစာ အလုံအလောက် ရရှိနိုင်မည်ဖြစ်သည်။မြင့်မားသောအဆောက်အအုံများ အဝယ်လိုက်နေဆဲ
“အမြွှာမျှော်စင် ပြိုပျက်ခြင်းက ဗိသုကာများနှင့် အင်ဂျင်နီယာများအား မကြုံစဖူး ကြောက်မက်ဖွယ် အဖြစ်ထူးကို သိမြင်အောင် ကိုင်လှုပ်လိုက်သည်” ဟု ယူ.အက်စ်. သတင်းနှင့် ကမ္ဘာ့အစီရင်ခံစာ စာအုပ်က ရေးသားဖော်ပြသည်။ “အခိုက်အတန့်အားဖြင့် အရှိန်တန့်သွားခဲ့သော်လည်း မိုးမျှော်တိုက်ကြီးများ အဝယ်လိုက်မှုမှာ ရပ်စဲသွားမည် မဟုတ်ပေ။” အကြောင်းရင်းတစ်ခုမှာ အချို့ဒေသများ၌ မြေနေရာ ရှားပါးခြင်း၊ အလွန်ဈေးကြီးခြင်းတို့ကြောင့်ဖြစ်သည်။ ၎င်းအပြင် မြို့ကြီးပြကြီးများသည် ဂုဏ်ယူဝင့်ကြွားလိုကြသည်။ “ဒေသတစ်ခုကို ထင်ရှားကျော်ကြား လူသိများစေရန်၊ ခေတ်မီတိုးတက်စေရန်နှင့် အလားတူအကြောင်းများအတွက်” အလွန့်အလွန်မြင့်မားသော အဆောက်အအုံများကို ဆောက်လုပ်ကြခြင်းဖြစ်သည်ဟု မက်ဆာချူးဆက် နည်းပညာသိပ္ပံ၊ ဗိသုကာနှင့် စီမံကိန်း တက္ကသိုလ်မှ မဟာဌာနမှူး ဝီလျမ် မစ်ချေလ် ကပြောကြားသည်။ သို့သော်လည်း အဆောက်အဦများကို ပို၍လုံခြုံစိတ်ချမှုရှိအောင် မည်သို့လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ ဗိသုကာများ အချေအတင် ဆွေးနွေးနေကြသည်။ အဆောက်အအုံများကို တိုက်ခိုက်မှုခံနိုင်အောင် ပေါက်ကွဲမှုခံနိုင်သည့် နံရံများနှင့် ပြတင်းပေါက်များဖြင့် တည်ဆောက်နိုင်သော်လည်း ၎င်းတို့သည် အလေးချိန် ပိုလာစေသည့်အပြင် စရိတ်စကလည်း အလွန်ကြီးမားမည်ဖြစ်သည်။ တရုတ်နိုင်ငံတွင် အဆောက်အအုံဆိုင်ရာ စည်းမျဉ်းဥပဒေအရ အထပ် ၁၅ ထပ်တိုင်းတွင် “ခိုလှုံရာအထပ်” အလွတ်ဖြစ်သည့် လေဟာပြင်ကွက်လပ်တစ်ခု ထားရှိရမည်ဟု ပြဋ္ဌာန်းထားသည်။ အခြားဒေသများမှ အဆောက်အအုံဆိုင်ရာ စည်းမျဉ်းဥပဒေက မီးသတ်သမားများအတွက် သီးသန့်ပုံစံထုတ်ထားသည့် အမိုးထိ တောက်လျှောက်ပေါက်သော ဓာတ်လှေခါးတစ်စင်းအပြင် မီးခိုးကို အပြင်ဘက်သို့ ထွက်သွားစေနိုင်မည့် လေဖိအားသွင်းထားသော လှေကားအုံများ ပါရှိရမည်ဟု ပြဋ္ဌာန်းထားသည်။ ကမ္ဘာ့ အမြင့်ဆုံး အဆောက်အအုံ ဖြစ်လာနိုင်သည့် ရှန်ဟိုင်း ကမ္ဘာ့ငွေကြေးဗဟိုဌာန၏ ဒီဇိုင်းပညာရှင်များက ၎င်းတို့၏ ဒီဇိုင်းပုံစံ၌ ပုံမှန်ထက်ပို၍ ကြိုတင်ကာကွယ်မှုများကို ထည့်သွင်းရေးဆွဲထားနှင့်ပြီးဖြစ်သည်။
ဝန်းကျင် ဆူညံသံနှင့် နားရောဂါများ
“ကျောင်းနေရွယ် ကလေးသူငယ် ငါးယောက်တွင်တစ်ယောက်၊ အရွယ်ရောက် ပိုလန်နိုင်ငံသား သုံးယောက်တွင်တစ်ယောက်သည် နားနှင့်ပတ်သက်သည့်ပြဿနာများ ရှိကြသည်” ဟု ပိုလန် အပတ်စဉ် ပေါလိတိကာ မဂ္ဂဇင်းကဆိုသည်။ အကြီးဆုံး စိတ်အနှောင့်အယှက် ဖြစ်စရာများတွင် ယာဉ်အသွားအလာ ဆူညံသံနှင့် ကျယ်လောင်သည့် ကက်ဆက်သံ၊ ဗီဒီယိုသံနှင့် အိမ်သုံးပစ္စည်းကိရိယာများ၏ အသံဗလံများ ပါဝင်သည်။ ဝါဆောမြို့တွင်း ယာဉ်သွားယာဉ်လာ တိုးများလာခြင်းကြောင့် လမ်းမကြီးတစ်ခု၏ ဆူညံသံအဆင့်ကို ဒက်စီဘယ်လ် ၁၀၀ အထိ မြှင့်တက်စေခဲ့ပြီဖြစ်ကြောင်း ပတ်ဝန်းကျင် အခြေအနေဆိုင်ရာ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။ ကစားနေသည့် ကလေးများ၏ အော်ဟစ်သံများသည် ထိုအဆင့်ကိုမီသည်။ ဒစ္စကိုကပွဲရုံများမှ အသံချဲ့စက်သည် ဒက်စီဘယ်လ် ၁၂၀ အထိ ကျယ်လောင်သောအသံ ချဲ့နိုင်သည်ဖြစ်ရာ နားမခံနိုင်သည့် ဒက်စီဘယ်လ် ၁၃၀ မှ ၁၄၀ အောက် အနည်းငယ်မျှသာ နိမ့်တော့သည်။ ကျယ်လောင်သည့် ဤဆူညံသံများသည် နားရောဂါများဖြစ်ရသည့် တိုက်ရိုက် အကြောင်းတရားပင်ဖြစ်သည်။ နားရောဂါဆိုင်ရာ ဇီဝကမ္မဗေဒနှင့် ရောဂါဗေဒ တက္ကသိုလ်မှ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါကုပညာရှင် ပါမောက္ခ ဟင်နရီ စကာဇင်းစကီး က ဤသို့မှတ်ချက်ပြုသည်– “နားရောဂါများသည် ကြီးလေးသည့် လူမှုရေးပြဿနာများကို ဖြစ်ပွားစေသည်။ ဤရောဂါရှိသူများသည် ပို၍စိတ်တိုတတ်သည်၊ သင်ယူရာ၌ အခက်အခဲများရှိတတ်သည်၊ နိုင်ငံခြား ဘာသာစကားများကို ပို၍ခက်ခဲစွာ သင်ယူရတတ်သည်။