ငါ့မိဘက ငါ့ကို ဘာကြောင့် မချစ်တာလဲ
လူငယ်များအမေး . . .
ငါ့မိဘက ငါ့ကို ဘာကြောင့် မချစ်တာလဲ
“ဖေဖေ မေမေ့ကို မကွာရှင်းခင် ဖေဖေ့ကားနဲ့ ကျွန်မတို့ ကမ်းခြေ ကိုသွားခဲ့ကြတယ်၊ စားသောက်ဆိုင်မှာ သွားစားကြတယ်၊ နေရာအနှံ့ ခရီးထွက်ခဲ့ကြတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဒါတွေဟာ လုံးဝ ရပ်တန့်သွားခဲ့ပါတယ်။ ဖေဖေ ပြောင်းလဲသွားပါပြီ။ သူ ကျွန်မကိုပါ ခွဲသွားပြီထင်ပါတယ်။”—ကားရ်ရဲန်း။ *
လူငယ်တော်တော်များများ အလားတူခံစားချက်မျိုး ခံစားကြရသည်။ မိဘတစ်ဦးက သူတို့ကိုမချစ်တော့—သို့မဟုတ် တစ်ခါမျှမချစ်ဟု ကားရ်ရဲန်းကဲ့သို့ ယူဆကြသည်။ ဤတွင် လူငယ်များနှင့် သူတို့၏မိဘများစပ်ကြား တစ်ခဏတာ မသင့်မတင့်ဖြစ်မှုကြောင့် ဖြစ်ပေါ်လာသော စိတ်ခုသည့်ခံစားချက်ကို ကျွန်ုပ်တို့ဆိုလိုနေခြင်းမဟုတ်ပါ; မိဘဆုံးမပဲ့ပြင်မှုကိုတုံ့ ပြန်ရာတွင် ရံဖန်ရံခါဖြစ်ပေါ်တတ်သော စိတ်မကျေနပ်မှုကိုလည်း ရည်ညွှန်းနေခြင်းမဟုတ်ချေ။ ယင်းအစား အချို့သောကိစ္စများ၌ မိဘများသည် အမှန်တကယ် ဥပေက္ခာပြုကြပြီး သူတို့၏ ကလေးများလိုအပ်သော ဂရုစိုက်မှုနှင့်ဆုံးမပဲ့ပြင်မှုပေးရန် ပျက်ကွက်ကြသည်။ အခြားကိစ္စတွင်မူ ခက်ထန်သောပုံစံရှိပြီး ကြမ်းကြမ်းတမ်းတမ်းဆက်ဆံခြင်း၊ ကြမ်းကြုတ်သောစကား သို့မဟုတ် ကိုယ်ထိလက်ရောက်ရိုက်နှက်ခြင်း ပါဝင်ကောင်းပါဝင်မည်။
မိဘတစ်ဦးကငြင်းပယ်ခြင်းထက် ပို၍ စိတ်ထိခိုက်နာကျင်စေသောအရာ မရှိသလောက်ပင်။ ကားရ်ရဲန်းက “အဲဒါက ကျွန်မကို အလိုမရှိကြဘူး၊ ပစ်ပယ်ခံရတယ်လို့ ခံစားစေပါတယ်။” ထိုကဲ့သို့ ခက်ခဲသောအခြေအနေမျိုး သင်ကြုံတွေ့ရပါက သင့်ခံစားချက်များကို မည်သို့ဖြေရှင်းရမည်နှင့်ပတ်သက်သော အကြံပေးချက်အချို့ကို သုံးသပ်ပါ။ မိဘ၏ထောက်မမှုကိုမရသည့်တိုင် သင့်ဘဝတွင် အောင်မြင်နိုင်မည်ကိုစိတ်ချပါ!
သင့်မိဘကိုနားလည်ပေးခြင်း
ပထမဦးစွာ၊ သင့်မိဘထံမှ မေတ္တာကိုမျှော်လင့်ခြင်းသည် သင့်တော်ပါသည်။ ကလေးတစ်ဦးအတွက် မိဘတစ်ဦး၏မေတ္တာသည် နေမင်းကြီးထွက်လာသကဲ့သို့ သဘာဝကျသင့်ပြီး စိတ်ချဖွယ်ဖြစ်သင့်သည်။ မိဘတို့ကို ထိုကဲ့သို့သောမေတ္တာပြရန် ဘုရားသခင်မျှော်လင့်တော်မူ၏။ (ကောလောသဲ ၃:၂၁; တိတု ၂:၄) သို့ဆိုလျှင် မိဘများသည် သူတို့၏သားသမီးများအပေါ် အဘယ်ကြောင့် တစ်ခါတစ်ရံ လျစ်လျူရှု၊ စွန့်ပစ်ပြီး နှိပ်စက်ကြသနည်း။
ဖြစ်နိုင်သည့်အကြောင်းရင်းတစ်ခုမှာ သူတို့၏ဘဝတွင် ကိုယ်တိုင်ကြုံတွေ့ ခဲ့ရာများကြောင့်ဖြစ်သည်။ “ကလေးတွေကိုပြုစုပျိုးထောင်ဖို့ ကျွန်တော့်မိဘတွေ ဘယ်ကနေသင်ယူခဲ့ပါသလဲ” ဟု သင့်ကိုသင်မေးပါ။ အချို့ကိစ္စများတွင် သူတို့သည် ငယ်စဉ်က သူတို့မိဘများ၏ဘဝအတွေ့အကြုံများမှ သင်ယူခဲ့ကြခြင်းသာဖြစ်သည်။ ထို့ပြင် “ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ” များပြားလှသော ကျွန်ုပ်တို့၏မျက်မှောက်ခေတ် ကြမ်းတမ်းသည့် လောကတွင် ထိုသို့သောလေ့ကျင့်ပေးမှု၌ လွန်စွာမှချွတ်ယွင်းမှုရှိသည်။ (၂ တိမောသေ ၃:၁-၅) တစ်ခါတစ်ရံ၊ ကြောက်မက်ဖွယ် အကျိုးဆက်ဖြစ်လာကာ တစ်ချိန်က သူတို့ပြုမူဆက်ဆံခံခဲ့ရသကဲ့သို့ သူတို့ကလေးတွေအပေါ် နှိပ်စက်ကြသည်။
ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် မိဘများ အလွန် စိတ်မသာမယာဖြစ်ကြပေမည်။ အချို့တို့သည် အလုပ်၊ အရက်သေစာသောက်စားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့တွင် မိမိတို့ကိုယ်ကိုနှစ်မြှုပ်ထားခြင်းအားဖြင့် စိတ်ဆင်းရဲမှုနှင့် စိတ်ပျက်အားလျော့မှုတို့မှ လွတ်မြောက်ရန် ကြိုးစားကြသည်။ ဥပမာ၊ ဝီလျံမ် နှင့် ဂျုံးတို့သည် အရက်သမားဖခင်နှင့်အတူ ကြီးပြင်းလာခဲ့ကြသည်။ “အဲဒီအရာက ကျွန်မတို့ကို ချီးမွမ်းဖို့ အဖေ့အတွက်ခက်စေပါတယ်” ဟု ဂျုံးပြောပြသည်။ “ပိုဆိုးတာက သူစပြီးအရက်သောက်တာနဲ့ ဒေါသထွက်တော့တာပဲ။ ညနေတိုင်းမှာ အမေ့ကိုသူ ဆူပူအော်ဟစ်တယ်။ ကျွန်မ ကြောက်ရွံ့လေ့ရှိပါတယ်။” မိဘများသည် ဆဲဆိုကြိမ်းမောင်းမှု မပြုသည့်တိုင်၊ သူတို့၏အပြုအမူက သူတို့ကလေး
များလိုအပ်နေသော မေတ္တာနှင့် ဂရုစိုက်မှုကို မဆိုစလောက်သာပေးနိုင်ပေမည်။သူ့ဖခင်၏ လွဲမှားသောအပြုအမူနောက်ကွယ်တွင် အဘယ်အရာရှိနေသည်ကို နားလည်သည်ဟု ဝီလျံမ်ကယူဆသည်။ “ကျွန်တော့်အဖေဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီနိုင်ငံ၊ ဘာလင်မှာ ကြီးပြင်းလာခဲ့တယ်” ဟု သူရှင်းပြသည်။ “ငယ်ရွယ်စဉ် ပြောမပြနိုင်တဲ့ ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ကြုံခဲ့ရပြီး လူအများအပြားသေဆုံးတာကို တွေ့ခဲ့တယ်။ သူ့ဘဝအတွက် နေ့စဉ်အစားအစာရရှိဖို့ ရုန်းကန်ခဲ့ရတယ်။ အဖေ့ဘဝမှာကြုံတွေ့ခဲ့ရတာတွေက သူ့ကို အပြင်းအထန်ထိခိုက်စေခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။” မှန်ပါသည်၊ ပြင်းထန်သောဖိနှိပ်မှုခံရသူတစ်ဦးသည် မဆင်မခြင်ပြုမူမိနိုင်သည်ကို သမ္မာကျမ်းစာက အသိအမှတ်ပြုပါသည်။—ဒေ. ၇:၇။
သူတို့ဖခင်၏ ဘဝအတွေ့အကြုံများနှင့်ပတ်သက်၍ သူတို့အပေါ် ပြုမူဆက်ဆံပုံကို အပြစ်တင်စရာမရှိဟု ဝီလျံမ်နှင့်ဂျုံးတို့က ယူမှတ်ပါသလော။ “မယူမှတ်ပါ” ဟု ဝီလျံမ်ပြောသည်။ “သူ့ရဲ့နောက်ခံက သောက်ကြူးဖို့နဲ့ ညံ့ဖျင်းတဲ့အမူအကျင့်တွေအတွက် အကြောင်းပြစရာမဟုတ်ဘူး။ ဒါပေမဲ့၊ အဲဒီလို သိရှိထားခြင်းက ကျွန်တော့်ဖခင်ရဲ့အပြုအမူတွေကို ပိုမိုနားလည်လာအောင် ကျွန်တော့်ကိုကူညီပေးပါတယ်။
သင်၏မိဘများသည် မစုံလင်သူများဖြစ်ကြသည်ဆိုသည့် အဖြစ်မှန်ကို လက်ခံခြင်းနှင့် သူတို့၏နောက်ခံအကြောင်းတစ်စုံတစ်ရာကို သိရှိထားခြင်းက သူတို့ကိုနားလည်ပေးရန် သင့်ကိုများစွာကူညီပေးနိုင်သည်။ နယပုံပြင် ၁၉:၁၁ က “[ကောင်းသော] သတိရှိသောသူသည် မိမိအမျက်ဒေါသကိုချုပ်တည်းတတ်၏” ဟု ဆိုသည်။
သင့်ခံစားချက်များကို ကိုင်တွယ်ဖြေရှင်းခြင်း
အိမ်တွင်းအခြေအနေများကြောင့် သင့်ကိုထိခိုက်စေနိုင်သည့် အခြားအပျက်သဘောထားများရှိသည်။ ဥပမာ၊ သူ့မိဘနှစ်ပါးစလုံးထံမှ ဂရုစိုက်မှုမရရှိခြင်းက ပက်ထရီရှာကို “အသုံးမကျ၊ ချစ်မြတ်နိုးမခံရသူ” ဟု ခံစားစေသည်။ အသက်ရှစ်နှစ်အရွယ်လောက်တွင် သူ့ဖခင်ထားခဲ့ပြီးနောက် လာနီးရှားက လူတွေကို ယေဘုယျအားဖြင့် ယုံကြည်စိတ်ချရန် အခက်တွေ့ခဲ့သည်။ ထို့ ပြင် ဆေးစွဲနေသောမိခင်ကြောင့် ရင်တွင်းဟာနေသည်ကို အစားထိုးရုံမျှလောက်အတွက် သူတွေ့ဆုံရသူအားလုံးနီးပါးထံမှ အာရုံစိုက်မှုကို ရှယ်လာ တောင့်တခဲ့သည်။
ဒေါသနှင့်မနာလိုမှုကလည်း ပြဿနာများဖြစ်စေနိုင်သည်။ သူလိုချင်တောင့်တသောမေတ္တာကို နောက်အိမ်ထောင်ပြုသည့် သူ၏ဖခင်က သူ့မိသားစုအသစ်အပေါ်ပြသည်ကို ကားရ်ရဲန်း တွေ့ရသည့်အခါ “အလွန်မနာလိုမှု” ခံစားရသည်။ တစ်ခါတစ်ရံ၊ သူ့မိဘတွေကို မုန်းသည်အထိပင် လေလာနီး ခံစားရသည်။ “အမြဲတမ်းလိုလို ကျွန်မသူတို့နဲ့စကားများရတယ်” ဟု သူပြောသည်။
အခြေအနေများကိုသုံးသပ်ခြင်းဖြင့် ထိုခံစားချက်အားလုံးကို နားလည်နိုင်ပါသည်။ သို့သော် ထိုကဲ့သို့သော အပျက်သဘောထားများကို အပြုသဘောဖြင့် သင်မည်သို့ ကိုင်တွယ်ဖြေရှင်းနိုင်မည်နည်း။ အောက်ပါအကြံပြုချက်များကို သုံးသပ်ကြည့်ပါ။
• ယေဟောဝါဘုရားသခင်ထံ ချဉ်းကပ်ပါ။ (ယာကုပ် ၄:၈) ကိုယ်ပိုင်ကျမ်းစာဖတ်ရှုခြင်းနှင့် ကိုယ်တော့်လူမျိုးတော်နှင့်မှန်မှန်ပေါင်းသင်းခြင်းတို့ကို သင်ပြုလုပ်နိုင်ပါသည်။ အခြားသူတို့နှင့်ယေဟောဝါဆက်ဆံပုံကို သင်သိရှိလာသည်နှင့်အမျှ ကိုယ်တော်သည် သစ္စာရှိတော်မူကြောင်း သင်သိမြင်လာမည်။ ကိုယ်တော့်ကို သင်ယုံကြည်ကိုးစားနိုင်ပါသည်။ “မိန်းမသည် မိမိဖွားသောသားကို မသနားသည့်တိုင်အောင် မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော” ဟု ဣသရေလလူတို့အား ယေဟောဝါမေးခဲ့ပြီး “အကယ်၍ မေ့လျော့သော်လည်း သင့်ကို ငါမမေ့လျော့” ဟု ကိုယ်တော်ကတိပြုတော်မူခဲ့သည်။ (ဟေရှာယ ၄၉:၁၅) ထို့ကြောင့် ဘုရားသခင်ထံ မှန်မှန်ဆုတောင်းပါ။ သင့်စကားလုံးများ မှန်မမှန်နှင့်ပတ်သက်၍ မစိုးရိမ်ပါနှင့်။ သင့်ကို ကိုယ်တော်နားလည်တော်မူသည်။ (ရောမ ၈:၂၆) မည်သူမျှနားမလည်ပေးဟန်ရှိသည့်တိုင် ယေဟောဝါသင့်ကို ချစ်မြတ်နိုးတော်မူကြောင်း သိရှိထားပါ။–ဆာလံ ၂၇:၁၀။
• ယုံကြည်စိတ်ချရသော လူကြီးတစ်ဦးကို ရင်ဖွင့်ပါ။ ဝိညာဉ်ရေးတွင်ရင့်ကျက်သူတို့နှင့် ပေါင်းသင်းပါ။ သင့်ခံစားချက်များနှင့် စိုးရိမ်ပူပန်မှုများကို သူတို့ထံ ပွင့်လင်းစွာပြောဆိုပါ။ ယေဟောဝါသက်သေတို့၏ ခရစ်ယာန်အသင်းတော်တွင် ဝိညာဉ်ရေးဖခင်များနှင့်မိခင်များကို သင်ရှာတွေ့ နိုင်သည်။ (မာကု ၁၀:၂၉၊ ၃၀) သင့်ခံစားချက်များကို သူတို့ထံ ရိုးသားစွာရင်ဖွင့်နိုင်ရန် သင့်ဘက်မှ အစပြုလုပ်ဆောင်ဖို့လိုပါလိမ့်မည်။ သင်ခံစားနေရသည့်အရာများကို မပြောပြဘဲနှင့် အခြားသူများက သိလာလိမ့်မည်မဟုတ်ပါ။ နှလုံးပါပါရင်ဖွင့်ခြင်းမှလာသော သက်သာရာရမှုက သင့်အတွက် အမှန်တကယ်နှစ်သိမ့်မှုတစ်ခုဖြစ်နိုင်သည်။—၁ ဓမ္မရာဇဝင် ၁:၁၂-၁၈။
• အခြားသူများကိုကူညီပေးခြင်းတွင် အလုပ်များနေပါ။ မိမိကိုယ်ကိုသနားနေခြင်း၏အန္တရာယ်ကိုရှောင်ပါ။ သင့်အခြေအနေ၏ အခွင့်မသာသောအပိုင်းများတွင် စိတ်ရောက်မနေပါနှင့်။ ၎င်းအစား၊ သင်၌ဖိလိပ္ပိ ၂:၄) ဝိညာဉ်ရေးပန်းတိုင်များချမှတ်ပြီး အပြုသဘောထားဖြင့် ယင်းတို့ကိုမီအောင်ကြိုးစားပါ။ ခရစ်ယာန်ဓမ္မအမှုတွင် အခြားသူတို့၏လိုအပ်ရာများကို ဆောင်ရွက်ပေးခြင်းက သင့်ကိုယ်သင်အာရုံစိုက်မည့်အစား အခြားသူများအပေါ်အာရုံစိုက်ရန် အကောင်းဆုံးနည်းလမ်းပင်ဖြစ်သည်။
ရှိထားသည့်အရာကို တန်ဖိုးထားတတ်အောင် သင်ယူပါ။ “ကိုယ်အမှုအရာကိုသာမရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်” ခြင်းဖြင့် မိမိကိုယ်ကို အသုံးတော်ခံရန် တံခါးဖွင့်ထားပါ။ (• သင့်မိဘများအပေါ် ရိုသေလေးစားမှု ဆက်၍တင်ပြပါ။ ကျမ်းစာမူများနှင့်စံနှုန်းများကို စွဲစွဲမြဲမြဲလိုက်နာရန် အမြဲသတိရပါ။ ထိုတွင် သင့်မိဘများကို ရိုသေလေးစားမှုတင်ပြခြင်းပါဝင်သည်။ (ဧဖက် ၆:၁၊ ၂) ထိုကဲ့သို့သော ရိုသေလေးစားမှုသည် လက်စားချေလိုစိတ်၊ လက်တုံ့ပြန်လိုစိတ်ကို တားဆီးပေးသည်။ မိဘများအပိုင်းမှ မည်မျှအမှားပြုသည်ရှိပုံပေါက်ခြင်းက သင့်အပိုင်းမှ အမှားပြုနိုင်ပါသည်ဟု ကာကွယ်မပြောဆိုနိုင်ပါ။ ထို့ကြောင့် ကိစ္စမှန်သမျှကို ယေဟောဝါလက်တော်တွင်အပ်ထားပါ။ (ရောမ ၁၂:၁၇-၂၁) ကိုယ်တော်သည် “တရားကိုနှစ်သက်တော်မူ” ပြီး ကလေးများအပေါ် ကာကွယ်ပေးလိုသောဆန္ဒ အလွန်ပြင်းပြတော်မူ၏။ (ဆာလံ ၃၇:၂၈; ထွက်မြောက်ရာ ၂၂:၂၂-၂၄) သင့်မိဘများအပေါ် လျောက်ပတ်သောရိုသေလေးစားမှု ဆက်၍တင်ပြစဉ် ဘုရားသခင့်ဝိညာဉ်အသီးကို ပျိုးထောင်ဖို့ ကြိုးစားပါ—ထို့ထက်ကား ချစ်ခြင်းမေတ္တာကို ပျိုးထောင်ပေးပါ။—ဂလာတိ ၅:၂၂၊ ၂၃။
သင်အောင်မြင်နိုင်
မိဘ၏မေတ္တာကင်းမဲ့ခြင်းက အလွန်ပြင်းပြသည့်ဝေဒနာဖြစ်နိုင်သည်မှာ ယုံမှားဖွယ်မရှိချေ။ သို့သော် မိဘများ၏ပျက်ကွက်မှုက သင်မည်သို့သောပုဂ္ဂိုလ်မျိုးဖြစ်လာမည်ဟု ပိုင်းဖြတ်ရန်မလိုအပ်ပေ။ အထက်ဖော်ပြပါကျမ်းစာမူများကို သင့်ဘဝတွင် လက်တွေ့ကျင့်ခြင်းဖြင့် သင့်အတွက် ပျော်ရွှင်၍ အောင်မြင်မှုအကျိုးရလဒ်များကို သင်ရွေးချယ်ယူနိုင်ပါသည်။
အစောပိုင်းတွင်ဖော်ပြခဲ့သည့် ဝီလျံမ်သည် ယေဟောဝါသက်သေများ၏ ဌာနခွဲတစ်ခုတွင် အချိန်ပြည့်စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်သည်။ သူဤသို့ပြောပြသည်—“အဲဒီဝမ်းနည်းဖွယ်အခြေအနေတွေကို ဖြေရှင်းဖို့ ယေဟောဝါက ကျွန်တော်တို့အတွက် ပြင်ဆင်ပေးချက်တွေအများကြီး ပေးထားတယ်။ ဒီလို မေတ္တာနဲ့ကြည့်ရှုစောင့်ရှောက်တဲ့ ကောင်းကင်ခမည်းတော်တစ်ပါး ရှိထားခြင်းက တကယ့်အခွင့်ထူးပါပဲ!” သူ၏ညီမ ဂျုံးသည် အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုဆောင်အနေဖြင့် သတင်းကောင်းဟောပြောသူ ပိုမိုလိုအပ်သောနေရာဒေသတွင် အမှုဆောင်နေပါသည်။ “ကြီးပြင်းလာတဲ့အခါ ဘုရားသခင်ရဲ့အမှုတော်ကိုဆောင်တဲ့သူနဲ့ မဆောင်တဲ့သူတွေကြား ရှင်းလင်းပြတ်သားတဲ့ ကွဲပြားမှုကို ကျွန်မတို့တွေ့ ခဲ့ရတယ်” ဟု သူပြောပြသည်။ (မာလခိ ၃:၁၈) “ကျွန်မတို့ရဲ့ အတွေ့အကြုံတွေက အမှန်တရားအတွက် တိုက်လှန်ဖို့နဲ့ ကိုယ်ပိုင်ဖြစ်စေဖို့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုပေးပါတယ်။”
သင့်ကိစ္စတွင်လည်း အလားတူအောင်မြင်နိုင်ပါသည်။ သမ္မာကျမ်းစာက “မျက်ရည်ကျလျက် မျိုးစေ့ကြဲသောသူတို့သည် ရွှင်လန်းလျက် စပါးရိတ်ကြလိမ့်မည်” ဟု ဆိုထားပါသည်။ (ဆာလံ ၁၂၆:၅) ထိုကျမ်းချက်သည် မည်သို့သက်ဆိုင်ပါသနည်း။ ခက်ခဲသောအခြေအနေများအောက် မှန်ကန်သောမူများကို သင်ကြိုးစား၍ကျင့်သုံးမည်ဆိုလျှင်၊ နောက်ဆုံးတွင် ဘုရားသခင့်ကောင်းချီးများခံစားရသည့်အတွက် သင့်မျက်ရည်များသည် ရွှင်လန်းမှုဖြင့် အစားထိုးခံရပါလိမ့်မည်။
ထို့ကြောင့် ယေဟောဝါဘုရားသခင်ထံချဉ်းကပ်ရာတွင် ကြိုးစားအားထုတ်ပါ။ (ဟေဗြဲ ၆:၁၀; ၁၁:၁၆) စိုးရိမ်ကြောင့်ကြခြင်း၊ အလိုမကျခြင်းနှင့် အပြစ်ရှိသည်ဟုခံစားရခြင်း ဝေဒနာကို နှစ်ပေါင်းများစွာခံစားရသည့်တိုင် ထိုခံစားချက်များ တဖြည်းဖြည်းသက်သာလာပြီး “အဘယ်သူမျှ ကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်း” ဖြင့် အစားထိုးခံရပါလိမ့်မည်။—ဖိလိပ္ပိ ၄:၆၊ ၇။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 အမည်အချို့ကို ပြောင်းလဲထားပါသည်။
[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်]
သင် ဤသို့ ခံစားရပါသလော . . .
• တန်ဖိုးမရှိသလောက် သို့မဟုတ် အလကားဟု
• အခြားသူများကို ယုံကြည်ရန် စိတ်မချရ သို့မဟုတ် မလျော်ကန်ဟု
• အမြဲတစေအားပေးမှု လိုအပ်နေသည်ဟု
• သင့်ဒေါသနှင့်မနာလိုမှုကို ထိန်းချုပ်၍မရဘဲဖြစ်နေသည်ဟု
ထိုမေးခွန်းများကို ဟုတ်ပါသည်ဟု သင်ဖြေမည်ဆိုလျှင်၊ ယုံကြည် စိတ်ချရသော မိဘတစ်ဦး၊ အကြီးအကဲ သို့မဟုတ် ဝိညာဉ်ရေး ရင့်ကျက်သောမိတ်ဆွေတစ်ဦးနှင့် ဖြစ်နိုင်လျှင်ဖြစ်နိုင်ချင်း ထိုအကြောင်းများကို ဆွေးနွေးပါ။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံများ]
အပြုသဘောထားခြေလှမ်းများဖြင့် သင့်ခံစားချက်များကို ဖြေရှင်းပါ