ဝေဟင်ခရီးပျံသန်းခြင်းသည် အန္တရာယ်ကင်းရှင်းဆဲလော
ဝေဟင်ခရီးပျံသန်းခြင်းသည် အန္တရာယ်ကင်းရှင်းဆဲလော
ခရီးသည်တင် ဂျက်လေယာဉ်လေးစင်း အပိုင်စီးခံရ၏။ လေးစင်းစလုံး ပျက်ကျသွား၏။ ထင်ရှားသောအဆောက်အအုံများ ပျက်စီးသွား၏။ အမြွှာမျှော်စင်တစ်ခုကို အရှိန်ပြင်းစွာ ဝင်တိုက်သည့် ဂျက်လေယာဉ် ၇၆၇ ၏ရုပ်ပုံကို ရုပ်မြင်သံကြားတွင် ထပ်ခါထပ်ခါ လွှင့်ပြခဲ့သည်။
စက်တင်ဘာ ၁၁၊ ၂၀၀၁ ခုနှစ်တိုက်ခိုက်မှုသည် အကြမ်းဖက်တိုက်ခိုက်မှုဆိုင်ရာ ကြောက်မက်ဖွယ်ခေတ်သစ်တစ်ခုကို ဖြစ်ပေါ်လာစေသည်။ လေကြောင်းလိုင်းများသည် လူသတ်လက်နက်များဖြစ်လာပြီး လေယာဉ်များသည် မီးလောင်ဗုံးများဖြစ်လာလေပြီ။
ရလဒ်အနေနှင့် ဝေဟင်ခရီးသည်တို့တွင် ကြောက်လန့်စရာတစ်မျိုး ပေါ်လာပြန်ပြီ– အန္တရာယ်ကင်းသည်ဟု ယူဆခဲ့ကြသူတို့မှာ အကြမ်းဖက်တိုက်ခိုက်နိုင်စရာအလားအလာကြောင့် ယခုအခါ ထိတ်လန့်နေကြသည်။ ထို့အပြင် စက်တင်ဘာ ၁၁ ရက်နောက်ပိုင်း အကြမ်းဖက်မှုနှင့်ဆက်နွှယ်မှုမရှိသည့် ထိတ်လန့်ဖွယ် လေယာဉ်မတော်တဆဖြစ်မှုများ ဆက်တိုက်ဖြစ်ပေါ်နေမှုက လူများစွာကို ဝေဟင်ခရီးသွားလာရေးအတွက် အကြောက်ပိုစေခဲ့သည်။
ဝန်ခံရမည်မှာ လေကြောင်းခရီးစဉ်သည် ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသောလူတို့ လက်လှမ်းမမီနိုင်သည့် စည်းစိမ်တစ်မျိုးဖြစ်သည်။ သို့ရာတွင် တခြားသူများအတွက် ဝေဟင်ခရီးသွားလာရခြင်းမှာ မသွားလျှင်မဖြစ်သော သွားရမြဲခရီးတစ်ခု ဖြစ်နေသည်။ လုပ်ငန်းကိစ္စအတွက် ခရီးသွားလာရန်လိုအပ်သူတို့အတွက် လေယာဉ်စီးနင်းခြင်းမှာ ရှောင်လွဲမရသည့်အရာဖြစ်၏။ ခရစ်ယာန်သာသနာပြုများနှင့် ဓမ္မအမှုဆောင်များသည် ၎င်းတို့တာဝန်ကျသည့်နေရာများသို့ ဝေဟင်ခရီးဖြင့် သွားပြန်ရလေ့ရှိကြသည်။ ရံဖန်ရံခါ ဆင်းရဲသားများအတွက်ပင် လေယာဉ်သည် အရေးပေါ်ဆေးဝါးကုသစဉ်အတွင်း သင့်လျော်သည့်တစ်ခုတည်းသော သယ်ယူပို့ဆောင်မှုနည်းလမ်း ဖြစ်လေ့ရှိသည်။ ထောင်နှင့်ချီသော လေယာဉ်မှူးများနှင့် လေယာဉ်အမှုထမ်းစုများမှာ ဝေဟင်ခရီးပျံသန်းခြင်းဖြင့် အသက်မွေးကြရသည်။
ကိုယ်တိုင်ထိတ်လန့်ကောင်းထိတ်လန့်နေမည့် ဤလေကြောင်းခရီးသည်များစွာသည် လေယာဉ်မထွက်ခွာမီ စိုးရိမ်တကြီးဖြစ်နေသည့် ကြင်ဖော်များနှင့် ကြောက်လန့်နေသည့်သားသမီးများကို စိတ်ငြိမ်အောင်နှစ်သိမ့်ကြရသည်။ လုပ်ရိုးလုပ်စဉ်ဖြစ်ခဲ့သော လေယာဉ်စထွက်ခြင်းသည် ယခုအခါ စိုးထင့်စရာဖြစ်လာသောကြောင့် ဝေဟင်ခရီးပျံသန်းခြင်းသည် နှစ်လိုဖွယ်ကောင်းသော ခရီးလမ်းတစ်ခု ဖြစ်နေဆဲလောဆိုသည်ကို ခရီးသည်များ တွေးဆလာကြသည်။
အဆိုပါကိစ္စများကို သုံးသပ်တင်ပြရန် နိုးလော့! သည် လုံခြုံရေးကျွမ်းကျင်သူများ၊ လေဆိပ်ဝန်ထမ်းများ၊ လေကြောင်းလိုင်းအရာရှိများ၊ လေယာဉ်ကြံ့ခိုင်ရေးလုပ်သားများနှင့် ဆွေးနွေးတိုင်ပင်ခဲ့သည်။ သူတို့အားလုံးလိုလို သဘောတူကြပုံရှိသည့်အရာမှာ– ဝေဟင်ခရီးပျံသန်းခြင်းသည် အန္တရာယ်အကင်းဆုံးခရီးစဉ်ဖြစ်နေသေးသော်လည်း ခြိမ်းခြောက်မှုအသစ်များကြောင့် ခရီးသွားပြည်သူများ၏လုံခြုံရေးအတွက် နည်းလမ်းသစ်များတိုး၍ လိုအပ်လာသည်ဟူ၍တည်း။
နောက်ဆောင်းပါးများတွင် ပါဝင်ပတ်သက်သည့်စိန်ခေါ်ချက်များနှင့် ဝေဟင်ခရီးပျံသန်းနေစဉ် သင့်အတွက် အန္တရာယ်ပိုကင်းပြီး စိတ်သက်သာမှုပိုရစေရန် သင်ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နိုင်သည့်အရာများကို ဆွေးနွေးပါလိမ့်မည်။