မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အန္တရာယ်ကင်းသည်ဟူသည့် အသိစိတ်

အန္တရာယ်ကင်းသည်ဟူသည့် အသိစိတ်

အန္တရာယ်ကင်း​သည်​ဟူ​သည့် အသိစိတ်

မြေပြင်​အထက်​ပေ ၃၅,၀၀၀ တွင် ဝေ​ဟ​င်​ခရီး​သွားလာခြင်း​သည် တချို့​အတွက် ထိတ်လန့်ဖွယ်​ဖြစ်​နိုင်​သည်။ ယင်းသည် သဘာဝ​နိယာမ​တရားကို ဥပေက္ခာပြု​ရာ​ရောက်​ပေ​သည်။ အန္တရာယ်ကင်း​ရေး​စံနှုန်း​များနှင့် လေကြောင်း​ခရီး​ကို အားထား​နိုင်​ဖွယ်​ရှိ​မှု​တို့ မြင့်မား​သည်ထက် မြင့်မား​လာ​သည်​နှင့်​အမျှ ပါးလွှာ​သော​သတ္တုပြွန်​တစ်ခု​အတွင်းမှ အာကာသ​တွင်း​သွားလာခြင်း​သည် အန္တရာယ်​နည်း​သည်ထက်​နည်းလာ​ခဲ့ပြီ။ သို့ရာတွင် ရံဖန်ရံခါ ဆိုးရွား​သည့်​ဖြစ်ရပ်မှန်​များ​က မတော်တဆမှုများ​ဖြစ်ပျက်​နိုင်​ကြောင်း သတိပေး​နေသည်။

ကြောက်​စိတ်​ကို အနိုင်ယူ​ခြင်း

ထို​ဖြစ်ရပ်​များ​ရှိ​လင့်​ကစား ရှေး​ပ​ဝေ​သဏီ​ကတည်းက လူ​တို့​တွင် ဝေ​ဟ​င်​ပေါ်​ပျံသန်း​လို​သည့်​ဆန္ဒရှိ​ကြောင်း ဖော်ပြ​ခဲ့​ကြပြီ။ ခရစ်တော်​မ​ဖွားမြင်​မီ ရာစုနှစ်​ဆယ်ခု​က ဘုရင်​ဒါဝိဒ် ဤသို့​ရေးသားခဲ့​သည်– “ငါသည် ချိုးငှက်​ကဲ့သို့ အတောင်​ကို​ရ​ပါစေ​သော။ ထိုသို့​ရ​လျှင် အခြား​သို့​ပျံ​သွား​၍ ငြိမ်​ဝပ်​လျက်​နေ​လိမ့်​မည်။” (ဆာလံ ၅၅:၆) ဖော်ပြ​ပြီး​သည့်​အတိုင်း ခေတ်​သစ်​နည်း​ပညာ​က ဝေ​ဟ​င်​ခရီး​ကို အန္တရာယ်​အ​ကင်း​ဆုံး သယ်ယူ​ပို့ဆောင်​ရေးနည်း​လမ်း​တစ်ခု ဖြစ်စေ​ခဲ့ပြီ။ အန္တရာယ် လုံးဝ​မရှိ​သည်​တော့ မဟုတ်​ချေ။ ဤ​လောကတွင် အန္တရာယ်​လုံးဝ​မရှိသည့်​အရာ သို့​မဟုတ် အပြည့်အဝ​ကြိုတင်​သိမြင်​နိုင်​သည့်​အရာ​ဟူ၍ မရှိပါ။

အခြား​တစ်ယောက်​က တာဝန်​ယူ​လုပ်ဆောင်နေ​သည့်​အခါ​မျိုး​တွင် ကိုယ်​က လျော်​ကန်​စွာ တန်ပြန်​လုပ်ဆောင်ရန် ခဲယဉ်း​ကြောင်း သတိ​ရဖို့ အရေးကြီး​သည်။ လူ​တချို့က ‘ငါ​သာ ဒီ​တာဝန်ကို ယူရ​ရင် ထိတ်လန့်စရာ​အခြေအနေ​နည်း​သွားမှာပဲ’ ဟု​စဉ်းစား​ကြ​ပေမည်။ ထိုသို့​သော​သူ​မျိုး​တို့သည် တာဝန်​ယူ​လုပ်ဆောင်ခွင့် အနည်းငယ်​သာ​ရှိသည့်​အခါ သို့​မဟုတ် နည်းနည်း​မျှ​မရရှိ​သည့်​အခါ​မျိုး​တွင် အခက်တွေ့​လေ​တော့​သည်။ လေကြောင်း​ခရီးသည် ထိုသို့​သော​အခြေအနေ​များ​ထဲ​မှ တစ်ခု​ဖြစ်သည်။

ဝေ​ဟ​င်​ခရီး​ကို အန္တရာယ်​ပို​ကင်း​စေရန် ကြိုးပမ်း​ကြ​လင့်​ကစား အ​ဘက်​ဘက်​မှ​ပြည့်စုံ​သည်​ဟူ၍ မရှိပေ။ လေကြောင်း​ခရီးတွင် ပါဝင်​ပတ်သက်​သူ​တိုင်း ဖြစ်​နိုင်​စ​ရာ​အန္တရာယ်များ​ကို လျော့နည်း​သည်ထက်​လျော့နည်း​စေနိုင်​ရန် ပူးပေါင်း​လုပ်ဆောင်​နိုင်​ပါ​သည်။ သို့​တိုင် အာဏာပိုင်​များသည် အန္တရာယ်များ​ကို မပြတ်​သတိပေး​နေသည်။ ပညာရှိ​နယပုံပြင်​ကျမ်း​က ဤသို့​ဆို​သည်– “ပညာသတိ​ရှိသူ​သည် အန္တရာယ်ကို​ကြိုမြင်​၍ ကြိုတင်​ကာကွယ်​မှုများ လုပ်တတ်​၏။” (သု. ၂၂:၃သက်ဝင်​ဘာသာပြန်​ကျမ်း​သစ်) လက်တွေ့​အားဖြင့် မည်သည့်​လုပ်ဆောင်မှု​တွင်​မဆို အန္တရာယ်​ဖြစ်တတ်​ကြောင်း အသိအမှတ်​ပြုခြင်း​သည် ပညာရှိရာ​ရောက်​သည်။ အခြား​အခြေအနေ​များ​တွင် သင့်​လုံခြုံရေး​ကို​ကာကွယ်ရန် အသုံးပြု​ရမည့် အရာများ​ကို မြင်ကွင်း​တွင် ထား​ရသည့်​နည်းတူ ဝေ​ဟ​င်​ခရီး​သွားလာခြင်း​တွင်​လည်း အလားတူ​ကြိုတင်​ကာကွယ်​မှုများ လုပ်ဆောင်ရန်​လို​သည်။

ဝေ​ဟ​င်​ခရီး​ကို မကြာခဏ​သွားလာ​သူများ​သည် ယင်း​သို့​ခက်ခဲ​သည့်​အချိန်​များ​တွင် မိမိတို့​ကိုယ်ကို ပိုမို​ဂရုစိုက်​တတ်ကြ​ပေမည်။ အကြောင်း​မှာ မှန်မှန်​သွားလာ​သူများ​သည် များသောအားဖြင့် တခြား​ခရီးသည်​များ​ထက် လေဆိပ်​များ၊ လေယာဉ်ပျံ​များနှင့် ပိုမို​အကျွမ်းတဝင်​ဖြစ်​ကြသော​ကြောင့်​တည်း။ တွဲလျက်​လေးထောင့်ကွက်များ​တွင် ဖော်ပြ​ထား​သည့် ရိုးရှင်း​လွယ်ကူ​သော​အဆင့်များ​အတိုင်း လုပ်ဆောင်ခြင်းဖြင့် သင်လည်း သူတို့​နည်းတူ အကျွမ်းဝင်​မှု​နှင့် စိတ်​ငြိမ်သက်မှု ခံစား​နိုင်​ပါ​သည်။

အေးအေးဆေးဆေး ခရီး​သွားခြင်း

လုံခြုံရေး​စစ်ဆေး​သည့်​ဂိတ်​များသည် လိုအပ်​သည့်​ဝန်ဆောင်မှု လုပ်ဆောင်နေ​စဉ် တချို့​ခရီးသည်​များ—အထူးသဖြင့် လော​နေ​သူများ—က အနှောင့်အယှက်​ဟု ယူမှတ်​ကြသည်။ လေဆိပ်​အများစု​တွင် လုံခြုံရေး​ကို​တိုးချဲ့​ထား​ကြောင်း စိတ်​စွဲမှတ်​ထား​မည်​ဆိုလျှင် ပိုမို​လွယ်ကူ​စွာ​ဖြတ်သန်း​သွားလာ​နိုင်​ရန် အောက်ပါ​အကြံပြုချက်များ​ကို သင်​လိုက်နာ​လို​ပေမည်–

▪ စောစော​ရောက်​ပါ။ လေဆိပ်​တွင် အချိန်​စောစော​ရောက်နေ​ရန် စီစဉ်​ထားခြင်း​ဖြင့် စိတ်အေး​လက်​အေး၊ သက်သောင့်သက်သာ​ဖြစ်​ပြီး မမျှော်လင့်​သော​အခြေအနေ သို့​မဟုတ် အဆင်မပြေမှု တွေ့ကြုံ​သည့်​အခါ ဖြစ်လာ​နိုင်​သည့် ဖိစီးမှုကို ရှောင်ကြဉ်​နိုင်​ပါ​သည်။

▪ လေကြောင်းလိုင်း​ကို ရွေးချယ်​သည့်​အခါ လုပ်ငန်း​ကိစ္စ​သွားလာ​သူများ အဓိက​အသုံးပြုသည့် လေကြောင်း​ကို ရှာဖွေပါ။ သူတို့သည် လုပ်​နည်း​ကိုင်​နည်းကို ပို​သိ​ကြ​ပြီး သူတို့နှင့်​အတူ ပစ္စည်း​အနည်းငယ်​သာ သယ်​ကြ​ပြီး လျင်​လျင်မြန်​မြန်​လှုပ်ရှား​လို​ကြသည်။

▪ သတ္တု​ရှာဖွေရေး​တံခါးများ​ကို သင်​ဖြတ်​မလျှောက်​မီ အချက်ပြ​စေမည်​ထင်​သည့် ပစ္စည်း​များ​ကို ချွတ်​ထား​ပါ။ ယင်း​တွင် သော့​များ၊ ငွေ​အ​ကြွေ​စေ့​များနှင့် ဆဲလ်ဖုန်း​များ ပါဝင်​သည်။ တံခါးများ​ကို ဖြတ်သန်း​ဖို့ ပြင်ဆင်​နေစဉ် ယင်း​တို့ကို အစောင့်​အား ကမ်းပေး​ပါ။

▪ အိတ်များ​နှင့် တခြား​ပစ္စည်း​များ​ကို ရွေ့လျား​စက်​ခါးပတ်​ပေါ်​တွင် ပြား​နိုင်​သမျှ​ပြား​အောင် တင်ထား​ပါ; ဓာတ်​ရောင်ခြည်​ဖန်သားပြင်​မှ​စစ်ဆေး​နေသည့်​လူက လုံးထွေး​နေသည့်​ပုံ​တွေ့​မည်​ဆိုလျှင် သင့်​အိတ်​ကို ဖွင့်ပြ​ခိုင်း​မည် သို့​မဟုတ် ပြန်​ပြီး​ထည့်ခိုင်း​နိုင်​သည်။

▪ သင့်​အဘွား​ထံ​မှ​ရသည့် ရှေးဟောင်း​ငွေရောင်​မယ်​ဒ​လင်​ကဲ့သို့​သော အစောင့်​၏​အာရုံ​ကို ဖမ်း​လိမ့်​မည်​ဟု ယူဆ​ရသည့် ပစ္စည်း​မှန်သမျှကို အစောင့်​အား ပြော​ထား​ပါ။ ဖန်သားပြင်​တွင်​ပေါ်​သည့် ထူးခြားသည့်​ပုံရိပ်​အတွက် အတော်အတန်​ရှင်းပြ​ပေးခြင်း​အားဖြင့် အစောင့်​က သင့်​အား စစ်ဆေးမှု​လျော့နည်း​သွား​နိုင်​စ​ရာ​ရှိသည်။ အမှန်တကယ် အလျင်​လို​နေလျှင် ပစ္စည်း​ကို ကြိုတင်​ဖြေ​ထားပြီး လက်​ဖြင့်​စစ်ဆေး​ရန် တောင်းဆို​ပါ။

▪ အချက်ပြ​သံ​ထွက်​လာ​လျှင် ပူးပေါင်း​လုပ်ဆောင်​ပြီး ချက်ချင်း​ရှင်းပြ​ပေး​ပါ။ အစောင့်​ဖြစ်သူ​က သီးခြား​ပစ္စည်း​တစ်မျိုး​ကြောင့် အချက်ပြ​သံ​ထွက်​ခြင်း​ဖြစ်​ကြောင်း သိရှိပြီး ရှာဖွေ​စမ်းသပ်​တံ​ကိုင် လုပ်ဖော်​လည်း​ရှိ​မည်​ဆိုလျှင် ထို​သူ​ထံ​သို့​သွား​ရန် ညွှန်ကြား​ပါ​လိမ့်​မည်။

▪ သင့်​ခရီးစဉ်​ကို ပျက်ကွက်​ဖို့​သေချာ​စေသည့်​အရာတစ်ခု​မှာ လေယာဉ်ပျံ​ပြန်ပေးဆွဲခြင်း သို့​မဟုတ် ဗုံး​အကြောင်း နောက်​ပြောင်​ခြင်း​ဖြစ်သည်။ လေဆိပ်​လုံခြုံရေး​အရာရှိများ​က တင်းတင်း​ကြပ်ကြပ်​စစ်ဆေး​ကြ​မည့်​အပြင် ပြစ်မှုစွဲ​တင်​ခံရ​နိုင်​ပေ​သည်။

အန္တရာယ်ကင်း​ပါစေ!

အန္တရာယ်ကင်း​သည့်​လေကြောင်း​ခရီး​ကို ရွေးချယ်​ဖို့​ဖြစ်​နိုင်​ပါသလော။ ဖြစ်​နိုင်​ပါ​သည်။ မည်သည့်​လေကြောင်း​ခရီး​ကို ရွေးချယ်​သည်ဖြစ်စေ ဘေးမ​သီ​ရန်​မ​ခ လို​ရာ​ခရီး​ရောက်​နိုင်​ဖို့ အလွန်​အလားအလာ​ကောင်း​ပါ​သည်။ သံသယ​ဖြစ်​နေလျှင် သင်​စီး​နှင်း​ဖို့​ရည်ရွယ်​သည့် လေကြောင်းလိုင်း​၏ အန္တရာယ်ကင်း​သည့်​မှတ်တမ်း​ကို လေ့လာ​ပါ။ လေကြောင်း​မတော်တဆ​ဖြစ်မှု​များ​ရှိသည်​မှန်​သော်လည်း ဝေ​ဟ​င်​ခရီး​သွားလာခြင်း​သည် အန္တရာယ်​အ​ကင်း​ဆုံး​ခရီးလမ်း​တစ်ခု ဖြစ်နေ​သေး​ကြောင်း စိတ်စွဲ​မှတ်ထားပါ။

လောလောဆယ်တွင် ကျွန်ုပ်​တို့အားလုံး​သည် အန္တရာယ်ကင်း​သည့်၊ လုံခြုံ​သည့်၊ ယုံကြည်​စိတ်ချ​ရသည့်​အချိန်—မြေကြီးကို ဘုရားသခင်​အုပ်ချုပ်​မည့်​အချိန်—ကို စောင့်စား​နေနိုင်​ပါ​သည်။ ဘုရားသခင်​ကို​ကြောက်ရွံ့​သည့်၊ ငြိမ်သက်​သည့်​လူ့​မိသားစု​အတွင်း လူ့​အသက်ကို အန္တရာယ်​ပြု​မည့်​သူ​မှန်သမျှ​အတွက် နေရာ​ရှိ​မည် မဟုတ်​ချေ။ လူသည် “ဘေး​ကို​မကြောက်​ဘဲ အန္တရာယ်ကင်း​ပြီး လုံလုံခြုံခြုံ​နေရ​လိမ့်​မည်။”—သု. ၁:၃၃ခေတ်ပြိုင် အင်္ဂလိပ်​ကျမ်း။ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 19 ဆက်နွှယ်​သည့်​ဆောင်းပါး​များ​အတွက် “လေကြောင်း​ခရီး​ကို ပိုမို​အန္တရာယ်ကင်း​စေခြင်း၊” နိုးလော့! စက်တင်ဘာ ၂၂၊ ၂၀၀၀ [လိပ်]; “အန္တရာယ်ကင်း​သော​ခရီးစဉ်​ဖြစ်ပါစေ!” နိုးလော့! စက်တင်ဘာ ၈၊ ၂၀၀၀ [လိပ်]; “သူတို့ကို အဘယ်အရာက ဝေ​ဟ​င်​ခရီး​သွားလာ​နေ​စေ​သနည်း၊” နိုးလော့! စက်တင်ဘာ ၈၊ ၁၉၉၉ [လိပ်]; “လေယာဉ်များ​သည် မည်မျှ​စိတ်ချ​ရသနည်း၊” နိုးလော့!၊ ဇွန် ၈၊ ၂၀၀၁; “ဝေ​ဟ​င်​ခရီး​သွားလာခြင်း​ကို​ကြောက်​စိတ်—ယင်းက သင့်​အား ဟန့်တား​နေ​သလော၊” နိုးလော့!၊ စက်တင်ဘာ ၂၂၊ ၁၉၈၈ [လိပ်] တို့ကို​ရှု။

[စာမျက်နှာ ၁၀၊ ၁၁ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အန္တရာယ်ကင်း​ရေး အကြံပြုချက်​တချို့

တိုက်ရိုက်​ခရီးစဉ်​ဖြင့်​သွားပါ။ မတော်တဆမှု​အများစု​သည် လေယာဉ်​စ​ထွက်ချိန်၊ ပျံတက်​ချိန်၊ ဆင်း​ချိန် သို့​မဟုတ် သက်ဆင်း​ချိန်​တို့​တွင် ဖြစ်တတ်​သည်။ တိုက်ရိုက်​ခရီးစဉ်​ဖြင့်​သွားခြင်း​သည် မတော်တဆမှု​အဖြစ်​တတ်​ဆုံး အဆင့်ဆင့်​ပျံသန်း​သည့်​ခရီးစဉ်​ထက် အန္တရာယ်​လျော့နည်းစေ​ပါ​မည်။

သာ၍​ကြီးမားသော​လေယာဉ်​ကို ရွေးချယ်​ပါ။ များသောအားဖြင့် ခရီးသည် ၃၀ ကျော်​ဆံ့​သော​လေယာဉ်များ​သည် သာ၍​ငယ်​သော​လေယာဉ်ပျံ​များ​ထက် ပိုမို​တင်းကြပ်​သည့်​စည်းမျဉ်း​များ​အောက် ပုံစံ​ပြုလုပ်​ထားပြီး စံချိန်​မီ​များ​ဖြစ်​ကြသည်။ ဆိုးရွား​သော​မတော်တဆမှု​ဖြစ်ပွား​သည့်​တိုင် သာ၍​ကြီးမားသော​လေယာဉ်ပျံ​သည် ခရီးသည်​ဘေးလွတ်​ရေး​အတွက် အခွင့်အလမ်း ပို​ကောင်း​သည်။

လေယာဉ်​မထွက်ခွာမီ ညွှန်ကြားချက်​များ​ကို အာရုံစိုက်ပါ။ အချက်အလက်​များသည် ထပ်ခါတလဲ​ကြားနေ​ကျ​ဖြစ်ပုံရ​သော်လည်း အနီးဆုံး​အရေးပေါ် ထွက်ပေါက်​များသည် လေယာဉ်​နှင့် သင်​ထိုင်​သည့်​နေရာ​တို့​ပေါ်​မူတည်၍ ကွဲပြား​နိုင်​ပေ​သည်။

ခေါင်း​အပေါ်​ရှိ ပစ္စည်း​ထည့်​အံ​တွင် လေးလံ​သော​ပစ္စည်း​များ မ​ထည့်​ပါ​နှင့်။ ခေါင်း​အပေါ်ရှိ ပစ္စည်း​ထည့်​အံ​များသည် ဝရုန်းသုန်းကား​ဖြစ်​ချိန်​တွင် အလွန်​လေးလံ​သော​ပစ္စည်း​များ​ကို ထိန်း​နိုင်​မည်​မဟုတ်​ချေ၊ သို့​ဖြစ်၍ ဤ​အံငယ် တွင် ပြဿနာ​ဖြစ်စေ​မည့်​အရာဝတ္ထု​ပါ​မပါ အရင်​စစ်ဆေး​ပါ။

သင်​ထိုင်​နေစဉ်​တွင် ထိုင်ခုံ​ခါးပတ်​ကို မြဲမြံ​စွာ​ပတ်​ထား​ပါ။ လေယာဉ်​သည် မမျှော်လင့်​သော​အဖြစ်​နှင့်​ကြုံ​ရ​လျှင် ထိုင်​နေသည့်​အခါ ခါးပတ်​ပတ်​ထားခြင်း​က လိုအပ်​မည့် နောက်ထပ်​ကာကွယ်​မှု​ပေး​သည်။

လေယာဉ်​အမှုထမ်းများ​၏​စကား​ကို နားထောင်ပါ။ လေယာဉ်​ပေါ်​တွင် လေယာဉ်​အမှုထမ်းများ ထား​ရသည့် အဓိက​အကြောင်းရင်း​မှာ အန္တရာယ်ကင်း​ရေး​အတွက် ဖြစ်သည်၊ သို့​ဖြစ်၍ သူတို့​အနက်​တစ်ဦးဦး​က တစ်စုံတစ်ရာ​လုပ်ဆောင်​ခိုင်း​မည်​ဆိုလျှင် အရင်​လုပ်ပြီး​မှ မေးစရာ​ရှိသည်​များ​ကို မေးပါ။

အန္တရာယ်​ဖြစ်စေ​သည့် မည်သည့်​ပစ္စည်း​ကို​မဆို မ​သယ်ဆောင်​ပါ​နှင့်။ သယ်ဆောင်​ခွင့်​မရှိသည့် အန္တရာယ်​ဖြစ်စေ​သော​ပစ္စည်း​စာရင်း​များ အရှည်ကြီး​ရှိသည်၊ သို့သော် လေကြောင်းလိုင်း​က တင်ဆောင်​ခွင့်ပြု​ခြင်း၊ သင့်လျော်​သော​ပုံး​တွင် ထည့်​ထားခြင်း​မ​ရှိလျှင် လေယာဉ်​ပေါ်​တွင် ဓာတ်ဆီ၊ စား​စေသည့်​အရာများ၊ အဆိပ်အတောက်​ဖြစ်စေ​သော​ဓာတ်ငွေ့​များနှင့် တခြား​အရာများ​ကို မတင်​ဆောင်​သင့်​ကြောင်း သာမန်​အသိတရား ရှိ​ထား​သင့်​သည်။

အရက်​အလွန်အကျွံ​မ​သောက်​ပါ​နှင့်။ သင်​သောက်သုံး​သည်​အရက်​မှန်သမျှ​သည် ပင်လယ်ရေ​မျက်နှာပြင်​ထက် လေထု​တွင် ပို​၍​အာနိသင်​ပြင်း​ပါ​လိမ့်​မည်။ မည်သည့်​အမြင့်ပေ​တွင်​မဆို အသင့်အတင့်​သောက်သုံးခြင်း​သည် ပညာရှိ​လမ်းစဉ်​ဖြစ်သည်။

နိုးကြား​နေပါ။ အရေးပေါ်​ထွက်ပေါက်​သို့​ထွက်​ခြင်း​စ​သည့် မမျှော်လင့်​သော အရေးပေါ်​အခြေအနေ​များ ပေါ်ပေါက်​ခဲ့​သည်​ရှိ​သော် လေယာဉ်​အမှုထမ်းများ​နှင့် ဝန်ထမ်း​များ​၏​ညွှန်ကြားချက်​များ​ကို လိုက်နာ​ပြီး အမြန်ဆုံး လေယာဉ်​မှ​ထွက်​သင့်​သည်။

[Credit Line]

Source: AirSafe.com

[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သင့်​မိသားစု​အား နှစ်သိမ့်​အားပေးခြင်း

သင်​ခရီး​ထွက်​မည်​ဆိုလျှင် သင့်​မိသားစု​၏​စိုးရိမ်​ပူပန်မှု​ကို ကိုင်တွယ်​ရန် မည်သို့ ကူညီ​ပေး​နိုင်​သည်ကို ဤ​တွင် ဖော်ပြ​ထား​သည်။ ယူနိုက်တက် ဘီ​ဟေ​ဗို​ရီ​ယယ် ဟဲလ်ထ် ဝက်​ဘ်​ဆို​ဒ်​မှ ထုတ်နုတ်​တင်ပြ​သည်။

သင့်​မိသားစု​နှင့် စကား​ပြောပါ။ သင့်​ခရီးစဉ် စ​မထွက်မီ သင်​နှင့် သူတို့၏​အန္တရာယ်ကင်း​ရေး​အကြောင်းကို သင်​ချစ်​မြတ်နိုး​ရသူ​များနှင့် အချိန်​အတော်အတန်​ယူ၍​ဆွေးနွေး​ပါ။ လုပ်ဆောင်​ထားသော အန္တရာယ်ကင်း​ရေးနည်း​လမ်းသစ်​များနှင့် ယင်း​တို့သည် ခရီး​သွားစဉ် သင့်​အန္တရာယ်ကင်း​ရေး​အတွက် မည်သို့​ဆောင်ကြဉ်း​ပေး​မည်​ဖြစ်​ကြောင်းကို ရှင်းပြပါ။

သူတို့၏​စိုးရိမ်​ပူပန်မှု​များ​ကို ပြောပြ​ခွင့်​ပေး​ပါ။ သင့်​မိသားစု​အား ၎င်းတို့၏​စိုးရိမ်မှု​များ​ကို ပြော​ခွင့်ပြု​ပါ။ သူတို့သည် သင့်ကို​ချစ်​မြတ်နိုးကြ​ပြီး အန္တရာယ်ကင်း​စေ​လို​ကြသည်။ ဂရုတစိုက်​နားထောင်ပေး​ပါ၊ အပြစ်တင်​ဝေဖန်ခြင်း​မပြု​ဘဲ သူတို့၏​ကြောက်​စိတ်​နှင့် စိုးရိမ်​လွန်​စိတ်​တို့ကို အသိအမှတ်ပြု​ပေး​ပါ။

ရိုးရိုးသားသား နှစ်သိမ့်​အားပေးပါ။ နောက်ထပ်​အကြမ်းဖက်မှု​များ​ကို ကာကွယ်​ရန် အေဂျင်စီ​အမျိုးမျိုး​တို့ မည်သို့​လုပ်ဆောင်နေ​ကြ​ကြောင်းကို ပြောပြ​ပါ။ လေဆိပ်​တွင်​သာမက လေယာဉ်​ပေါ်​တွင်​လည်း တင်းကြပ်​သော​လုံခြုံရေး​ကြိုးပမ်းမှု​များ​အကြောင်း ထည့်​ပြောပေး​ပါ။ သင်​လေယာဉ်​ပေါ်​ရောက်ရှိ​နေစဉ် ဆိုးရွား​သည့်​အဖြစ်အပျက် တစ်စုံတစ်ရာ​ဖြစ်ပျက်​နိုင်​စ​ရာ​အလားအလာ​မှာ အတော်​နည်းပါ​သည်။

အဆက်အသွယ် အမြဲ​လုပ်ပါ။ သင့်​ခရီး​ဆိုက်ရောက်​သည့်​အခါ ဖုန်း​ဆက်​မည်​ဟု ကတိပေး​ပါ။ သင်​အဝေး​သို့​ရောက်နေ​စဉ် အိမ်​သို့ မှန်မှန် ဖုန်း​ဆက်သွယ်​ပါ။ အရေးပေါ်​အခြေအနေ​များ​ဖြစ်ပေါ်​ခဲ့​လျှင် သင့်​အား မည်သို့​ဆက်သွယ်​ရမည်ကို သင့်​မိသားစု သိထား​ရန်​လည်း အရေးကြီး​သည်။

[Credit Line]

Taken from the United Behavioral Health Web site

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

လုံခြုံရေး​ဂိတ်​များ​တွင် တလိုတလား​ပူးပေါင်း​ဆောင်ရွက်​ပါ