အန္တရာယ်ပိုကင်းသော ဝေဟင်ခရီးလမ်း ရှာပုံတော်
အန္တရာယ်ပိုကင်းသော ဝေဟင်ခရီးလမ်း ရှာပုံတော်
အဲလက်စ်သည် ၉/၁၁ မတိုင်မီ ရက်သတ္တပတ်အနည်းငယ်က ဝေဟင်ခရီးပျံသန်းခြင်းကို ကြောက်သည့်စိတ် အောင်နိုင်တော့အံ့ဆဲဆဲဟု ခံစားမိခဲ့သည်။ သူစီးနင်းလိုက်ပါလာသည့် ခရီးသည်တင်လေယာဉ်သည် အေသင်မြို့မှ ဘောစတွန်မြို့သို့ စတင်ထွက်ခွာသည်နှင့် ၄၂ နှစ်အရွယ်ရှိ ပြည်သူ့ရေးရာဌာနမှ မန်နေဂျာဖြစ်သော အဲလက်စ်မှာ အနည်းငယ်ထိတ်လန့်ခဲ့သည်—ရင်တဒိတ်ဒိတ်ခုန်ကာ သူ၏လက်ဝါးများနှင့် နဖူးများတွင် ချွေးစေးများထွက်လာသည်။
သို့သော် သူအဘယ်အရာ လုပ်ရမည်ကို သူသိထားသည်။ ဝေဟင်ခရီးသွားလာခြင်းကို ကြောက်သည့်စိတ် ပျောက်ပျက်စေရန် ကြိုးစားကူညီပေးနေသည့် ကုထုံးအထူးပြုဆရာတစ်ဦးက အသက်ကိုပြင်းပြင်းရှူ၊ နှစ်လိုဖွယ်မြင်ကွင်းကို မြင်ယောင်ကာ ထိုင်ခုံလက်တန်းကို မြဲမြံစွာဆုပ်ကိုင်ထားပြီး တစ်မိနစ်လျှင် လေးကြိမ် လက်ကိုပြေလျှော့ရန် မှာကြားထားသည်။ ထိတ်လန့်ချောက်ချားဖွယ်အသံများက သူ့အား အနိုင်ယူအံ့ဆဲဆဲဖြစ်လာသောအခါ ငြိမ်သက်နေသောရေကန်တွင် ရောက်နေသည်ဟု အဲလက်စ်မြင်ယောင်ကြည့်လိုက်သည်။ “ကျွန်တော် တော်တော်လေး တိုးတက်လာတယ်လို့ ထင်တယ်” ဟုအဲလက်စ်က ပြောခဲ့သည်။
သန်းနှင့်ချီသော လေကြောင်းခရီးသည်များသည် ဝေဟင်ခရီးသွားလာခြင်းကို ကြောက်လန့်ကြသည်။ ဝေဟင်ခရီးဖြင့် သွားလာစေလိုကြသည့် မိသားစုဝင်များ၊ အလုပ်ရှင်များနှင့် လေကြောင်းလိုင်းများ၏ ဆွဲဆောင်မှုကြောင့် ဝေဟင်ခရီးသွားလာခြင်း- ကြောက်စိတ်-ကင်းပျောက် အကူအညီပေးရေး သင်တန်းများသို့ မကြာသေးမီနှစ်များအတွင်း လူများစွာ တက်ရောက်လာခဲ့ကြသည်။ ခရီးသည်အများစုမှာ သင်တန်းများမှ အကျိုးခံစားခဲ့ကြပါသည်; ဆေးခန်းများစွာက ၉၀ ရာခိုင်နှုန်းကျော်အထိ အောင်မြင်မှုရှိကြောင်း ဂုဏ်ယူစွာပြောဆိုခဲ့ကြသည်။
သို့သော် ၉/၁၁ က ယင်းအခြေအနေအားလုံးကို ပြောင်းလဲပစ်ခဲ့သည်။ အဲလက်စ်သည် သူတက်ရောက်နေသောသင်တန်းကို ချက်ချင်းရပ်စဲခဲ့သည်။ သို့နှင့် ဖောက်သည်ကောင်း ဖြစ်လာဖို့အလားအလာရှိသည့် အထင်ကရပုဂ္ဂိုလ်တစ်ဦးကို တွေ့ဆုံရန် ဝေဟင်ခရီးပျံသန်းရမည့်
အစီအစဉ်ကိုပါ ဖျက်သိမ်းလိုက်၍ အလုပ်ရှင်မှာ စိတ်ပျက်သွားရသည်။ “အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကြောက်တဲ့စိတ်နဲ့ပေါင်းစပ်သွားတဲ့ ဝေဟင်ခရီးသွားလာဖို့ ကြောက်တဲ့စိတ်ကို ဘာကမှ ဖျောက်ဖျက်မပေးနိုင်တော့ဘူး။ အဲဒီအတွက် ကုထုံးက ကျွန်တော့်ကို ကြိုပြီးမပြင်ဆင်ထားပေးဘူး” ဟုအဲလက်စ်ကပြောခဲ့သည်။လုံခြုံရေး တင်းကြပ်ခြင်း
လေယာဉ်ပေါ်တက်တော့မည့် ခရီးသည်များအား မေးရိုးမေးစဉ်ဖြစ်သည့် “ခင်ဗျား မသိကျွမ်းတဲ့သူတစ်ဦးဦးက ဒီခရီးစဉ်မှာ ပစ္စည်းတစ်ခုခု သယ်ခိုင်းတာများရှိသလား။ ခင်ဗျား သယ်ဆောင်သွားမယ့်ပစ္စည်းတွေကို ထုပ်ပိုးပြီးနောက် ခင်ဗျားရဲ့မျက်ကွယ်မှာ ရောက်သွားတဲ့ အထုပ်အပိုးတွေကော ရှိသလား” ကဲ့သို့သောမေးခွန်းများကို ၉/၁၁ ရက်နေ့ လေယာဉ်ပြန်ပေးသမားများအားလည်း မေးမြန်းခဲ့မည်၊ လေယာဉ်ပြန်ပေးသမားများကလည်း လူအများစုနည်းတူ “မရှိဘူး!” ဟုဖြေဆိုခဲ့ကြမည်မှာ သံသယရှိစရာမလိုပေဟု ထိတ်လန့်နေသော လေကြောင်းခရီးသည်များက ထောက်ပြခဲ့သည်။ ပြန်ပေးသမားများ လေယာဉ်ပေါ်တက်သွားနိုင်ခြင်းမှာ လေကြောင်းလုံခြုံရေးစနစ် လျော့ရဲသည့်သာဓကဖြစ်သည်ဟု လုံခြုံရေးကျွမ်းကျင်သူတချို့ကလည်း ရှုမြင်ကြပါသည်။ “ဘယ်သူကမှ၊ ဘာကမှ အဲ့ဒီစနစ်ကို မပြောင်းလဲပေးနိုင်ခဲ့ဘူး။ လေယာဉ်လေးစင်းပြန်ပေးဆွဲခံရပြီး ဖျက်ဆီးခံလိုက်ရတဲ့အခါ လူထောင်နဲ့ချီပြီးအသက်ဆုံးလေတော့ အဲ့ဒီစနစ်ကို မဖြစ်မနေပြောင်းပစ်ဖို့ လုံလောက်သွားပြီပေါ့” ဟုလေကြောင်းပျံသန်းမှုလုံခြုံရေးအဖွဲ့မှ ဒါရိုက်တာဟောင်း ဂျီမ်မက်ကဲန်နာက ပြောခဲ့သည်။
ထိုဆိုးရွားလှသောပျက်စီးဆုံးရှုံးမှုကြီးများ ဖြစ်ပွားပြီးနောက်ပိုင်းတွင် လေဆိပ်နှင့် လေယာဉ်လုံခြုံရေးအဝဝကို တင်းကြပ်ခဲ့သည်။ ကွန်ဂရက်အစည်းအဝေးကြားနာမှုတစ်ခုတွင် ယူ.အက်စ်. သယ်ယူပို့ဆောင်ရေးဌာနမှ စစ်ဆေးရေးမှူးချုပ်ဖြစ်သူ ကဲနက် အမ် မိဒ်က ဤသို့ဆိုသည်– တည်ဆဲနဲ့ လုံခြုံရေးတောင်းဆိုချက်အသစ်တွေရှိပေမဲ့ ထိတ်လန့်စရာကောင်းတဲ့ လုံခြုံရေးလစ်ဟင်းမှုတွေနဲ့ . . . ပိတ်ပစ်လိုက်ဖို့ လိုအပ်နေတဲ့ လစ်ဟာမှုတချို့ ရှိနေတုန်းပဲ။” ယင်းလစ်ဟာမှုများကိုပိတ်ပစ်ဖို့ အဘယ်အရာ လုပ်ဆောင်ခဲ့သနည်း။
လုံခြုံရေးကို အန္တရာယ်ပေးမည့်အရာများကို စစ်ဆေးခြင်း
ယူ.အက်စ်. လေကြောင်းလိုင်းတစ်ခုမှ ထိပ်တန်းလုံခြုံရေးအရာရှိတစ်ဦးအား ဝေဟင်ခရီးပျံသန်းရခြင်းကို ကြောက်ပါသလားဟု မေးမြန်းသည့်အခါ ဤသို့မဆိုင်းမတွ ဖြေဆိုခဲ့သည်– “ကျွန်မ မကြောက်ပါဘူး၊ CAPS ကို ကျွန်မ ယုံတယ်။” ကွန်ပျူတာအထောက်အကူပြုခရီးသည်စစ်ဆေးရေးဟုခေါ်သည့်စနစ် (Computer Assisted Passenger Screening) ကို သူ ရည်ညွှန်းနေခြင်းဖြစ်သည်၊ ယင်းစနစ်ကို ကျင့်သုံးသည့်လေကြောင်းများက ရောင်းချသည့် လက်မှတ်တစ်စောင်ချင်းကို
မှတ်တမ်းတင်ပေးသည့်စနစ်ဖြစ်သည်။ ယင်းစနစ်က လက်မှတ်တစ်စောင်ကို လေယာဉ်လက်မှတ်အရောင်းဌာန သို့မဟုတ် ခရီးသွားလာရေးအေဂျင်စီ သို့မဟုတ် အင်တာနက်မှ ဝယ်ယူသည်ကို ဖော်ပြပေးသည်။ ခရီးသည်သည် တစ်ဦးတည်းသွားလာခြင်းလော၊ မိသားစုဝင်များ သို့မဟုတ် တခြားအဖော်များနှင့်အတူ သွားလာခြင်းလောစသည့် အချက်အလက်များအပြင် မည်သည့်မှတ်တမ်းဝင်ရာဇဝတ်သားနှင့်မဆို ဆက်သွယ်ခဲ့ဖူးခြင်းရှိမရှိ၊ လေကြောင်း၊ လေကြောင်းဝန်ထမ်းများ သို့မဟုတ် ၎င်းတို့ပိုင်ဆိုင်ရာနှင့်ပတ်သက်၍ လက်သင့်မခံနိုင်ဖွယ် ပြုမူခဲ့မှုများရှိမရှိစသည့်အချက်အလက်တို့ကို မှတ်တမ်းတင်ပေးသည်။လေဆိပ်တွင် ခရီးသည်တစ်ဦး စာရင်းသွားသွင်းသည့်အခါတိုင်း အချက်အလက် မှန်မမှန်စိစစ်ပေးပြီး စစ်ဆေးသည့်မေးခွန်းများကို တစ်ဦးစီတုံ့ပြန်ပုံအပါအဝင် နောက်ဆုံးအချက်အလက်များနှင့်အညီ မှတ်တမ်းတင်ပေးသည်။ စုဆောင်းသည့်အချက်အလက်များ၊ မှတ်တမ်းတင်ထားသည့် အသေးစိတ်အချက်အလက်များကို လေကြောင်းလိုင်း၏ထိပ်တန်းလျှို့ဝှက်တစ်နေရာတွင် သိမ်းဆည်းပေးသည်။ ကမ္ဘာတစ်ဝန်းတွင် CAPS ကဲ့သို့သော စနစ်အမျိုးမျိုးကို အသုံးပြုလျက်ရှိကြပြီး တချို့ဆိုလျှင် တခြားအစိုးရများ၊ အင်တာပိုလ်ကဲ့သို့သော နိုင်ငံတကာရဲတပ်ဖွဲ့အေဂျင်စီများနှင့် တိုက်ရိုက်ဆက်သွယ်ထားကြသည်။ ဥရောပလေဆိပ်များစွာရှိ နိုင်ငံကူးလက်မှတ်ထိန်းချုပ်ရေးစနစ်များသည် ခရီးသည်၏လေကြောင်းပျံသန်းမှုရာဇဝင်နှင့် နိုင်ငံတစ်နိုင်ငံမှတစ်နိုင်ငံသို့ သွားလာလှုပ်ရှားမှုတို့ကို မှတ်တမ်းတင်ပြီး ခြေရာကောက်ပေးနိုင်သည်။
ကိုယ်တိုင်သယ်သည့်ပစ္စည်းများ၊ အပ်ထားသည့်အိတ်များကဲ့သို့သော ပစ္စည်းများထက် လုံခြုံရေးကို ပိုမိုအန္တရာယ်ပေးနိုင်ဖွယ်ရှိသည့် မလိုတမာစိတ်ရှိသူများကို မှတ်တမ်းတင်ပေးသည်။ ထို့ကြောင့် လေဆိပ်လုံခြုံရေးကို တိုးမြှင့်ပေးရန် အမျိုးမျိုးသော ဇီဝမှတ်တမ်းကိရိယာများနှင့် စမာ့တ် ကတ်ကွန်ပျူတာထည့်သွင်းအသုံးပြုနိုင်သည့် ပလတ်စတစ်ကတ်ပြားများကို ရွေးချယ်စရာများအဖြစ် လောလောဆယ်သုံးသပ် သို့မဟုတ် အကောင်အထည်ဖော်လျက်ရှိသည်။
ခရီးသည်၏ကိုယ်ရေးမှတ်တမ်းထားခြင်းအပြင် အန္တရာယ်ရှိသောဝတ္ထုပစ္စည်းများ လေယာဉ်ပေါ်ရောက်မသွားစေရန် စစ်ဆေးရှာဖွေခြင်းသည်လည်း လေဆိပ်လုံခြုံရေးတွင် ပါဝင်ပတ်သက်သည့် အရေးကြီးသည့်ကိစ္စနောက်တစ်မျိုး ဖြစ်သည်။ ဓာတ်ရောင်ခြည်သုံးစက်များဖြင့် စစ်ဆေးခြင်းတွင် အားနည်းချက်များရှိသည်။ ၎င်းတို့၏မျက်မှောက်တွင် ဖြတ်သန်းနေသည့် မှေးမှိန်သော ဓာတ်ရောင်ခြည်ဖြင့်ရိုက်ထားသည့် ဝန်စည်စလယ်ရုပ်ပုံများကို စောင့်ကြည့်နေရခြင်းသည် ပျင်းရိဖွယ်ဖြစ်သောကြောင့် ရေရှည်အာရုံစိုက်ရန်ခက်ခဲကြောင်း လေဆိပ်လုံခြုံရေးဝန်ထမ်းများက တွေ့ရှိကြသည်။ တစ်ချိန်တည်းတွင် သတ္တုရှာကိရိယာများသည် အိမ်သော့များ၊ ငွေအကြွေစေ့များနှင့် ခါးပတ်ခေါင်းများကို ထိတွေ့သည်နှင့် တတီတီမြည်နေကြပြန်သည်။
ပိုမိုတင်းကြပ်သောဥပဒေ
ထိုသို့သောအားနည်းချက်များကို ထေမိစေရန် အစိုးရများသည် လေဆိပ်လုံခြုံရေးကို တင်းကြပ်စေသည့် ဥပဒေများထုတ်ပြန်ခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုတွင် ယင်းဥပဒေကြောင့် လူပါမှသာ အထုပ်အပိုးများတင်ပေးခြင်း၊ သယ်ဆောင်သွားမည့် ပစ္စည်းများကို အသေအချာစစ်ဆေးခြင်း၊ ပေါက်ကွဲတတ်သည့်ပစ္စည်းပါမပါ အပ်ထားသည့်ဝန်စည်စလယ်အားလုံးကို စိစစ်ခြင်းတို့ကို ၂၀၀၂ နှစ်ကုန်ပိုင်းတွင် လုပ်ဆောင်ခဲ့သည်။ လေယာဉ်မှူးတံခါးများသည် ခိုင်ခံ့လုံခြုံမှုရှိနေရန် ဆောင်ရွက်နေဆဲဖြစ်သည်။ ထို့အပြင် လေကြောင်းလိုင်းဝန်ထမ်းများအတွက် အရေးကြုံသက်လုံကောင်းစေရန် သင်တန်းများ ထပ်ဆင့်ပို့ချပေးထား၏။ ပုဂ္ဂလိကလေယာဉ်ခရီးစဉ်များတွင် လက်နက်ကိုင်အစောင့်များကိုလည်း လိုက်ပါစေသည်။
၉/၁၁ နောက်ပိုင်းလများ၌ ကမ္ဘာတစ်ဝန်းရှိ လေဆိပ်များစွာတွင် ခရီးသည်များနှင့် ဝန်စည်စလယ်များကို လက်ဖြင့် ရှာဖွေစစ်ဆေးခဲ့သည်။ တချို့အခြေအနေများတွင် ခရီးသည်များနှင့် သယ်ဆောင်သည့်ပစ္စည်းများသည် နောက်ထပ်တစ်နည်းဖြင့် စစ်ဆေးခြင်းခံကြသည်။ လေယာဉ်ပြန်ပေးမှု အများဆုံးအချိန်ဖြစ်သည့် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ယင်းသို့ ကျယ်ပြန့်စွာလုပ်ဆောင်ခဲ့သည်ကို တွေ့မြင်ခဲ့ကြသည့် ဥရောပတိုက်သားခရီးသည်များမှာမူ ယင်းသို့သောကြိုတင်ကာကွယ်မှုများနှင့် အကျွမ်းဝင်ပြီးသားဖြစ်သည်။ ယခုအခါ ခရီးသည်များအား ချွန်ထက်
သောပစ္စည်းမှန်သမျှ လေယာဉ်ပေါ် တင်ဆောင်ခြင်းကို ပိတ်ပင်ထားသည်။ တရားဝင်လက်မှတ်ရရှိထားသည့် ခရီးသည်များကိုသာ လုံခြုံရေးဂိတ်များကို ဖြတ်ကျော်ခွင့်ပြုထား၏။ လူများစွာအတွက် ခရီးသည်စာရင်းသွင်းကောင်တာများနှင့် လေဆိပ်များရှိ လက်နက်ကိုင်တပ်ဖွဲ့များရှေ့ တန်းစီရခြင်းမှာ ထုံးစံလိုဖြစ်လာလေပြီ။ပြုပြင်ထိန်းသိမ်းမှုကို အထူးအရေးပေး
ဖြစ်မြဲဖြစ်သည့် ဤမြင်ကွင်းကို မြင်ယောင်ကြည့်ပါ– ခရီးသည်သည် လေဆိပ်စစ်ဆေးမှုများစွာကို အဆင့်ဆင့်ဖြတ်ကျော်ပြီးနောက် လေယာဉ်ပေါ်တက်ရန် လေကြောင်းကိုယ်စားလှယ်၏ကြေညာချက်ကို စောင့်ဆိုင်းသည့်ဂိတ်သို့ နောက်ဆုံးရောက်ရှိလာသည်။ သူ့အနားရှိ မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ခရီးသည်က “ခင်ဗျား ကြားလိုက်သလား” ဟုမေး၏။ “စက်ချို့ယွင်းလို့ ထွက်ခွာချိန်နောက်ကျမယ်တဲ့။” ထို့နောက် စိတ်ပျက်သည့်ပုံစံဖြင့် “အင်ဂျင်မပါဘဲနဲ့ ကျွန်တော်တို့ကို မထွက်ခွာခိုင်းဖို့ မျှော်လင့်တာပဲ!” ဟုပြောလိုက်သည်။
လေကြောင်းအေဂျင်စီများတွင် တင်းကြပ်ပြီး အပင်ပန်းခံ စစ်ဆေးရသည့်စနစ်များရှိကြောင်းကို ခရီးသည်အများစုက သဘောမပေါက်ကြပါ။ လေယာဉ်၏ စက်ပိုင်းဆိုင်ရာခရီးစဉ်မှတ်တမ်းစာအုပ်ကို ဂရုတစိုက်ကြည့်ရှုစစ်ဆေးပေးပြီးမှ လိုအပ်သည့်ပြုပြင်မှုများ ပြုလုပ်ရသည်။ လေယာဉ်စက်ချို့ယွင်းသည့်မှတ်တမ်းလုံးဝမရှိသည့်တိုင် လေယာဉ်များနှင့် အင်ဂျင်စက်များကို—သာမန်ယာဉ်များထက် ပို၍မကြာခဏ—အစီအစဉ်ဇယားပါအတိုင်း ကြံ့ခိုင်ရေးလုပ်ရန် အဆိုပါအေဂျင်စီများက တောင်းဆိုသည်။
လေကြောင်းလိုင်းမှ ပြုပြင်ထိန်းသိမ်းရေးအရာရှိတစ်ဦးက ယင်းကို ထောက်ခံပေးနိုင်သည်။ “ဒီစက်ရုံမှာ ကျွန်တော် အလုပ်လုပ်ခဲ့တဲ့ ၁၅ နှစ်နီးပါးအတွင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့တဲ့သူတိုင်းလိုလို အန္တရာယ်ကင်းရေးကို သိပ်အလေးအနက်မထားတဲ့သူရယ်လို့ မတွေ့ဖူး၊ မကြုံခဲ့ဖူးဘူး။ တကယ်တော့ လုပ်သားတွေရဲ့ မိတ်ဆွေတွေနဲ့ မိသားစုဝင်တွေလည်း သူတို့အလုပ်လုပ်နေတဲ့ လေယာဉ်နဲ့သွားလာနေကြတော့ သူတို့ပေါ့ပေါ့ဆဆ မလုပ်ကြပါဘူး။”
လေယာဉ်စက်ပြင်သမားများနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်သားများအပေါ်တွင် ကြီးမားသောပုဂ္ဂိုလ်ရေးတာဝန် ရှိနေသည်။ သူတို့ထဲမှတစ်ဦးက ဤသို့ပြန်ပြောပြသည်– “အိုင်အိုဝါးပြည်နယ်၊ ဆူးမြို့မှာ ဒီစီ-၁၀ ပျက်ကျသွားတဲ့ညကို ကျွန်တော် ဘယ်တော့မှ မမေ့ဘူး။ အဲဒီအချိန်တုန်းက လေယာဉ်စက်ပြင်တစ်ဦးအဖြစ် ကျွန်တော် လုပ်ကိုင်ခဲ့တယ်၊ အလားတူ
လေယာဉ်မျိုးရဲ့ အမြီးပိုင်းအတွင်းထဲမှာ စစ်ဆေးပြုပြင်ပေးတဲ့ အလုပ်ကိုလုပ်ကိုင်နေတဲ့အချိန်ပဲ။ အဲဒီတုန်းက ပျက်ကျသွားတဲ့လေယာဉ်ရဲ့ တကယ့်ဖြစ်ရပ်မှန်ကို ကျွန်တော်တို့ လုံးဝမသိခဲ့ကြဘူး။ ‘အဲဒီလေယာဉ် ဘာများဖြစ်သွားတာလဲ’ ဆိုတာကိုစဉ်းစားရင်း အဲဒီညက ကျွန်တော်လုပ်ဆောင်ခဲ့တာတွေကို ပြန်တွေးကြည့်နေခဲ့တယ်။ တစ်ယောက်ယောက်က မတွေ့လိုက်တဲ့ပြစ်ချက်ကို အခု ကျွန်တော်ရှာတွေ့ပြီး အဲဒီဘေးဆိုးမျိုး နောက်တစ်ကြိမ်မဖြစ်အောင် ငါလုပ်နိုင်မလားပေါ့။ ကျွန်တော်ဟာ လုပ်သင့်တဲ့အတိုင်း အရာရာကို အတိအကျလုပ်ခဲ့ရဲ့လား။’ အဲဒီညနေပိုင်းမှာ လေယာဉ်အမြီးပိုင်းကို စစ်ဆေး၊ စဉ်းစားရင်းနဲ့ အချိန်အတော်ကုန်သွားခဲ့တယ်။”လေယာဉ်စက်ပြင်များကို လုပ်ရိုးလုပ်စဉ်တာဝန်များမှသည် အဆင့်မြင့်မြင့် ပြစ်ချက်ရှာဖွေစစ်ဆေးပြုပြင်ပေးခြင်းအထိ သူတို့လုပ်ဆောင်ရမည့် ကဏ္ဍအားလုံးအတွက် သင်တန်းများ မပြတ်တမ်းပို့ချပေးသည်။ လေယာဉ်အမှုထမ်းလေ့ကျင့်ပေးမှု သင်ရိုးများကို သာမန်အခြေအနေမှ ထူးခြားသည့်အခြေအနေအထိ တွေ့ကြုံရင်ဆိုင်နိုင်သည့် အခြေအနေမှန်သမျှကို ခြုံငုံမိစေရန် နောက်ဆုံးတွေ့ရှိချက်နှင့်အညီ နှစ်စဉ်မွမ်းမံပေးသည်။
လေကြောင်းတစ်ခု ဘေးဆိုးကြုံရပြီးနောက် စုစည်းရရှိသည့် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာလေ့လာပြီး ခွင်တုစက်တစ်ခုတွင် ထည့်သွင်းပေးသည်။ နောက်နောင် အလားတူပြဿနာများကို လေယာဉ်စက်ပြင်များက သာ၍ကောင်းမွန်စွာဖြေရှင်းနိုင်ရန်အတွက် အမောင်းသင်လေယာဉ်မှူးများနှင့် လေယာဉ်အင်ဂျင်နီယာများက သူတို့ရှာဖွေတွေ့ရှိနိုင်သည့် တခြားဖြေရှင်းနည်းများကို သိမြင်ရန် ခွင်တုစက်တွင် ပျံသန်းကြည့်ကြသည်။ ထို့နောက် တိကျသောလမ်းညွှန်ချက်ပေးနိုင်ရန် စက်ပြင်များအတွက် ယင်းနှင့်သက်ဆိုင်သည့် သင်တန်းအစီအစဉ်ကို စီစဉ်ပေးသည်။ ချို့ယွင်းချက်များ တွေ့ရှိလာကာ
ချို့ယွင်းချက်နည်းနိုင်သမျှနည်းလာစေရန် ရည်သန်သည့် ယင်းသို့သောစမ်းသပ်စစ်ဆေးမှုများကြောင့် လေယာဉ်ပျံနှင့် အစိတ်အပိုင်းဒီဇိုင်းပြောင်းလဲမှုများ ဖြစ်ပေါ်စေသည်။ပြုပြင်ထိန်းသိမ်းရေးလုပ်သားတစ်ဦးက ဤသို့ကောက်ချက်ချသည်– “အန္တရာယ်ကင်းရေးဆိုတာက မတော်တဆ ဖြစ်လာတာ မဟုတ်ဘူး—အသေအချာ စီစဉ်ရမယ့်အရာဖြစ်တယ်” ဆိုပြီး ကျွန်တော်တို့ကို မှာကြားထားတယ်။”
တစ်ကျော့ပြန် ဝေဟင်ခရီး
လေယာဉ်ဖြင့်မသွားလာရန် ဆုံးဖြတ်ပြီး လေးလအကြာတွင် အဲလက်စ်သည် သူ၏ကြောက်စိတ်ကို ဖြေရှင်းရမည့်အချိန်တန်ပြီဟု ဆုံးဖြတ်ခဲ့သည်။ ဘော့စတွန် လိုဂန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရဲအရာရှိများနှင့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များရှိနေမှုသည် သူ့စိတ်ကို အနှောင့်အယှက်ပေးပုံမရတော့ချေ။ တန်းစီ၍ ခရီးသည်စာရင်းသွင်း၊ သူ၏ပစ္စည်းများကို လက်ဖြင့်စမ်းသပ်ရှာဖွေမှုတို့ကိုလည်း သူစိတ်အနှောင့်အယှက်မဖြစ်တော့ချေ။
အဲလက်စ်အတွက် အဆိုပါလုပ်ဆောင်ချက်များသည် အန္တရာယ်ပိုကင်းသောဝေဟင်ခရီးရှာပုံတော်ဖွင့်ရာတွင် အားတက်ဖွယ်ကောင်းသည့်လက္ခဏာများ ဖြစ်နေလေတော့သည်။ ဇောချွေးအနည်းငယ်ပြန်နေသေးကာ နှလုံးလည်း အနည်းငယ်အခုန်မြန်နေသေး၏။ သို့ရာတွင် အဲလက်စ်က လက်နှင့်စစ်ဆေးပြီးသောပစ္စည်းကို ခေါင်းအပေါ်ရှိပစ္စည်းထည့်အံတွင် ထားနေရင်း “အခုတော့ တော်တော်လေးစိတ်သက်သာသွားပါပြီ” ဟုပြောသည်။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ဝေဟင်ခရီးသွားခြင်းနှင့်ပတ်သက်သည့် အချက်အလက်များ
ခန့်မှန်းချက်များအရ လေကြောင်းခရီးသည် ၅ ဦးတွင် ၁ ဦးထက်မကသည် ဝေဟင်ခရီးသွားလာခြင်းနှင့်ပတ်သက်သည့်ကြောက်စိတ် ရှိကြသည်။ သို့ရာတွင် ဤသူအားလုံးက ဝေဟင်ခရီးစဉ်ကို အန္တရာယ်မကင်းဟု မယူဆကြချေ။ များသောအားဖြင့် ၎င်းတို့၏စိုးရိမ်ထိတ်လန့်မှုများသည် အမြင့်ကိုကြောက်စိတ် သို့မဟုတ် လူထူထပ်သည့်နေရာများကို ကြောက်စိတ်ကဲ့သို့သော တခြားစိတ်ပိုင်းဆိုင်ရာရောဂါများမှ မြစ်ဖျားခံလေ့ရှိသည်။
[စာမျက်နှာ ၈ ပါ ဇယား]
ဆိုးရွားသောမတော်တဆမှု မည်မျှ ဖြစ်နိုင်ဖွယ်ရှိသနည်း
တစ်နှစ်အတွင်းဖြစ်နိုင်သည့် တစ်သက်တာတွင်ဖြစ်နိုင်သည့်
အလားအလာ တစ်ကြိမ်– အလားအလာ တစ်ကြိမ်–
မော်တော်ယာဉ် ၆,၂၁၂ ၈၁
သတ်ဖြတ်ခံရမှု ၁၅,၁၀၄ ၁၉၇
စက်ယန္တရားကြောင့် ၂၆၅,၀၀၀ ၃,၅၀၀
လေယာဉ်ပျက်ကျမှု ၃၉၀,၀၀၀ ၅,၁၀၀
ရေချိုးဇလုံတွင် နစ်သေမှု ၈၀၂,၀၀၀ ၁၀,၅၀၀
အဆိပ်ရှိသောတိရစ္ဆာန်များ၊ အပင်များ ၄.၂ သန်း ၅၅,၉၀၀
မိုးကြိုးပစ်ခြင်း ၄.၃ သန်း ၅၆,၀၀၀
[Credit Line]
Source: National Safety Council
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
တိုးများလာသော လေဆိပ်လုံခြုံရေး
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ခရီးသည် မှတ်တမ်းတင်စစ်ဆေးရေး
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
တိုးတက်လာသော ပြုပြင်ထိန်းသိမ်းရေး
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
လေယာဉ်မှူးများသည် အဆင့်မြင့်မြင့် လေ့ကျင့်ထားသည့် ပညာရှင်များဖြစ်ကြ