အသွင်သဏ္ဌာန် နှစ်မျိုးဆောင်သည့် မီး
အသွင်သဏ္ဌာန် နှစ်မျိုးဆောင်သည့် မီး
ဩစတြေးလျနိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်
မီးသည် မိတ်ဆွေ သို့မဟုတ် ရန်သူလည်းဖြစ်နိုင်၏။ မီးက တောတောင်ရှုခင်းကို စိမ်းလန်းစိုပြေစေနိုင်စွမ်းရှိသည့်နည်းတူ လောင်ကျွမ်းဖျက်ဆီးပစ်နိုင်သည်။ ကြီးမားသောမီးသည် ထိန်းချုပ်ရန်အလွန်ခက်၍ အလွန့်အလွန်အဖျက်စွမ်းအားကြီးမားနိုင်၏။
မီးကြောင့် ဖြစ်ပေါ်ခဲ့သည့် အကြီးအကျယ် သိမ်းရုံးဖျက်ဆီးမှုပြင်းထန်ခြင်း၏ နမူနာတစ်ရပ်မှာ ၁၉၉၇ ခုနှစ်တွင် အင်ဒိုနီးရှား၌ ဖြစ်ပွားခဲ့သော မီးဖြစ်သည်။ ထိုနှစ်တွင် တောမီးလောင်ကျွမ်းခြင်းကြောင့် မြို့တစ်မြို့လုံးပျက်စီးခဲ့ရပြီး အဆိုပါနယ်မြေရှိ လူတို့၏ကျန်းမာရေးနှင့် စီးပွားရေးတို့ အတိုင်းမသိပျက်စီးခဲ့သည်။ လောင်ကျွမ်းသော မီးခိုးများသည် အိမ်နီးချင်း ၈ နိုင်ငံသို့ ပျံ့သွားရာ ခန့်မှန်းခြေ ၇၅ သန်းသော လူတို့ကိုထိခိုက်ခဲ့သည်။ မှတ်တမ်းများက လူပေါင်းသန်း ၂၀ သည် ပန်းနာရင်ကျပ်၊ အသက်ရှူကျပ်ခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါများအပြင် မျက်စိနှင့် အရေပြားဆိုင်ရာပြဿနာကဲ့သို့သော ကျန်းမာရေးအခြေအနေများအတွက် ဆေးကုသမှုခံယူခဲ့ရကြောင်း ဖော်ပြသည်။
စင်ကာပူနိုင်ငံတွင် ညစ်ညမ်းမှုမှာ ထိတ်လန့်ဖွယ်အဆင့်အထိ မြှင့်တက်ခဲ့သည်။ ထိုမြို့သည် မီးခိုးငွေ့တို့ ဖြင့် ဖုံးလွှမ်းသွားခဲ့၏။ “ကျွန်မတို့အားလုံးဟာ ကိုယ့်အိမ်ထဲမှာ အကျဉ်းသားဘဝရောက်နေကြတယ်” ဟု မြို့နေသူတစ်ဦးက ညည်းညူခဲ့ပြီး သူ၏ လေအေးပေးစက်တပ်ဆင်ထားသောနေအိမ်မှ အပြင်သို့မထွက်ရဲဘဲရှိနေသည်။ အဆိုးရွားဆုံးနေ့များတွင် မီးခိုးများကြောင့် နေကိုပင် မမြင်နိုင်ချေ။
နောက်တစ်နှစ် ၁၉၉၈ ခုနှစ်တွင် ဗြိတိသျှကိုလံဘီယာ၊ ကနေဒါ၌ နေထိုင်သူ ၈,၀၀၀ သည် လျင်မြန်စွာချဉ်းနင်းလာသော ငရဲမီးပမာ တဟုန်းဟုန်းတောက်လောင်သည့်မီးကြောင့် မိမိတို့၏နေအိမ်ကို စွန့်ခွာခဲ့ကြရသည်။ အဆိုပါမီးသည် ထိုနှစ်က ကနေဒါနိုင်ငံတစ်လျှောက် မွှေနှောက်ခဲ့သည့် တစ်ထောင်နီးပါးခန့်သောမီးတွင် တစ်ခုမျှသာဖြစ်ပြီး ယင်းတို့ထဲမှ ၁၁၅ ခုမှာ ထိန်းချုပ်မရသည့်အဆင့်ဖြစ်ခဲ့သည်။ ကနေဒါနိုင်ငံ၊ မြောက်ပိုင်းအဲလ်ဘာတာပြည်နယ်တွင် မီးလောင်မှုတစ်ရပ်ကြောင့် သစ်တောဧက ၉၀,၀၀၀ ကျွမ်းလောင်သွားခဲ့သည်။ နေထိုင်သူတစ်ဦးက ဤသို့ကောက်ချက်ချခဲ့၏– “နျူကလီးယားဗုံးတစ်လုံး ပေါက်ကွဲသွားတဲ့ပုံစံနဲ့ တူနေတယ်။ ရပ်ကွက်အပေါ်မှာ အလွန်ကြီးမားတဲ့ မိုးတိမ်မဲကြီးကို ချိတ်ဆွဲထားသလိုပါပဲ။”
မီး၏ဘေးပြုအသွင်သဏ္ဌာန်
မီးသည် အင်အားကြီးသော သဘာဝစွမ်းအားတစ်ခုဖြစ်သည်။ ပြင်းထန်သောတောမီးက နယ်မြေကို ပုံစံပြောင်းသွားစေနိုင်ရာ အပင်မျိုးစိတ်များ မျှမျှတတတည်ရှိမှုကို ပြောင်းစေ၍ တောရိုင်းတိရစ္ဆာန်အစုအဝေးကို တစ်မျိုးတစ်ဖုံဖြစ်စေကာ အသက်အိုးအိမ်စည်းစိမ်ကို အန္တရာယ်ပေးတတ်သည်။
ပြင်းထန်သောမီးလောင်မှုဖြစ်လျှင် မြေလွှာတိုက်စားမှုကို ပံ့ပိုးပေးရာရောက်သွားနိုင်သည်။ ပူပြင်းသောနွေရာသီပြီးနောက် လိုက်ပါလာတတ်သည့် သည်းထန်သောမိုးက ပြောင်နေသောမြေပြင်ပေါ် ရွာချသောအခါ တိုက်ရိုက်ထိသောမြေဆီလွှာမှာ ရေစီး၌မျောပါသွား၏။ ယင်းကြောင့် အပင်မျိုးစိတ်များထိခိုက်လေသည်။ အပင်မျိုးစိတ်အချို့မှာ အလိုက်သင့်ရှင်သန်နေနိုင်ကြသော်လည်း အထိအခိုက်မခံသော အပင်မျိုးစိတ်တို့မူ သေကျေပျက်စီးသွားလေသည်။ ဝမ်းနည်းစရာကား ပြန်ပေါက်လာသည့် အပင်တို့မှာ များသောအားဖြင့် အဖျက်ပေါင်းပင်များဖြစ်နေပြီး ဒေသတစ်ခုလုံးကို ဖုံးလွှမ်းသွားမည့်ပုံဖြစ်နေရာ မူလဒေသရင်းအပင်များမှာ မျိုးသုဉ်းပျောက်ကွယ်တော့မည့်အန္တရာယ် တွေ့ရလေသည်။။
မူလအပင်တစ်မျိုးမျိုးကို မှီခိုနေထိုင်နေကြသော တိရစ္ဆာန်များလည်း အန္တရာယ်နှင့်မကင်းတော့ချေ။ ဩစတြေးလျနိုင်ငံတွင် ကိုအာလာနှင့် ဝက်မှင်ဘီးပုံအမြီးပါသော ပေါ့ဆမ်သားပိုက်ကောင်မျိုးကဲ့သို့သော ဩစတြေးလျနေရင်းနို့တိုက်သတ္တဝါတို့သည် မီးကြောင့် သူတို့၏နေရင်းဒေသမှာ အပျက်အစီးများလွန်းပါက အလွယ်တကူမျိုးသုဉ်းနိုင်သည့်အန္တရာယ်ဆိုက်နေသော မျိုးစိတ်များဖြစ်သည်။ လွန်ခဲ့သောအနှစ် ၂၀၀ ကျော်အတွင်း ဩစတြေးလျတိုက်သည် ယင်း၏မိုးသစ်တော ၇၅ ရာခိုင်နှုန်း၊ သစ်တောဖုံးလွှမ်းသောနယ်မြေ ၆၆ ရာခိုင်နှုန်း၊ နို့တိုက်သတ္တဝါ ၁၉ ရာခိုင်နှုန်းနှင့် ဒေသတွင်းအပင်မျိုးစိတ် ၆၈ ရာခိုင်နှုန်းကို ဆုံးရှုံးခဲ့ရပြီး အများစုမှာ ကမ္ဘာ့အခြားဒေသတွင် မတွေ့ရှိရသော မျိုးစိတ်များဖြစ်သည်။
မြို့ကြီးပြကြီးများသည် အနီးဝန်းကျင်ရှိ တောအရပ်သို့ သာ၍တိုးချဲ့လာသည်နှင့်အမျှ တောမီးလောင်ကျွမ်းခြင်းခံရမည့်အန္တရာယ် ပိုများလာသည်။ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလတွင် ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ မြို့ဆင်ခြေဖုံးများနှင့် ဘလူးမောင်တိန်းတောင်တန်းအနီးတစ်ဝိုက်ရှိ မြို့ငယ်လေးအတော်များများမှာ မီးအကြိမ်ပေါင်း ရာနှင့်ချီလောင်ကျွမ်းမှုကြောင့် ဧကပေါင်း ၆၀၀,၀၀၀ ကျော်ပျက်စီးခဲ့ရ၏။ ထိုလောင်ကျွမ်းမှုမှ ထက်ဝက်ခန့်မှာ ထိန်းချုပ်မရဖြစ်ခဲ့သည်။ မီးသတ်ဌာနထိပ်တန်းအရာရှိက ယင်းတို့သည် အနှစ် ၃၀ အတွင်း သူတွေ့မြင်ခဲ့သမျှ အဆိုးဝါးဆုံးသော မီးလောင်ကျွမ်းမှုများဖြစ်သည်ဟုဆိုသည်။ ရာနှင့်ချီသူတို့သည် မိမိတို့နေအိမ်ကို စွန့်ခွာခဲ့ကြရပြီး အချို့အိမ်များမှာ မီးထဲပါသွားခဲ့သည်။ မီးလောင်ကျွမ်းမှုကြောင့်လည်း လူနှစ်ဦးအသက်ဆုံးရှုံးခဲ့ရ၏။ ၂၀၀၁ ခုနှစ်အကုန်ပိုင်းတွင်စလောင်သည့် ရှို့မီးဟုယူဆရသော တောမီးကြောင့် တောတောင်ဧက ၁.၉ သန်း လောင်ကျွမ်းခံခဲ့ရသည်။
မီးက ဘေးအန္တရာယ်ပြုသောအခါ
မီးကို ထိန်းချုပ်မရနိုင်ခြင်းနှင့်ပတ်သက်၍ အကြောင်းရင်းများစွာရှိသည်။ သဘာဝအကြောင်းရင်းတစ်ခုမှာ အဲလ်နီညိုရာသီဥတုပုံစံကြောင့်ဖြစ်သည်၊ ယင်းသည် ပုံမှန်မဟုတ်သော ကမ္ဘာတစ်ဝန်း ပူပြင်း၊ ခြောက်သွေ့သောရာသီဥတုအခြေအနေ နှစ်အပိုင်းအခြားအလိုက်ဖြစ်ပေါ်တတ်သည့် ရာသီဥတုဖောက်ပြန်မှုဖြစ်သည်။ အဲလ်နီညိုရာသီဥတုအောက် ကျရောက်သွားသော မည်သည့်နယ်မြေမဆို အချိန်အခါမဟုတ် ခြောက်သွေ့ရာသီဖြစ်သွားခြင်းက မီးစလောင်ဖို့ အလွန်ကောင်းသောအခြေအနေဖြစ်သည်။
များသောအားဖြင့် လူတို့၏အဆင်အခြင်မဲ့အပြုအမူတို့က အပြင်းအထန်မီးလောင်ခြင်းအတွက် အပြစ်ဆိုစရာဖြစ်သည်။ နိုင်ငံများစွာတွင် တောတောင်တို့ကို တမင်သက်သက်မီးရှို့ခြင်းက ရာဇဝတ်မှုကျူးလွန်ခြင်းတစ်ရပ်ဟု ယူမှတ်ထားသည်။ ဩစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ်တွင် နိုင်ငံပိုင်သစ်တောများ မီးလောင်ကျွမ်းမှု၏ထက်ဝက်ကျော်ခန့်သည် ရှို့မီး သို့မဟုတ် မတော်တဆကြောင့်ဟု ခန့်မှန်းရသည်။
ဝန်းကျင်ကို တာဝန်မဲ့ပြုမူမှုက ပြင်းထန်သောမီးလောင်ကျွမ်းခြင်းကို ဦးတည်သွားစေနိုင်သည့် နောက်ထပ်အကြောင်းဖြစ်၏။ သစ်တောပြုန်းတီးစေခြင်းနှင့် သစ်ခုတ်လုပ်ငန်းတို့ကြောင့် သစ်တောများ သာ၍မီးလောင်လွယ်လာသည်။ သစ်ခုတ်လုပ်ငန်းမှ ထွက်လာသည့် သစ်ကိုင်းအစအနများက မီးလောင်စေသည့်လောင်စာထပ်ကို ထူလာစေ၏။ သစ်ခုတ်လုပ်ငန်းက သစ်ရွက်များဖြင့်အုပ်မိုးထားမှုကို ဖယ်ပစ်လိုက်ရာ လောင်စာထပ်ပေါ်သို့ နေရောင်ခြည် ထိုးဖောက်ကျရောက်ပြီး ခြောက်သွေ့သွားစေသည်။ ဤသို့မီးလောင်လွယ်သောအခြေအနေတွင် မီးပွားလေးတစ်ခု ကျလိုက်သည်နှင့် ထိန်းချုပ်မရသော မီးလောင်ကျွမ်းမှုကို လွယ်လွယ်လေးနှင့် ဖြစ်သွားစေနိုင်၏။
စီးပွားတွက် တွက်ခြင်းတို့ကလည်း မီးလောင်ကျွမ်းရသည့်အဓိကပြဿနာကို ပိုဆိုးရွားစေနိုင်သည်။ အင်ဒိုနီးရှားနိုင်ငံတွင် သဘာဝမျှတအကျိုးသက်ရောက်မှုကို လုံးဝမထိခိုက်ဘဲ ရာစုနှစ်ချီ စိုက်ပျိုးရေးနှင့်ပတ်သက်ပြီး တောင်ယာခုတ်မီးရှို့စိုက်ပျိုးနည်းကို အသုံးပြုခဲ့ကြပြီ။ လယ်သမားတို့သည် ဂရုတစိုက်၊ ထိန်းထိန်းသိမ်းသိမ်းနည်းဖြင့် မီးကိုအသုံးပြုသောအခါ သဘာဝမီးလောင်ကျွမ်းမှုမှ ဝန်းကျင်သို့ အကျိုးသက်ရောက်သကဲ့သို့ပင်ဖြစ်သည်။ သို့သော် များမကြာမီက ထုံးတမ်းစဉ်လာ တောင်ယာခုတ်မီးရှို့ခြင်းအတိုင်းအတာကို တိုးချဲ့လာခဲ့ပြီး စက်မှုလုပ်ငန်းဖြစ်လာ၏။ ဆီအုန်းထွက်ကုန်များကဲ့သို့သော ကမ္ဘာတစ်ဝန်းမှ တိုးများလာသည့် လိုအပ်ချက်နှင့်အညီ သစ်တောများကို ကြီးထွားမြန်၍ အကျိုးအမြတ်များများရသောအပင်တို့ဖြင့် အစားထိုးဖျောက်ဖျက်ပစ်နေကြသည်။ အဆိုပါနယ်မြေကို ရှင်းလင်းပစ်ဖို့ အလွယ်ကူဆုံးနှင့် အကုန်အကျအသက်သာဆုံးနည်းမှာ သဘာဝပေါက်ပင်များကို မီးရှို့လိုက်ခြင်းဖြစ်သည်။ သို့နှင့် လုံလောက်သောသစ်တောဧရိယာကို ထိန်းသိမ်းထားခြင်း၏ရေရှည်
အကျိုးကိုမကြည့်ဘဲ လူတို့သည် ရာနှင့်ထောင်နှင့်ချီသောမြေဧကများကို မီးရှို့ပစ်ကြ၏။မီး၏ မိတ်ဆွေအသွင်သဏ္ဌာန်
မီးသည် အကြီးအကျယ်ဖျက်ဆီးပစ်နိုင်သော်လည်း အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များစွာအတွက် အလွန်ပင်ကောင်းကျိုးပြုနိုင်ပါသည်။ အမှန်မှာ သဘာဝတရားမျှမျှတတရှိစေရန်ထိန်းထားရာတွင် မီးသည် မရှိမဖြစ်အရေးပါသော အခန်းကဏ္ဍတစ်ရပ်မှပင် ပါဝင်နိုင်သည်။ ယင်းကို မီးက မည်သို့စွမ်းဆောင်ပေးသနည်း။
မီးသည် လူတို့၏သက်တမ်းအရှည်ဆုံး မိတ်ဆွေဟောင်းတစ်ဦးဖြစ်သည်။ လူတို့ကို အနွေးဓာတ်ရစေပြီး အလင်းရောင်ပေးကာ အစားအစာကို ချက်ပြုတ်ပေးသည်။ ဩစတြေးလျတိုင်းရင်းသားတို့သည် ရာစုနှစ်ချီ၍ သူတို့၏နေ့စဉ်လုပ်ရိုးလုပ်စဉ် တစ်စိတ်တစ်ပိုင်းအဖြစ် မီးကိုအသုံးပြုခဲ့ကြသည်။ မီးသည် ရန်နူဝါးတိုင်းရင်းသားတို့အတွက် အရေးကြီးလွန်းရကား မီးအမျိုးမျိုးနှင့် ယင်းတို့၏အကျိုးသက်ရောက်မှုကိုဖော်ပြပေးရန် တစ်ဒါဇင်ထက်ကျော်သောစကားလုံးများ သူတို့တွင်ရှိသည်။ ဥပမာ၊ တောမီးလောင်ခြင်း သို့မဟုတ် ပျံ့နှံ့လွယ်သောမီးအကြောင်း ပြောဆိုသောအခါ သူတို့သည် ကမ်ဘမ်ဘာရာဟူသောစကားလုံးကို အသုံးပြုပေမည်။ ဝါရာမန်ဟူသောစကားလုံးကို အမဲလိုက်၍ကောင်းသော ကောင်းစွာလောင်ကျွမ်းထားသည့်နယ်မြေကိုဖော်ပြဖို့ အသုံးပြုခဲ့သည်။ မီးခိုးလုံးကြီးများ အထက်သို့တက်သွား၍ တိမ်တိုက်တစ်ခုဖြစ်ပေါ်ခြင်းကို ရူမရီဟုသိထားကြသည်။
ဤတိုင်းရင်းသားများသည် မိမိတို့၏နေရာထိုင်ခင်းကိုစီမံရန် မီးတုတ်ရှို့ တောင်ယာခုတ်နည်းဟုခေါ်သည့်နည်းကို အသုံးပြုကြသည်။ မီးလောင်လွယ်ကူစေသည့် အဓိကလောင်စာဖြစ်သော အပင်အကိုင်းခြောက်များ တဖြည်းဖြည်းစုပုံမလာစေဖို့ သူတို့သည် မီးမျှဉ်းမျှဉ်းဖြင့် ရှို့ကြသည်။ ဤနည်းဖြင့် မီးကိုထိန်းချုပ်အသုံးပြုခြင်းက အဘော်ရဂျင်နီတို့အဖို့ အပင်နှင့် တိရစ္ဆာန်တို့၏နယ်မြေ ဆက်ထိန်းသိမ်းသွားရင်း ထိုမြေပေါ်တွင် ရတတ်ရာရာ ရှာဖွေစားသောက်သွားနိုင်သည်။ အန္တရာယ်ရှိလှသောတောမီးကြောင့် လူတို့ ရုတ်တရက်ထိခိုက်မှုဘေးမှလည်း လျော့နည်းသွားစေ၏။
ချိန်ဆမီးရှို့ခြင်း၏တန်ဖိုး
လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော်က ဩစတြေးလျတိုက်တွင် ဥရောပသားတို့ အခြေချကြသောအခါ လူ၊ သဘာဝနှင့် မီးတို့၏ ဤသို့ အတိမ်းအစောင်းမခံသော မျှမျှတတရှိနေမှုမှာ စတင်ပျက်ပြားခဲ့သည်။ ဥရောပသားတို့၏အမြင်တွင် တောမီးဟူသည် နှိမ်နင်း၍ရသောအရာတစ်ခုဖြစ်သည်။ တောမီးအကြိမ်နည်းလာသော်လည်း တဖြည်းဖြည်းစုပုံလာသော သစ်ကိုင်းခြောက်လောင်စာကြောင့် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုတို့မှာ ပို၍ပြင်းထန်ပြီး ထိန်းချုပ်ရခက်လာသည်။ သို့သော် များမကြာသေးမီအချိန်က အစိုးရသည် ဩစတြေးလျတိုင်းရင်းသားတို့၏အလေ့အထများကို လေ့လာသင်ယူကာ ချိန်ဆမီးရှို့နည်းဗျူဟာတစ်ရပ်ကို ပေါ်ထွက်စေခဲ့သည်။ ဤနည်းသည် အကြီးအကျယ်မီးလောင်ပျက်စီးမှုကို ကာကွယ်ရန်အလို့ငှာ ထိန်းထိန်းသိမ်းသိမ်းမီးရှို့ပစ်ခြင်းဖြစ်၏။ တောမီးရာသီမဟုတ်ချိန်တွင် မီးမျှဉ်းမျှဉ်းဖြင့် ရှို့ပေးခြင်းဖြစ်သည်။ ဤမီးတို့မှာ တဖြည်းဖြည်းချင်းလောင်သွားပြီး မီးတောက်မီးလျှံ မကြီးသဖြင့် သစ်ပင်တို့ကိုမထိခိုက်ဘဲ အမှိုက်သရိုက်တို့ကို လောင်ကျွမ်းသွားစေသည်။ များသောအားဖြင့် ညဦးယံဆီးနှင်းတို့ကြောင့် မီးငြိမ်းသွားတတ်သည်။
ချိန်ဆမီးရှို့နည်းကို အသုံးပြု၍ တောမီးရှို့ရသည့်ရည်ရွယ်ချက်မှာ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်စဉ် တစ်ကြိမ်တည်း၌ ဒေသရင်းအပင်များနှင့် တိရစ္ဆာန်အမျိုးမျိုးတို့ကိုလည်း ဆက်ထိန်းသိမ်းရန်ဖြစ်သည်။ ထို့အပြင် ချိန်ဆမီးရှို့ခြင်းက အချို့ပေါင်းပင်မျိုးများ စတင်ပေါက်ရောက်၍ပျံ့သွားမှုကို လျော့နည်းစေ၏။ ယင်းက နေရင်းတိရစ္ဆာန်များကို ထိန်းသိမ်းသွားရန်အတွက် လိုအပ်သောဝန်းကျင်ဒေသ အထူးထူးအထွေထွေကို ဆက်ထိန်းထားဖို့လည်း အကူအညီဖြစ်စေသည်။
အပင်မျိုးစိတ်အချို့သည် ၎င်းတို့၏အစေ့မှ အပင်ပေါက်ရန်အတွက် မီး၏အကူအညီကို အားထားရပုံရှိသည်။ အချို့တွင် အလွန်မာသောအပြင်အခွံများရှိပြီး အစိုဓာတ်စိမ့်ဝင်စေဖို့ ယင်းတို့ကွဲအက်၍ပွင့်သွားစေရန် မီးလိုအပ်သည်။ သုတေသနပြုချက်က မီးလောင်မှုမှထွက်လာသည့် မီးခိုးငွေ့များသည် အစေ့အညှောက်ပေါက်စေဖို့လည်း အကူအညီဖြစ်စေကြောင်း ဖော်ပြသည်။ မီးခိုးငွေ့တွင် အမျိုးပေါင်း ၇၀ ခန့်ပါဝင်ရာ ယင်းတို့သည် အစေ့များအညှောက်ပေါက်စေသည့်အရာများဟု ယူမှတ်ရပြီး အရေးပါသောအရာတစ်ခုမှာ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်ဖြစ်၏။
မီးလောင်ပြီးခါစမြေတွင် နိုက်ထရိုဂျင်နှင့် ဖော့စဖရတ်ကဲ့သို့သော အာဟာရဓာတ်များဖြင့်ကြွယ်ဝသည့် မြေဆီလွှာဖြစ်လာသည်။ မီးက သစ်ရွက်အမှိုက်တွင်သိုမှီးထားသော အာဟာရဓာတ်များကို ထုတ်လွှတ်ပေးပြီး မြေပေါ်သို့ အလင်းရောင် သာ၍ထိုးဖောက်ဝင်ရောက်စေရာ အပင်သစ်များအမြစ်တွယ်ဖို့ အထူးကောင်းမွန်သောပျိုးပေါင်ကို ဖြစ်စေသည်။ ဥပမာ၊ အာကေးရှားမျိုးဝင် ထနောင်း၊ နန်းလုံးကြိုင်ကဲ့သို့သောအပင်တို့သည် မီးလောင်ကျွမ်းပြီးနောက် ကျန်ရစ်ခဲ့သော မီးလောင်ပြင်တွင် ပြန်၍အပင်ပေါက်တတ်သည်။
တိရစ္ဆာန်များစွာလည်း မီးလောင်ပြီးနောက်အခြေအနေများ၊ အထူးသဖြင့် သာ၍နုပြီး အရည် ရွှမ်းသော အပင်ပေါက်လေးများပေါက်ခြင်းကြောင့် အကျိုးရရှိကြပုံရှိသည်။ သားပိုက်ကောင်များနှင့် ကျောက်ဆောင်အောင်းသားပိုက်ကောင် မျိုးစိတ်အချို့သည် မကြာခဏမီးလောင်ကျွမ်းသောသစ်တောကို သာ၍နှစ်သက်ကြရာ မီးကိုမှီခိုနေရသည်ဟု ဆိုရပေမည်။ ထိုသို့ဆိုရခြင်းမှာ အစာနှင့် မှီတင်းနေထိုင်ရာအတွက် တိရစ္ဆာန်တို့ မှီခိုနေကြရသောအပင်များသည် တစ်ဖန် အသစ်ပြန်ပေါက်ရန်နှင့် ဆက်တည်ရှိသွားစေရန်အတွက် မီးကို အားထားကြရသောကြောင့်ဖြစ်သည်။
လေ့လာရန် များစွာရှိဆဲ
မီး၏အသွင်နှစ်မျိုးကို သာ၍နားလည်လာနေကြပြီဖြစ်သော်လည်း ဝန်းကျင်နှင့် မီးတို့၏အပြန်အလှန်အကျိုးသက်ရောက်မှုမှာ ရှုပ်ထွေးပြီး လေ့လာသိရှိရန်အကြောင်း များစွာရှိဆဲပင်။ မီးသည် အချို့အပင်နှင့် တိရစ္ဆာန်မျိုးစိတ်တို့ကို မည်သို့မည်ပုံ အကျိုးသက်ရောက်နေကြောင်းမှာ သာ၍လေ့လာဖို့လိုအပ်နေသောအရာတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့၏ဂေဟစနစ်အပေါ် မီးက မည်သို့အပြန်အလှန်ပြုပြင်၍ အကျိုးသက်ရောက်သည်ကို သာ၍ကျယ်ပြန့်သောအတိုင်းအတာတစ်ရပ်ဖြင့်လည်း သုတေသနပြုဖို့လိုပါသည်။ ဖြေဆိုရန်လိုသော အချို့မေးခွန်းများကား ဤသို့ဖြစ်သည်– မီးလောင်ကျွမ်းမှုများသည် ဖန်လုံအိမ်အာနိသင်ကို ဖြစ်ပေါ်စေသည့်အကြောင်းတစ်ခုလော။ မီးလောင်ကျွမ်းမှုမှထွက်လာသော မီးခိုးငွေ့များသည် ရာသီဥတုအခြေအနေများအပေါ် ထိခိုက်မှုရှိသလော။ မီးလောင်ကျွမ်းမှု၏ သဘောသဘာဝကား အသို့နည်း။
မီးလောင်ကျွမ်းမှု၏ သဘောသဘာဝကို ခန့်မှန်းရန် ရည်ရွယ်ပြီး မကြာသေးမီက ပုံစံငယ်များဟုခေါ်ဆိုသည့် ကွန်ပျူတာပရိုဂရမ်များရှိလာသည်။ ဤနမူနာပုံစံငယ်များဖြင့် လောင်စာ၊ အပူချိန်၊ လေတိုက်နှုန်းနှင့် အခြားရာသီဥတုအခြေအနေများဆိုင်ရာ အချက်အလက်များကို ဆန်းစစ်ခန့်မှန်းပေးသည်။ ဝမ်းနည်းစရာမှာ လက်ရှိအချိန်တွင် ဤနမူနာပုံစံငယ်များမှာ အမြဲပင်တိကျမှန်ကန်မှုမရှိချေ၊ ထို့ပြင် ရုတ်တရက်မီးတောက်မီးညွှန့်ဖြစ်ပေါ်ခြင်းနှင့် အရှိန်အဟုန်ပြင်းခြင်းကဲ့သို့သော ဖြစ်မြဲမဟုတ်သည့်ဖြစ်ရပ်တို့ကို မခန့်မှန်းနိုင်ချေ။ ၁၉၉၇ ခုနှစ်၊ ဆစ်ဒနီမြို့ရှိ မီးလောင်ကျွမ်းမှုများတွင် အတွေ့အကြုံရှိမီးသတ်သမားနှစ်ဦးသည် ဤမီးတောက်များထဲမှ မီးညွှန့်တစ်ခုကြောင့် အသက်ဆုံးရှုံးခဲ့ရသည်၊ ယင်းတို့ကို “သေမင်း၏လက်ချောင်းများ” ဟုခေါ်ဆိုခြင်းမှာ ဆီလျော်လှပေ၏။
အထူးသဖြင့် ကြီးမားသောမီးလောင်ကျွမ်းမှုများမှာ ခန့်မှန်းရခက်ပေသည်၊ အကြောင်းမှာ ယင်းတို့သည် လေပြင်းများ၊ တိမ်တိုက်များနှင့် မိုးကြိုးမုန်တိုင်းများပင်အပါအဝင် ၎င်းတို့၏ဝန်းကျင်အခြေအနေတို့ကို ဖန်တီးနိုင်သောကြောင့်တည်း။ ယင်းတို့ကြောင့် တိုက်ခတ်သည့်လေသည် ဦးတည်ရာ သို့မဟုတ် လေတိုက်နှုန်း ရုတ်တရက်ပြောင်းလဲသွားနိုင်ရာ အဆိုပါမီးမှာ မတည်မငြိမ်ဖြစ်လေသည်။ သုတေသီတို့က ဤအချက်အလက်များအပါအဝင် မြေပြင် အမျိုးအစား၊ လျှောဇောက်နှင့် လောင်စာပျံ့နှံ့မှုကဲ့သို့သော အခြားအကြောင်းတို့နှင့်အတူ လက်ရှိနမူနာပုံစံငယ်များကို တိုးတက်ကောင်းမွန်စေနိုင်မည်ဟု မျှော်လင့်ထားကြသည်။
အမေရိကန်ပြည်ထောင်စုတွင် ဤရည်မှန်းချက်ကို ဖော်ဆောင်ရန် စီမံချက်တစ်ရပ်ကို ကော်လိုရာဒိုပြည်နယ်ရှိ အမျိုးသား လေထုသုတေသနဗဟိုဌာန (အဲန်စီအေအာရ်) က တာဝန်ယူ၍ဆောင်ရွက်နေသည်။ အဲန်စီအေအာရ်က သယ်ယူပို့ဆောင်ရေးလေယာဉ် စီ ၁၃၀ ပေါ်တွင် သက်ဆိုင်ရာပညာရပ်၌ ခေတ်အမီဆုံး သိပ္ပံဆိုင်ရာကိရိယာများနှင့် ကွန်ပျူတာအလုပ်ဌာနခုနှစ်ခုတို့ကို ထူထဲသောအပူကာပစ္စည်း၏အကာအကွယ်ဖြင့် ပံ့ပိုးတပ်ဆင်ပေးထားသည်။ အဆိုပါလေယာဉ်ကို အရှိန်ပြင်းပြင်းကျွမ်းလောင်နေသောမီးပေါ် ပျံသန်းသွားရန်နှင့် တောင်ပံတို့တွင် အာရုံခံကိရိယာများတပ်ဆင်၍ အချက်အလက်နမူနာတို့ကိုရယူဖို့ ရည်ရွယ်ပြီးတီထွင်ထားခဲ့သည်။ ထို့နောက် လုပ်ငန်းစဉ်တစ်ခုကိုဆောင်ရွက်ပေးရန်အတွက် ဤအချက်အလက်ကို ကွန်ပျူတာသို့ ပို့လိုက်သည်။ အဆိုပါလေယာဉ်တွင် သာမာကန်မ် (Thermacam) ဟုခေါ်ဆိုသည့် အနီရောင်အောက် ရောင်ခြည်သုံးကင်မရာတစ်လုံးပါရှိပြီး လောင်ကျွမ်းနေသောမီး၏အစိတ်အပိုင်းအသီးသီးမှ သက်ဆိုင်ရာပြင်းအားကို ဖော်ပြပေးနိုင်သည်။ ဤနည်းတို့ဖြင့် အဲန်စီအေအာရ် သိပ္ပံပညာရှင်တို့သည် မီး၏သဘောသဘာဝ လက်ရှိနမူနာပုံစံငယ်များကို တိုးတက်ရန်လုပ်ဆောင်ဖို့ လေ့လာသင်ယူနေကြသည်။
ဤတိုးတက်ကောင်းမွန်လာသောနမူနာပုံစံငယ်များက ပညာရှင်တို့ကို သာ၍ဘေးအန္တရာယ်ကင်းရှင်းစွာ မီးကိုထိန်းချုပ်စေနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။ မီး၏ ဖြစ်ပျက်တတ်ပုံကို တိကျစွာ ခန့်မှန်းနိုင်စွမ်းက ရပ်ရွာကိုကာကွယ်ရာ၌ မီးသတ်သမားများရင်ဆိုင်ရသည့် ဘေးအန္တရာယ်ကိုလည်း သာ၍လျော့နည်းစေနိုင်သည်။
မှန်ပါသည်၊ မီးသည် ထိန်းချုပ်မရသောအခါ ရန်သူအဖျက်သမားဖြစ်နိုင်သော်လည်း မိတ်ဆွေကောင်းလည်း ဖြစ်နိုင်ပါသည်။ ကမ္ဘာမြေကြီးကို စိမ်းလန်းစိုပြေလာစေရန်နှင့် အပင်နှင့် တိရစ္ဆာန်အမျိုးမျိုးတို့ ဆက်၍မျှမျှတတရှိနေစေဖို့ ဖန်ဆင်းရှင်က ဖန်တီးပေးထားသော သဘာဝသံသရာတို့တွင် ယင်းသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
မော်တာနာဘစ်တာရူထ်မြစ်ဝှမ်းတစ်လျှောက် သိမ်းကျုံးလောင်ကျွမ်းသောမီးကို မှင်တက်မိနေသောဆတ်ကြီးမျိုးက ရှောင်တိမ်း
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ဂျွန် မက်ကိုလ်ဂန်၊ ဘီအဲလ်အမ်၊ အလားစကားမီးသတ်ဌာန
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ဩစတြေးလျတွင် ချိန်ဆမီးရှို့ပုံ
[Credit Line]
Photo provided courtesy of Queensland Rural Fire Service