မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့​ဖြစ်ရပ်​အကဲခတ်

အိပ်ပျော်​စေရန် တစ်နှစ်​သုံး​လေး ရေတွက်​မနေ​နှင့်

နာတာရှည်​အိပ်မပျော်သည့် ရောဂါ​သည် ကမ္ဘာချီ ပြဿနာ​တစ်ခု​ဖြစ်​ပြီး လူ ၁၀ ဦး​တွင် ၁ ဦး​၌​ဖြစ်နေ​သည်​ဟု န​ယူး​ဆိုင်း​ယင်း​တစ် မဂ္ဂဇင်း​၌ ဖော်ပြ​၏။ အမေရိကန်​ပြည်ထောင်စု တစ်ခု​တည်း​တွင်​ပင် အိပ်မပျော်သည့်​ရောဂါ​ကြောင့် အလုပ်​မဆင်း​နိုင်​ခြင်း​နှင့် မတော်တဆမှုများ​ကြောင့် တစ်နှစ်​လျှင် အမေရိကန်​ဒေါ်လာ ၃၅ ဘီလီယံ​ဆုံးရှုံး​သည်​ဟု သိပ္ပံ​ပညာရှင်​များ ခန့်မှန်း​ကြသည်။ အိပ်မပျော်​သူများ​သည် မိမိတို့ နှစ်နှစ်​ခြိုက်​ခြိုက်​အိပ်ပျော်​ရန် မည်သို့​လုပ်ဆောင်​နိုင်​သနည်း။ အောက်​စ်​ဖို့​ဒ် တက္ကသိုလ်​မှ သုတေသန​ပြုသူ​များ​က အိပ်မပျော်သည့် ရောဂါ​ခံစား​နေ​သူ အုပ်စု​တစ်စု​အား ရေတံခွန် သို့​မဟုတ် အနှစ်သက်ဆုံး အားလပ်ခွင့်ယူ​သည့်​နေရာ​ကဲ့သို့​သော ကြည်နူး​ဖွယ်​ကောင်း​သည့် စိတ်​ပြေ​လက်​ပျောက် အဖြစ်အပျက်​တစ်ခု​ကို စဉ်းစား၍​အိပ်​ရန် ဆို​ခဲ့​သည်။ နောက်​အုပ်စု​တစ်စု​ကို တစ်နှစ်​သုံး​လေး​ရေတွက်​ခိုင်း​ပြီး တတိယ​အုပ်စု​ကို မိမိ​ကြိုက်​နှစ်သက်ရာကို လုပ်​စေ​ခဲ့​သည်။ ဒုတိယ​နှင့် တတိယ​အုပ်စု​သည် ပုံမှန်​ထက် အနည်းငယ်​ကြာ​မှ အိပ်ပျော်​ကြသော်လည်း ပထမ​အုပ်စု​သည် ပုံမှန်​ထက် မိနစ် ၂၀ စော​၍ အိပ်ပျော်​ကြသည်။ သုတေသန​အဖွဲ့ဝင်​တစ်ဦး​ဖြစ်သော အဲလီ​ဆင် ဟာဗေး​က တစ်နှစ်​သုံး​လေး​ရေတွက်ခြင်း​သည် အလုပ်​မဖြစ်ကြောင်း၊ အကြောင်း​မှာ ယင်းသည် “စိုးရိမ်​သောက​များ​ကို မေ့သွား​လောက်​အောင် ဆွဲဆောင်နိုင်စွမ်း​မရှိ” ဟု​ပြော​ခဲ့​သည်။

မိုးတိမ်​များ​ကို ဆွတ်​ယူ​သော သစ်တော​များ

အမြင့်ပေ ၃,၀၀၀ ကျော်​တွင် ရှင်သန်​ပေါက်ရောက်​သည့် ရေ​ဝ​သော အပူပိုင်း​မိုးသစ်တော​များသည် “ရေ​ကို​ရွာ​ချ​သော မိုး​ရေ​မှ​ထက် မိုးတိမ်​များ​မှ ၄၀ ရာခိုင်နှုန်း​ခန့်​အထိ​ပို​၍” ရရှိ​ခြင်း​ဖြစ်​မည်​ဟု ဩစတြေးလျ​သိပ္ပံ​ပညာရှင် ဒေါက်တာ ပေါလ် ရက်​ဒီးလ် နှင့် ဒေးဗစ် မက်​ဂျ​နက်​တို့​က ဆို​၏။ သိပ္ပံ​နှင့် စက်​မှု​လုပ်ငန်း သုတေသန​အဖွဲ့အစည်း​၏​အဆို​အရ “သစ်တော​တစ်လျှောက်​တွင် တိမ်​နိမ့်​များ၊ မြူ​ခိုး၊ မြူ​ထူ​များ မပြတ်​တိုက်ခတ်​မှု​ကြောင့် သစ်ပင်​များ​ပေါ်​တွင် ငွေ့ရည်​ဖွဲ့​ပြီး ရေ​များ မြေပေါ်​သို့​စီးကျ” ခြင်း​ဖြင့် ရေ​ဂါလံ​သန်းပေါင်း​များစွာ​သည် အပူပိုင်း​ဒေသ​မြစ်များ​အတွင်း​သို့ စီးဝင်​လေ​သည်။ သို့သော် “မိုးသစ်တော​များ​ကို ခုတ်လှဲ​လိုက်​သည့်​အခါ မြေဆီလွှာ​သို့​စီးကျ​လာ​သည့် ရေ​ငွေ့​သည် သိသိသာသာ​နည်း​သွား​သည်။”

မမျှတသော သုံးစွဲမှု

ကမ္ဘာ့​လူဦးရေ နှစ်​ဆယ်​ရာခိုင်နှုန်း​သည် ယခု​အခါ ကမ္ဘာ့​ကုန်စည်​နှင့် ဝန်ဆောင်မှု​တို့၏ ၈၆ ရာခိုင်နှုန်း​ကို သုံးစွဲ​နေကြ​သည်​ဟု ကမ္ဘာ့​လူဦးရေ​အခြေ​ပြ ၂၀၀၁ သတင်း​၌ ဖော်ပြ​ထား​သည်။ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ​အဖွဲ့က​ထုတ်ပြန်​သော မှတ်တမ်း​၌ စက်​မှု​လက်မှု​ထွန်းကားသော နိုင်ငံ​များ​တွင် နေထိုင်သူ​များနှင့် ဖွံ့ဖြိုးဆဲ​နိုင်ငံ​များ​တွင် နေထိုင်​သော လူများ​အကြား​ရှိ “အလွန်​ကြီးမားသော ‘သုံးစွဲမှု ကွာဟချက်’ ” နှင့်​ပတ်သက်​၍ သတိပေး​လိုက်​သည်။ ဥပမာ၊ “ယနေ့ စက်​မှု​လက်မှု​ထွန်းကားသော နိုင်ငံ​တစ်နိုင်ငံ​တွင် မွေးဖွား​သော ကလေး​တစ်ဦး​သည် သူ၏​အသက်တာတွင် ဖွံ့ဖြိုးဆဲ​နိုင်ငံ​များ​တွင် မွေးဖွား​သော ကလေး အ​ယောက် ၃၀ မှ ၅၀ ကျော်​စာ​မျှ ပိုမို​သုံးစွဲ​ကာ ညစ်ညမ်း​စေ​သည်။ ယခု​လောလောဆယ် စက်​မှု​လက်မှု​ထွန်းကားသော နိုင်ငံ​များ​တွင် နေထိုင်​သော ကမ္ဘာ​သူ​ကမ္ဘာ​သား ငါး​ပုံ​တစ်​ပုံ​သည် လေထု​ထဲ​သို့ ကာဗွန်​ဒို​င်​အောက်​ဆို​ဒ် ၅၀ ရာခိုင်နှုန်း​ကျော် ထုတ်လွှတ်​ကြ​စဉ် အဆင်း​ရဲ​ဆုံး​နိုင်ငံသား​များ​၏ ငါး​ပုံ​တစ်​ပုံ​သည် ၃ ရာခိုင်နှုန်း​သာ ထုတ်လွှတ်​သည်” ဟု​မှတ်တမ်း​၌ ဖော်ပြ​၏။ ထို့​ပြင် ချမ်းသာ​သော​နိုင်ငံ​များ​ရှိ​လူတစ်ဦး​၏ ဘဝ​ပုံစံ​ကို ထောက်ပံ့​ရန် ဖြစ်ထွန်း​သော မြေ သို့​မဟုတ် ရေပြင်​လိုအပ်မှု​သည် ဖွံ့ဖြိုးဆဲ​နိုင်ငံ​များ​ရှိသူ​တစ်ဦး​ကို ထောက်ပံ့​ရန် လိုအပ်ချက်​ထက် လေးဆ​နီးပါး ပိုမို​ကျယ်ဝန်း​သည်။

အကြံပိုင်​သော ပိုးတောင်မာ​များ

အာဖရိက​တိုက် အနောက်​တောင်ဘက်​ရှိ န​မိ​ဘ် သဲကန္တာရ​တွင်​နေထိုင်​သော စ​တန်​နို​ကာ​ရာ​မျိုး​စုဝင် ပိုးတောင်မာ​များ သောက်​ရေ​မည်သို့​ရရှိ​ပုံ​ကို မကြာသေးမီ​က သုတေသီ​များ ရှာဖွေ​တွေ့ရှိ​ခဲ့​ကြသည်။ ယေဘုယျ​အားဖြင့် တစ်နှစ်​လျှင် မိုး​ရေ​ချိန် လက်မ​ဝက်​ခန့်​သာ​ရွာ​သော သဲကန္တာရ​တွင် ဆက်​အသက်ရှင်​ရန် ပိုးတောင်မာ​များသည် အတ္တလန္တိတ်​သမုဒ္ဒရာ​မှ ကုန်း​တွင်း​ပိုင်း​သို့ တိုက်ခတ်​လာသော သိပ်​သည်း​သည့် မြူ​ထူ​ထဲ​မှ​ရေ​ကို သောက်​ရေ​အဖြစ် စုစည်း​ကြသည်။ မည်သို့ ပြုလုပ်​ကြ​သနည်း။ သဘာဝ​သမိုင်း​မဂ္ဂဇင်း​၏ အဆို​အရ “ပိုးတောင်မာ​များ​၏​ကျော​တွင် အဖု​လေး​များ​ရှိသည်၊” ယင်းကို အဏုကြည့်​မှန်ပြောင်း​ဖြင့်​ကြည့်​လျှင် “တောင်​ထွ​တ်​များ လျှိုမြောင်​များ​ရှိသော မြေ​မျက်နှာ​သွင်ပြင်​တစ်ခု​နှင့် တူ​သည်။” အဖု​အ​ချွန်​လေး​များ​က ရေ​ကို​ဖမ်းယူ​ထားပြီး ဖယောင်း​ပါ​သော လျှိုမြောင်​များ​က ရေ​ကပ်​မနေ​စေရန် ဖယ်ထုတ်​သည်။ “ပိုးတောင်မာ​များသည် လေ​တိုက်​ရာ​ဘက် မျက်နှာမူ​ကာ သူတို့၏​ကိုယ်ခန္ဓာ​များ​ကို ထောင်​ထားခြင်း​ကြောင့် မြူ​ထူ​ထဲ​မှ ရေ​မှု​န်​များသည် အဖု​လေး​များ​၌ စု​ကြသည်။ ရေ​မှု​န်​စု​၍​ရရှိ​လာသော ရေ​စက်​သည် အတော်အတန်​လေး​လာ​သည်​နှင့် ပိုးကောင်​၏ ပါးစပ်​နေရာသို့ လျှော​ဆင်း​သွား​သည်” ဟု​မဂ္ဂဇင်း​၌ ဖော်ပြ​ထား​၏။

အစာငတ်ခံ​စိတ်ရောဂါ​၏ အစောပိုင်း​လက္ခဏာများ

“မိဘများသည် မိမိတို့​ကလေး​များ​၏ အစာစား​သည်​အကျင့်​တွင် အစာငတ်ခံ​စိတ်ရောဂါ (anorexia) သို့​မဟုတ် ဆာလောင်​စိတ်ရောဂါ (bulimia) ၏​အစောပိုင်း​အခြေအနေ​များ​ကို တွေ့မြင်​နိုင်​သည်” ဟု​လန်ဒန်​မြို့​ထုတ် သည်​တိုင်းမ်​တွင် ဖော်ပြ​ထား​သည်။ အစားအသောက်​မူမမှန်​မှု​တိုက်ဖျက်ရေး​အဖွဲ့ (အီး​ဒီ​အေ) က အစာစား​ရာ​တွင် ပြဿနာ​ဖြစ်နေ​ပြီး ဆိုးဆိုးရွားရွား​အခြေအနေ​သို့ မရောက်မီ မိဘများနှင့် ကလေး​ထိန်း​များ သတိထား​မိ​စေရန် အထောက်အကူ​ပြု​မည့် လမ်းညွှန်​စာအုပ် ထုတ်ဝေ​ခဲ့​သည်။ အစောပိုင်း သတိထား​ရမည့် လက္ခဏာများ​မှာ အစားအစာကို ချေ​မွှဖဲ့​ပစ်​ခြင်း၊ အစာ​တစ်​လုပ်​စားဖို့​အရေး ငါး​မိနစ်​ခန့် ကြာ​တတ်​ခြင်း​တို့ ပါဝင်​ပေမည်။ အစားအသောက်​မူမမှန်​သူ​အချို့​သည် အဝတ်အစား​ပွပွ​ဝတ်​ကာ မစား​သော​အစာများ​ကို အင်္ကျီ​အတွင်း ဝှက်ထားခြင်း​စ​သည့် မ​လိမ့်​တ​ပတ်​နည်းကို အသုံးပြု​ကြသည်။ ကျန်း​ကျန်းမာ​မာ​ရှိပြီး ပုံမှန်​ကိုယ်​အလေးချိန်​ရှိ​ပုံ​ထွက်​သည့် သူတို့၏​ဓာတ်​ပုံ​များ​ကို ဖယ်ရှား​လိုက်​ဖို့ တောင်းဆို​ကြ​ပေမည်။ အီး​ဒီ​အေ လမ်းညွှန်​စာအုပ်​က မိဘများသည် ထို​လက္ခဏာများ​ကို လျစ်လျူ​မ​ရှု​ဘဲ မိမိတို့​သတိပြုမိ​သည့်​အရာများ​နှင့်​ပတ်သက်​၍ ပွင့်ပွင့်လင်းလင်း​ပြော​ရန် အကြံပေး​ထား​သည်။

သာ​မို​မီတာ​များ​မှ အဆိပ်အတောက်

“သာ​မို​မီတာ​တစ်ခု​တွင်​ပါ​သော ပြဒါး​သည် ၁၁ ဧ​က​ကျယ်​သော​ရေကန်​ကို ညစ်ညမ်း​စေနိုင်​ပြီး ပြဒါး​တိုင်​အကျိုးအပဲ့​များ​က နှစ်စဉ် ပြဒါး ၁၇ တန်​ခန့်​ကို အမေရိကန်​ပြည်ထောင်စု​၏ စွန့်ပစ်​ရာ​များ​တွင် ထပ်​တိုးများ​စေ​သည်” ဟု နေ​ရှင်​နယ်​လ် ဂျီအိုဂရပ်ဖစ်​မဂ္ဂဇင်း​၌ ဖော်ပြ​သည်။ ငါး​များသည် ပြဒါး​များ​ကို စုပ်ယူ​ကြ​ပြီး ထို​ငါး​ကို လူများ​စားခြင်း​အားဖြင့် အာရုံကြော​စနစ်​ကို ပျက်စီး​ယိုယွင်း​စေနိုင်​သော ဤ​သတ္တု​ကို ဝမ်း​အတွင်း​သို့ ဝင်​စေ​ကြသည်။ ဘော​စ်တွန်​မြို့​အပါအဝင် မြို့​အများစု​တွင် ပြဒါး​ဖြင့်​ပြုလုပ်​သော သာ​မို​မီတာ​ကို အသုံးမပြု​ရန် တားမြစ်​ခဲ့​သည်၊ ပြဒါး​ပါဝင်သော သာ​မို​မီတာ​များ​အစား ဒီဂျစ်တယ်​သာ​မို​မီတာ​များနှင့် အန္တရာယ်​နည်းသော အခြား​ကိရိယာ​များ​ဖြင့် လဲ​ပေး​ကြ​မည်​ဖြစ်သည်။

တော်သင့်ရုံ ကိုယ်လက်​လှုပ်ရှားမှု

“ခံနိုင်ရည်​ရှိ​ရန် လေ့ကျင့်​လှုပ်ရှားမှု​တစ်ခု (ဖြည်းဖြည်း​မှန်မှန်​ပြေး​ခြင်း၊ စက်ဘီး​စီး​ခြင်း၊ သို့​မဟုတ် ရေကူး​ခြင်း) ကို တစ်ပတ်​လျှင်​သုံးကြိမ်၊ မိနစ် ၃၀ သို့​မဟုတ် တစ်​နာရီ​ကြာ​လုပ်ဆောင်ခြင်း​သည် အကျိုး​ရှိသည်” ဟု​ပြင်သစ်​နိုင်ငံ​ထုတ် အယ်​အိပ်စ်ပရက်စ် (L’Express) အပတ်စဉ်​သတင်းစာ​တွင် ဖော်ပြ​ထား​သည်။ သို့သော် သင်သည် ဆိုးရွား​သော​ကျန်းမာ​ရေး​ပြဿနာ​မဖြစ်အောင် ရှောင်​လို​ပါ​က အလွန်အကျွံ ကိုယ်လက်​လှုပ်ရှားမှု မပြု​သင့်​ပါ။ တရားလွန် ကိုယ်လက်​လှုပ်ရှား​အားကစား​ပြုခြင်း​က ရိုးဆစ်များ​ပွန်းပဲ့​ခြင်း၊ အရိုး​နု​များ​ကျိုး​ကျေ​ခြင်း၊ ကျောရိုးဆစ်​ရိုးညွှန့်ချပ်​ကျွံခြင်း၊ အရိုး​အက်​ခြင်း၊ သွေး​တိုး​ခြင်း၊ အစာ​မ​ကြေ​ခြင်း၊ အရိုး​ပွ​ခြင်း​နှင့် နှလုံး​ရောဂါ​ကို​ပင် ဖြစ်စေ​နိုင်​သည်။ “ပြင်သစ်​နိုင်ငံ​တွင် အားစိုက်လှုပ်ရှား​မှု​ကြောင့် နှစ်စဉ် ကျန်းမာ​ရေး​ကောင်းသော အားကစားသမား ၁,၅၀၀ ရုတ်တရက်​သေဆုံးမှု​များ ဖြစ်ပေါ်​သည်” ဟု အယ်​အိပ်စ်ပရက်စ် တွင်​ဖော်ပြ​ထား​သည်။ ပဲရစ်​မြို့၊ ပစ်​ရေး-စ​ယ်လ်​ပက်​ထ​ရီ​ရာ ဆေးရုံ​မှ အားကစားသမား​များ​ကို​ကုသ​သည့် အထူးကု​ဆရာဝန် စတက်ဖနီ က​က်စ်​ကူ​အာ က “စ​နေ၊ တနင်္ဂနွေ​နေ့​များ​တွင် အားကစားလုပ်​သူများ” ဆေးရုံ​ရောက်လာ​ပြီး ပြန်လည်​နာလန်ထူ​လာ​သည့်​အခါ ဤသို့​အကြံပေး​ခဲ့​၏– လေ့ကျင့်ခန်း​မှန်မှန်​လုပ်ပါ၊ သို့သော် နှလုံး​နှင့် သွေးကြော အမြင့်ဆုံး​ခံနိုင်စွမ်း​၏ ၇၅ ရာခိုင်နှုန်း​ခန့်​သာ လုပ်ဆောင်ပါ။

မှို​ဥ​များ၊ သစ်ပင်​များနှင့် ပို​တို​ရိုး​များ

ပို​တို​ရိုး​များ—ရှားပါး​ပြီး ကြွက်​နှင့်​တူသော သားပိုက်ကောင်​မျိုးဝင်​များ—ကို ယခု ဩစတြေးလျ​နိုင်ငံ​၏ စိတ်စွဲ​မှတ်​ဖွယ်​အကောင်းဆုံး​ဖြစ်သော ယူ​က​လစ်​သစ်တော​အချို့ တည်ရှိ​နေ​မှု​အတွက် သွယ်ဝိုက်​သော​နည်းဖြင့် အားထား​နေရ​ကြောင်း ဆစ်ဒနီ​မြို့​ထုတ် သည်​ဘူလ်​လ​တင် သတင်း​မဂ္ဂဇင်း​၌ ဖော်ပြ​ထား​သည်။ ပို​တို​ရိုး​များသည် ဗစ်​တိုး​ရီး​ယား​ပြည်နယ်၊ ဂ​စ်ပ်စ်​လန်း​ဒ် ဒေသ​ရှိ ကုန်းမြင့်​သစ်တော​များ​တွင် နေထိုင်​ကျက်စား​ကြသည်။ သားပိုက်ကောင်​မျိုးဝင်​တို့၏​အစာ အနည်းဆုံး ၉၀ ရာခိုင်နှုန်း​မှာ မြေဆီလွှာ​အောက်တွင် ပေါက်ရောက်​သည့် ဒေသ​ရင်း​ထွက် မှို​ဥ​များ​ဖြစ်သည်။ မှို​ဥ​များ​ကို​ဖြစ်စေ​သော ထို​မှို​ပင်​များသည် ပတ်ဝန်းကျင်​ရှိ သစ်ပင်​တို့၏​အမြစ်များ​တွင် အမြှေး​များ​ဖြင့် ပတ်​ဖုံး​ပေးခြင်း၊ ထူ​ထဲ​ယှက်ဖြာ​သော မှို​မျှ​င်​များ​ကို မြေဆီလွှာထဲတွင် ဆန့်​ထုတ်​ကာ မြေဆီလွှာ​ထဲ​မှ ရေ​နှင့်​အာဟာရ​တို့ကို ရယူခြင်း​ဖြင့် ဝန်းကျင်​အပင်များ​နှင့် အတူတကွ​လုပ်ဆောင်ကြ​သည်။ အပြန်အလှန်​အားဖြင့် အပင်များ​သည် အလင်း​မှီ​စု​ဖွဲ့​ခြင်း​အားဖြင့်​ရရှိသော သကြားဓာတ်​ကို မှို​များ​အား ထောက်ပံ့​ပေး​သည်။ ပို​တို​ရိုး​များသည် မည်သည့်​အခန်းကဏ္ဍ​မှ ပါဝင်​ကြ​သနည်း။ တိရစ္ဆာန်​များသည် အနံ့​စူးသော​မှို​ဥ​များ​ကို အလုအယက်​စား​ကြ​ပြီး​နောက် ကြေညက်​မသွား​သည့် မှို​မျိုးစေ့​များသည် မ​စင်​နှင့်အတူ​ပြန်ပါ​လာပြီး တစ်​တော​လုံး ပျံ့နှံ့​သွား​သည်။ သို့ဖြင့်၊ မှို​ဥ​များ၊ သစ်ပင်​များနှင့် ပို​တို​ရိုး​ကောင်​များ ဆက်လက်​ရှင်သန်​ပေါက်ပွား​ကြ​လေ​သည်။

ပင်လယ်​တွင် အန္တရာယ်​ပေး​သော ဆူညံသံ​များ

“သမုဒ္ဒရာ​သည် ဝေလငါး​များ၊ လင်းပိုင်​များနှင့် အခြား ရေ​နေ​သတ္တဝါများ​အတွက် ဆို​နာ​ထုတ်လွှင့်​သံ​များ၊ သင်္ဘော​ခုတ်မောင်း​သံ​များနှင့် ရှုပ်ထွေး​ဖွယ် နေရာတစ်ခု​ဖြစ်လာ​ရာ စိုးရိမ်ဖွယ်​ရာ​များ တိုးပွား​နေသည်” ဟု လန်ဒန်​မြို့​ထုတ် သည်​အင်​ဒီ​ပန်း​ဒန့် သတင်းစာ​၌ ဖော်ပြ​ထား​သည်။ ဗဟားမားစ်​ကမ်းခြေ​တွင် သောင်တင်​နေသော ဝေလငါး​အသေ ခြောက်​ကောင်​နှင့် လင်းပိုင်​တစ်ကောင်​ကို သုတေသန​ပြုသူ​များ စစ်ဆေး​ကြည့်​ရာ​တွင် ပြင်းထန်သော ဦးနှောက်​သွေး​လျှံ​ခြင်း​ကြောင့် သေဆုံး​ခြင်း​ဖြစ်​ကြောင်း တွေ့ရှိ​ခဲ့​ကြသည်၊ ယင်းသည် အနီးအနား​ရှိ ရေတပ်​သင်္ဘော​များ​မှ ဆို​နာ​လှိုင်း​ထုတ်လွှင့်​မှု​ကြောင့်​ဖြစ်​နိုင်​သည်​ဟု ယူမှတ်​ရသည်။ ကုန်တင်​သင်္ဘော​များ၊ ကမ်းလွန်​ဆောက်လုပ်ရေး​လုပ်ငန်း၊ မော်တော်​ဘုတ်​များနှင့် ရှ​ပ်​ပြေး​ယာဉ်များ​သည် ရေ​နေ​သတ္တဝါများ​ကို အနှောင့်အယှက်​ပေး​သည့် အခြား​အရာများ​ဖြစ်သည်၊ ထို​သတ္တဝါများ​သည် လူများ​ထက် ပို​၍​ဝေးဝေး​မှ​အသံကို ကြား​နိုင်သော​ကြောင့် ထိခိုက်​ကြ​ခြင်း​ဖြစ်သည်။ “ဝေလငါး​များနှင့် လင်းပိုင်​များ ရေကူး​သည့်​အခါ သူတို့​အဆုတ်​အတွင်းရှိ​လေ​သည် ခန္ဓာ​ထဲ​ရှိ ကလို​င်​ပေါက်​များ​ထဲ​သို့ ဖိ​သိပ်​ဝင်​သွား​သည်” ဟု​ဆောင်းပါး​၌ ရှင်းပြသည်။ “ပိတ်မိ​နေသော ထို​လေ​ဗ​လုံများ​သည် အသံလှိုင်း​ကို ၂၅ ဆ​အထိ​ကျယ်​အောင် ချဲ့​ပေး​နိုင်သော​ကြောင့် များစွာ​အသံ​နိမ့်​ရာ​နှင့် ပင်လယ်ပြင်​ကျယ်​တွင် ထို​အကောင်​များ​၏ အသား​တစ်ရှူး​ကို ထင်​ခဲ့​သည်ထက်​ပို​၍ အကြီးအကျယ် ထိခိုက်​ပျက်စီး​စေ​သည်။” သမုဒ္ဒရာ​ထဲ​မှ ဆူညံသံ​များသည် “ဆက်သွယ်​နိုင်​သည့်​နယ်​အကွာအဝေး​ကို ကျဉ်း​သွား​စေသည့်​အတွက် ဝေလငါး​များနှင့် လင်းပိုင်​များ အချင်းချင်း​ဆက်သွယ်​ရာ​တွင် သာ၍​အော်မြည်​ဆက်သွယ်​ရတော့မည်” ဟု​သုတေသန​ပြုသူ ဒေါ့ဂျ် နော​အာ့​ချက်ခ် က ဆို​၏။ “အသံ​ကြား​လျှင် သူတို့​အချင်းချင်း တွေ့ဆုံ​နိုင်​ပြီး မိတ်လိုက်​နိုင်​သည်၊ အသံ​မကြား​ရ​ပါ​က အသံပြု​ရာ​ဆီ​သို့ သွား​နိုင်​မည်​မဟုတ်ပါ။