နှုတ်ခမ်းလှုပ်ပုံကြည့်၍ သူတို့ အဓိပ္ပာယ်ဖော်ကြပုံ
နှုတ်ခမ်းလှုပ်ပုံကြည့်၍ သူတို့ အဓိပ္ပာယ်ဖော်ကြပုံ
ဗြိတိန်နိုင်ငံမှ နိုးလော့! စာရေးသူပေးပို့သည်
ပြည်သူ့ဥယျာဉ်တစ်ခုတွင် စကားပြောနေသော မသင်္ကာဖွယ်အကြမ်းဖက်သမားနှစ်ဦးကို ဗီဒီယိုရိုက်ထားသည်။ သူတို့ဘာပြောနေသည်ကို မည်သူမျှမကြားနိုင်ပေ—သို့သော် ရဲက သူတို့ကိုဖမ်းဆီးကာ နောက်ပိုင်းတွင် နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်သည်။ ရိုက်ကူးထားသော သူတို့၏စကားပြောဆိုမှုကို ဗြိတိန်နိုင်ငံတွင် ကျွမ်းကျင်သက်သေတစ်ဦးအဖြစ်နှင့် ဗြိတိန်ရဲ၏ “ထိရောက်သောလျှို့ဝှက်လက်နက်” တစ်ခုအဖြစ် အသိအမှတ်ပြုဖော်ပြခံရသော နှုတ်ခမ်းလှုပ်ပုံအဓိပ္ပာယ်ဖော်သူတစ်ဦးက အဓိပ္ပာယ်ဖော်ခဲ့သည်။
နှုတ်ခမ်းလှုပ်ပုံကြည့်၍ အဓိပ္ပာယ်ဖော်သည့်ပညာနှင့်ပတ်သက်၍ ပိုမိုသိရှိရန် ကျွန်ုပ်သည် မိုက်ခ်နှင့် ခရစ္စတီးနား တို့ကို သွားတွေ့ခဲ့သည်။ ခရစ္စတီးနားသည် အသက်သုံးနှစ်အရွယ်ကတည်းက နားမကြားရသူဖြစ်သည်။ နောက်ပိုင်းတွင် သူသည် နားမကြားသူများအတွက်ကျောင်းကို တက်ရောက်ကာ နှုတ်ခမ်းလှုပ်ပုံကြည့်၍ အဓိပ္ပာယ်ဖော်သည့်အတတ်ကို သင်ယူခဲ့သည်။ မိုက်ခ် သည် ခရစ္စတီးနားနှင့်လက်ထပ်ပြီးနောက်တွင် နှုတ်ခမ်းလှုပ်ပုံကြည့်၍ အဓိပ္ပာယ်ဖော်သည့် စွမ်းရည်ကို သူ့ဖာသာ တတ်မြောက်လာသူဖြစ်သည်။
နှုတ်ခမ်းလှုပ်ပုံကြည့်၍ အဓိပ္ပာယ်ဖော်ခြင်းသည် မည်မျှခက်ခဲသနည်း။ “နှုတ်ခမ်း၊ လျှာနှင့် အောက်မေးရိုးတို့၏ ပုံသဏ္ဌာန်နှင့် လှုပ်ရှားမှုကို အာရုံစိုက်ရမည်” ဟုမိုက်ခ် ကဆို၏။ ခရစ္စတီးနားက ဤသို့ထပ်ဆင့်သည်– “မိမိအား စကားပြောနေသူကို စူးစိုက်ကြည့်ရမည်၊ နှုတ်ခမ်းလှုပ်ပုံကြည့်၍ အဓိပ္ပာယ်ဖော်သည့်စွမ်းရည် တိုးတက်လာသည့်အခါ မျက်နှာနေမျက်နှာထားနှင့် ကိုယ်အမူအရာတို့ကိုလည်း အာရုံစိုက်ရန်ဖြစ်သည်။”
အော်ပြောသူ သို့မဟုတ် အလွန်အမင်းနှုတ်ခမ်းရွေ့လျားသူကို အဓိပ္ပာယ်ဖော်ရာတွင် အမှားကြီးမှားခဲ့ကြောင်း ကျွန်ုပ်သိရှိခဲ့ရသည်။ ထိုသို့ ရှုံ့တွန့်ပြောဆိုမှုများသည် ရှုပ်ထွေးကာ အဓိပ္ပာယ်မဖော်စေနိုင်ဘဲ ဖြစ်စေသည်။ နှုတ်ခမ်းလှုပ်ပုံကိုကြည့်၍ ကျွမ်းကျင်စွာအဓိပ္ပာယ်ဖော်တတ်လာပြီးနောက် အဓိပ္ပာယ်ဖော်သူတစ်ဦးသည် ဒေသအလိုက်လေသံများကိုပင် ထောက်ပြလာနိုင်သည်။ သို့သော် ယင်းတို့အားလုံးသည် မလွယ်ကူလှပေ! နှုတ်ခမ်းလှုပ်ပုံကြည့်၍ အဓိပ္ပာယ်ဖော်ခြင်းကို အထူးသင်ကြားပေးသည့် ဟီးရားရင်းကွန်စန်း (Hearing Concern) ဟူသော အဖွဲ့အစည်းတစ်ခုက ဤသို့ပွင့်ပွင့်လင်းလင်းဖော်ပြသည်– “နှုတ်ခမ်းလှုပ်ပုံကြည့်၍ အဓိပ္ပာယ်ဖော်တတ်ရန် ထပ်ခါတလဲလဲ လေ့ကျင့်ဖို့လိုသည်။”
ဘတ်စကားပေါ် သို့မဟုတ် ရထားပေါ်တွင် စကားစမြည်ပြောဆိုမှုတစ်ခုကို လုံးဝမရည်ရွယ်ဘဲ “အဓိပ္ပာယ်ဖော်နေ” မိ၍ မိမိဘာသာ အရှက်ရမိသည့်အခါများရှိကြောင်း ခရစ္စတီးနားကဝန်ခံသည်။ သူလုပ်နိုင်သည့်အရာမှာ ချက်ချင်း အကြည့်လွဲလိုက်ခြင်းဖြစ်သည်။ သို့သော် သူ၏စွမ်းရည်သည် ကာကွယ်မှုတစ်ရပ်ဖြစ်နိုင်သည်။ ခရစ္စတီးနားသည် ရုပ်မြင်သံကြားတွင် ဘောလုံးပွဲမကြည့်တော့ပေ၊ အကြောင်းမှာ ကစားသမားအချို့ ဘာပြောနေသည်ကို တွေ့ မြင်ရခြင်းက သူ့အတွက် စိတ်မချမ်းမြေ့စရာဖြစ်စေသောကြောင့်ပင်။
ဗြိတိန်ရဲ၏ “လျှို့ဝှက်လက်နက်” စွမ်းရည်များကို ရရှိသူနည်းမည်ဖြစ်သည်။ သို့သော် ရိုးရှင်းသည့် နှုတ်ခမ်းလှုပ်ပုံအဓိပ္ပာယ်ဖော်နည်းပင်လျှင် အကြားအာရုံအကြီးအကျယ်ဆုံးရှုံးပြီးနောက် သင်ယူတတ်ကျွမ်းရန် အဖိုးတန်ပညာရပ်တစ်ခုဖြစ်နိုင်သည်။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ခရစ္စတီးနား
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
မိုက်ခ်