မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိခင်တို့၏ များပြားလှသော တာဝန်များ

မိခင်တို့၏ များပြားလှသော တာဝန်များ

မိခင်​တို့၏ များပြား​လှ​သော တာဝန်​များ

နံနက် ၄:၅၀ နာရီ ကလေး​ငယ်​အဲလက်စ်​သည် ငိုယို​ရင်း အိပ်ချင်မူးတူး​နှင့် မိခင်​ဖြစ်သူ​ဟ​ယ်​လင်​၏​ဘေး​သို့ ဖက်တွယ်​တက်​လေ​သည်။ ကျန်​ကလေး​နှစ်ဦး​ဖြစ်သော—ပဲ​န်​နီ (၅) နှစ်၊ ဂျို​အင်​နာ (၁၂) နှစ်—နှင့် ခင်ပွန်း​ဖြစ်သူ​နစ်​ခ်​တို့​မှာ အိပ်ပျော်​နေဆဲ​ပင်။ ဟ​ယ်​လင်​သည် အဲလက်စ်​ကို မ,ထူ​ကာ နို့တိုက်​လိုက်​သည်။ သူ​ပြန်​အိပ်​၍ မရတော့​ပေ။

နံနက် ၅:၄၅ နာရီ ဟ​ယ်​လင်​သည် မီးဖိုချောင်​သို့ ခြေဖွဖွ​နှင့်​သွား​ကာ ကော်ဖီ​ဖျော်​ပြီး စာဖတ်​သည်။

နံနက် ၆:၁၅–၇:၂၀ နာရီ နစ်​ခ် အိပ်ရာ​မှ​ထ​သည်။ ဟ​ယ်​လင်​သည် ပဲ​န်​နီ​နှင့် ဂျို​အင်​နာ​တို့ကို နှိုး​ကာ နံနက်​စာ​ပြင်ဆင်​ပေး​ပြီး အိမ်မှုကိစ္စ​တချို့​ကို လုပ်​နေသည်။ နံနက် ၇:၁၅ နာရီ​တွင် နစ်​ခ်​သည် အလုပ်​သို့​သွား​ရင်း ဂျို​အင်​နာ​ကို ကျောင်း​သို့ ဝင်​ပို့​သည်။ အဲလက်စ်​ကို​ထိန်းပေး​ဖို့ ဟ​ယ်​လင်​၏​မိခင်​ရောက်လာ​သည်။

နံနက် ၇:၃၀ နာရီ ဟ​ယ်​လင်​သည် ပဲ​န်​နီ​ကို သူငယ်​တန်း​ကျောင်း​သို့ လိုက်​ပို့​သည်။ အလုပ်​သို့ အသွားအပြန်​တွင် မိခင်​ဘဝ၏​တကယ့်​အဖြစ်မှန်​ကို ဟ​ယ်​လင် စဉ်းစား​ချိန်​ရ၏။ “ကျွန်မ​လုပ်ခဲ့ဖူး​သမျှ​ထဲမှာ အခက်ဆုံး​အလုပ်ပဲ” ဟု​သူ​ပြော​သည်။

နံနက် ၈:၁၀ နာရီ ဟ​ယ်​လင်​သည် သူ၏​အလုပ်​တွင် တာဝန်​များစွာ ရှိနေ​ပြန်​သည်။ နောက်ထပ်​ကိုယ်ဝန်​ရှိလျှင် အလုပ်ပြုတ်​သွား​နိုင်​၍ သူ​တွေးပူ​မိ​သည်။ မိသားစု​အတွက် အပို​ဝင်ငွေ​ရှိဖို့လို​နေသည်။

နံနက် ၁၀:၄၃ နာရီ ဟ​ယ်​လင်​သည် သူ၏​ကလေး​များနှင့်​ပတ်သက်​၍ ခေါ်​သည့်​ဖုန်း​ကို ချ​လိုက်​သည်​နှင့် အလုပ်ဖော် နန်စီ​က သူ့​အား နှစ်သိမ့်​စကား​ဆို​သည်– “ရှင်ဟာ သားသမီးတွေ​အတွက် တော်​တော်​ကို လုပ်ပေး​နိုင်​တဲ့​သူပဲ။” ဟ​ယ်​လင်​၏​ပါးပြင်​ပေါ် မျက်ရည်များ လိမ့်​ဆင်းလာ​သည်။

နေ့လယ် ၁၂:၀၅ နာရီ ဟ​ယ်​လင်​သည် အသားညှပ်​ပေါင်မုန့်​တစ်ချပ်​ကို စား​ရင်း သမီးကြီး မမွေးခင်​အချိန်ကို ပြန်​စဉ်းစား​နေ​မိ​သည်။ ထို​အချိန်​က သူ၏ “အားလပ်” ချိန်​များ​တွင် လုပ်​မည့်​အရာများ​ကို အကြီးအကျယ် အစီအစဉ်များ​ရေးဆွဲ​ခဲ့​သည်။ ‘ရ​ယ်​စ​ရာ​ကောင်း​လိုက်တာ!’ ဟု သူ​ကောက်ချက်​ချ​လိုက်​သည်။

မွန်းလွဲ ၃:၁၀ နာရီ အဲလက်စ်​၏ နောက်​တီး​နောက်​တောက်​အမူအရာ​နှင့်​ပတ်သက်​၍ အိမ်​မှ​ဖုန်း​အကြိမ်ကြိမ်​လာပြီး​နောက် သူ၏​ကလေး​များ​အပေါ်​ထား​သည့် သူ၏​အထူး​သံယောဇဉ်​အကြောင်း ဟ​ယ်​လင် ဖော်ပြ​လိုက်​သည်– “ဘယ်သူ့ကိုမှ ဒီလို​မေတ္တာ​မျိုးနဲ့ မချစ်​ခဲ့​ဖူး​ဘူး။” ဤ​နက်ရှိုင်း​သော​မေတ္တာက အစအဦး တွေ့ကြုံ​ရသော မမျှော်လင့်​သည့်​အခက်အခဲ​များ​ကို အောင်မြင်​ကျော်လွှား​နိုင်​ရန် သူ့ကို ကူညီ​ပေး​ခဲ့​သည်။

ညနေ ၅:၁၀ နာရီ ဟ​ယ်​လင်​သည် ဂျို​အင်​နာ​ကို သွားကြို​ပြီး​နောက် တောက်​တို​မယ်​ရ​အလုပ်များ​ကို အပြေးအလွှား​လိုက်လုပ်​သည်။ ပဲ​န်​နီ​ကို သွားကြို​ရမည်​ဖြစ်​ကြောင်း နစ်​ခ်​ထံ ဖုန်း​ဆက်သ​တိ​ပေး​သည်။

ညနေ ၆:၀၀–၇:၃၀ နာရီ ဟ​ယ်​လင် အိမ်ပြန်ရောက်​သည်​နှင့် ‘အဲလက်စ်​ကို​ထိန်းပေး​သည့်​တာဝန်’ မှ​အဘွား​ဖြစ်သူ​အား နား​ခိုင်း​လိုက်​သည်။ ကလေး​၏​လိုအပ်ရာ​များ​ကို မေးမြန်း​ပြီး ညည်း​မိ​သည် – “ကလေး​ဟာ မိခင်ရဲ့​တစ်ကိုယ်လုံး​ကို လိုအပ်​တယ်– မိခင်ရဲ့​လက်၊ ခန္ဓာကိုယ်၊ မိခင်ရဲ့​နို့​နဲ့ မိခင်ရဲ့ အိပ်ရေး​ကိုလည်း ယူ​လိုက်ကြတယ်။”

ည ၈:၃၀–၁၀:၁၀ နာရီ ဟ​ယ်​လင်​သည် ဂျို​အင်​နာ​ကို အိမ်စာ​များ ကူ​လုပ်ပေး​ပြီး အဲလက်စ်​ကို နို့တိုက်​၏။ နစ်​ခ်​က ပဲ​န်​နီ​အား နာရီ​ဝက်​ခန့်အကြာ စာဖတ်​ပြ​နေစဉ် ဟ​ယ်​လင်​မှာ အိမ်မှုကိစ္စ​လုပ်​နေသည်။

ည ၁၁:၁၅ နာရီ ပဲ​န်​နီ​နှင့် ဂျို​အင်​နာ​တို့ အိပ်ရာဝင်​ပြီး​ဖြစ်​သော်လည်း အဲလက်စ်​မှာ​မူ မိခင်​ဖြစ်သူ​၏​လက်​ပေါ်​တွင် နိုး​နေ​သေး​၏၊ နောက်ဆုံး​တော့ သူ​အိပ်ပျော်​သွား​သည်။ “သူ့ကို အိပ်ရာ​ထဲ​သိပ်​လိုက်လို့ ရပြီ ထင်တာ​ပဲ” ဟု​အိပ်ချင်မူးတူး​ဖြစ်နေ​သော နစ်​ခ်​အား ဟ​ယ်​လင်​က ပြော​သည်။