မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိခင်ဘဝ၏ စိန်ခေါ်ချက်ကို ရင်ဆိုင်ခြင်း

မိခင်ဘဝ၏ စိန်ခေါ်ချက်ကို ရင်ဆိုင်ခြင်း

မိခင်​ဘဝ၏ စိန်ခေါ်ချက်​ကို ရင်ဆိုင်​ခြင်း

သားသမီး​များသည်​အနာဂတ်​မျိုးဆက်​များ​ဖြစ်​ကြသော​ကြောင့် သူတို့ကို ပုံသွင်း​ပေး​သော​အမျိုးသမီးများ၊ သူတို့၏​မိခင်များ​သည် လေးစားမှု၊ ဂုဏ်တင်မှု​နှင့် ထောက်မမှု​တို့ကို အမှန်တကယ် ရထိုက်​ပါ​သည်။ ခေတ်​သစ်​လောကသည် မိခင်​ဘဝ​အကြောင်း အမျိုးမျိုး​ပြောဆို​ကြသော်လည်း သမ္မာကျမ်းစာ​က​မူ သားသမီး​များသည် ဘုရားသခင်​ထံ​မှ ကောင်းချီး​တစ်ရပ်​ဖြစ်​ပြီး မိဘများ​အတွက် ပျော်ရွှင်မှု​ရင်းမြစ်​တစ်ခု​ဖြစ်​နိုင်၏​ဟု အခိုင်အမာ​ဆို​ထား​သည်။ (ဆာလံ ၁၂၇:၃-၅) သို့​တိုင် ကျမ်းစာ​သည် မိခင်​ဘဝ၏​တကယ့်​ဖြစ်ရပ်​များ​ကို ဥပေက္ခာ​မပြု​ပါ။ သမ္မာကျမ်းစာ​တွင် ယင်း​၏​စိန်ခေါ်ချက်​များစွာ​ကို မှတ်တမ်း​တင်ထား​၏။

မိဘ​ဖြစ်မှု၊ မိခင်​ဘဝ​တို့​နှင့်​ပတ်သက်​သည့် မိဘများ​ချမှတ်​သည့်​ဆုံးဖြတ်ချက်​များသည် သားသမီး​များ​၏​ဘဝ​နှင့် စရိုက်​အပေါ် နက်ရှိုင်း​၍ တည်မြဲသော ဩဇာ​သက်ရောက်မှု​ရှိသည်။ ယင်း​ဆုံးဖြတ်ချက်​များသည် မိဘများ​၏​ဘဝ​ပုံစံ​ကို အကြီးအကျယ်​ပြောင်းလဲ​သွား​စေနိုင်​သဖြင့် ဂရုတစိုက်​ဆုံးဖြတ်​ရန် လို​သည်။ မိခင်​တစ်ဦး​သည် အလုပ်​ထွက်​လုပ်ဖို့ လို​သလော။ လိုလျှင် မည်မျှ​လို​သနည်း။ မိခင်​အလုပ်​ထွက်​လုပ်​နေသည့်​အခါ သားသမီး​များ​ကို မည်သူ​စောင့်ရှောက်​မည်​နည်း​ဟူ​သည့် မေးခွန်းများကို မေး​ရန်လို​သည်။ အပြီးသတ်​အနေ​နှင့် မိဘများသည် သားသမီး​များ​အတွက် အကောင်းဆုံး​ဖြစ်​ပြီး ဘုရားသခင့်​ရှေ့တော်တွင်​လည်း မှန်ကန်​သည့်​အရာ​ဟု ယုံကြည်​ထား​သည့်​အမှုကို ပြု​ရမည်​ဖြစ်သည်။

သို့ရာတွင် မိခင်များ​သည် ပညာ​ရှိသော​ဆုံးဖြတ်ချက်​များ ကြိုးစား​ချမှတ်​ရာ​၌ မိမိ​အား​အကူအညီ​ပေး​မည့်​သူ​မရှိ​ဟု ခံစားရ​စ​ရာ​မလို​ပေ။ သူတို့သည် ဟေရှာယ ၄၀:၁၁ ပါ​စကား​များ​မှ နှစ်သိမ့်မှု​ကို ရယူ​နိုင်​ကြ​ပါ​သည်၊ ယင်း​တွင် ဘုရားသခင်​သည် ကလေး​ငယ်​များ​ရှိသော မိခင်များ​၏​လိုအပ်ချက်​များ​ကို အထူး​စိတ်ဝင်စား​ပြီး “ဖြည်းညင်း​စွာ​ပို့ဆောင်​တော်​မူ​မည်” ဟု​ဖော်ပြ​ထား​သည်။ ဘုရားသခင်​သည် သမ္မာကျမ်းစာ​တွင် မိခင်​ဘဝကို ပျော်စရာ​နှင့် အောင်မြင်မှု​ဖြစ်စေ​နိုင်​မည့် လမ်းညွှန်ချက်များ​စွာ​ကို ဖော်ပြ​ပေးခြင်း​အားဖြင့် ထိုသို့​သော​အထူး​စိတ်ဝင်စားမှု​ကို ဖော်ပြ​ထား​တော်​မူ​သည်။

အကျိုးသင့်အကြောင်းသင့်​ရှိပါ– ခရစ်ယာန်​များသည် အကျိုးသင့်အကြောင်းသင့်​ရှိသူ​များ​ဟူ​သည့် အမည်​ရထား​သင့်​သည်။ (ဖိလိပ္ပိ ၄:၅) စာရေး​ဆရာမ​ဖြစ်​ပြီး မိခင်​တစ်ဦး​လည်း​ဖြစ်သည့် ဂျဲနက် ပဲ​န်​လေ​က ဤ​မူ​၏​တန်ဖိုး​ကို သိရှိ​ခဲ့​သည်။ “အမြင့်​မား​ဆုံး​မျှော်လင့်ချက်တွေ​ထားပြီး မိခင်​ဘဝကို စ​ခဲ့တယ်။ ကျွန်မ​ဟာ ရှိခဲ့ဖူးတဲ့​မိခင်​တွေ​ထဲမှာ အကောင်းဆုံး​မိခင်​တစ်ယောက်​ဖြစ်​ရမယ်​ပေါ့။ စာအုပ်​မှန်သမျှ ဖတ်၊ ကျွမ်းကျင်​သူတွေရဲ့​စကား​မှန်သမျှ နားထောင်​ခဲ့တယ်။ ဒါပေမဲ့ အောင်မြင်​တယ်၊ စွမ်းရည်​ရှိတယ်လို့​ခံစားရ​မဲ့​အစား အရည်အချင်း​မမီ​ဘူးလို့ ခံစား​ရပြီး ဖိစီးမှု​ပဲ အဖတ်တင်​တယ်” ဟု သူက ဆို​သည်။ “တခြား​သူတွေရဲ့​မျှော်လင့်ချက်​မျိုး လိုက်​ထား​ကာ မရ​မ​က​လုပ်ခြင်း​နှင့် ‘အကောင်းဆုံး’ စံနှုန်း​တစ်ခုခု​နှင့် ကိုယ့်​ကိုယ်ကို​အံဝင်​အောင် ကြိုးစား​ခြင်း​သည် စိတ်အား​မာန်​ကို လျော့နည်းစေ​ပြီး စိုးရိမ်မှု​နှင့် အပြစ်ရှိ​သည်​ဟူ​သည့်​စိတ်​ကို ဖန်တီး​ပေး” ကြောင်း သူက ရှင်းပြသည်။

ရိုးရှင်း​စေပါ– “မိသားစု​တို့သည် လက်ရှိ အူ​ယားဖား​ယား ပြေးလွှား​လုပ်ကိုင်​နေရ​သည့် ဘဝ​ပုံစံ​ဝင်​နေလျှင် ကလေး​ဘဝ၏​အနှစ်သာရ​နှင့် မိသားစု​ဘဝ၏​ရွှင်လန်းမှုများ ခံစားရ​တော့​မည်​မဟုတ်” ဟု​န​ယူးစ်ဝိခ်​သတင်းစာ​က ရေးသားခဲ့​သည်။ ယင်းကြောင့် မိခင်များ​စွာ​က ရိုးရှင်း​သော​ဘဝ​ပုံစံ​ကို တောင့်တ​ကြ​ခြင်း​ဖြစ်သည်။ ယင်းကို သင်​မည်သို့ ရရှိနိုင်​မည်​နည်း။ ဦးဆုံး၊ ဦးစားထားရာ​များ​ချမှတ်​ပြီး သင့်​သားသမီး​များ​လိုအပ်​သည့် အချိန်၊ ပုဂ္ဂိုလ်ရေး​ဂရုစိုက်​မှု​တို့​အပါအဝင် “သာ၍​အရေးကြီးသော​အရာများ​ကို” အာရုံစိုက်ပါ။ (ဖိလိပ္ပိ ၁:၁၀၊ ၁၁က​ဘ) ဒုတိယ၊ သင့်​ဘဝ​ပုံစံ​ကို အသေအချာ​ဆန်းစစ်​ပါ။ သင်​အမှန်တကယ် မလို​အပ်​သည့် လုပ်ငန်းဆောင်တာ​များနှင့် ပစ္စည်း​များ​ကို ဖယ်ထုတ်​ကောင်း ဖယ်ထုတ်​ရ​ပေမည်။

သင့်​ဘဝတွင် အရေးကြီးဆုံး​အရာ​ကား အဘယ်နည်း။ လို​တရ​ဘဝမျိုး ပိုင်ဆိုင်ခြင်း​လော၊ သို့​မဟုတ် တခြား​အရာများ​ကို လိုက်စား​နေစဉ် ပန်းတိုင်​တချို့​ကို ဆိုင်းငံ့​ထား​နိုင်​မည်​လော။ ရုပ်ပစ္စည်း​အနည်းငယ်​သာ​ပိုင်ဆိုင်​ထား​သည့် မိခင်​တစ်ဦး​ဖြစ်သူ ကယ်ရိုလင်း​က သူ​မည်သို့ ကိုင်တွယ်​ခဲ့​ပုံ​ကို ဤသို့​ပြောပြ​သည်– “ကျွန်မ အရာရာကို ရိုးရိုးလေး​ပဲ​ထားပြီး တချို့​အသုံးစရိတ်​တွေ​ကို လျှော့ချ​လိုက်တယ်။” ကလေး​သုံးဦး​၏​မိခင်​ဖြစ်သူ ဂလိုရီယာ​က ဤသို့​ပြန်​ပြောပြ​သည်– “ကျွန်မ​တို့​မှာ ဈေးကြီး​တဲ့​အဝတ်အစား​တွေ ဝယ်​ဖို့​ပိုက်ဆံ​မရှိဘူး၊ ဒါပေမဲ့ သားသမီးတွေ​အတွက် အဝတ်အစား​တွေ​ကို ကျွန်မ​ချုပ်​ပေးတယ်၊ ပြီး​တော့ ဘယ်သူ့​ဆီ​မှာ​မှ အဲဒါ​မျိုး မရှိတဲ့​အတွက် အထူး​အဝတ်အစား​တွေ​ဖြစ်တယ်​ဆိုပြီး ကလေး​တွေ​ကို ပြောပြ​ထား​တယ်။”

ဘုရားသခင့်​နှုတ်မြွက်တော်​က “ဉာဏ် [“ပိုင်းခြား​သိမြင်မှု၊” က​ဘ] ကို​စွဲလမ်း​သော​သူသည်​လည်း ကောင်းကျိုး​ကို​ခံ​တတ်၏” ဟု​ဆို​ထား​သည်။ (သု. ၁၉:၈) မကုန်ဆုံး​နိုင်သော​အပန်းဖြေ​စ​ရာ​များ၊ ကိရိယာ​တန်ဆာပလာ​များ၊ မိခင်များ​နှင့် သားသမီး​များ​ကို လွှမ်းမိုး​နိုင်​သည့် ခေတ်​ရေစီးကြောင်း​များ​ကို ချင့်ချိန်​စီမံ​တတ်​ရန် ပိုင်းခြား​သိမြင်မှု​လို​သည်။ တောင်​အာဖရိက​မှ မိခင်​တစ်ဦး​ဖြစ်သူ ဂျူး​ဒိသ်​က ဤသို့​ဆို​သည်– “ကျွန်မ​တို့​ဟာ ပစ္စည်း​အသစ်တွေ၊ ပို​ကောင်း​တဲ့​နည်း​ပညာ၊ ပို​များတဲ့​အခွင့်အလမ်းတွေ​နဲ့ တရ​စပ်​ထိုးနှက်​ခံ​နေကြ​ရတယ်!” ထို​စိန်ခေါ်ချက်​ကို ဂျာမနီ​နိုင်ငံ​မှ ကလေး​လေးဦး​၏​မိခင်​ဖြစ်သူ အင်​ဂျ​လာ မည်သို့​အောင်မြင်ခဲ့ပုံ​ကို ဤ​တွင်​ဖော်ပြ​ထား​သည်– “ဘယ်အရာ​တွေ​ဟာ ကိုယ့်​အတွက် မရှိမဖြစ်​တဲ့​အရာ​နဲ့ အသုံးဝင်တဲ့​အရာ​တွေ​ဖြစ်တယ်​ဆိုတာ​ကို ဆုံးဖြတ်​ရမယ်၊ ပြီး​တော့ သင့်​သားသမီးတွေကိုလည်း အဲဒီအတိုင်း​လုပ်ဖို့ ကူညီ​ပေး​ရမယ်။”

ပြောင်းလဲ​နိုင်​သည့်​အရာများ​ကို ပြောင်းလဲ​ပစ်​ပါ– “သာမန်​အသိ​နှင့် ကြောင်း​ကျိုး​ခိုင်လုံ​သော ဝေဖန်​ပိုင်းခြား​နိုင်စွမ်း​တို့ကို အသုံးပြုပါ” ဟု​သမ္မာကျမ်းစာ​က သတိပေး​ထား​သည်။ (သု. ၃:၂၁ခေတ်ပြိုင်​ကျမ်း) သင်သည် လောလောဆယ်တွင် အလုပ်​ထွက်​လုပ်​နေရ​လျှင် သင့်​ခင်ပွန်း​၏​ဝင်ငွေ​မျှ​ဖြင့် သင့်​မိသားစု​ရပ်တည်​နိုင်​သလော။ ဤ​မေးခွန်း​ကို ဖြေဆို​နိုင်​ရန် အခွန်​များ၊ ကလေး​စရိတ်၊ အလုပ်​အသွားအပြန်​စရိတ်၊ အဝတ်အစား၊ အပြင်​တွင် စား​စရိတ်​နှင့် တခြား​အကုန်အကျ​များ​ကို နုတ်​ပြီး​နောက် သင့်​အသားတင်​ငွေ​မည်မျှ​ကျန်​ကြောင်း စိစစ်​ပါ။ ထို့​အပြင် သင်တို့​နှစ်ဦး​ပေါင်း​၏​ဝင်ငွေ​သည် ဝင်ငွေ​မြင့်သော​အဆင့်​တွင် ရှိ​မည်​ဆိုလျှင် သင့်​ခင်ပွန်း​၏​ဝင်ငွေ​အတွက် ပေးဆောင်​ရမည့် အခွန်​နှုန်း​မြင့်​သွား​ရာ ကျန်​ငွေ​အနည်းငယ်​သာ​ရှိ​တော့​၍ သင် အံ့အားသင့်​သွား​နိုင်​သည်။

တချို့​အလုပ်​သည် အလုပ်ချိန်​လျော့​မည် သို့​မဟုတ် အိမ်​နှင့်​ပို​နီး​ပြီး ဝင်ငွေ​ပို​နည်း​သွား​သော်လည်း သားသမီး​များ​ကို အချိန်ပို​ပေး​နိုင်​မည်​ဖြစ်သည်။ အကယ်၍ သင်သည် အလုပ်​မ​လုပ်​တော့​ဖို့​ဆုံးဖြတ်​လျှင် သင်သည် တန်ဖိုး​ရှိသည်၊ ပြီးမြောက်​အောင်မြင်​သည်​ဟူ​သည့် အသိ​အတွက် သင့်​အလုပ်​သည် အရေးပါ​နေလျှင် ဤ​အရည်အသွေးများ​ကို အိမ်​တွင်​နေရင်း မည်သို့​ထိန်းသိမ်း​ထား​နိုင်​ကြောင်း စဉ်းစားပါ။

အကူအညီ​ရယူပါ– ဘုရားသခင့်​နှုတ်မြွက်တော်​က ‘အော်ဟစ်​အကူအညီ​တောင်း’ လျှင် ရနိုင်​ကြောင်း ထပ်ခါတလဲ ဖော်ပြ​ထား​သည်။ (ထွက်မြောက်ရာ ၂:၂၃၊ ၂၄; ဆာလံ ၃၄:၁၅) မိခင်​တစ်ဦး​တောင်း​သည့် အကူအညီကို ခင်ပွန်း​က ပေး​သင့်ပါသည်။ သူ၏​ပူးပေါင်း​လုပ်ဆောင်မှု​ဖြင့် သင်တို့​သားသမီး​များ​အရေးအတွက် အသင့်ရှိနေ​စေ​ရေး​ကဲ့သို့​သော ပန်းတိုင်​များ​ကို​ချမှတ်​ကြ​ပြီး အရောက်​လှမ်း​နိုင်​စေရန် အိမ်မှုကိစ္စ​များ​ကို အတူတကွ​လုပ်ဆောင်​သည့်​စနစ်​ကို တည်ဆောက်​နိုင်​ပေမည်။ ဖြစ်​နိုင်​မည်​ဆိုလျှင် မိခင်​တစ်ဦး​သည် မိသားစု၊ စိတ်ဝင်စားမှု​များ၊ ပန်းတိုင်​များ​တူ​သည့် မိတ်ဆွေများ​အပါအဝင် တခြားသူ​တို့​နှင့် အကူအညီ​အဆက်အသွယ်​ကိုလည်း ရယူ​ထား​သင့်​သည်။

❖ မိခင်များ​စွာ​သည် ဒေသခံ​ခရစ်ယာန်​အသင်းတော်​မှ ယုံကြည်သူချင်း​များ​၏ အဖိုးတန်​သော​ပံ့ပိုး​မှု​ကို ရရှိ​ထား​ကြသည်။ ကလေး​သုံးဦး​၏​မိခင်​ဖြစ်သူ မာ​ရီ​ယာ​က “ဘုရားသခင် ကျွန်မတို့ကို မေတ္တာ​နှင့် ထောက်ထား​စာနာမှု​ပြပြီး စိုးရိမ်​ပေး​ကြောင်း​ပြ​တဲ့” နည်းလမ်း​တစ်ခု​မှာ “အသင်းတော်​နှင့်​အနီးကပ်​နေခြင်း” ဖြစ်​ကြောင်း သိမှတ်​ခဲ့​သည်။

အပန်းဖြေ​ချိန် ထား​ပါ– ကိုယ်ခံအား​အလွန်​ကောင်း​သည့် စုံလင်သော​လူသား ယေရှု​ပင်​လျှင် မိမိ၏​တပည့်​များ​အား “တော​၌​ဆိတ်ကွယ်ရာ​အရပ်သို့​လာ​ကြ။ ခဏ​အားဖြည့်​၍​ငြိမ်သက်​စွာ​နေကြ” ရန်​ဖိတ်ခေါ်​ခဲ့​သည်။ (မာကု ၆:၃၀-၃၂) မိခင်​တစ်ဦး​အနေ​နှင့် အောင်မြင်မှု​သည် မိမိ​ပေး​ရမည့်​အချိန်​များ​ကို ဟန်ချက်ညီ​အောင် ထိန်းပေး​နိုင်စွမ်း​ပေါ် မူတည်​သည်။ သင့်​သားသမီး​များသည် သင့်​အား လိုအပ်​ကြသည်​မှန်​သော်လည်း သူတို့​ဘက်မှာ သင့်​အား ပြန်၍​ပျော်ရွှင်​ကျေနပ်မှု​ပေးဖို့​လည်း​လို​သည်။ သင်သည် အတော်အသင့်​အပန်းဖြေ​ရန် လို​သည်။

အစောပိုင်း​တွင် ဖော်ပြ​ခဲ့​သည့် အင်​ဂျ​လာ​၌ အပန်းဖြေမှု​အတွက် အစီအစဉ်​တစ်ခု ရှိခဲ့​သည်– “ကျွန်မ​က နံနက်ပိုင်း တိတ်ဆိတ်​တဲ့​အချိန်ကို သတ်မှတ်​ထား​တယ်။ ကျွန်မ​အတွက် အနည်းဆုံး နာရီ​ဝက်​လောက် အချိန်​ယူတယ်။ ပြီး​တော့ ကျွန်မ​တို့​ရဲ့ သားသမီးတွေကို အိမ်ထဲ တခြား​တစ်​နေရာ​ရာ​မှာ နေခိုင်း​ပြီး တစ်ခုခု​လုပ်​ခိုင်း​တဲ့​အချိန်​မှာ ကျွန်မ​ခင်ပွန်း​နဲ့ ကျွန်မ​တို့ တစ်ပတ်​ကို တစ်​ညနေ ဒါမှ​မဟုတ် နှစ်​ညနေ အချိန်​ရတယ်။ ဒါ​ကြောင့် ကျွန်မတို့​အတွက် အချိန်​တစ်​နာရီ​ရနိုင်တယ်။”

ဝိညာဉ်​ရေး​ကို ဦးထိပ်​ထား​ပါ– မိခင်​ဘဝ၏​စိန်ခေါ်ချက်​များသည် ရည်ရွယ်ချက်​မဲ့​မှု​နှင့် ဦးစားထားရာ​များ​မရှိ​မှု​တို့​ကြောင့် ပိုမို​ဆိုးရွား​နိုင်​ကြောင်း တွေ့ ရှိခဲ့​ကြသည်။ ခရစ်ယာန်​မိသားစု​များသည် ၎င်းတို့၏​အသက်တာတွင် ဘုရားသခင့်​အလိုတော်ကို ရှေ့​ဦး​ထား​ရန် အတူတကွ လုပ်ဆောင်ကြ​သည့်​အခါ ပျော်ရွှင်မှု​ခံစား​ကြ​ရသည်။ တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “ကိုယ်ကာယ​ကို​ဆုံးမခြင်း​သည် များစွာ​သော​အကျိုးကို​မပေး​တတ်။ ဘုရား[သခင်]ဝတ်၌​မွေ့လျော်ခြင်း​မူ​ကား၊ ယခု​ဘဝ၊ နောင်​ဘဝ​နှင့်​စပ်ဆိုင်​သော ကတိတော်​ကို​ရသည်။” (၁ တိမောသေ ၄:၈) ဘုရားသခင်​ဝတ်၌ မွေ့လျော်​ပြီး သမ္မာ​ကျမ်းစာပါ ဘုရားသခင့်​လမ်းညွှန်မှုကို လိုက်လျှောက်​သော​မိသားစု​သည် ပျော်ရွှင်မှု​ခံစားရ​ပါ​မည်။ ကျမ်းစာ​မူများ​ကို မိသားစုတွင် တစ်ဦးတည်း​က ကျင့်သုံး​လျှင်​ပင် မည်သူမျှ​မကျင့်​သုံး​ခြင်း​ထက် ပိုမို​ကောင်းမွန်​တတ်​သည်။

အချိန်ပြည့်​အလုပ်လုပ်​သော ခရစ်ယာန်​မိခင်​တစ်ဦး​ဖြစ်သူ အ​ဒဲလ်​သည် ဝိညာဉ်​ရေး​စိတ်ဓာတ်​ရှိ​ခြင်း​၏ အကျိုးကျေးဇူးများ​ကို သိရှိ​ခဲ့​သည်။ သူ ဤသို့​ဆို​သည်– “ကျွန်မ​တို့​ရဲ့ သားသမီးတွေ ဘာတွေ​ကြုံတွေ့​နေရ​ပြီး ဘယ်လို​ကူညီ​ပေး​နိုင်​မလဲ​ဆိုတာ​ကို ပညာပေး​ဖော်ပြ​ထား​တဲ့ ကျမ်းစာ​အခြေပြု​စာပေ​တွေ​မှာ လမ်းညွှန်မှုနဲ့ အချက်အလက် မြောက်မြားစွာ​ကို ကျွန်မ​တို့ ရရှိ​ထား​တယ်။ သင်​ဝိညာဉ်​ရေးရာ ကျွေးမွေး​နေတာကို သင့်​သားသမီးတွေ​တုံ့ပြန်​နေကြ​တာ​ကို တွေ့မြင်​ရခြင်း​က လုပ်​ရကျိုးနပ်​စေတယ်။ သူတို့ရဲ့ ကျင့်ကြံ​ပုံ၊ ကျိုးကြောင်း​ဆင်ခြင်​ပုံ​တွေ​မှာ တိုးတက်မှု​လေး​တွေ​တွေ့​လာ​ရတဲ့အခါ သူတို့ဟာ လက်ခံ​ကျင့်သုံး​နေတယ်၊ သင့်​ကြိုးစား​မှု​အောင်မြင်​နေတယ်​ဆိုတာ​ကို သိလိုက်ရ​ပြီ​ပေါ့။” *

မှန်ပါသည်၊ မိခင်​ဘဝ၏ တန်း​ကျော်​ပြေးပွဲ​ကို အောင်မြင်စွာ ပြေး​နိုင်​ပါ​သည်။ ဘုရားသခင်​ကို ကိုးစား​သည့် လုံ့လ​ဝီရိယ​စိုက်ထုတ်​ပြီး ကိုယ်ကျိုး​စွန့်​သည့်​မိခင်များ​၏ ကြိုးစား​အားထုတ်မှု​များသည် အချည်းနှီး​ဖြစ်​မည်​မဟုတ်​ကြောင်း ကိုယ်တော်​က အားတက်စရာ အာမခံချက်​ပေး​ထား​တော်​မူ​သည်။ ကိုယ်တော်​နှင့် နှစ်ကိုယ်ကြား​ဆက်ဆံ​ရေး​ကို ပျိုးထောင်​သည့် မိခင်များ​သည် “မော​သော​သူတို့အား ခွန်အား​ကို​ပေး​တော်​မူ” မည်​ဟူ​သည့် ကိုယ်တော့်​ကတိတော်​မှ နှစ်သိမ့်မှု​ရယူ​နိုင်​ပါ​သည်။—ဟေရှာယ ၄၀:၂၉

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 16 ယေဟောဝါသက်သေ​များသည် သားသမီး​များ​အား လေ့ကျင့်ပေး​ရေး​အတွက် ကျမ်းစာ​အခြေပြု​စာပေ အတော်များများကို ထုတ်ဝေ​ခဲ့ပြီ​ဖြစ်သည်။ ယင်း​တို့​တွင် ကျွန်ုပ်​၏​ကျမ်းစာ​ပုံပြင်​စာအုပ်၊ လူငယ်များ​အမေး—တာသွား​သည့်​အဖြေ​နှင့် မိသားစု​ပျော်ရွှင်မှု​၏ လျှို့ဝှက်ချက်​တို့​ပါဝင်​သည်။

[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်]

မိခင်၏​သြဇာ

မိခင်​တစ်ဦး​အနေ​နှင့် သင်သည် သင့်​သားသမီး​၏​အသက်တာအပေါ် မည်မျှ​သြဇာလွှမ်း​မိုး​ကြောင်း တစ်ခါတစ်ရံ စဉ်းစားမိ​ပေ​သည်။ ရံဖန်ရံခါ ရွယ်တူချင်း၊ ဆရာ/မများ၊ ဖျော်ဖြေမှု၊ ဗီဒီယို​ဂိမ်း​များနှင့် တေးဂီတ​တို့၏​သြဇာ​သည် သင့်​သြဇာ​ထက် အလေးသာ​နေ​ပုံ​ပေါက်​ပေမည်။

မောရှေ၏​မိခင် ယောခေဗက်​၏​နမူနာကို သုံးသပ်ကြည့်​ပါ။ သူသည် ခဲယဉ်း​လွန်း​သည့်​ကာလ​တွင် အသက်ရှင်နေ​ထိုင်​ခဲ့​သူ​ဖြစ်​ပြီး သား​ဖြစ်သူ ဘာဖြစ်​လာ​မည်​နှင့် ပတ်သက်​၍ အခွင့်အာဏာ အပြည့်အဝ မရှိခဲ့​ချေ။ သို့​တိုင် သူသည် သား​၏​ကြီးထွား​လာပုံ​ကို ပုံသွင်း​ပေး​ရန် ရ​သမျှ​အခွင့်အရေးတိုင်းကို အသုံးပြု​ခဲ့​သည်။ ဦးဆုံး၊ သူသည် ရဲရင့်​သော ယုံကြည်ခြင်း​မွေး​ကာ မောရှေ​ကို မ​သတ်ပစ်​စေ​ဘဲ ထားခဲ့​သည်။ ဘုရားသခင်​သည် ကလေး​ငယ်​၏​အသက်ကို စောင့်ရှောက်​ပေး​ခဲ့​ရုံ​သာမက ယောခေဗက်​ကို ကလေး​ထိန်း—နှင့်​မိခင်—အဖြစ် ထမ်းဆောင်​ခွင့်​ပေး​သည့်​အခြေအနေ​များ ဖန်တီး​ပေးခြင်း​အားဖြင့် သူ၏​ယုံကြည်ခြင်းကို ဆုချ​ခဲ့​သည်။—ထွက်မြောက်ရာ ၁:၁၅၊ ၁၆; ၂:၁–၁၀

ယောခေဗက်​သည် သား​ဖြစ်သူ​၏​ဥပဓိရုပ်​ကို ပုံသွင်း​ရန် ကူညီ​ပေး​ခဲ့​ကြောင်း ထင်ရှား​ပါ​သည်။ အရွယ်ရောက်​လာသော မောရှေ​သည် အီဂျစ်​နန်းတွင်းသား​ဖြစ်​လင့်​ကစား ဟေဗြဲ​လူမျိုးများ​နှင့် သူတို့​ဘုရားသခင်​၏​ဘက်တော်သား​ဖြစ်​ကြောင်း​ပြ​ခဲ့​ခြင်း​က သူကြီး​ပြင်း​လာစဉ်​ကာလ​အတွင်း မိဘများ​၏​သြဇာ​လွှမ်းမိုးမှုကို ခံ​ခဲ့​ရ​ကြောင်း သက်သေထူ​သည်။—ဟေဗြဲ ၁၁:၂၄–၂၆

မိခင်​တစ်ဦး​အနေ​နှင့် သင်သည် ယောခေဗက်​ထက် သင့်​ကလေး​အပေါ် ပို​၍​သြဇာလွှမ်း​မိုး​နိုင်​သည့် အခွင့်အလမ်း​များစွာ ရနိုင်​စ​ရာ​ရှိပါ​သည်။ သင့်​ကလေး​၏ တိုတောင်း​သောက​လေး​ဘဝ​အတွင်း အခွင့်အရေး​ရယူ​ကာ တည်မြဲသော​ဘုရားသခင်​ရေးရာ​လမ်းညွှန်မှု​များ ပေး​နေပါသလော။ သို့​တည်း​မဟုတ် သင့်​ကလေး​၏​ကြီးထွားမှု​အပေါ် ခေတ်​စား​နေသည့်​အယူအဆကို လွှမ်းမိုးခွင့်​ပြု​နေပါသလော။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံများ]

အိမ်မှုကိစ္စ​များ​တွင် အခြား​သူများကို ပါဝင်​လုပ်ကိုင်​စေပါ၊ ကိုယ်ပိုင်​အချိန် ထား​ပါ၊ ဝိညာဉ်​ရေးရာ​ကို ဦးထိပ်​ထား​ပါ