မိခင်ဘဝ၏ တန်းကျော်ပြေးပွဲ
မိခင်ဘဝ၏ တန်းကျော်ပြေးပွဲ
မိခင်ဘဝသည် ခက်ခဲရှုပ်ထွေးပြီး အံ့ဖွယ်စွန့်စားမှုတစ်ခုဖြစ်သည်။ မိခင်များတွင် ကြည်နူးမှုခံစားရချိန်လေးများရရှိကြသဖြင့် တစ်လောကလုံးနှင့်ပင် လဲနိုင်မည်မဟုတ်ချေ။ သို့တိုင် တစ်ခါတစ်ရံ သောကဖိစီးလွန်း၍ ရုပ်သေးကြိုးပြတ်ဖြစ်ရသည့်အချိန်များလည်း ရှိကြသည်။ ဟယ်လင်က မိခင်တစ်ဦးအဖြစ် သူ၏ဘဝကို တန်းကျော်ပြေးပွဲနှင့် နှိုင်း၏။ အချိန်ကုန်လာသည်နှင့်အမျှ အတားအဆီးတန်းများသည် ပိုများလာ၊ ပိုမြင့်လာနေပုံရသည်။
မိခင်များသည် သားသမီးများကို ကောင်းစွာပြုစုစောင့်ရှောက်ရန်အလို့ငှာ အားချိန်နားချိန်၊ အပေါင်းအသင်းရောင်းရင်းတို့နှင့် ပျော်ရွှင်ချိန်အတော်များများတို့ကို စွန့်လွှတ်ကြပေမည်။ “ကျွန်မ အမြဲတမ်း အရေးပေါ်တာဝန်ကျသူလို နေတယ်” ဟုကလေးငါးယောက်၏မိခင်ဖြစ်သူ အက်စတာက ဆိုသည်။ “ကျွန်မ စိမ်ပြေနပြေရေမချိုးရတော့ဘဲ မြန်မြန်လေးချိုးရတယ်၊ စိတ်ကူးယဉ်ညစာတွေအစား မိုက်ခရိုဝေ့ဖ်အစားအစာကို စားရတော့တယ်။ ကျွန်မအတွက်တော့ မသွားရတဲ့ခရီးတွေ၊ မမြင်ရတဲ့နေရာတွေ၊ မလုပ်လိုက်ရတဲ့အရာတွေ အများကြီးပါပဲ။ ဒါပေမဲ့ အဝတ်အစားတွေ လျှော်ဖွပ်၊ ခေါက်သိမ်းတာတော့ ပြီးတယ်!”
မိခင်အများစုသည် သူတို့၏သားသမီးများကို ပြုစုပျိုးထောင်ရစဉ် သူတို့တွေ့ကြုံခံစားရသည့် ထူးခြားလှသော ရွှင်လန်းစရာအချိန်လေးများအကြောင်းကိုလည်း ပြောကြမည်မှာ သေချာပါသည်။ အက်စတာက ဤသို့ဆို၏– တစ်ခါတလေ ပြုံးပြုံးလေးနဲ့ ‘ကျေးဇူးပဲ မာမီ’ ဆိုတဲ့ ချိုသာတဲ့အပြောနဲ့ နွေးထွေးတဲ့ပွေ့ဖက်မှုလေးတွေဟာ ဆက်ပြီးလုပ်ဆောင်ပေးသွားဖို့ တွန်းအားပါပဲ။” *
မိခင်တို့ အလုပ်ထွက်လုပ်ကြရ
မိခင်ဘဝကို ရှုပ်ထွေးစေသော အဓိကအတားအဆီးတန်းတစ်ခုမှာ မိခင်များစွာသည် မိသားစုကို တစ်ဖက်တစ်လမ်းမှ ငွေကြေးထောက်ပံ့ပေးနိုင်ရန် အလုပ်ဝင်လုပ်ရင်း အစဉ်အလာအတိုင်း မိသားစုတာဝန်များကိုပါ ဖြည့်ဆည်းပေးနေရခြင်းဖြစ်သည်။ ပြင်ပတွင် အလုပ်ထွက်လုပ်ရသည့် မိခင်များစွာမှာ လုပ်ချင်၍မဟုတ်ဘဲ မလုပ်လျှင်မဖြစ်သောကြောင့်ဖြစ်သည်။ သူတို့သာ အိမ်တွင် နေမည်ဆိုလျှင် သူတို့၏မိသားစုများနှင့် အထူးသဖြင့် ၎င်းတို့၏သားသမီးများသည် အဘက်ဘက်တွင် ချို့ချို့ငဲ့ငဲ့နေသွားရမည်ကို သူတို့သိထားကြသည်။ သူတို့၏လခများသည်—အမျိုးသားများထက် ပိုနည်းလေ့ရှိသော်လည်း—အလွန်အရေးပါနေသည်။
ဥပမာ၊ ဘရာဇီးလ်နိုင်ငံ၊ ဆောပိုလိုမြို့တွင် အလုပ်သမားအင်အားစု၏ ၄၂ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြသည်။ ထိုနိုင်ငံရှိ သတင်းစာတစ်စောင်က ကလေးများကို အချိန်ပြည့်ပျိုးထောင်နေသည့်မိခင်များအား “အန္တရာယ်ကြုံနေသောမျိုးစိတ်များ” ဟုသမုတ်ထား၏။ အာဖရိကကျေးလက်ဒေသများ၌ ခေါင်းပေါ်တွင် ထင်းစည်းများရွက်၍ ကလေးကို ကျောတွင်ပိုးထားသည့်မိခင်တို့ကို တွေ့မြင်ရခြင်းမှာ အဆန်းမဟုတ်တော့။
မချောင်သော လုပ်ငန်းခွင်
အတားအဆီးတန်းများကို ထပ်မြှင့်ပေးလိုက်သည့်အရာမှာ အလုပ်ဈေးကွက်၌ အလုပ်ခွင်တွင် နာရီများစွာလုပ်ဆောင်နိုင်မည့်မိခင်များကို ခေါ်ယူခြင်းဖြစ်ပေမည်။ ထိုမျှနှင့် မပြီးသေးပါ။ ဂရိနိုင်ငံတွင် နေထိုင်သော မာရီယာကို ငှားရမ်းသည့်အခါ အလုပ်ရှင်ဖြစ်သူက သုံးနှစ်အတွင်း ကိုယ်ဝန်မရှိရန်နေထိုင်ပါမည်ဟူသည့် ခံဝန်ချုပ်ကို လက်မှတ်ရေးထိုးခိုင်းခဲ့သည်။ အကယ်၍ သူကိုယ်ဝန်ရလာခဲ့လျှင် လျော်ကြေးပေးရမည်ဖြစ်သည်။ မာရီယာသည် စာချုပ်ကို လက်မှတ်ထိုးလိုက်ပါသည်။ သို့သော် တစ်နှစ်ခွဲကျော်ကျော်တွင် သူကိုယ်ဝန်ရှိသွားသည်။ သူ၏အလုပ်ရှင်သည် မာရီယာအား စာချုပ်ထုတ်ပြ၏၊ မာရီယာမှာ ကုမ္ပဏီ၏ပေါ်လစီကို ခုခံရန် တရားရုံးတွင် အမှုဆိုင်ခဲ့ရာ ယခုအခါ တရားရုံးဆုံးဖြတ်ချက်ကိုစောင့်နေသည်။
အနည်းငယ်သက်သာသော အခြေအနေများတွင် အလုပ်ရှင်များသည် မိခင်များအား ကလေးမွေးပြီးသည်နှင့် အမြန်ဆုံး အလုပ်ပြန်ဆင်းရန် ဖိအားပေးကောင်းပေးကြပေမည်။ များသောအားဖြင့် သူတို့အလုပ်ပြန်ဆင်းသည့်အခါ အလုပ်ချိန်လျှော့ပေါ့ပေးခြင်း မရှိကြချေ။ ထို့ကြောင့် ငယ်ရွယ်လွန်းသောကလေးအတွက် သူတို့တွင် တာဝန်များရှိလာခြင်းကို လိုက်လျောစဉ်းစားပေးခြင်းမခံရကြချေ။ သူတို့သည် ငွေရေးကြေးရေးအခက်အခဲမရှိဘဲ ခွင့်အကြာကြီးယူ၍လည်း မရပေ။ သူတို့ခမျာ ကလေးအတွက် လိုအပ်သည့်အသုံးအဆောင်ပစ္စည်းအပေါစားများနှင့်သာ စခန်းသွားကြရသည်။
တစ်ဖက်တွင် တချို့သောမိခင်များသည် ငွေရေးကြေးရေးချို့တဲ့၍ မဟုတ်ဘဲ စိတ်လိုဘအတွက် အလုပ်လုပ်ကြသည်။ ဆန်ဒရာသည် သူ၏ကလေးနှစ်ဦးမွေးဖွားပြီးသည့်နောက် အလုပ်ပြန်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ သူသည် ကလေးတစ်ဦးနှင့် အိမ်တွင် နှစ်ယောက်တည်းရှိသည့်အခါ “တစ်ခါတစ်ရံ ပြတင်းပေါက်တွင် ရပ်ပြီး အပြင်သို့ငေးမောကြည့်ကာ တခြားသောပြင်ပလောကတွင် အဘယ်အရာ လုပ်ဆောင်နေကြမည်ကို စဉ်းစားနေမိ” ကြောင်း သူပြန်ပြောပြသည်။ တချို့သောမိခင်များသည် အလုပ်လုပ်ခြင်းဖြင့် မိသားစုအသက်တာ၏ဖိစီးမှုမှ လွတ်မြောက်ရန် ရှာကြံကြသည်။ ဗြိတိသျှ ဒေးလီးတယ်လီဂရပ်ဖ်က ဤသို့ဖော်ပြသည်– “တချို့သောမိဘများသည် အတော်အတန်ငြိမ်သက်မှုရှိသည့်လုပ်ငန်းခွင်တွင် အချိန်ပိုလုပ်ရန် ရှာကြံကြသည်။ ယင်းက ပိုမိုလျစ်လျူရှုလာသော၊ ရန်လိုလာသော၊ သွေဖည်လာသောသားသမီးများနှင့် အတူနေရသည့်အချိန်ကို ထပ်မံလျော့နည်းစေကာ ပိုမိုဆိုးဝါးစေသည့်သံသရာကို ဖန်တီးရာရောက်သွားသည်။”
လက်လှည့်ပြကွက်
အလုပ်နှင့် အိမ်ကို ဟန်ချက်ညီစေရန်မှာ မလွယ်ကူချေ။ များစွာသောသူတို့၏ခံစားချက်ကို ရောင်ပြန်ဟပ်လျက် နယ်သာလန်မှ မိခင်တစ်ဦးက ဤသို့ဆိုသည်– “ပင်ပန်းတယ်၊ သိပ်ကို မောပန်းတယ်။ ပင်ပင်ပန်းပန်းနဲ့ နိုးထရပြီး အလုပ်ကနေ အိမ်ပြန်တဲ့အခါမှာလည်း အရမ်းကို မောပန်းနွမ်းနယ်နေတယ်။ ‘အမေက အမြဲတမ်း မောပန်းနေတာပဲ’ ဆိုပြီး ကလေးတွေက ပြောကြတော့ ကိုယ့်မှာ အပြစ်ရှိတယ်လို့ ခံစားရပြန်တယ်။ ကျွန်မ အလုပ်ကိုလည်း လက်မလွှတ်ချင်ဘူး၊ တစ်ချိန်တည်းမှာ အရာရာကို ဖြစ်အောင်လုပ်ပေးနိုင်တဲ့ မိခင်ကောင်းတစ်ယောက်လည်း ဖြစ်ချင်တယ်။ ဒါပေမဲ့ ကျွန်မဖြစ်ချင်သလို မဖြစ်ခဲ့ပါဘူး။”
သူသည် သားသမီးများအား ပြတ်တောင်းပေးသည့် ‘အရည်အသွေးပြည့်အချိန်’ သည် မကြာခဏလစ်ဟင်းမှုများကို တစ်စိတ်တစ်ပိုင်း အစားထိုးပေးနိုင်သည်ဟူသော အယူအဆကို လက်ကိုင်ပြုထားသူနှင့် ယင်းအယူအဆသည် ချို့ယွင်းချက်ရှိသည်ဟု တွေ့ရှိထားသူ သန်းနှင့်ချီသော မိခင်များအနက် တစ်ဦးဖြစ်သည်။ ယနေ့ မိခင်များစွာမှာ လုပ်ငန်းခွင်ဖိစီးမှုများနှင့် အိမ်တာဝန်များကို လုပ်ဆောင်ရခြင်းက အလုပ်ပိ၊ နွမ်းနယ်စေကာ လခနည်းစေသည်ဟု ဆိုကြသည်။
မိခင်တို့သည် သားသမီးများနှင့် အချိန်ကြာကြာ ကင်းကွာနေသောအခါ သားသမီးတို့ခမျာ သူတို့အလိုအပ်ဆုံးဖြစ်သော မိခင်၏အချိန်ပေးမှုနှင့် အာရုံစိုက်မှုတို့ကို မရကြရှာတော့ပေ။ ဘရာဇီးလ်နိုင်ငံမှ ကလေးစိတ်အထူးကုဆရာဝန်ဖြစ်သော ဖာနန်ဒါ အေ. လီမာက မိခင်တစ်ဦး၏ကဏ္ဍကို မိခင်ဖြစ်သူမှလွဲ၍ မည်သူကမျှ ဖြည့်ဆည်းပေး၍မရဟု ဆိုသည်။ “ကလေးဘဝရဲ့ ပထမနှစ်နှစ်ဟာ အရေးကြီးဆုံးအချိန်ပဲ။ ကလေးက ငယ်လွန်းတော့ မိခင်ဘာကြောင့် ရှိမနေရတာလဲဆိုတာကို နားမလည်နိုင်သေးဘူး” ဟူ၍ သူဆိုသည်။ မိခင်အစား ဝင်ပေးသူက ကလေး၏ မိခင်လိုအပ်နေမှုကို နည်းပါးစေနိုင်သော်လည်း အစားထိုး၍မူ မရချေ။ “မိခင်ဖြစ်သူ၏မေတ္တာပါသောစောင့်ရှောက်မှုကို မရရှိဟု ကလေးငယ်က ခံစားနေရသည်” ဟုလီမာက ဆိုသည်။
သမီးငယ်တစ်ဦး၏မိခင်ဖြစ်သူ အချိန်ပြည့်အလုပ်လုပ်ရသည့် ကေသီက ဤသို့ဆိုခဲ့သည်– ‘သမီးလေးကို [ကလေးထိန်းကျောင်းမှာ] သွားပစ်ထားတာပဲဆိုပြီး ကျွန်မမှာ အပြစ်ရှိတယ်လို့ ခံစားနေရတယ်။ ကိုယ့်ရင်သွေးလေး တစ်စစ ဖွံ့ဖြိုးကြီးထွားလာတာကို အရိပ်တကြည့်ကြည့် ကြည့်နေခွင့်မရတဲ့အပြင် ကိုယ့်ထက် ကလေးထိန်းကျောင်းကို ပိုပြီးတွယ်တာသွားတာကို စဉ်းစားမိလေတိုင်း အရမ်းကို အနေရအထိုင်ရခက်လှပါတယ်ရှင်။ မက္ကဆီကိုနိုင်ငံမှ လေယာဉ်မယ်တစ်ဦးက ဤသို့ဝန်ခံခဲ့သည်– “သိပ်မကြာခင်မှာ ကိုယ့်ရင်သွေးက ကိုယ့်ကိုအသိအမှတ်မပြုတော့ဘူး၊ ကိုယ်ကမှသူ့ကို ပြုစုပျိုးထောင်ပေးခြင်းမရှိလေတော့ အမေဖြစ်သူကို လေးစားမှုမရှိတော့ဘူးပေါ့။ သူတို့ရဲ့မိခင် ဘယ်သူဖြစ်မှန်း သူတို့သိကြပေမဲ့ သူတို့ရဲ့အထိန်းတွေနဲ့ပဲ ပိုပြီးနေထိုင်ချင်စိတ်ရှိကြတယ်။”
တစ်ဖက်တွင် မိမိတို့၏သားသမီးများကို စောင့်ရှောက်ရန် အိမ်တွင် အချိန်ပြည့်နေထိုင်ရသောမိခင်များမှာ လခစားအလုပ်ကို အမွှမ်းတင်တတ်သည့် လူ့အဖွဲ့အစည်း၏တင်စီးမှုနှင့် အထင်သေးမှုတို့ကို ခံနေရသည်ဟု ဆိုကြပြန်၏။ လူ့အဖွဲ့အစည်းတချို့တွင် အိမ်ရှင်မဖြစ်သွားခြင်းကို ဂုဏ်ရှိသည်ဟု မယူဆကြတော့ချေ၊ ထို့ကြောင့် အမျိုးသမီးများသည် အပိုဝင်ငွေ မလိုအပ်သည့်တိုင် ကိုယ်ပိုင်အလုပ်ရှိရန် ဖိအားပေးခြင်းခံရကြလေတော့သည်။
တစ်ကိုယ်တည်း ရုန်းကန်ရ
မိခင်ဘဝ၏အတားအဆီးတန်းများကို ထပ်တိုးစေသည့်အချက်မှာဤသို့– မိခင်တစ်ဦးသည် တစ်နေကုန် အလုပ်လုပ်ရာမှ ပင်ပင်ပန်းပန်းနှင့် အိမ်ပြန်လာ၏၊ အနားမရဘဲ ပုံမှန်အိမ်မှုကိစ္စများကို ဆက်လုပ်နေရပြန်သည်။ ပြင်ပအလုပ် လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ မိခင်များမှာ အိမ်နှင့် သားသမီးများကို အဓိကတာဝန်ယူပြုစုရမည့်သူများအဖြစ် ရှုမြင်ခံရကြဆဲဖြစ်သည်။
နာရီပိုများများ အလုပ်ထွက်လုပ်နေရသည့် မိခင်အရေအတွက် တိုးများလာသော်လည်း ဖခင်များသည် အမြဲတမ်းအစားထိုးလုပ်ပေးခြင်း မရှိကြချေ။ လန်ဒန်မှ သည် ဆန်းဒေးတိုင်းမ်စ်က ဤသို့ရေးသားခဲ့သည်– “သုတေသနပြုချက်အသစ်တစ်ခုအရ အမျိုးသားများသည် သူတို့၏သားသမီးများကို တစ်နေ့လျှင် ၁၅ မိနစ်အောက်သာ အချိန်ပေးကြသဖြင့် ဗြိတိန်သည် ဖခင်တာဝန်လစ်ဟင်းသည့်နိုင်ငံဖြစ်သည်။ . . . အမျိုးသားများစွာသည် ၎င်းတို့၏မိသားစုများနှင့် နေချိန်ကို သိပ်မပျော်ကြချေ။ . . . နှိုင်းယှဉ်ကြည့်သော် အလုပ်လုပ်သော ဗြိတိသျှမိခင်တစ်ဦးမှာမူ သားသမီးများကို တစ်နေ့လျှင် မိနစ် ၉၀ အချိန်ပေးကြသည်။”
ဇနီးသည်များ သူတို့လုပ်နေကျအတိုင်း အရာရာကို အတိအကျ လုပ်စေလိုကြသောကြောင့် အိမ်တာဝန်များကို အစားထိုးလုပ်ပေးဖို့ခက်သည်ဟု တချို့ခင်ပွန်းများက အပြစ်တင်ပြောဆိုကြသည်။ “သူတို့လုပ်တဲ့အတိုင်းမလုပ်ရင်တော့ လုပ်သမျှဟာ အမှားကြီပဲ” ဟုခင်ပွန်းဖြစ်သူတို့ ဆိုတတ်ကြသည်။ ထင်ရှားသည်မှာ ပင်ပန်းနေသောအိမ်ရှင်မသည် ခင်ပွန်း၏ပူးပေါင်းမှုမှ အကျိုးခံစားရဖို့ တချို့သောအိမ်မှုကိစ္စများ လုပ်ဆောင်ပုံနှင့်ပတ်သက်လာလျှင် အပြောင်းအလဲလုပ်လိုစိတ် ရှိဖို့လိုပေမည်။ တစ်ဖက်တွင်မူ ခင်ပွန်းသည် အဆိုပါအချေအတင်ဖြစ်မှုကို ခုတုံးလုပ်ပြီး ဘာမျှမလုပ်ပေးဘဲမနေသင့်ချေ။
အတားအဆီးတန်းများ ထပ်ဆင့်ခြင်း
အရိုးစွဲနေသည့်ထုံးတမ်းစဉ်လာများကလည်း အတားအဆီးတန်းများထပ်ဆင့်ပေးရာ ရောက်စေပေမည်။ ဂျပန်နိုင်ငံတွင် မိခင်များသည် မိမိတို့၏သားသမီးများကို ရွယ်တူ အခြားကလေးများနှင့်တန်းတူ မြေတောင်မြှောက်ပေးဖို့ တောင်းဆိုခံရနိုင်သည်။ အခြားသောကလေးများသည် စန္ဒရားသင်နေလျှင် သို့မဟုတ် ပန်းချီသင်တန်းတက်နေလျှင် သူတို့သားသမီးများလည်း ထိုအတိုင်း အပြိုင်လိုက်လုပ်ရမည်ဟု ယူဆနိုင်သည်။ ကျောင်းကလည်း မိမိတို့၏သားသမီးများအား အခြားသောကလေးများနည်းတူ ထပ်ဆင့်သင်ရိုးများကို လေ့လာလိုက်စားရန် ဖိအားပေးတတ်သည်။ သူများနှင့်မတူလျှင် သားသမီးများ၊ ဆရာ/မများ၊ အခြားမိဘများနှင့် ဆွေမျိုးသားချင်းများရှေ့ အရှက်ရနိုင်သည်။ အခြားနိုင်ငံများတွင်လည်း အလားတူပင်ဖြစ်သည်။
ကြော်ငြာနှင့် များများထုတ်များများသုံးဝါဒတို့ကြောင့် သားသမီးများ လိုချင်ဝယ်ချင်စရာ များလာစေနိုင်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများရှိ မိခင်များသည် သားသမီးများ၏ဆန္ဒကို အခြားမိခင်များဖြည့်ဆည်းပေးနေကြသည်ကို တွေ့နေမြင်နေကြသောကြောင့် မိမိတို့လည်း ဖြည့်ဆည်းပေးသင့်သည်ဟု ခံစားရပေမည်။ မဖြည့်ဆည်းပေးနိုင်လျှင် မိဘတာဝန်လစ်ဟင်းမှုဟု ခံစားရကြပေမည်။
မျက်မှောက်ခေတ် မိခင်ဘဝနှင့်ပတ်သက်သည့် ဤဆွေးနွေးမှုသည် အမွန်မြတ်ဆုံးရည်မှန်းချက်တစ်ခုဖြစ်သည့် အနာဂတ်လူ့မိသားစုမျိုးဆက်များကို လူလားမြောက်အောင်ပျိုးထောင်ပေးရေးတွင် အတတ်နိုင်ဆုံး ကြိုးစားဖြည့်ဆည်းပေးနိုင်ကြသည့် အလုပ်ကြိုးစားသော၊ ကိုယ်ကျိုးစွန့်စိတ်ရှိသော သန်းနှင့်ချီမိခင်များ၏ စွမ်းဆောင်မှုကို မညှိုးမှိန်သွားစေသင့်ပါ။ ယင်းသည် အခွင့်ထူးဖြစ်သည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “သားသမီးများသည် ထာဝရဘုရား[သခင်]ပေးသော ဆုလာဘ်များဖြစ်ကြ၏။ သူတို့သည် ကောင်းချီးမင်္ဂလာအစစ်အမှန်ဖြစ်ကြ၏။” (ဆာလံ ၁၂၇:၃၊ ခေတ်သုံး) အဆိုပါမိခင်များကို ကောင်းစွာကိုယ်စားပြုနိုင်သည့် ကလေးနှစ်ဦး၏မိခင်ဖြစ်သူ မိရိယမ်က ဤသို့ဆိုသည်– “စိန်ခေါ်ချက်တွေသိပ်များပေမဲ့ မိခင်ဖြစ်ရတာဟာ နှိုင်းမရတဲ့ရွှင်လန်းမှုတွေကို ရရှိစေတယ်။ လေ့ကျင့်ပေးမှုနဲ့ ပဲ့ပြင်ဆုံးမမှုတွေကို သားသမီးတွေ တုံ့ပြန်လာပြီး လူ့ဘောင်မှာ တာဝန်ယူတတ်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်လာကြတာကို တွေ့မြင်ရတဲ့အခါ မိခင်တွေ ကျေနပ်ပီတိဖြစ်ကြရပါတယ်။”
မိခင်များ ဤဆုလာဘ်ကို ပိုမိုမွေ့လျော်ခံစားရန် အဘယ်အရာက ကူညီပေးနိုင်သနည်း။ နောက်ဆောင်းပါးတွင် လက်တွေ့ကျသောအကြံပြုချက်တချို့ကို ဖော်ပြပေးပါလိမ့်မည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 4 ဤဆောင်းပါးများသည် အိမ်ထောင်သည်မိခင်များကို အဓိကအာရုံစိုက်ထားသည်။ နောက်ပိုင်းတွင် ကြင်ဖော်မဲ့မိဘများနှင့် လက်မထပ်သည့်မိခင်များနှင့်ပတ်သက်သည့် စိန်ခေါ်ချက်များကို နိုးလော့! က ဖော်ပြပေးပါမည်။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
“မိခင်များနေ့”
ကြောက်ခမန်းလိလိ ဆင်းရဲမွဲတေမှု၊ ပညာမတတ်မှု၊ တာဝန်မယူတတ်သည့်အိမ်ထောင်ဖက်၊ မတရားပြုခံရမှုနှင့် အေ့ဒ်စ်ရောဂါတို့သည် အာဖရိကတိုက်တောင်ပိုင်းရှိ မိခင်များအပေါ် ကပ်ဆိုက်နေသည်။ မကြာသေးမီ မိခင်များနေ့တွင် တောင်အာဖရိကသတင်းစာဖြစ်သော သည်စီတီဇင်က ဤသို့ဖော်ပြသည်– “မိခင်များနေ့တွင် ထောင်နှင့်ချီသော အမျိုးသမီးများသည် သူတို့နှင့်ပေါင်းသင်းနေသူများ၏ မတရားပြုကျင့်ခြင်းကို ခံရမည်ဖြစ်ပြီး တချို့မှာ အသက်ဆုံးရှုံးကြလိမ့်မည်။” အဆိုပါပြဿနာများက ထောင်နှင့်ချီသော အာဖရိကန်မိခင်များအား နှစ်စဉ် ၎င်းတို့၏ရင်သွေးငယ်များကို စွန့်ပစ်ရန်အကြောင်းဖြစ်စေသည်။ လွန်ခဲ့သောနှစ်နှစ်တာကာလအတွင်း ကလေးငယ်စွန့်ပစ်မှုမှာ ၂၅ ရာခိုင်နှုန်း တိုးများခဲ့သည်။ ပို၍စိုးရိမ်ဖွယ်ကောင်းသည်မှာ မိမိကိုယ်ကိုသတ်သေသည့် အမျိုးသမီးဦးရေ တိုးများလာခြင်းဖြစ်သည်။ များမကြာသေးမီက ဆင်းရဲကပ်ဆိုက်သည့်ဒေသမှ အမျိုးသမီးတစ်ဦးသည် သူ၏ကလေးသုံးဦးကို ရင်ခွင်တွင်ပိုက်ရင်း အရှိန်ပြင်းပြင်းသွားနေသည့်ရထားရှေ့တွင် အတိုက်ခံခဲ့သည်။ အားလုံးသေပွဲဝင်ခဲ့ရသည်။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]
နိုင်ငံအသီးသီးမှ မိခင်တို့၏ဘဝ
အချိန်နည်းလွန်းလှ
❖ ဟောင်ကောင်မှ လေ့လာချက်တစ်ခုက အလုပ်လုပ်သောမိခင် ၆၀ ရာခိုင်နှုန်းမှာ သားသမီးများအတွက် သူတို့ရည်မှန်းထားသလောက် အချိန်အလုံအလောက် မပေးနိုင်ကြဟု ဖော်ပြသည်။ အလုပ်လုပ်သည့်သီတင်းပတ်တွင် အလုပ်လုပ်သောမိဘများ၏ သုံးနှစ်အရွယ်ကလေး ၂၀ ရာခိုင်နှုန်းသည် များသောအားဖြင့် ဘိုးဘွားများနှင့်အတူ အိမ်ပြင်ပတွင် နေထိုင်ကြသည်။
❖ မက္ကဆီကိုနိုင်ငံရှိ အမျိုးသမီးများသည် သူတို့အသက်တာ၏ ၁၃ နှစ်ခန့်ကို အနည်းဆုံး ငါးနှစ်အောက်ကလေးငယ်တစ်ဦးကို ကြည့်ရှုရန် အသုံးပြုကြသည်။
မိခင်များနှင့် အလုပ်
❖ အိုင်ယာလန်နိုင်ငံတွင် အမျိုးသမီး ၆၀ ရာခိုင်နှုန်းသည် အိမ်တွင် နေပြီး သားသမီးများကို ကြည့်ရှုစောင့်ရှောက်ရကြသည်။ ဂရိ၊ အီတလီနှင့် စပိန်နိုင်ငံတို့တွင် အမျိုးသမီး ၄၀ ရာခိုင်နှုန်းမှာလည်း ထပ်တူပင် ဖြစ်သည်။
အိမ်မှုကိစ္စများကို ကူညီလုပ်ကိုင်ပေးခြင်း
❖ ဂျပန်နိုင်ငံတွင် ၈၀ ရာခိုင်နှုန်းသော အိမ်ရှင်မများက အထူးသဖြင့် သူတို့ဖျားနာသည့်အခါ အိမ်မှုကိစ္စများကို အိမ်သားတစ်ဦးအား ဝိုင်းဝန်း လုပ်ကိုင်ပေးစေလိုကြောင်း ပြောဆိုကြသည်။
❖ နယ်သာလန်နိုင်ငံတွင် အမျိုးသားများသည် တစ်နေ့လျှင် ၂ နာရီခန့် သားသမီးများကို အချိန်ပေးကြပြီး ၀.၇ နာရီကို အိမ်မှုကိစ္စများ လုပ်ကိုင်ပေးကြသည်။ အမျိုးသမီးများမှာမူ ၃ နာရီခန့် ကလေးများကို အချိန်ပေးကြပြီး ၁.၇ နာရီခန့် အိမ်မှုကိစ္စလုပ်ကိုင်ကြသည်။
ဖိစီးမှုခံစားနေရသောမိခင်များ
❖ ဂျာမနီနိုင်ငံတွင် မိခင် ၇၀ ရာခိုင်နှုန်းကျော်သည် ဖိစီးမှုခံစားနေကြသည်။ ၅၁ ရာခိုင်နှုန်းခန့်က ခါးရိုးဆစ် အရိုးနုကျွံမှုခံစားနေကြသည်ဟု ညည်းညူကြသည်။ သုံးပုံတစ်ပုံကျော်မှာ အမြဲတမ်းလိုလို ပင်ပန်းနေတတ်ပြီး စိတ်ပျက်အားလျော့နေကြသည်။ ၃၀ ရာခိုင်နှုန်းနီးပါးမှာ ခေါင်းကိုက်ဝေဒနာ သို့မဟုတ် ခေါင်းတစ်ခြမ်းကိုက်သည့်ဝေဒနာကို ခံစားကြသည်။
မတရားပြုခံရသောမိခင်များ
❖ ဟောင်ကောင်တွင် လေ့လာဆန်းစစ်သည့် အမျိုးသမီး ၄ ရာခိုင်နှုန်းက မိမိတို့ ကိုယ်ဝန်ဆောင်စဉ်အတွင်း မတရားရိုက်နှက်ခံရသည်ဟု ဆိုသည်။
❖ ဂျာမနီနိုင်ငံရှိ ဖိုးကပ်စ် မဂ္ဂဇင်း၏ လေ့လာဆန်းစစ်ချက်တစ်ခုက မိခင် ၆ ဦးတွင် ၁ ဦးက သားသမီးဖြစ်သူ၏ ရိုက်ပုတ်ထိုးကြိတ်ခြင်းကို အနည်းဆုံးတစ်ကြိမ် ခံရဖူးကြောင်း ဝန်ခံကြသည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
မိခင်များစွာသည် အလုပ်နှင့် မိသားစုဘဝကို မျှတမှုရှိရန် ရုန်းကန်နေရ၍ မိခင်ဖြစ်ရခြင်းသည် အလွန်စိတ်ဖိစီးနိုင်