ရှေးဟောင်းသုတေသနပညာ ယုံကြည်ခြင်းအတွက်လိုအပ်သလော
သမ္မာကျမ်းစာရှုထောင့်
ရှေးဟောင်းသုတေသနပညာ ယုံကြည်ခြင်းအတွက်လိုအပ်သလော
၁၈၇၃ ခုနှစ်တွင် အင်္ဂလိပ်လူမျိုးဓမ္မဆရာ ဆင်မြူရယ်လ် မန်းနင်း က ယေရုရှလင်မြို့နှင့်ပတ်သက်၍ ဤသို့ရေးသားခဲ့သည်– “မတွန်းလှန်နိုင်သော ဆွဲဆောင်အားကြောင့် . . . ကမ္ဘာ့အစွန်အဖျားဒေသမှပင် ထိုနေရာသို့ အုပ်စုလိုက် လာလည်ပတ်ကြသည်။ ဆွေးမြေ့ပြိုပျက်နေသောအုတ်တံတိုင်းများ၊ အလွန်ညစ်ပတ်သောလမ်းများ၊ မွှထနေသော အပျက်အယွင်းတို့သည် သန်းနှင့်ချီသောလူများ၏ အထူးရိုသေလေးမြတ်ရာ၊ တလေးတစား စိတ်ဝင်စားစရာများဖြစ်ကြသည်၊ ကမ္ဘာ့မည်သည့်ဒေသမှ ထိုကဲ့သို့သောစိတ်လှုပ်ရှားမှု မဖြစ်စေနိုင်ပါ။”
သန့်ရှင်းသောပြည် (ပါလက်စတိုင်းပြည်) မှ စိတ်အာရုံစွဲငြိစေသောအရာများသည် ရောမဧကရာဇ် ကွန်စတင်တိုင်း လက်ထက်အချိန်ကတည်းက လူများကို ဆွဲဆောင်ခဲ့သည်။ * နှစ်ပေါင်း ၁,၅၀၀ အထိ . . . ဘာသာရေးအတွက်နှင့် ကိုယ်ရေးကိုယ်တာအတွက် သန့်ရှင်းသောပြည်သို့ သွားချည်ပြန်ချည် လုပ်ခဲ့ကြသည်။ သို့တိုင်၊ အံ့အားသင့်စရာမှာ ၁၉ ရာစုအစောပိုင်းမှသာလျှင် . . . ကျမ်းပညာရှင်များ လိုက်ပါခဲ့ကြသည်၊ သို့ဖြင့် သမ္မာကျမ်းစာနှင့်ပတ်သက်သော ရှေးဟောင်းသုတေသနပညာခေတ်အစပြုခြင်း—သန့်ရှင်းသောပြည်ရှိ ရှေးဟောင်း လက်ရာပစ္စည်းများ၊ လူများ၊ ဒေသများနှင့် ဘာသာစကားလေ့လာခြင်းတို့ကို စတင်ပြုလုပ်ခဲ့ကြသည်။
ရှေးဟောင်းသုတေသနပညာရှင်များ၏ ရှာဖွေတွေ့ရှိချက်များသည် ကျမ်းစာခေတ်မှ အသွင်အပြင်များစွာကို ပို၍ နားလည်သဘောပေါက်စေခဲ့သည်။ ထို့ပြင် ရှေးဟောင်းသုတေသနမှတ်တမ်းများသည် အများအားဖြင့် ကျမ်းစာရာဇဝင်နှင့် ကိုက်ညီခဲ့သည်။ သို့သော် ခရစ်ယာန်တစ်ဦး ယုံကြည်ခြင်းအတွက် ထိုကဲ့သို့သောအသိပညာ လိုအပ်ပါသလော။ အဖြေရရှိရန် ရှေးဟောင်းသုတေသနပညာနှင့်ပတ်သက်၍ များစွာတူးဖော်ထားသည့်နေရာ—ယေရုရှလင်မြို့နှင့် ယင်း၏ဝတ်ပြုရာအိမ်တော်ကို အာရုံစိုက်ကြည့်ကြစို့။
“ကျောက်တစ်ခုပေါ်မှာတစ်ခုမျှ မတည်မနေရ”
ဂျူးပြက္ခဒိန်ရက်စွဲအရ စီ.အီး. ၃၃ နွေဦးရာသီ၊ နိသန်လ ၁၁ ရက်နေ့တွင် ယေရှုခရစ်သည် တပည့်အချို့နှင့်အတူ နောက်ဆုံးအကြိမ်အနေနှင့် ယေရုရှလင်မြို့ ဝတ်ပြုရာအိမ်တော်မှ ထွက်ခွာလာခဲ့ကြသည်။ သူတို့သည် သံလွင်တောင်သို့သွားကြစဉ် တပည့်တစ်ဦးက ဤသို့ပြောခဲ့၏– “[ဆရာ] ကြည့်ရှုတော်မူပါ။ ဧရာကျောက်ကြီးပါတကား! ဧရာတိုက်ဆောင်ကြီးပါတကား!”—မာကု ၁၃:၁။
ထိုသစ္စာရှိဂျူးများသည် ဘုရားသခင်နှင့် ကိုယ်တော်၏ဝတ်ပြုရာအိမ်တော်ကို အထူးမြတ်နိုးခဲ့ကြသည်။ ကြီးကျယ်ခမ်းနားသော အဆောက်အအုံကြီးဖြစ်ပြီး မိရိုးဖလာအစဉ်အဆက် ၁၅ ရာစုထိတိုင် တည်ရှိနေသည့်အတွက် ဂုဏ်ယူခဲ့ကြသည်။ ယေရှု၏ပြန်လည်မိန့်တော်မူချက်က တပည့်များကို ထိတ်လန့်စေခဲ့၏– “ဤကြီးစွာသောတိုက်ဆောင်တို့ကို သင်သည် ယခုမြင်ရ၏။ မဖြိုမချဘဲ ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှမတည်မနေရ။”—မာကု ၁၃:၂။
ကတိထားရာမေရှိယ ယခု ရောက်ရှိနေပြီဖြစ်ရာ ဘုရားသခင်သည် မိမိ၏ဝတ်ပြုရာအိမ်တော်ကို မည်သို့အပျက်ခံနိုင်ပါမည်နည်း။ တဖြည်းဖြည်းနှင့် ယေရှု၏တပည့်များသည် သန့်ရှင်းသောဝိညာဉ်တော်၏အကူအညီဖြင့် ကိုယ်တော်၏ဆိုလိုချက်ကို အပြည့်အဝ နားလည်သဘောပေါက်ခဲ့ကြသည်။ သို့သော် ယေရှု၏မိန့်တော်မူချက်များသည် သမ္မာကျမ်းစာဆိုင်ရာ ရှေးဟောင်းသုတေသနပညာနှင့် မည်သို့ဆက်နွှယ်မှုရှိသနည်း။
“မြို့” သစ်
စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် ဂျူးလူမျိုးများသည် ဘုရားသခင့်ရှေ့ မျက်နှာသာရအနေအထား ဆုံးရှုံးခဲ့သည်။ (မဿဲ ၂၁:၄၃) ယင်းက သာ၍ကြီးမြတ်သောအရာ—လူသားအားလုံး ကောင်းချီးခံစားရမည့် ကောင်းကင်နိုင်ငံတော်—အတွက် လမ်းပွင့်ခဲ့သည်။ (မဿဲ ၁၀:၇) ယေရှု၏ပရောဖက်ပြုချက်အတိုင်း ယေရုရှလင်မြို့သည် ယင်း၏ဝတ်ပြုရာအိမ်တော်နှင့်အတူ စီ.အီး. ၇၀ တွင် ဖျက်ဆီးခံခဲ့ရသည်။ ယင်းအဖြစ်အပျက်နှင့်ပတ်သက်သော ကျမ်းစာမှတ်တမ်းကို ရှေးဟောင်းသုတေသနပညာက ထောက်ခံသည်။ သို့တိုင် ခရစ်ယာန်များ၏ယုံကြည်ခြင်းသည် ရှေးဝတ်ပြုရာအိမ်တော်အပျက်အယွင်းများ တွေ့ရှိခြင်း၊ မတွေ့ရှိခြင်းအပေါ် တည်မှီမထားပါ။ သူတို့၏ယုံကြည်ခြင်းသည် အခြားယေရုရှလင်မြို့ပေါ်တွင် ဗဟိုပြုသည်၊ သို့သော် ယင်းမြို့သည် ကွဲပြားခြားနားသော မြို့ပုံစံတစ်ခုဖြစ်သည်။
ယေရုရှလင်မြို့နှင့် ယင်း၏ဝတ်ပြုရာအိမ်တော်ပျက်စီးခြင်းနှင့်ပတ်သက်သော ယေရှု၏ပရောဖက်ပြုချက်ကို ကြားခဲ့သည်သာမက ယင်းပရောဖက်ပြုချက် ပြည့်စုံသည်ကို မြင်တွေ့ခဲ့ရသော တမန်တော်ယောဟန်က စီ.အီး. ၉၆ ခုနှစ်တွင် အောက်ပါအမြင်အာရုံကို တွေ့မြင်ခဲ့ရသည်– “သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့သစ်သည် . . . ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှဆင်းသက်သည်ကို ငါမြင်၏။” ပလ္လင်တော်ပေါ်မှအသံက ဤသို့မိန့်တော်မူ၏– “[ကိုယ်တော်သည်] လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင်သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။”—ဗျာ. ၂၁:၂-၄။
ဤ “မြို့” ကို ခရစ်တော်နှင့်အတူ ကောင်းကင်တွင် ဘုရင်များအဖြစ် အုပ်ချုပ်ကြမည့် သစ္စာရှိခရစ်ယာန်များဖြင့် ဖွဲ့စည်းထားသည်။ သူတို့အစုအပေါင်းကို ကောင်းကင်အစိုးရ—ဘုရားသခင့်နိုင်ငံတော်—အဖြစ် ဖွဲ့စည်းထားပြီး မြေကြီးကိုအုပ်ချုပ်မည်ဖြစ်ကြကာ အနှစ်တစ်ထောင်အတွင်း လူသားမျိုးနွယ်ကို စုံလင်သည့်အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည်ဖြစ်သည်။ (မဿဲ ၆:၁၀; ၂ ပေတရု ၃:၁၃) ထိုအုပ်စုအဝင်ဖြစ်ခဲ့ကြသော ပထမရာစု ဂျူးခရစ်ယာန်များသည် ကောင်းကင်တွင် ခရစ်တော်နှင့်အတူ အုပ်ချုပ်ရမည့်အခွင့်အရေးနှင့် နှိုင်းယှဉ်လျှင် ဂျူးအစီအစဉ်စနစ်တွင် သူတို့ပိုင်ဆိုင်ခဲ့ရာသည် အဘယ်အရာမျှမဟုတ်ကြောင်း သဘောပေါက်ခဲ့ကြသည်။
ယုဒဘာသာတရားတွင် မိမိယခင်ကရခဲ့သော မြင့်မားသည့်ရာထူးအကြောင်း ရေးသားရာတွင် တမန်တော်ပေါလုက ယင်းတို့အားလုံးနှင့်ပတ်သက်၍ ဤသို့ဆို၏– “ငါ၏အကျိုးစီးပွားကို ပြုစုသောအရာရှိသမျှတို့ကို ရှုံးစေသောအရာကဲ့သို့ ခရစ်တော်ကြောင့် ငါထင်မှတ်၏။ ထိုမျှမက ငါ၏သခင်ယေရှုခရစ်ကို သိသောပညာသည် အဘယ်မျှလောက်မြတ်သည်ကိုထောက်၍၊ ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာကဲ့သို့ ငါထင်မှတ်၏။”—ဖိလိပ္ပိ ၃:၇၊ ၈။
တမန်တော်ပေါလုသည် ဘုရားသခင်၏ပညတ်တရားနှင့် ဝတ်ပြုရာအိမ်တော်အစီအစဉ်ကို အလွန်ရိုသေလေးမြတ်ခဲ့သူဖြစ်သောကြောင့် ထိုဘုရားသခင့်အစီအစဉ်များကို အထင်အမြင်သေးသည့်စကားများ မသုံးကြောင်း အထင်အရှားတွေ့ရသည်။ (တမန်တော် ၂၁:၂၀-၂၄) * ပေါလုက ခရစ်ယာန်ဘာသာအစီအစဉ်သည် ဂျူးအစီအစဉ်ထက် သာလွန်မြင့်မြတ်ကြောင်း ရိုးရိုးရှင်းရှင်း တင်ပြခဲ့သည်။
ပေါလုနှင့် ပထမရာစုရှိ အခြားဂျူးခရစ်ယာန်များသည် ဂျူးအစီအစဉ်စနစ်၏ စိတ်ဝင်စားစရာကောင်းသော အသေးစိတ်အချက်အလက်များစွာကို အထူးသိကျွမ်းခဲ့ကြမည်မှာ သေချာသည်။ ထို့ပြင် ရှေးဟောင်းသုတေသနပညာဖြင့် အတိတ်သမိုင်းကို ပြန်လည်ဖော်ထုတ်ခြင်းကြောင့် ယခု ခရစ်ယာန်များသည် ထိုအသေးစိတ်အချက်အလက်အချို့ကို နားလည်နိုင်ကြသည်။ သို့တိုင် ပေါလုက လူငယ်တိမောသေအား သူအဓိကစိတ်စွဲသင့်သည့်အရာနှင့်ပတ်သက်၍ ပြောခဲ့သည့်စကားကို မှတ်သားကြည့်ပါ– “သင်၏တိုးပွားခြင်းကို လူအပေါင်းတို့အားထင်ရှားစေခြင်းငှာ၊ ဤအရာများ [ခရစ်ယာန်အသင်းတော်နှင့် သက်ဆိုင်ရာများ] ကိုစိတ်စွဲလမ်း၍ ကြိုးစားအားထုတ်လော့။”—၁ တိမောသေ ၄:၁၅။
ချီးမွမ်းစရာမှာ ရှေးဟောင်းသုတေသနပညာသည် သမ္မာကျမ်းစာနောက်ခံနှင့်ပတ်သက်၍ ကျွန်ုပ်တို့အား ပိုမိုနားလည်သဘောပေါက်စေခဲ့သည်။ သို့တိုင် ခရစ်ယာန်များ၏ယုံကြည်ခြင်းသည် လူသားများ တူးဖော်ရှာဖွေထားသော သက်သေအထောက်အထားများအပေါ် မူမတည်ဘဲ ဘုရားသခင့်နှုတ်မြွက်တော်၊ သမ္မာကျမ်းစာပေါ်တွင် မူတည်သည်။—၁ သက်သာလောနိတ် ၂:၁၃; ၂ တိမောသေ ၃:၁၆၊ ၁၇။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 4 ကွန်စတင်တိုင်းနှင့် သူ၏မယ်တော် ဟယ်လီနာတို့သည် ယေရုရှလင်မြို့၏ ဘာသာရေးအထွတ်အမြတ်နေရာများကို စိတ်ဝင်စားခဲ့ကြသည်။ မယ်တော်ဖြစ်သူကိုယ်တိုင် ယေရုရှလင်မြို့သို့ လည်ပတ်ခဲ့သည်။ နောက်ရာစုနှစ်များစွာထိတိုင် များစွာသောအခြားသူတို့သည် မယ်တော်လုပ်ဆောင်ခဲ့သကဲ့သို့ သွားရောက်လည်ပတ်ခဲ့ကြသည်။
^ အပိုဒ်၊ 15 အချိန်ကာလတစ်ခုအထိ ယေရုရှလင်မြို့ရှိ ပထမရာစုဂျူးခရစ်ယာန်များသည် မောရှေပညတ်မှ အသွင်အပြင်အမျိုးမျိုးကို စောင့်ထိန်းခဲ့ကြသည်၊ အောက်ပါအကြောင်းရင်းများကြောင့် ဖြစ်နိုင်သည်။ ပညတ်တရားသည် ယေဟောဝါထံမှဖြစ်သည်။ (ရောမ ၇:၁၂၊ ၁၄) ယင်းသည် ဂျူးလူမျိုးများတွင် ထုံးတမ်းစဉ်လာအဖြစ် အရိုးစွဲနေပြီဖြစ်သည်။ (တမန်တော် ၂၁:၂၀) ယင်းသည် နိုင်ငံ့ဥပဒေဖြစ်ပြီး ယင်းနှင့်ဆန့်ကျင်သည့် အဘယ်အရာမဆိုသည် ခရစ်ယာန်သတင်းစကားကို မလိုလားအပ်ဘဲဆန့်ကျင်မှု ဖြစ်ပေါ်စေနိုင်သည်။
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံများ]
အပေါ်ပုံ– ၁၉၂၀ ပြည့်နှစ်က ယေရုရှလင်မြို့၊ စီ.အီး. ၄၃ ခုနှစ်၌ ဂျူးလူမျိုးများအသုံးပြုခဲ့သော ရောမငွေဒ င်္ဂါး; ဘီ.စီ.အီး. ရှစ်ရာစု၊ ရှောလမုန်၏ ဝတ်ပြုရာအိမ်တော်မှဖြစ်နိုင်သည့် ဆင်ဆွယ်ဖြင့်ပြုလုပ်ထားသော အပွင့်ပွင့်နေသည့်သလဲသီးပုံ
[Credit Lines]
Pages 2 and 18: Coin: Photograph © Israel Museum, Jerusalem; courtesy of Israel Antiquities Authority; pomegranate: Courtesy of Israel Museum, Jerusalem