မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သည်းထိတ်ရင်ဖို ခံစားလိုသူများ—အသက်အန္တရာယ်နီးသောအရာကိုမှ အဘယ်ကြောင့် စွဲလမ်းနေကြ

သည်းထိတ်ရင်ဖို ခံစားလိုသူများ—အသက်အန္တရာယ်နီးသောအရာကိုမှ အဘယ်ကြောင့် စွဲလမ်းနေကြ

သည်းထိတ်ရင်ဖို ခံစား​လို​သူများ—အသက်​အန္တရာယ်​နီးသော​အရာ​ကို​မှ အဘယ်ကြောင့် စွဲလမ်း​နေကြ

ရှေးခေတ် ရောမ​အရီနာကွင်း​တွင် ပွဲ​ကြည့်​ပရိသတ် ၅၀,၀၀၀ ရှိသည့် စိတ်​လှုပ်ရှား​နေသော​လူအုပ်သည် ရင်​တ​မ​မ၊ တင်​တ​ကြွကြွ​နှင့်​ဖြစ်နေ​သည်။ ကျင်းပ​မည့်​ပွဲ​စဉ်​များ​တွင် “လက်လွတ်​မခံ​သင့်​သည့် အံ့မခန်းဖွယ် သည်းထိတ်ရင်ဖို​ပြကွက်​များ” ပါ​မည်​ဟု နေရာအနှံ့​ကြေညာ​ထား​ရာ ၎င်းတို့၏​ရှုစား​လို​စိတ်​မှာ တစ်နေ့​တခြား​ပို​၍​ပြင်းထန်​လာ​သည်။

မျက်​လှည့်​ပွဲ​များ၊ အသံတိတ်​သရုပ်ဖော်​ပြဇာတ်​များ၊ လူ​ရွှင်​တော်​များနှင့် ဇာတ်မြူး​များသည် ဒေသန္တရ​ဇာတ်ရုံ​များ​ရှိ လူအုပ်​ကို​ဆွဲဆောင်​လျက်​ရှိသော်လည်း အရီနာကွင်း​ရှိ​ပွဲ​စဉ်​များ​မူ အလွန်​ခြားနား​သည်။ မကြာမီ ပွဲ​ကြည့်​ပရိသတ်​များ​ရှေ့မှောက်​တွင် တင်ဆက်​မည့် အသက်ရှူ​မှား​လောက်​သည့် သည်းထိတ်ရင်ဖို​စ​ရာ​များ​ကြောင့် တစ်နေ့တာ​ပင်ပန်း​နွမ်း​နယ်​သမျှ​မှာ မေ့ပျောက်​သွား​လေ​တော့​သည်။

ယခု သီချင်းသည်​များ​ထွက်​လာ​ကာ ၎င်း​တို့​နောက်​တွင် ဝတ်ရုံ​ရှည်​ဝတ် ပုရောဟိတ်​များ လိုက်ပါ​လာ​သည်။ ထို့နောက် အမွှေးနံ့သာ​သယ်ဆောင်​လာ​သူများ​က​ဦးဆောင်​ကာ အားလုံးမြင်​ရန် မြှောက်၍​သယ်လာ​သော​နတ်​ဘုရား​နှင့် နတ်​ဘုရားမ​ရုပ်​များ​ကို စီ​တန်း​လှည့်လည်​ပြသ​သည်။ ယင်းက ပွဲ​စဉ်​များ​ကို နတ်​ဘုရား​များ​ကောင်းချီး​ပေး​မည့်​ပုံ​ပေါက်​စေ​သည်။

တိရစ္ဆာန်​များ​ကို သတ်ဖြတ်

ယခု ဖျော်ဖြေပွဲ​ကြီး​များ စတင်​တော့​မည်။ ဦးဆုံး၊ ပွဲ​ကြည့်​ပရိသတ်​အနည်းငယ်​သာ​မြင်ဖူး​သည့် ငှက်​ကုလားအုတ်​နှင့် သစ်​ကုလားအုတ်​များ​ကို လွတ်လမ်း​မရှိသည့် ပြိုင်ပွဲ​ကွင်း​ထဲ လွှတ်​ပေး​လိုက်​သည်။ လေး​နှင့်​မြား​ပါ​သည့် ကျွမ်းကျင်​သော​လေးသည်တော်​များစွာ​သည် သည်းထိတ်ရင်ဖို​ခံစား​လို​သော​ပရိသတ်​ကို ပွဲ​ကျစေ​ရန် အကူအညီ​မဲ့​နေသော အဆိုပါ​တိရစ္ဆာန်​များ​အား တစ်ကောင်​မျှ​မကျန်အောင် သတ်ဖြတ်​ပြ​ကြသည်။

ဩ​ဘာ​ပေး​နေသော​ပရိသတ်​အတွက် နောက်​တင်ဆက်မှု​တစ်ခု​မှာ အ​စွယ်​များ​တွင် သံချွန်​ရှည်​များ စွပ်ပေး​ထား​သည့် စွယ်စုံ​ဆင်ကြီး​နှစ်ကောင်​၏ အသေအကျေ​တိုက်ခိုက်​ပွဲ​ဖြစ်သည်။ ခွန်အား​ကြီးသော​တိရစ္ဆာန်​တစ်ကောင်​သည် သွေး​များ​ပေကျံ​နေသော​သဲပြင်​ပေါ်​သို့ သေလုမြောပါး​ဒဏ်ရာ​ဖြင့် လဲကျ​သွားသော​အခါ တ​ဖြောင်း​ဖြောင်း​လက်ခုပ်တီး​၍ ဩ​ဘာ​ပေး​ကြသည်။ ဤ​ပြကွက်​သည် မိနစ်​အနည်းငယ်​အကြာတွင် ဆက်လက်​တင်ဆက်​မည့် အဓိက​ပွဲ​စဉ်​ကို ပရိသတ်​ကြီး ခံတွင်း​တွေ့​စေ​မည့် အ​မြည်း​သာ​တည်း။

အဓိက​ပွဲ​စဉ်

လူသား​ဂလက်ဒီယေတာ​သူရဲကောင်း​များသည် အ​တီး​အ​မှုတ်​အခမ်းအနား​ဖြင့် အရီနာကွင်း​ထဲ​ဝင်လာ​သောအခါ သည်းထိတ်ရင်ဖို​ဖြစ်​လို​သော​ပရိသတ်​သည် မတ်တတ်ရပ်​လိုက်​ကြသည်။ အချို့​မှာ ဓား​များ၊ ဒိုင်းလွှား​များ၊ သတ္တု​ခမောက်​များ သို့​မဟုတ် ဓားမြှောင်​များ​ပါရှိ​ကာ အချို့​မှာ ပေါ့ပေါ့ပါးပါး လက်နက်များ​ကိုင်​ကာ ဝတ်ဆင်​ထား​သည်။ သူတို့သည် ပရိသတ်​များ​က ဩ​ဘာ​ပေး​သည်​နှင့်​အမျှ တစ်ဦး သို့​မဟုတ် နှစ်ဦးစလုံး​သေ​သည်​အထိ အနီးကပ်​တိုက်ခိုက်​ကြသည်။ ပွဲ​စဉ်​တစ်ခု​၌ ရက်ပေါင်း ၁၀၀ အတွင်း တိရစ္ဆာန်​အကောင်ရေ ၅,၀၀၀ သတ်ဖြတ်​ခံ​ခဲ့​ရသည်​ဟု မှတ်တမ်းများ​က​ဖော်ပြ​သည်။ နောက်​ပွဲ​စဉ်​တစ်ခု​တွင်​မူ ဂလက်ဒီယေတာ ၁၀,၀၀၀ သတ်ဖြတ်​ခံ​ခဲ့​ရသည်။ သို့​တိုင် ပြည်သူ​လူထု​သည် နောက်ထပ်​ပွဲ​စဉ်​အတွက် အော်ဟစ်​တောင်းဆို​ကြသည်။

ရာဇဝတ်သား​များနှင့် စစ်သုံ့ပန်း​များ​ခမျာ ဤ​ပွဲ​စဉ်​များ​အတွက် အမြဲ​ပင် အ​ဖြည့်​ခံ​လူသား ဖြစ်​ကြ​ရ​ရှာ​သည်။ သို့သော် “တစ်သက်တစ်ကျွန်း​ပြစ်ဒဏ်​မခံရ​ဘဲ ငွေကြေး​များစွာ​ရရှိရန် လက်နက်များ​ဖြင့် ယှဉ်ပြိုင်​တိုက်ခိုက်​ကြ​သည့် ကျွမ်းကျင်​သော​ဂလက်ဒီယေတာ​အုပ်စု​နှင့် ၎င်းတို့ကို မ​ရော​ထွေး​သင့်” ဟု​သတင်း​တစ်ရပ်​က​ဆို​သည်။ ဒေသ​အချို့​တွင် ဂလက်ဒီယေတာ​များသည် အနီးကပ်​တိုက်ခိုက်​သည့်​ပညာ​သင်ယူ​ရန် အထူး​ကျောင်း​များ​ကို တက်ရောက်​ခဲ့​ကြသည်။ သူတို့သည် စိတ်​လှုပ်ရှား​တက်ကြွ​နေကြ​ကာ ဤ​ပြိုင်ပွဲ​နှင့် ယင်း​၏​အသေအကျေ စွဲ​စွဲလမ်း​လမ်း တိုက်ခိုက်​သတ်ဖြတ်မှု​တို့၏ သည်းထိတ်ရင်ဖို​စ​ရာ​တွင် မှိုင်း​မိ​နေကြ​သည်။ နောက်​တစ်နေ့​တွင် ထပ်မံ​တိုက်ခိုက်​ရန် အာသီသ​ပြင်းပြ​နေကြ​သည်။ “အနား​မယူ​မီ ထိုး​သတ်​ပွဲ​ပေါင်း​ငါးဆယ်​ဖြင့် အသက်မွေးဝမ်းကျောင်း​လုပ်ခဲ့​သူသည် အလွန်​အောင်မြင်​သော ဂလက်ဒီယေတာ​တစ်ဦး​ဖြစ်​ခဲ့​သည်” ဟု​သတင်း​တစ်ရပ်​က ကောက်ချက်​ချ​သည်။

လူ​နှင့် နွား​ရိုင်း​သတ်​ပွဲ

ကျွန်ုပ်​တို့​ခေတ်တွင် ကမ္ဘာကြီး​သည် ထောင်စုနှစ်​သစ်​တစ်ခု​ထဲ​သို့ ဝင်ရောက်​ခဲ့ပြီ။ သို့သော် အန္တရာယ်များ​သော၊ အထူးသဖြင့် အသက်ဆုံးရှုံး​နိုင်သော​အားကစားပွဲ​များ​၏ ညှို့ယူ​ဖမ်းစား​ခံရ​သူများစွာ​၏​ဝါသနာ​ကြီးမားမှု​မှာ သိသိသာသာ လျော့နည်း​ခြင်း​မရှိကြောင်း​ထင်ရှား​သည်။ ဥပမာ၊ လူ​နှင့် နွား​ရိုင်း​သတ်​ပွဲ​သည် တောင်​အမေရိက​နှင့် မက္ကစီကို​တို့​တွင် ရာစု​နှစ်ချီ၍ လူကြိုက်များ​လာ​ခဲ့​သည်။ ၎င်း​ပွဲ​သည် ယနေ့ လက်တင်အမေရိက၊ ပေါ်တူဂီ​နှင့် စပိန်​တို့​တွင် စည်ကား​သည်။

မှတ်တမ်းအရ မက္ကဆီကို​တွင် အရီနာကွင်း ၂၀၀ ခန့်​နှင့် စပိန်​တွင် ကွင်း​ပေါင်း ၄၀၀ ကျော်​ရှိသည်။ မက္ကဆီကို​ရှိ အရီနာကွင်း​တစ်​ကွင်း​သည် လူ ၅၀,၀၀၀ ဆံ့​သည်။ ဤ​အရီနာကွင်း​အများစု​သည် တစ်ဟုန်ထိုး​တိုက်ခိုက်​သည့် နွား​ရိုင်း​များနှင့်​ယှဉ်ပြိုင်​၍ သတ္တိ​သွေး​ပြ​ကြ​မည့်​သူများကို လာရောက်​ရှုစား​သူများ​နှင့်​ပြည့်နေ​သည်။ နွား​ရိုင်း​နှင့်​ယှဉ်ပြိုင်​သတ်ပုတ်​သူသည် တစ်​နေရာ​ရာ​တွင် သူရဲဘောကြောင်​နေ​ပုံ​တွေ့ရ​ပါ​က လူအုပ်သည် အော်ဟစ်​သရော်​ကာ မကျေမနပ်​ဖြစ်​ကြ​လေ​သည်။

ယခု​အခါ နွား​ရိုင်း​နှင့် ယှဉ်ပြိုင်​သတ်ပုတ်​သူများ​တွင် အမျိုးသမီးများ​ပါဝင်​လာ​ကာ နွား​ရိုင်း​များ​ကို​သတ်​သည့်​အတွက် ဒေါ်လာ​သန်းနှင့်ချီ ဝင်ငွေ​ရရှိ​ကြသည်။ ရုပ်မြင်သံကြား လူတွေ့မေးမြန်းခန်း​တစ်ခု​တွင် နွား​ရိုင်း​နှင့်​သတ်ပုတ်​သူ​အမျိုးသမီး​တစ်ဦး​က မိမိသည် ဦးချို​ဖြင့်​ဝှေ့​သတ်​ခံရ​မည့်​အန္တရာယ်ကို အမြဲ​ကြုံနေ​သော်လည်း နွား​တိုက်​ကွင်း​တစ်ခု​ထဲ​တွင် တစ်ဟုန်ထိုး​တိုက်ခိုက်​သည့် သားရဲ​တစ်ကောင်​နှင့်အတူ ရှိနေခြင်း​လောက် အဘယ်အရာကမျှ သည်းထိတ်ရင်ဖို​ခံစား​လို​သော မိမိ၏​အာသီသ​များ​ကို မ​ဖြည့်ဆည်း​ပေး​နိုင်​ဟူ၍ ထုတ်ဖော်​ကြေညာ​ခဲ့​သည်။

နွား​ရိုင်း​ပြေးပွဲ

“လူအုပ်သည် ပမ်​ပ​လို​နာ​မြို့၊ ကေ​ရေး အက်စ်တာ​ဖေ​တာ လမ်းပေါ်​ရှိ စစ်​က်စ်​တိုး စားသောက်​ဆိုင်​ရှေ့​လမ်းပေါ်တွင် လူ​လေး​တန်း ကြိတ်​ကြိတ်​တိုး​နေရာ အသံဗလံ​များ​မှာ တစ်ချိန်​လုံး​ဆူညံ​နေသည်။ ပြောဆို​ကြ​သည့်​စကား​များ​မှာ—ဘာ​စ​ကာ၊ ကာ​စ​တီး​လျံ၊ က​က်​တလ​န်၊ အင်္ဂလိပ်​စကား—အမျိုးစုံ​ဖြစ်သည်” ဟု​မှတ်တမ်း​တစ်ခု​က​ဖော်ပြ​သည်။ လူအုပ်ကြီးသည် ပွဲ​စဉ်​ကို​ရှုစား​ရန် စောစော​စုဝေး​ကြသည်။ နွား​တိုက်​ကွင်း​တွင်​ပြိုင်ပွဲဝင်​ရန် သီးသန့်​ထား​သည့်​နွား​ရိုင်း​များ​ကို အရီနာကွင်း​မှ မိုင်ဝက်​သာ​ဝေး​သော​နွား​ခြံ​များ​တွင် ထည့်​ထား​သည်။

ပြိုင်ပွဲ​များ​ကျင်းပ​မည့် နံနက်ခင်း​များ​တွင် နွား​ခြံ​ဂိတ်​များ​ကို ဖွင့်​ကာ နွား​ရိုင်း​ခြောက်​ကောင်​ကို လွှတ်​ပေး​လိုက်​သည်။ လမ်းဘေး​တစ်လျှောက်​တွင် အဆောက်အဦ​များ​ရှိ​ကာ ဘေး​ဘက်​လမ်း​ဝင်ပေါက်​များ​ကို တားဆီး​ပိတ်ဆို့​ထား​သည်။ ယင်းက အရီနာကွင်း​သို့ နွား​ရိုင်း​များ​ပြေး​ရန် သင့်လျော်​သော​လမ်းကြောင်း​ဖြစ်စေ​ကာ အားလုံး ချောချောမောမော​ဖြစ်​လျှင် အရီနာကွင်း​သို့​ရောက်​ရန် နှစ်​မိနစ်​ခန့်​ကြာ​မည်​ဖြစ်သည်။

လွန်ခဲ့သော​နှစ်များ​က အမျိုးသားများသည် ဘေးအန္တရာယ်​ကို​မ​မှု​ဘဲ နွား​ရိုင်း​များ​ထက် မိမိတို့​အပြေး​မြန်၊ မ​မြန်​စမ်း​ကြည့်​ရန် ဆုံးဖြတ်​ခဲ့​ကြသည်။ ယနေ့​ထိ နှစ်စဉ် စမ်း​ကြည့်​နေဆဲ​ဖြစ်၏။ အချိန်​ကုန်လွန်​လာ​သည်​နှင့်​အမျှ ယင်းသည် အပြည်ပြည်ဆိုင်ရာ ပွဲ​စဉ်​တစ်ခု​ဖြစ်လာ​သည်။ များစွာ​သော​သူတို့သည် နွား​ရိုင်း​များ​ကြောင့် အပြင်းအထန်​ဒဏ်ရာ​ရရှိခဲ့​ကာ အခြားသူ​တို့​မူ ဦးချို​ဖြင့်​ဝှေ့​သတ်​ခံ​ခဲ့​ကြ​ရသည်။ “သင်သည် ၎င်း​တို့​ထက်သာ​အောင် ပြေး​နိုင်​သည်​ဟု​ယူဆ​လျှင် အမှား​ကြီး​မှား​မည်” ဟု​အပြေးသမား​တစ်ဦး​က​ဆို​သည်။ နှစ်ပေါင်း ၂၀ ကာလ​တွင် စပိန်​ကြက်​ခြေ​နီ​အသင်း​၏​အဆို​အရ “နေ့စဉ် ပျမ်းမျှ​လူတစ်ဦး​သည် နွား​ဝှေ့​ခံရ​၍ ထိခိုက်​ဒဏ်ရာ​ရခဲ့​သည်။” အခြား​လူ ၂၀ မှ ၅၀ သည်လည်း ထိခိုက်​ဒဏ်ရာ​ရ​၍ နေ့စဉ်​ကုသ​ခံ​ခဲ့​ကြ​ရသည်။

အသက်​အန္တရာယ်​နီးသော​ဤ​အရာ​ကို​မှ အဘယ်ကြောင့် စွဲလမ်း​နေရ​သနည်း။ အပြေးသမား​တစ်ဦး​က ဤသို့​ဖြေဆို​ပေး​ခဲ့​သည်– “နွား​ရိုင်း​တွေ​နဲ့​အတူ အမီလိုက်​ပြေး​နေတဲ့ စက္ကန့်​ပိုင်း​လေး​အတွင်းမှာ သူတို့ရဲ့​အနံ့ခံ​ရ၊ သူတို့ရဲ့​ခွာသံ​တွေ တ​ခွပ်ခွပ်​ကြား​ရ၊ လက်မ​အနည်းငယ်​လောက်​သာ ကွာ​တဲ့​နေရာ​ကနေ နိမ့်​တုံ၊ မြင့်​တုံ ဦးချို​တွေ​ကို​ရှုစား​ရတဲ့ အရသာ​ခံ​ဖို့​ပါ​ပဲ။” ဩ​ဘာ​ပေး​နေသော​လူအုပ်​က အပြေးသမား​များ​ကို အားတက်စေ​သည်။ ပေါင်ချိန် ၁၅၀၀ စီး​သည့် တစ်ရှူး​ထိုး​ပြေး​လာသော နွား​ရိုင်း​တစ်ကောင်​က အပြေးသမား​တစ်ဦး​ကို ဝှေ့​သတ်​လိုက်ခြင်း၊ သို့​မဟုတ် ဆော​င့်၍​ကော်​တင်​လိုက်ခြင်း​ကို မျက်မြင်​ဒိ​ဋ္ဌ​မ​တွေ့ရ​ပါ​လျှင် အချို့​သူတို့ စိတ်ပျက်​သွား​ကြ​မည်​လော။ ရောမ​အရီနာကွင်း​များ​ထဲ​မှ လူအုပ်​ကဲ့သို့​ပင် အချို့​တို့အတွက် သွေးထွက်သံယို​မှု​ဖြစ်ပါ​မှ ဆွဲဆောင်မှု​ဖြစ်​မည်​လော။

သေ​မင်း​နှင့် အပျော်တမ်း​ကစား​ခြင်း

အခြား​နည်းများဖြင့် သေ​မင်း​နှင့် အပျော်တမ်း​ကစား​ချင်​သူများ​လည်း​ရှိ၏။ ဘေးချင်းယှဉ်​ရပ်​ထား​သည့် ကား​အ​စီး ၅၀ ကို​ဖြစ်စေ၊ ခရီးသည်​တင်​ဘတ်စကား​ကြီး​များစွာ သို့​မဟုတ် ကျယ်ဝန်း​သော​ချောက်ကြီး​တစ်ခု​ကို​ဖြစ်စေ ခုန်ကျော်​ခြင်း​ဖြင့် သေ​မင်းကို​အန်တု​၍ အပြင်းအထန်​ဒဏ်ရာ​ရသော မော်တော်​ဆိုင်ကယ်​စ​တန့်​မင်းသားများ​ရှိသည်။ ထိုသို့​သော​စ​တန့်​မင်းသား​တစ်ဦး​က သူ၏​ခန္ဓာကိုယ်​တွင် အရိုး ၃၇ ချောင်း​ကျိုး​ကာ ရက်ပေါင်း ၃၀ မေ့မြော​ခဲ့​ဖူး​ကြောင်း ပြောပြ​ခဲ့​သည်။ သူ​ဤသို့​ဆို​သည်– “အရိုးကျိုး​တာ၊ လက်​ကျိုး​တာ​တို့​ဟာ ကျွန်တော့်​အတွက် အဆန်း​မဟုတ်တော့ဘူး။ . . . အကြီးအကျယ် အရိုး​ဖြတ်ထုတ်​ခွဲစိတ်​ကုသမှု​ပေါင်း ဆယ့်နှစ်​ခါ​လုပ်ခဲ့​ရတယ်။ အဲဒီ​ကုသမှု​ဟာ ခွဲစိတ်​ပြီး သတ္တုပြား​အပိုင်း​တစ်ခု ဒါမှ​မဟုတ် ဝက်​အူ​တစ်ချောင်း​ကို ထည့်​တာ​ဖြစ်တယ်။ အရိုးတွေကို​ဆက်​ဖို့ ကျွန်တော့်​ကိုယ်ထဲ​မှာ ဝက်​အူ သုံးဆယ့်​ငါး​ခု ဒါမှ​မဟုတ် အခု​လေးဆယ်​လောက် ထည့်​ခဲ့​ရတယ်လို့​ထင်​ထ​ယ်။ ကျွန်တော်​ဟာ ဆေးရုံ​တက်​လိုက်​ဆင်း​လိုက် အမြဲ​လုပ်ခဲ့​ရတယ်။” တစ်ခါ​က သူ​အပြေး​လေ့ကျင့်​နေစဉ် ဒဏ်ရာ​ရသွား​သောအခါ​နှင့် ကား​အ​စီး​များစွာ​ကို ခုန်​မ​ကျော်​နိုင်​သည့်​အခါ လူအုပ်​က စိတ်ပျက်​ကာ ရှုတ်ချ​သရော်​ခဲ့​သည်။

သည်းထိတ်ရင်ဖို​ဖြစ်​လို​သူများစွာ​သည် လုံခြုံရေး​ကိရိယာ​များ​မပါဘဲ မိုး​မျှော်​တိုက်​များ​၏​ဘေး​ကို​တွယ်တက်​ခြင်း၊ ပေ ၂၀,၀၀၀ မတ်စောက်​သော​တောင်​များ​အပေါ်​မှ အောက်​သို့ နှင်း​လျှော​စီးဆင်း​ခြင်း၊ မြင့်မားသော​မျှော်စင်များ​နှင့် တံတား​များ​ပေါ်​မှ ဘ​န်​ဂျီ​ကြိုး​ဖြင့်​ခုန်ချ​ကစား​ခြင်း၊ ခုန်ချ​မည့်​သူ နောက်​တစ်ဦး၏​ကျော​တွင် ကြိုး​ဖြင့်​ချိတ်ဆွဲ​ထား​ကာ လေယာဉ်​ပေါ်​မှ လေ​ထီး​ဖြင့်​ခုန်ချ​ခြင်း သို့​မဟုတ် လက်ထဲ​တွင် သေးငယ်သော​ပေါက်ချွန်း​တစ်စုံ​သာ​ပါ​ကာ ရေခဲ​ဖုံး​နေသည့် မတ်စောက်​သော​ကျောက်ဆောင်​ကမ်းပါး​များ​ကို တွယ်တက်​ခြင်း​အစ​ရှိသည့် သေ​မင်းကို​အန်တု​သော စ​တန့်​များ​အပါအဝင် အစွန်းရောက်​အားကစား​များ​တွင် ပါဝင်​ကြသည်။ “တစ်နှစ်​ကို မိတ်ဆွေ​သုံးဦး​ကနေ လေးဦး​အထိ ဆုံးရှုံး​ရမယ်​လို့ ကျွန်မ​ယူဆတယ်” ဟု ရေခဲ​တောင်တက်သမား​တစ်ဦး​က ညည်းညူ​ခဲ့​သည်။ ယင်း​တို့သည် အားကစား​လောကတွင် ရေပန်းစား​လာ​သည့် သေ​မင်းကို​အန်တု​သော​စ​တန့်​များ​မှ အချို့​မျှ​သာ​ဖြစ်၏။ “အစွန်းရောက်​အားကစား​များ​ကို အလွန်​စွဲမက်​သည့် ကပ်ဘေး​တစ်ခု​ဖြစ်လာ​နိုင်​သည်” ဟု စာရေး​ဆရာ​တစ်ဦး​က ထုတ်ဖော်​ကြေညာ​ခဲ့​သည်။

“အစွန်း​တ​ကာ့​အစွန်းရောက်​သော အားကစား​အများစု​သည် ပို​၍​ပင်​ရေပန်းစား​နေသည်” ဟု ယူ.အက်စ်.သတင်း​နှင့် ကမ္ဘာ့​အစီရင်ခံစာ မဂ္ဂဇင်းက ရေးသားခဲ့​သည်။ “ကျွမ်းကျင်​သော​လေ​ထီး​ခုန်​သမားများ​သည် ပေ ၁၃,၀၀၀ အမြင့်​မှ လွတ်လွတ်​ကျွတ်​ကျွတ်ကျ​ဆင်းလာ​စဉ် ခဲ​ပျဉ်​ပြား​များ​ပေါ်​တွင် ဆပ်ကပ်​ကစား​သကဲ့သို့ ခန္ဓာကိုယ်​ကို ချာလပတ်လည်​ရသော လေ​ဟု​န်​စီး​ကစား​နည်း​သည် ၁၉၉၀ ပြည့်နှစ်​တွင် မရှိခဲ့​ပါ; ယခု​အခါ ယင်းသည် ဝါသနာအိုး​ထောင်ပေါင်း​များစွာ​ကို ဆွဲဆောင်​လျက်​ရှိသည်။ ထို့​အပြင် ဘေ့စ် (BASE) ခုန်ချ​ကစား​နည်း​ဟူ၍​လူသိ​များသော အားကစား​တစ်မျိုး​ကို ၁၉၈၀ ပြည့်နှစ်​တွင် တရားဝင်​တည်ထောင်​ခဲ့​သည်၊ ယခု​အခါ ယင်းသည် အဆောက်အဦ​များ၊ ဧရိယာတိုင်​များ၊ တံတား​များနှင့် သဘော​ဝ​အလျောက်​မြင့်သော​နေရာများ​မှ—များသောအားဖြင့် တရားဝင်​မဟုတ်ဘဲ ညဘက်​တွင်—လေ​ထီး​ဖြင့်​ခုန်ချ​သည့် ရာ​နှင့်​ချီ​သော​သူတို့​အတွက် စွဲမက်​ဖွယ်​ဖြစ်သည်။” ဤ​အားကစားနည်း​ကြောင့် ဒါ​ဇ​င်​နှင့်​ချီ​သော လူတို့၏​အသက်​များ ဆုံးရှုံး​ခဲ့​ရပြီ။ “ဘေ့စ် ခုန်ချ​ကစား​နည်း​ကြောင့် အနာတရ များများ​ရတာ​မရှိဘူး။ သေ​ရင်​သေ၊ မသေ​ရင် ရှင်​ပဲ” ဟု​ဝါရင့်​အ​ခုန်​သ​မား​တစ်ဦး​က​ဆို​သည်။

အလွန်​သေးငယ်သော​လက်​တွယ်​နှင့် ခြေကုပ်​များ​ဖြင့်​သာ မတ်စောက်​သော တောင်စောင်း​ကျောက်​ကမ်းပါး​များ​ကို တွယ်တက်​ခြင်း​သည် ထောင်ပေါင်း​များစွာ​သော​သူတို့​အတွက် ဆွဲဆောင်မှု​ဖြစ်နေ​သည်။ ထရပ်ကား​မှ ခေါင်းကိုက်​ပျောက်ဆေး​များ​အထိ အမျိုးစုံ​ကြော်ငြာ​ပေး​နေသော ရုပ်မြင်သံကြား​နှင့် မဂ္ဂဇင်း​ကြော်ငြာ​များ​၌​ပင် လေ​ထဲ​တွင် ပေပေါင်း​ရာ​ချီ​မြင့်​သည့် မတ်စောက်​သော တောင်​ချောက်​ကမ်းပါး​များ​၌ ကြိုး​မျှ​င်​မျှ​င်​လေး​တစ်ချောင်း​ဖြင့်​သာ​ချည်​ထား​၍ ပြုတ်​လု​တဲ​တဲ​တွဲလောင်း​နေသည့် တောင်တက်သမား​များ​ကို တွေ့မြင်​ကြ​ရသည်။ ၁၉၈၉ ခုနှစ်​တွင် အမေရိကန်​ပြည်ထောင်စု​ရှိ လူ ၅၀,၀၀၀ ခန့်​သည် ဤ​အားကစား​တွင် အရဲစွန့်​ပါဝင်​ခဲ့​ကြသည်; များ​မကြာမီ​က လူ​သန်း​ဝက်​ခန့်​သည် ဤ​အသက်​အန္တရာယ်​နှင့်​နီးသော​အရာ​ကို​မှ စွဲလမ်းမှု​၏ ဆွဲဆောင်ခြင်း​ခံ​ခဲ့​ရသည်​ဟု မှတ်တမ်းက​ဖော်ပြ​သည်။ ကမ္ဘာ​တစ်ဝန်း​တွင် ၎င်း​အရေအတွက်​မှာ တိုးများ​လာ​နေသည်။

အမေရိကန်​ပြည်ထောင်စု​တွင် “ဆန်းပြား​ပြီး အန္တရာယ်​ရှိသော​ကစား​နည်းသစ်​များ​ကို ကစား​ခြင်း​ကြောင့် အသက်ဆုံးရှုံး​ရ သို့​မဟုတ် ဒုက္ခိ​တ​ဘဝ​ရောက်​ခဲ့​ကြ​ရသည့် ‘သာမန်’ ယောက်ျား​ကလေး​နှင့် မိန်းကလေး​အရေအတွက်​မှာ တိုးများ​လာ​နေသည်” ဟု မိသားစု​အသိုင်းအဝိုင်း မဂ္ဂဇင်းက ဖော်ပြ​ခဲ့​သည်။ “ကား​လေ​ဟု​န်​စီး​ကစား​ခြင်း”—အရှိန်​ဖြင့်​မောင်း​နေသော​ကား​တစ်စီး​၏ ဘေး​ပေါက်​မှ ကား​အမိုးပေါ်​သို့ တွယ်တက်​ကာ ကား​အရှိန်​နှင့်​သွား​နေစဉ် မတ်တတ်ရပ်​ခြင်း—သို့​မဟုတ် ရွေ့လျား​နေသော​ဓာတ်​လှေကား​အိမ်​၏​အပေါ်​တွင် သို့​မဟုတ် အရှိန်​ဖြင့်​မောင်း​နေသော မြေအောက်​ရထား​၏​အမိုးပေါ်​တွင် မတ်တတ်ရပ်​ကစား​ခြင်း​သည် လူငယ်များစွာ​၏​အသက်ကို နုတ်ယူ​ခဲ့ပြီ။

အလွန်​မြင့်သော​ဧဝ​ရက်​တောင်​ပင်​လျှင် တစ်ခါ​နှင့်​မျှ​မတူ​အောင် ပတ်သက်​လာ​သည်။ လေ့ကျင့်မှု​အလုံအလောက်​မရှိဘဲ တောင်တက်​သူများ​သည် လမ်းပြ​ဖြင့် တောင်​အတက်​အဆင်း​ကို ယူ.အက်စ်. ဒေါ်လာ ၆၅,၀၀၀ ခန့်​အကုန်အကျ​ခံ​ကြသည်။ ၁၉၅၃ ခုနှစ်​ကတည်းက တောင်တက်သမား ၇၀၀ ကျော်​သည် တောင်ထိပ်​သို့​ရောက်​ခဲ့​ကြပြီ​ဖြစ်သည်။ အများစုမှာ မည်သည့်​အခါ​မျှ အောက်​သို့​ပြန်​မဆင်း​လာတော့​ပေ။ အလောင်း​အချို့​သည် တောင်ထိပ်​တွင် ယနေ့​ထိ​ရှိနေဆဲ​ပင်။ “ယခု​အခါ တောင်တက်သမား​များသည် ဧဝ​ရက်​တောင်​ကို အသက်​အငယ်ဆုံး၊ အကြီးဆုံး၊ အမြန်ဆုံး​တက်​နိုင်​သူများ​အဖြစ် စံချိန်​တင်​ရန် ယှဉ်ပြိုင်​ကြသည်” ဟု​သတင်းစာ​ဆရာ​တစ်ဦး​က ရေးသားခဲ့​သည်။ “အခြား​မည်သည့် အားကစား​နှင့်​မျှ​မတူဘဲ တောင်တက်​ခြင်း​သည် အသက်​စတေး​ခံ​လို​စိတ်​ရှိဖို့လို​သည်” ဟု​နောက်​တစ်ဦး​က​ရေးသားခဲ့​သည်။ လူတစ်ဦး​သည် သတ္တိ​ရှိကြောင်း​ပြ​ရန် ဘေးအန္တရာယ်​ကို အန်တု​ရမည်​လော။ “သတ္တိ​ဆို​ရာ​မှာ မိုက်မဲ​သော​အရာများ​ကို ပြုလုပ်ခြင်း​မဟုတ်” ဟူ၍ ဝါရင့်​တောင်တက်သမား​တစ်ဦး​က သတိပေး​ခဲ့​သည်။ ထို​သူက “မိုက်မဲ​သော​အရာများ” တွင် “ကျွမ်းကျင်​မှုမရှိ​သော တောင်တက်သမား​များ ဧဝ​ရက်​တောင်ထိပ်​သို့ စွန့်စား​တက်ရောက်​လေ့လာခြင်း” ပါဝင်​ကြောင်း ဖော်ပြ​ခဲ့​သည်။

ယင်း​သို့ ဆက်၍​ဖြစ်နေ​သည်။ ကမ္ဘာ​တစ်ဝန်း​တွင်​တွေ့​လာ​ရသည့် သေ​မင်းကို​အန်တု​သော လိုက်စားမှု​များ​အရေအတွက်​နှင့် အမျိုးအစား​တို့သည် အသစ်အဆန်း​တီထွင်​လို​သူများ​၏ စိတ်ကူး​ဘောင်​အတွင်း​တွင် ရှိသည်။ သေခြင်း၊ ရှင်ခြင်း​နှုတ်ခမ်း​တွင် နင်း​ကာ ခဏတာ​အသက်စွန့် ပါဝင်​ကစား​ရသော အစွန်းရောက်​အားကစားနည်း​များသည် “၂၁ ရာစု​၏ အဓိက​လူကြိုက်များ​ကာ ပါဝင်​ဆင်နွှဲ​ကြသော အားကစား​များ​ဖြစ်လာ​မည်” ဟု​စိတ်​ပညာရှင်​တစ်ဦး​က​ခန့်မှန်း​သည်။

ယင်းကို သူတို့ အဘယ်ကြောင့်​ပြုလုပ်​ကြ

အားကစား​အစွန်းရောက်​ဝါဒီ​များစွာ​က သေ​မင်းကို​အန်တု​သော​စ​တန့်​များ​တွင် မိမိတို့​ပါဝင်​ကြ​ခြင်း​မှာ ငြီးငွေ့မှု​မှ လွတ်မြောက်​ရန်ဖြစ်​သည်​ဟု ကာကွယ်​ပြောဆို​ကြသည်။ လုပ်ရိုးလုပ်စဉ်​အလုပ်များ​ကြောင့် ငြီးငွေ့​လာ​ရာ အချို့​သူတို့သည် မိမိတို့၏​အလုပ်ကို​စွန့်ပစ်​ကာ အစွန်းရောက်​အားကစား​လောက​ရှိ လုပ်ငန်း​အသစ်​တစ်ခု​ကို လိုက်စား​လာ​ကြသည်။ “ကျွန်တော်​ဟာ စိတ်​ကြည်လင်​လန်းဆန်း​စေ​တဲ့ ဆေးဝါး​တစ်ခု​အနေ​နဲ့ ဘ​န်​ဂျီ​ကြိုး​နဲ့​ခုန်ချ​တဲ့​ကစား​နည်းကို စတင်​အသုံးပြုခဲ့တယ်။ ကျွန်တော်​ခုန်ချ​လိုက်တာနဲ့ ပြဿနာ၊ ပြဿနာ​ဆိုတာ ဘာ​ပါ​လိမ့်​လို့ ဆို​ရ​မလို​ပဲ” ဟု​အမျိုးသား​တစ်ဦး​က​ဆို​သည်။ “သူသည် ရေ​ဆင်​မ​တီး အမျိုးသား​ဥယျာဉ်​ရှိ အယ်​လ် က​က်ပီ​တန် ကျောက်ဆောင်၊ ဆန်​ဖ​ရန်စ​စ္စ​ကို ပင်လယ်အော်​တံတား​နှင့် ပြင်သစ်​ရှိ ကမ္ဘာ့​အမြင့်ဆုံး တွဲ​လွဲ​ဆွဲ​ကေ​ဘယ်​ကား​ပေါ်​မှ ခုန်ချ​ခြင်း​အပါအဝင် ၄၅၆ ကြိမ်​ခုန်ချ​ခဲ့​ဖူး​သော ဝါရင့်​တစ်ဦး​ဖြစ်သည်” ဟု​မဂ္ဂဇင်း​တစ်စောင်​က ဖော်ပြ​ခဲ့​သည်။

အစွန်းရောက်​အားကစား​များ​တွင် ပါဝင်​ဆင်နွှဲ​သူ​နောက်​တစ်ဦး​က “အချိန်​ဟာ ရပ်နေ​သလိုပဲ။ ကမ္ဘာ​ပေါ်မှာ ဘာတွေ​ဖြစ်နေ​တာ​နဲ့​ပတ်သက်ပြီး မ​ပူ​ဘူး” ဟု​ဆို​သည်။ နောက်​တစ်ဦး​က​မူ “အပျော်​အဖြစ် [အများစုမှာ ဆု​ကြေး​ငွေ​ရဖို့] ကျွန်တော်​တို့​လုပ်တဲ့​အရာ​ကို လူအများစု​ဆိုရင် သတ်​မယ်​လို့ ခြိမ်းခြောက်​ရင်တောင် လုပ်ကြ​မှာ​မဟုတ်ဘူး” ဟု​ဆို​သည်။ “အားလုံး​ဟာ သည်းထိတ်ရင်ဖို​ခံစားရ​ရေး​အတွက် ဇွတ်​တိုး​နေကြ​တယ်” ဟု န​ယူးစ်ဝိခ် မဂ္ဂဇင်းက ဖော်ပြ​ခဲ့​သည်။

စိတ်​ပညာရှင်​အချို့​သည် သည်းထိတ်ရင်ဖို​ခံစား​လို​သည့်​အကြောင်းရင်းကို ကျယ်ပြန့်​စွာ​သုတေသန​ပြု​ခဲ့​ကြသည်။ စိတ်​ပညာရှင်​တစ်ဦး​က သည်းထိတ်ရင်ဖို​ဖြစ်​လို​သူများ​အား ကိုယ်​ရည်​ကိုယ်​သွေး တီ (T) အမျိုးအစား​အဖြစ် ခွဲခြား​သတ်မှတ်​သည်။ ‘T သည်—စွန့်စား​ခြင်း၊ စိတ်ကြွ​မှု၊ စိတ်​လှုပ်ရှားမှု​နှင့် လှုံ့ဆော်မှု​ရ​ရန် ရှာကြံ​ခြင်း—သည်းထိတ်ရင်ဖို​စ​ရာ​များ (thrills) ကို​ကိုယ်စား​ပြု​သည်။’ သူက ဤသို့​ဆို​သည်– “ဘဝ​လှေကား​၏​လက်ရန်းများ—စည်းမျဉ်း​များ၊ ထုံးတမ်း​စဉ်​လာ​များ—ကို ဆုပ်ကိုင်​ထား​သူ​အချို့​ရှိသည်။ တီ အမျိုးအစား​ရှိသူ​များသည် ထို​လက်ရန်းများ​ကို မဆုပ်ကိုင်​ထား​ကြ​ချေ။ သူတို့သည် ကိုယ့်​ဘဝ ကိုယ့်​ဘာသာ​ဖန်တီး​ယူ​ကြသည်။” ကိုယ်​ရည်​ကိုယ်​သွေး တီ အမျိုးအစား​ရှိသူ​များသည် အခြားသူများ​ထက် အဝေးပြေးလမ်း​မများ​ပေါ်​တွင် မတော်တဆ​ဖြစ်မှု နှစ်ဆ​ပို​များ​ကြောင်း လေ့လာ​တွေ့ရှိ​ခဲ့​ရသည်​ဟု ထို​သူက​ဆို​သည်။ “မတော်တဆ​ဖြစ်မှု​များသည် ဆယ်ကျော်သက်​များ သေဆုံး​ရသည့် အဓိက​အကြောင်းရင်း​ဖြစ်၏၊ အကြောင်း​မှာ သူတို့သည် သည်းထိတ်ရင်ဖို​ခံစား​လို​သည့်​ဆန္ဒ​ကို ဖြည့်ဆည်း​ရန် မိမိတို့​ကိုယ်ကို အန္တရာယ်​ရှိသော​အနေအထား​တွင် ထား​လေ့​ရှိကြ​၍​တည်း။”

အသက်​အန္တရာယ်များ​သော​အားကစား​များ​ကို လိုက်စားခြင်း​သည် မည်​သူ့​အတွက်​မဆို ဓမ္မတာ​နှင့်​ဆန့်ကျင်​ကြောင်း သိပ္ပံ​ပညာရှင်​များနှင့် စိတ်​ပညာရှင်​များ​က ဝန်ခံ​ကြသည်။ လူအများသည် ပြင်းထန်​ပြီး အသက်​အန္တရာယ်​ဖြစ်​လောက်​သော ဒဏ်ရာ​များ​ရရှိခဲ့ကြ​ရာ ဆေးရုံ​များနှင့် ပြန်လည်​ထူထောင်​ရေး​ဌာန​များ​တွင် ကြာမြင့်စွာ​နေကြ​ရသည်၊ ယင်း​နောက် ပြန်ကောင်း​လာ​ရုံ​သာ​ရှိသေး​စဉ် သေ​မင်းကို​အန်တု​သော သူတို့၏​လိုက်စားမှု​တွင် ဆက်လက်​လိုက်စား​ကြ​ခြင်း​က သူတို့၏​စဉ်းစား​တွေးခေါ်​နိုင်စွမ်း​မှာ လုံးဝ​မကောင်း​တော့​ကြောင်း ဖော်ပြ​သည်။ သို့သော် ထို​သူတို့သည် များသောအားဖြင့် အလွန်​ဉာဏ်​ထက်မြက်​သူများ​ဖြစ်​နိုင်​သည်။

အသက်​နှင့် ခြေလက်​အင်္ဂါ​ကို​စွန့်​ရန် သည်းထိတ်ရင်ဖို​ခံစား​လို​သူများ​အား အဘယ်အရာက ဆွဲဆောင်​ကြောင်း ကျွမ်းကျင်​သူများ အသေအချာ​မသိကြ​ချေ။ အဖြေ​များ​မှာ ဦးနှောက်​ပေါ်​တွင် မူတည်​နိုင်​သည်​ဟု သူတို့​အဆိုပြု​ကြသည်။ သူတို့က “သင်သည် ထို​သည်းထိတ်ရင်ဖို​ခံစား​လို​မှု​ကို ရပ်ဆိုင်း​နိုင်​မည်​မဟုတ်သော်လည်း အသက်​အန္တရာယ်​ဖြစ်​နိုင်သော​စွန့်စားမှု​များ​မပြု​လုပ်ရန် ကြိုးစား​တားဆီး​ပေး​မည်။ ယု​တ်စွ​အဆုံး သင်သည် သူတို့​ကြောင့် အခြားသူများ အသက်​အန္တရာယ်​မဖြစ်​ရန် ရှောင်ရှား​စေ​လို​မည်” ဟု​ဆို​ကြသည်။

ခရစ်ယာန်​အမြင်

ခရစ်ယာန်​များသည် အသက်ကို ယေဟောဝါ​ဘုရားသခင်​ထံ​တော်​မှ အဖိုးတန်​ဆု​တစ်ခု​အဖြစ် ရှုမြင်​ကြသည်။ လူတစ်ဦး​သည် မိမိ၏​ရဲစွမ်းသတ္တိ—ယောက်ျား​မာန်—ကို​ပြ​ရန်၊ လူအုပ်​ကို​စိတ်​လှုပ်ရှား​စေရန် သို့​မဟုတ် မိမိ​ကိုယ်တိုင် ရုတ်တရက် စိတ်​လှုပ်ရှားမှု​ခံစားရ​ရန် မလို​အပ်သော​စွန့်စားမှု​များ ပြုလုပ်ခြင်း​ဖြင့် မိမိ၏​အသက်ကို တမင်တကာ အန္တရာယ်​ရှိစေ​သောအခါ သူသည် စင်စစ်​အားဖြင့် ဘုရားသခင်​ပေး​သည့် အံ့ချီးဖွယ်​အသက်ဆု​ကို မထီမဲ့မြင်​ပြု​နေခြင်း​ဖြစ်သည်။ ယေရှုသည် မိမိ၏​အသက်ကို အလွန်​တန်ဖိုး​ထား​ကာ မလိုအပ်ဘဲ အန္တရာယ်​မကျရောက်​စေ​ခဲ့​ပါ။ ကိုယ်တော်​သည် ဘုရားသခင်​ကို​စုံစမ်း​ရန် ငြင်းဆို​ခဲ့​သည်။—မဿဲ ၄:၅-၇

အလားတူ ခရစ်ယာန်​များလည်း အသက်ကို​တန်ဖိုး​ထား​ရန် တာဝန်​ရှိ၏။ “တစ်ခါ​တုန်း​က မတ်စောက်​တဲ့ ကျောက်ဆောင်​ကမ်းပါး​တစ်ခု​ကို​တက်​တဲ့​အခါ ကျွန်မ ရှေ့​တိုး​လို့လဲ​မရ၊ နောက်ဆုတ်​လို့လဲ​မရတဲ့ အဖြစ်မျိုး​ကြုံ​ခဲ့​ရတယ်။ သေလုနီးပါး​ဖြစ်​ခဲ့​တဲ့​အတွက် ဒီနေ့​အထိ​လန့်​နေတုန်းပဲ။ တကယ့်ကို​မိုက်မဲ​ပြီး အကျိုး​မရှိတဲ့​လုပ်ရပ် ဖြစ်​ခဲ့​မှာပဲ!” ဟု​ခရစ်ယာန်​တစ်ဦး​က ရေးသားခဲ့​သည်။

‘ကျွန်မ​နေတဲ့​နေရာမှာ လူငယ်တွေဟာ ဒီ​သည်းထိတ်ရင်ဖို​အားကစား​အများစုမှာ ပါဝင်​ကြတယ်။ သူတို့နဲ့အတူ​ပါဝင်​ဖို့ ကျွန်မ​ကို အမြဲ​ဆွယ်​တယ်။ ဒါပေမဲ့ သူတို့​ပြောပြ​တဲ့ ပျော်စရာ​ကောင်းတယ်​ဆို​တဲ့ အဲဒီ​အားကစား​တွေ​ကြောင့် လူတွေ​အသက်ဆုံးရှုံး​ရတာ၊ အကြီးအကျယ်​ထိခိုက်​ဒဏ်ရာ​ရတာတွေကို သတင်းတွေ​ထဲမှာ မကြာခဏ​တွေ့ရ​တယ်။ ဒီလို တစ်ခဏ​တာ သည်းထိတ်ရင်ဖို​စ​ရာ​တစ်ခု​အတွက် ယေဟောဝါ​ဘုရားသခင်​ပေး​တဲ့​အသက်ကို အန္တရာယ်​ရှိအောင်​လုပ်တာဟာ ကျွန်မ​အတွက် ပညာ​မဲ့​ရာ​ကျ​မယ်​ဆိုတာ သဘောပေါက်​လာတယ်’ ဟု​ခရစ်ယာန်​လူငယ်​တစ်ဦး​က ရေးသားခဲ့​သည်။ သင်လည်း ထိုသို့​သော ကောင်းမွန်​သည့် သဘောထား​နှင့် ချင့်ချိန်မှု​မျိုး​ရှိသူ ဖြစ်​နိုင်​ပါစေ။

[Picture Credit Line on page 21]

© Reuters NewMedia Inc./CORBIS

[Picture Credit Line on page 24]

Steve Vidler/SuperStock