မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့​ဖြစ်ရပ်​အကဲခတ်

အားရပါးရ သမ်း​လိုက်ပါ!

ပဋိသန္ဓေ​တည်​ပြီး​နောက် ၁၁ ပတ်​ခန့်အကြာ​တွင် သား​အိမ်ထဲ​ရှိ​သားငယ်​သည် စ​တင်၍​သမ်း​ဝေ​သည်​ဟု စပိန်​အပတ်စဉ်​မဂ္ဂဇင်း စ​လူ​ဒ်​က​ဖော်ပြ​သည်။ အချို့​သော​ငှက်​များနှင့် တွားသွား​သတ္တဝါများ​အပါအဝင် နို့တိုက်​သတ္တဝါ​အများစု​သည် ဤသို့​အလိုအလျောက်​သမ်း​ကြ​ကြောင်း ထင်ရှား​သည်။ ကျွန်ုပ်​တို့ သမ်း​ဝေ​ရသည့်​အကြောင်းရင်း အတိအကျ​ကို ယခု​ထိ​တိုင် ရှာဖွေ​မ​တွေ့ရှိ​သေး​သော်လည်း သုတေသီ​များ​က အကြော​ဆန့်​ခြင်း​ကဲ့သို့​သော အပြု​အမူ​များသည် သမ်း​ဝေ​ခြင်း​နှင့်​ဆက်စပ်လေ့​ရှိကြောင်း တွေ့ မြင်ခဲ့​ကြသည်။ သူတို့က ဤ​လှုပ်ရှားမှုများ​သည် “သွေးဖိအား​နှင့် နှလုံးခုန်​ကြိမ်နှုန်း​မြင့်တက်​စေသည့်​အပြင် ကြွက်သား​များနှင့် အဆစ်အမြစ်​များ​တင်းမာမှု​ကို လျော့​စေ​သည်” ကို​တွေ့မြင်​ကြသည်။ မေးရိုး​များ​ကို​အံကြိတ်​ထားခြင်း​ဖြင့် မ​သမ်း​ရန်၊ ချုပ်​ထားသော​အခါ သမ်း၍​ရရှိ​မည့်​အကျိုးကျေးဇူး​တို့ကို ကျွန်ုပ်​တို့ လက်လွှတ်​သွားလေသည်။ သို့​ဖြစ်၍ သုတေသန​ပြုသော​အဖွဲ့က အခြေအနေ​ပေး​သည်​ဆိုလျှင် ကျွန်ုပ်​တို့သည် သမ်း​ဝေ​သောအခါ “ကျွန်ုပ်​တို့၏​မေးရိုး​များနှင့် မျက်နှာ​ကြွက်သား​များ​ကို အလိုက်သင့်​ဆန့်​ထုတ်” သင့်​ကြောင်း ထောက်ခံ​လေ​သည်။ အပြည့်အဝ​သမ်း​ဝေ​လိုက်ခြင်းက သင့်​နေ့ရက်​အား လန်းဆန်း​စေနိုင်​ပါ​သည်။

ခရန့်ဘယ်ရီ​သီး​များ​က ရောဂါ​ကူးစက်​မှု​ကို တိုက်ဖျက်​ပေး

“ခရန့်ဘယ်ရီ​ဖျော်ရည်​၏​ထူးခြားမှု​သည် ရှည်လျားသော သမိုင်းကြောင်း​ရှိ၏” ဟု​လန်ဒန်​မြို့​ထုတ် သည်​တိုင်းမ်​စ်​က​ဆို​သည်။ “အမေရိကန်​လူမျိုးစု​တိုင်းရင်းသား​အလယ်တွင် ယင်းသည် ဆေးဝါး​အဖြစ်​နှင့်​တစ်မျိုး၊ ဖျော်ရည်​အဖြစ်​နှင့်​တစ်​ဖုံ နှစ်မျိုး​စ​လုံး​၌ အလွန့်အလွန်​ဂုဏ်​သတင်း​မွှေး[ပြီး] စ​ကာ​ဗီ​ရောဂါ​ကို​ကာကွယ်​ရန် အမေရိကန်​သင်္ဘောသား​များ​က အသုံးပြု​ခဲ့​ကြသည်။” ဗီတာမင်စီ​ကြွယ်ဝ​က အန်တီ​အောက်​ဆီး​ဒင့် [antioxidant] ဖြစ်​ခြင်း​ကြောင့် “ခရန့်ဘယ်ရီ​ဖျော်ရည်​တွင် အဏုဇီဝ​ပိုးမွှား​များ​ကို သုတ်သင်​နိုင်သော​ဂုဏ်သတ္တိ​များ​ရှိရာ ယင်းက အထူးသဖြင့် ဆီး​လမ်းကြောင်း​ဆိုင်ရာ​ရောဂါ​ကူးစက်​မှု​ကို တိုက်ဖျက်​ရာ​တွင် ထိရောက်​လှ​သည်။” သို့သော် ယင်းသည် ယခင်​က ယူဆ​ခဲ့​ကြ​သည့်​အတိုင်း ထို​ဖျော်ရည်​က ဆီး​တွင်​အက်​ဆစ်​ဓာတ်​ပါဝင်မှု​ကို ချေဖျက်​နိုင်​ခြင်း​ကြောင့်​မဟုတ်​ချေ။ ယင်းအစား အဆိုပါ​ဖျော်ရည်​တွင် ပါဝင်​သည့်​ပစ္စည်း​များ​က “ဆီး​လမ်းကြောင်း​နံရံ​၌ [ဆီး​အိတ်​ရော​င်​နာ​အပါအဝင် ကူးစက်​မှု​အများဆုံး​ဖြစ်စေ​သော] အီး. ကို​လို​င် ဘက်တီးရီးယား​တွယ်ကပ်​ခြင်း​ကို တားဆီး​ပေး​ရာ၊ ရောဂါ​စ၍​မဖြစ်​တည်​မီ ထို​ဘက်တီးရီးယား​ပိုး​များ ဆီး​နှင့်​ရော​ပါသွား​လေ​သည်” ဟု သည်​တိုင်းမ်​စ်​က​ဆို​၏။ ခရန့်ဘယ်ရီ​ဖျော်ရည်​သည် သွား​ဖုံး​ဆိုင်ရာ​ရောဂါ ဖြစ်နှုန်း​လျော့ကျ​စေနိုင်​ကြောင်း​လည်း သုတေသီ​များ​တွေ့ရှိ​ထား​ကြသည်။

နှလုံး​ရောဂါ​သည်​များ​အတွက် ဦးနှောက်​ပိုင်း​အကာအကွယ်

“အသစ်​တွေ့ရှိ​ထားသော သုတေသန​ပြု​မှု​နှစ်ရပ်​အဆို​အရ နှလုံး​ရောဂါ​ခံစား​နေရသူ​တို့၏​ခန္ဓာကိုယ်​အပူချိန်​ကို ဒီဂရီ​အနည်းငယ်​မျှ လျှော့ချ​ပေးခြင်း​ဖြင့် သူတို့၏​နောက်ဆက်တွဲ​ဖြစ်လာ​နိုင်သော ဦးနှောက်​ပျက်စီးခြင်း​နှင့် သေဆုံး​ခြင်း​တို့​မှ သိသိသာသာ​လျော့နည်း​သွား​သည်” ဟူ၍ ကနေဒါ​နိုင်ငံ​ရှိ တို​ရန်​တို စ​တား​သတင်းစာ​မှ အစီရင်ခံ​ချက်​တစ်ရပ်​က​ဆို​သည်။ ဥရောပ​ငါး​နိုင်ငံ​ပါဝင်​သည့် လေ့လာမှု​တစ်ရပ်​နှင့် ဩစတြေးလျ​ပါဝင်သော​အခြား​လေ့လာမှု​က သာမန်​ကိုယ်​အပူချိန်​ထက် အနည်းငယ်​ကျဆင်း​စေခြင်း​သည် လူနာများ​အတွက် နဗ်ကြော​လုပ်ဆောင်မှု​နှင့် အသိဉာဏ်​ပိုင်း​ဆိုင်ရာ​လုပ်ဆောင်မှု​တို့​တွင် သာ၍​ကောင်းစွာ​နာလန်ထူ​လာ​စေ​ကြောင်း တွေ့ရှိ​ကြသည်။ ဆေးရုံ​သို့​ရောက်ချိန်​တွင် မြော​နေသည့် နှလုံး​ရောဂါ​သည်​များ​၏​ကိုယ်​အပူချိန်​ကို လေ​အေး​နှင့် ရေခဲ​အိတ်များ​သုံး​၍ ၁၂ နာရီ​နှင့် ၂၄ နာရီ​ကြာ​အထိ ၃၃ ဒီဂရီ ဆဲလ်စီယပ်စ် (၉၀ ဒီဂရီ​ဖာရင်ဟိုက်) အထိ​လျော့​ချ​ခဲ့​ကြသည်။ နှလုံး​ရောဂါ​အထူးကု​ဆရာဝန်​ဖြစ်သော ဘဲ့သ် အာဗြံ​စံ​အဆို​အရ ဤ​ကုန်ကျ​စရိတ်​နည်း​ပြီး ရိုးရှင်း​သော​နည်း​ပညာ​ကုထုံး​သည် “ဦးနှောက်​ဆဲလ်​များ​ကို​သေစေ​သည့် ဓာတု​ဖြစ်​စဉ်​ကို ဖြတ်တောက်​ပစ်ပေး​ရင်း ဦးနှောက်​၏ အောက်​စီ​ဂျင် လိုအပ်ချက်​ကို လျှော့ချ​ပေး​၏” ဟု စ​တား​က ဖော်ပြ​သည်။ “ဤ​အအေးဓာတ်​ပေး​သည့်​နည်း​နိဿယ​သည် အလွန်​အောင်မြင်​ပုံ​ရှိ​လှ​သဖြင့် ဆေးရုံ​သို့​ရောက်လာ​သော နှလုံး​ရောဂါ​သည်​အားလုံး​ကို ကုသ​ရာ​တွင် အဆိုပါ​လုပ်ထုံး​ကို ပုံမှန်​အသုံးပြု​ကြ​ရန် ကနေဒါ​နိုင်ငံ၊ အမေရိကန်​ပြည်ထောင်စု၊ ဩစတြေးလျ​နှင့် ဥရောပ​မှ​ဆရာဝန်​များ​က ထောက်ခံ​ပြောဆို​နေကြ​သည်။”

ကလေး​စစ်သား​များ ပိတ်ပင်

“ကမ္ဘာ​တွင် လူ့​အခွင့်အရေး​ချိုးဖောက်​မှု​ကြီး တစ်ခု​ဖြစ်သည့် စစ်သား​များ​အဖြစ် ကလေး​တွေ​အား အသုံးပြုခြင်း​ကို ဆယ်နှစ်​ကြာကြာ နိုင်ငံတကာ​မှ ဆန့်ကျင်​လာ​ခဲ့​ပြီး​သည့်​နောက် ယင်းကို တားမြစ်​သည့်​သဘောတူ​စာချုပ်​တစ်ရပ်​သည် ယနေ့ အကျိုး​သက်ရောက်မှု​ရှိလာ​လေ​ပြီ” ဟု ကုလသမဂ္ဂ​မှ ထုတ်ဝေ​သည့် ၂၀၀၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်​နေ့​ထုတ် သတင်းစာ​က​ဆို​သည်။ ၉၆ နိုင်ငံ​မှ လက်မှတ်​ရေးထိုး​ထားသော ရွေးချယ်​နိုင်ရာ​မူကြမ်း​တစ်ခု​က “အမြဲ​အမှုထမ်း​ရသော​စစ်တပ်​များ​အတွင်း စည်းမျဉ်း​အရ မဝင်​မနေ​ရ တပ်သား​စုဆောင်းမှု​တွင် အသက် ၁၈ နှစ်​အောက် မပါ​ရှိစေရန်​နှင့် စိတ်လို​ကိုယ်​လျောက်​တပ်​ထဲ​ဝင်​မှု​အတွက် အသက်​အနည်းဆုံး ၁၆ နှစ်​သို့​တိုးမြှင့်​ရန် အစိုးရ​များ​အပေါ် တာဝန်​ပေး​ထား​သည်။” “လောလောဆယ်တွင် ကလေး​သန်း​ဝက်​သည် ကမ္ဘာ​တစ်ဝန်း ၈၅ နိုင်ငံ​ရှိ အစိုးရ​စစ်တပ်​များ၊ လက်နက်ကိုင်​တပ်ဖွဲ့​ဝင်​များ၊ လက်နက်ကိုင်​အုပ်စု​များ​တွင် အမှုထမ်း​နေကြ​သည်” ဟု​ခန့်မှန်း​ရ၏; “သူတို့​ထဲ​မှ ၃၀၀,၀၀၀ ကျော်​တို့သည် ၃၅ နိုင်ငံ​ကျော်​၌ တက်တက်ကြွကြွ​တိုက်ခိုက်​နေကြ​သည်။” ယူအဲန်​သတင်း​ဌာန ဝက်​ဘ်ပေ့ခ်ျ [Web page]အရ ထို​သူတို့​ထဲ​မှ ကလေး​အများစု​သည် အတင်းအကျပ်​ခေါ်ဆောင်​ခံရ​ခြင်း​ဖြစ်​ပြီး “ထွက်ပြေး​ဖို့​ကြိုးစား​လျှင် ရိုက်နှက်​ခံရ​ကြ သို့​မဟုတ် အသတ်ခံ​ကြ​ရသည်။ အထူးသဖြင့် မိန်းကလေး​များ​ခံ​နေရ​သည်၊ အကြောင်း​မှာ မကြာခဏ​ဆို​သလို​ပင် သူတို့သည် လိင်ဆိုင်ရာ​အမြတ်​ထုတ်​ခံ​နေရ​ကြသည်။”

ဆေးဝါး​နှင့် သက်ကြီးရွယ်အို​များ

“အသက် ၆၀ ကျော်​သူတို့သည် ပျမ်းမျှ​အားဖြင့် အသက်ငယ်​သော​လူနာများ​ထက် ဆေးဝါး​သုံးမျိုး၊ သုံး​ဆ​မှီဝဲ​ကြ​ရသည်” ဟု ဂျာမနီ​နိုင်ငံ​မှ ဒါ စ​ပိုက်​ဂျဲလ်​သတင်းစာ​နယ်​ဇင်း​က​ဆို​သည်။ “သို့သော်လည်း [ဆေးဝါး] အချင်းချင်း​မတည့်​သည့်​အန္တရာယ်​ရှိရာ ရလဒ်​အဖြစ် ဘေးထွက်​ဆိုးကျိုး​များသည် ဆေးဝါး​မှီဝဲခြင်း​၏ အကြိမ်​အရေအတွက်​ပေါ်​မူတည်၍ လျင်မြန်​စွာ​တိုးများ​လာ​နေသည်။” အခြားသော​ဖြစ်​နိုင်​ခြေ​ရှိ ခက်ခဲ​လာ​မှု​မှာ “မိသားစု​ဆရာဝန်​များသည် . . . သက်ကြီးရွယ်အို​တို့​တွင် ကျောက်ကပ်​၏​လုပ်ဆောင်မှု လျော့နည်းလာ​ခြင်း​ကို ထည့်တွက်​လေ့​မရှိခြင်း​ဖြစ်သည်။” ရလဒ်​ကား ကိုယ်ခန္ဓာ​အတွင်း​၌ ဆေးဝါး​များ စုပုံ​လာနိုင်​သည်။ သို့ဖြင့် “အသက် ၄၀ ရှိသူ​တစ်ဦး​အတွက် သင့်လျော်​သော​ဆေး​တစ်ခွက်​စာ​သည် အသက် ၇၀ ရှိသူ​တစ်ဦး​အတွက် အဆိပ်​ဖြစ်စေ​နိုင်​သည်” ဟု ဒါ စ​ပိုက်​ဂျဲလ်​က​ရှင်းပြသည်။ “အသက်​ကြီး​သူများစွာ​သည် ရေအလုံ​အ​လောက်​မ​သောက်​ခြင်း​ကြောင့် သာ၍​ဆိုး​လာ​စေ​သည်။” မှတ်တမ်းက ရေ​ဓာတ်​ကုန်ခန်း​ခြင်း​တစ်ခု​တည်း​က​ပင် အ​ကိုက်​အခဲ​ပျောက်ဆေး၊ စိတ်​ငြိမ်​ဆေး​နှင့် သွေး​ပေါင်​ကျ​ဆေး​များ​ကဲ့သို့​သော ဆေးဝါး​တို့​နှင့် တန်းတူ​ဘေးထွက်​ဆိုးကျိုး​များ​ကို ဖြစ်ပေါ်​စေနိုင်​သည်​ဟူ၍ ထပ်ဆင့်​ဖော်ပြ​သည်။ ယင်း​ရောဂါ​လက္ခဏာ​တို့​တွင် အသက်​ကြီးရင့်​မှု​အပေါ်​ပုံချ​တတ်ကြ​သည့် စိတ်ရှုပ်​ထွေး​ခြင်း၊ ကယောင်ကတမ်း​ဖြစ်​ခြင်း​နှင့် မူးဝေခြင်း​တို့​ပါဝင်​၏။

သေစေနိုင်​သော စိတ်ကြွ​ရူးသွပ်​ဆေး

ရေ့ဗ်​ကပွဲ​များ​ခေါ်ဆို​သည့် ညလုံးပေါက်​ကပွဲ​နေရာများ​သို့ သွားရောက်​ကြ​သူ ၁၀ ယောက်​တွင် ကိုးယောက်​သည် စိတ်ကြွဆေး​ဟု​သိထားကြ​သည့် အမ်​ဖီ​တာ​မင်း​အခြေပြု မူးယစ်​ဆေး​ကို သုံးစွဲ​ကြ​ကြောင်း စပိန်​နိုင်ငံ​မှ​သတင်းစာ အဲလ်​ပီစ်​က အစီရင်ခံ​သည်။ မကြာသေးမီ​က လူငယ်​နှစ်ဦး​သည် စပိန်​နိုင်ငံ​ရှိ ရေ့ဗ်​ကပွဲ​တစ်ခု​တွင် စိတ်ကြွဆေး အသောက်​လွန်​၍​အသက်ပါ​သွားခဲ့သည်။ သေဆုံး​သွား​သူတို့၏​သူငယ်ချင်း​တစ်ဦး​က “မူးယစ်​ဆေး​ကို မပြတ် ကမ်း​လှမ်း​နေတယ်” ဟူ၍ ပြန်​ပြောပြ​သည်။ အဘယ်ကြောင့် လူငယ်တို့ မူးယစ်​ဆေးဝါး​ကို သုံး​ကြ​သနည်း။ ရွယ်တူချင်း​ဖိအားပေး​မှု​နှင့် ဤ​စိတ်ကြွဆေး​က​ဖြစ်ပေါ်​စေသော ခင်မင်မှု​နှင့် မိမိကိုယ်ကို အထင်ကြီး​လေးစား​စေသည့် ယာယီ​ခံစားချက်​တို့​ကြောင့်​ဖြစ်သည်။ လူငယ်တို့​သည် မကြာခဏ​ပင် စိတ်ကြွဆေး​ကို ဆေးခြောက်၊ ကို​ကင်း​တို့​ကဲ့သို့​သော မူးယစ်​ဆေးဝါး​များ သို့​မဟုတ် အရက်​တို့​နှင့်​ပေါင်းစပ်​သုံးစွဲ​ကြ​ရာ ယင်း​တို့အားလုံး​က အန္တရာယ်​ရှိ​ဘေးထွက်​ဆိုးကျိုး​ကို သာ၍​ဖြစ်ပေါ်​စေ​သည်။ ဤ​စိတ်ကြွဆေး​သည် မေ့မေ့လျော့လျော့​ဖြစ်လာ​ခြင်း​နှင့် စိတ်ဓာတ်ကျ​ဆင်း​ခြင်း​သာမက ‘အသက်ရှူ​ကျပ်​ခြင်း၊ ဦးနှောက်​သွေး​ယို​ခြင်း​အပြင် အသက်ဆုံးရှုံး​ခြင်း​ကို​ပင်’ ဖြစ်စေ​နိုင်​ကြောင်း စပိန်​နိုင်ငံ​၏ အမျိုးသား​မူးယစ်​ဆေးဝါး​ဆန့်ကျင်ရေး​အစီအစဉ်​က သတိပေး​သည်။

လုပ်ငန်းခွင်​၌ ဆဲရေး​တိုင်းထွာ​ခြင်း

ယုတ်ညံ့​ရင့်သီးသော​စကား​များသည် အလုပ်​ဝန်းကျင်​များစွာ​တွင် ထမင်း​စား​ရေ​သောက်​ဖြစ်​နေပြီ​ဟူ၍ ကနေဒါ​နိုင်ငံ၊ မွန်​ထ​ရီ​ရော​လ်​မြို့မှ သည်​ဂေ​ဇ​က်​သတင်းစာ​က ဖော်ပြ​သည်။ ကျွမ်းကျင်​ပညာရှင်​အချို့​က ဆဲရေး​ခြင်း​သည် လုပ်ငန်းခွင်​၌ စိတ်ဓာတ်ကျ​ဆင်း​ခြင်း​ကို တိုးများ​လာ​စေ​ကြောင်း အခိုင်အမာ​ပြောဆို​သည်။ မက်​ဂျေးလ်​တက္ကသိုလ်​မှ အဖွဲ့အစည်း​ဆိုင်ရာ​အမူအကျင့်​၏ ပါမောက္ခ​တစ်ဦး​ဖြစ်သော ကာ​ရန် ဟာ​လို​စ်​က ဤသို့​ဖော်ပြ​သည်– “ယုတ်ညံ့​ရင့်သီးသော​စကား​သည် မနှစ်သက်​ဖွယ်​ဝေဖန်ချက်​တစ်စိတ်​တစ်ပိုင်း​ဖြစ်​မည်​ဆိုလျှင် ယင်းက အလုပ်သမား​တစ်ဦး၏ ပစ္စည်း​ထုတ်လုပ်​နိုင်​မှု​စွမ်းရည်၊ မိမိကိုယ်ကို​လေးစားမှု သို့​မဟုတ် ကျန်းမာ​ရေး​အပေါ် အန္တရာယ်​ဖြစ်စေ​သော​ထိခိုက်​နစ်နာမှု​တစ်ရပ် ဖြစ်လာ​နိုင်​သည်။” အထက်​ဖော်ပြ​ပါ​သတင်းစာ​အရ လုပ်ငန်းခွင်​တွင် “အလုပ်ရှင်​သည် ပုံ​နမူနာကို ပြ​လေ့​ရှိပြီး” အခြားသူ​တို့​က လိုက်လုပ်​ကြသည်။ သင့်​လုပ်ငန်းခွင်​၌ ဆဲရေး​တိုင်းထွာ​ခြင်း​ကြောင့် သင်သည် စိတ်​အနှောင့်အယှက်​ဖြစ်​မည်​ဆိုလျှင် ဦးဆုံး​အနေ​နှင့် “တရားလွန်​နေသော​ပုဂ္ဂိုလ်​ထံ” ချဉ်းကပ်​၍ “သင့်​ရှေ့မှောက်​တွင် ဆဲရေး​ခြင်း​ကို မပြု​ပါ​ရန် ထို​သူအား ယဉ်ယဉ်ကျေးကျေး​တောင်းဆို​ကြည့်​ပါ” ဟု သည်​ဂေ​ဇ​က်​သတင်းစာ​က​အကြံပြု​သည်။

အိမ်အလုပ်​သည် လေ့ကျင့်ခန်း​ကောင်း​ဖြစ်

ဖုန်​စုပ်​စက်​ဖြင့်​ဖုန်​စုပ်​ခြင်း၊ မှန်​ပြတင်းပေါက်​များ​ဆေးကြောခြင်း၊ ကလေး​စီး​လက်​တွန်း​လှည်း​တွန်း​ခြင်း​တို့ကို ကျန်းမာ​ရေး​နှင့်​ညီညွတ်သော​လေ့ကျင့်ခန်း​ဟု သတ်မှတ်​နိုင်​သလော။ ဩစတြေးလျ​နိုင်ငံ ကွင်းစလန်​တက္ကသိုလ်​မှ မကြာသေးမီ​က​ပြုလုပ်​သော လေ့လာမှု​တစ်ရပ်​အရ ရရှိသော​အဖြေ​က သတ်​မှတ်၍​ရစေသည်။ သုတေသီ​များ​က ငါး​နှစ်​အောက်​ကလေး​ရှိသော မိခင်​ခု​နစ်​ဦး​အား သူတို့၏​နေ့စဉ်​လုပ်ငန်းဆောင်တာ လုပ်ဆောင်​ချိန်​အတွင်း အောက်​စီ​ဂျင်​ရှူသွင်း​မှု​ကို တိုင်းတာ​ကြည့်​ရန် ဓာတ်ငွေ့​ဆန်းစစ်မှု​ကိရိယာ​ဖြင့် တပ်ဆင်​တိုင်းတာ​ကြည့်​ခဲ့​သည်​ဟူ၍ ကန်​ဘဲ​ရာ တိုင်းမ် သတင်းစာ​မှ အစီရင်ခံစာ​တစ်ရပ်​က ဖော်ပြ​သည်။ သုတေသီ​များ​အဆို​အရ “အိမ်မှုကိစ္စ​များနှင့်​စပ်​လျ​ဉ်း​သော လုပ်ငန်း​တာဝန်​အချို့​ကို လိုအပ်​သည့်​အတိုင်းအတာ​ဖြင့် အားသွန်ခွန်စိုက်​လုပ်ဆောင်ခြင်းက ကျန်းမာ​ရေး​အကျိုးကျေးဇူး​အချို့ ရရှိစေ​ကြောင်း ရှာဖွေ​တွေ့ရှိချက်​များ​က ဖော်ပြ​သည်။ “အမျိုးသမီး​တို့၏​အိမ်မှု​အလုပ်​သည် ခပ်​သွက်သွက်​လမ်းလျှောက်ခြင်း၊ စက်ဘီး​စီး​ခြင်း သို့​မဟုတ် ရေကူး​ခြင်း​ကဲ့သို့​သော အတော်အသင့်​အားစိုက်​ရသည့် လေ့ကျင့်ခန်း​နှင့် တန်းတူ​လောက်​ကျ​ကြောင်း” ပါမောက္ခ ဝင်ဒီ ဘရောင်း​က တွေ့ရှိ​ခဲ့​သည်​ဟု မှတ်တမ်းက​ဖော်ပြ​သည်။ “ယင်းသည် ပဏာမ ရှာဖွေ​တွေ့ရှိချက်​သာ​ဖြစ်သည်၊ သို့သော် အမျိုးသမီးများ​သည် တစ်​နေ​ကုန် အိမ်မှုကိစ္စ​လုပ်ကိုင်​နေကြ​သည့်​အတွက် သူတို့ကို မ​လှုပ်ရှား​သူ​ဟု သင်​သတ်​မှတ်၍​မရနိုင်​သည်​မှာ ရှင်းနေပါသည်” ဟူ၍ ဘရောင်း​က​ဆို​သည်။

ကွန်ကရစ်​ကို​အားဖြည့်ပေး​သည့် စပါး​ခွံ​များ

“ကြာရှည်​တည်မြဲ​ပြီး ရာသီဥတု​နှင့် ဝန်းကျင်​ဒဏ်​ကို ပို​ခံနိုင်​သည့် အဆောက်အအုံ​များ ဆောက်လုပ်​မှု စက်​မှု တော်လှန်ရေး​ပေါ်ပေါက်​မည်​ဟု သုတေသီ​များ​က ဟောကိန်းထုတ်​နေကြ၏” ဟု ဘရာဇီး​နိုင်ငံ​၏ ဂျော်​နာ​လ် ဒ​ယူအက်စ်​ပီ က​ဖော်ပြ​သည်။ ယင်း​သို့ ဖြစ်​နိုင်​ခြေ​ရှိသည်၊ အကြောင်း​မှာ ဘရာဇီး​နိုင်ငံ၊ ဆောပိုလို​မြို့ရှိ စက်​မှု​တက္ကသိုလ်​ကျောင်း​မှ သုတေသီ​များ​က ဘိလပ်မြေ​အသစ်​တစ်မျိုး​ကို ဖော်ထုတ်​လိုက်​သောကြောင့်​ဖြစ်သည်။ အဆိုပါ​သိပ္ပံ​ပညာရှင်​များသည် အလွန်​ည​က်ညော​သည့် အရည်အသွေး​မြင့် ထုတ်ကုန်​ပေါ်ထွက်​စေရန် စပါး​ခွံဖွဲ​ပြာ​မှ​ထုတ်ယူ​ထားသော စီ​လီ​ကွန်​ဒြပ်စင်​ကို သာမန်​ဘိလပ်မြေ​နှင့် ရောစပ်​ကြည့်​ကြသည်။ ရရှိ​လာသော​ကွန်ကရစ်​သည် အရည်ယိုစိမ့်​ဝင်နိုင်​မှု​နည်းပါးခြင်း၊ ညစ်ညမ်းမှု​ဒဏ်၊ ရာသီဥတုဒဏ်​တို့ကို သာ၍​ခုခံနိုင်​ကာ စံ​ထားသော​ကွန်ကရစ်​ထက် အနည်းဆုံး​သုံး​ဆ သို့​မဟုတ် လေးဆ​ပိုမို​ခိုင်ခံ့​သည်။ ဤ​အတွက်​ကြောင့် အဆောက်အအုံ​၏​အမာခံ​တိုင်​မကြီး​များ​ကို ၃၀ ရာခိုင်နှုန်း​အထိ ငယ်​အောင်​လျော့​ချ​စေနိုင်​သည်၊ “သို့သော် နှိုင်းယှဉ်​၍​ရသော​ခိုင်ခံ့မှု[နှင့်] ရလဒ်​ကား သာ၍​နေရာ​ကျယ်​လာ​ခြင်း၊ ပေါ့ပါး​သော​အဆောက်အအုံ​များ၊ အချိန်တို​တို​ဖြင့် ဆောက်လုပ်​ပြီးစီး​ခြင်း၊ ဆောက်လုပ်ရေး​ပစ္စည်း​များနှင့်​ပတ်သက်​၍ ကုန်ကျ​စရိတ်​နည်းစေ​ကာ လုပ်အား​သက်သာ​စေ​သည်” ဟု ဂျော်​နာ​လ် ဒ​ယူအက်စ်​ပီ က​ဆို​သည်။ ကမ္ဘာ​တစ်ဝန်း နှစ်စဉ် စပါး​ခွံ တန်​ချိန်​သန်းပေါင်း ၈၀ ခန့် ထွက်​ရှိနေ​ရာ စီ​လီ​ကွန်​ဒြပ်စင် တန်​ချိန် သန်းပေါင်း ၃.၂ တန်​ကို ထုတ်ယူ​နေကြ​သည်။