မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကြောက်ရွံ့ထိတ်လန့်ဖွယ် စီးဆင်းလာသော ချော်ရည်ပူများမှ ထွက်ပြေးလွတ်မြောက်!

ကြောက်ရွံ့ထိတ်လန့်ဖွယ် စီးဆင်းလာသော ချော်ရည်ပူများမှ ထွက်ပြေးလွတ်မြောက်!

ကြောက်ရွံ့​ထိတ်လန့်ဖွယ် စီးဆင်းလာ​သော ချော်ရည်ပူ​များ​မှ ထွက်ပြေး​လွတ်မြောက်!

ကွန်ဂို (ကင်​ရှာ​ဆာ) မှ နိုးလော့! စာရေးသူ ပေး​ပို့​သည်

၂၀၀၂၊ ဇန်နဝါရီ ၁၅ ရက်၊ အင်္ဂါ​နေ့​သည် ဗဟို​အာဖရိက​နိုင်ငံ​၏ ပုံမှန်​နေ့​တစ်နေ့​ကဲ့သို့​ပင် ဖြစ်သည်။ ကျွန်တော်​သည် ယေဟောဝါသက်သေ​နောက်​တစ်ဦး​နှင့်အတူ ဂ​ရိတ်​လိ​တ်ခ်​ဒေသ​ရှိ သက်သေခံ​များနှင့်​တွေ့ဆုံ​ရန် ကွန်ဂို​နိုင်ငံ (ကင်​ရှာ​ဆာ) ကီဗူ​ပြည်နယ် ဂေါမာ​မြို့​သို့ ရောက်ရှိ​လာ​သည်။

စိုးရိမ်​စ​ရာ​ရှိသလော

နိုင်​ရန်​ဂွန်​ဂို မီးတောင်​သည် (၁၁,၃၈၅ ပေ​မြင့်​သည်) ဂေါမာ​မြို့မှ ၁၂ မိုင်​အကွာ​တွင်​တည်ရှိ​ပြီး ယင်း​၏​လက္ခဏာ​ထူးခြား​လာ​မှု​သည် ကျွန်တော်​တို့အတွက် စိတ်ဝင်စားဖွယ်​ဖြစ်နေ​သည်။ မီးတောင်​မှ မြည်ဟည်းသံ​များ ကြားနေ​ရပြီး မှုတ်ထုတ်​လိုက်​သော မီးခိုး​များ​ကိုလည်း တွေ့​နေရ​သည်။ ဒေသခံ​များ​အတွက် နှစ်​၏​ဤ​အချိန်တွင် ထိုသို့​ပင်​ဖြစ်နေ​ကျ​ဖြစ်၍ မစိုးရိမ်​ကြ​ပါ။

ကျွန်တော်​တို့သည် မွန်းလွဲပိုင်း​အချိန်တွင် ယေဟောဝါသက်သေ​များ​၏ အသင်းတော်​နှစ်ခု​မှ​ကျင်းပ​သော အစည်းအဝေး​များ​ကို တက်ရောက်​ကြသည်။ မြေကြီး​တုန်​နေသည်​ကို ခံစား​သိရှိ​ရပြီး မြည်ဟည်းသံ​များ​ကို ကြားနေ​ရသည်။ ယင်းကို မည်သူ​တစ်ဦး​တစ်ယောက်​က​မျှ အမှု​ထား​ပုံ​မရ​ပေ။ ဒေသခံ​အာဏာပိုင်​များ​က အခြေအနေ ဆိုးဆိုးရွားရွား​ဖြစ်​မည်​မဟုတ်​ဟု ပြည်သူ​များ​ကို အ​လီလီ​အာမခံ​ထား​သည်။ ကွန်ဂို​နိုင်ငံသား မီးတောင်​ပညာရှင်​တစ်ဦး​က မီးတောင်​ပေါက်​မည့်​အကြောင်း လ​နှင့်​ချီ​၍ ကြို​သတိပေး​ခဲ့​သော်လည်း မည်သူမျှ သူ့ကို​မယုံကြ​ပါ။ မိတ်ဆွေ​တစ်ယောက်​က အမှတ်မထင် ဤသို့​မှတ်ချက်ချ​သည်၊ “ဒီ​မီးတောင်​ရှင်​ကြောင့် ဒီ​ညနေ ကောင်းကင်​ကြီး နီရဲ​နေလိမ့်မယ်။”

“အချိန်​မ​ဆွဲ​ဘဲ အမြန်​ပြေး!”

တည်းခို​သော​အိမ်​သို့ ပြန်ရောက်​သည်​နှင့် “အချိန်​မ​ဆွဲ​ဘဲ အမြန်​ပြေး!” ဟု ကျွန်တော်​တို့ကို ဆီး​၍​ပြော​သည်။ အန္တရာယ်​ရှိသော အခြေ​ဆိုက်​နေသည်။ မြို့​သည် ပို​၍​အန္တရာယ်​ရှိသည့် အခြေအနေ​တွင်​ရှိသည်။ အပြောင်းအလဲ မြန်​လွန်း​သည်! ဂေါမာ​မြို့ကို သက်သေခံခြင်း​လုပ်ငန်းများ​အတွက် ဗဟို​နေရာတစ်ခု​အဖြစ် အသုံးပြု​မည်​အကြောင်း စောစော​က​ပင် ကျွန်တော်​တို့ ဆွေးနွေး​ခဲ့​ကြသည်။ ယခု ညနေခင်း​အချိန်တွင် ပျက်စီး​တော့​မည့်​အန္တရာယ်​ကြောင့် မြို့ထဲ​မှ​ထွက်ပြေး​ရန် ပြော​လာ​သည်!

မိုးချုပ်​ခါနီး​တွင် ကောင်းကင်​သည် နီရဲ​လာ​သည်—သေချာ​လေ​ပြီ! နိုင်​ရန်​ဂွန်​ဂို မီးတောင်​မှ ချော်ရည်ပူ​များ မြို့​ဘက်​သို့ အိ​၍​စီးဆင်းလာ​သည်။ မီးတောင်​သည် ဆူ​ပွက်​နေသော​ကြောင့် အိုး​အတွင်းမှ ဖိတ်စင်​လျှံ​ထွက်​နေသော ဧရာမ​ရေနွေးအိုး​ကြီး​တစ်လုံး နှင့်​တူ​ပြီး ချော်ရည်ပူ​များ​စီးဆင်း​ရာ​လမ်းကြောင်း​ရှိ အရာအားလုံးကို သိမ်း​ရုံး​ဖျက်ဆီး​ပစ်​သည်။ ကျွန်တော်​တို့၏ လက်ဆွဲအိတ်​ကို တစ်ခါမျှ ဤမျှ​မြန်မြန် မ​ထုပ်ပိုး​ခဲ့​ဖူး​ပါ! အချိန်​မှာ ည ၇ နာရီ​ထိုး​တော့​မည်​ဖြစ်သည်။

ထောင်နှင့်ချီ​သော​သူများ လမ်းမ​ပေါ် ထွက်ပြေး​နေကြ

ကျွန်တော်​တို့ က​သောက​မျော​ပြေး​လာစဉ် ဂေါမာ​မြို့ပြင်​သို့​ထွက်​သော လမ်းမကြီး​မှာ အသက်​လု​ပြေး​သူများ​နှင့် ပြည့်နေ​သည်။ အများစု​သည် မိမိတို့​နိုင်​သလော​က် က​ပျာ​က​ယာ​ထုပ်ပိုး​လာသော ပစ္စည်းပစ္စယ​များ​ကို သယ်ဆောင်​ကာ ခြေလျင်​သွား​နေကြ​သည်။ များစွာ​သော​သူများ​သည် အထုပ်အပိုး​များ​ကို ခေါင်း​ပေါ်​တွင် ရွက်​ထား​ကြသည်။ ပြွတ်သိပ်​လျှံ​ထွက်​နေ​အောင် တင်ဆောင်​ထား​သည့် ကား​အနည်းငယ်​ရှိသည်။ အားလုံး​သည် အနီးအနား​ရှိ ရဝမ်ဒါ​နယ်စပ်​သို့ ဦးတည်​သွား​နေကြ​သည်။ သို့သော် မီးတောင်​တစ်ခု​ကို လူ​တို့​သတ်မှတ်​ထားသော နယ်နိမိတ်​များ​က မ​ဟန့်တား​နိုင်​ပါ။ ချော်ရည်​စီးဆင်းလာ​သည်ကို မည်သည့်​စစ်တပ်​မှ မတားဆီး​နိုင်​ပါ! စစ်သား​များလည်း ချော်ရည်​များ​ကို​ကြောက်​၍ အသက်​လု​ပြေး​နေကြ​သည်ကို ကျွန်တော်​တို့​တွေ့ရ​သည်။ နောက်ဆုံး​တွင် ကား​များသည် လမ်းပေါ်တွင် ရှေ့ဆက်​မ​တိုး​နိုင်​တော့​ပေ။ ကျွန်တော်​တို့ ခြေကျင်​ဖြင့် ခရီးဆက်​ကြ​ရမည်​ဖြစ်သည်။ မီးတောင်​၏​အမျက်​ဘေး​မှ ဝေးရာ​သို့​ထွက်ပြေး​နေကြ​သော အမျိုးသား၊ အမျိုးသမီး၊ ကလေး​များနှင့် နို့စို့​ကလေး​များ​ပါဝင်​သည့် ကုန်း​ရု​န်း​ပြေးလွှား​နေကြ​သော လူပေါင်း ၃၀၀,၀၀၀ အုပ်​ထဲ​တွင် ကျွန်တော်​တို့ ပါဝင်​ကြသည်။ ကျွန်တော်​တို့ ခြေဖဝါး​အောက်​မှ မြေကြီး​သည် အဆက်မပြတ် မြည်ဟည်းသံ​များ​ဖြင့် တုန်​နေသည်။

လူတိုင်း​အသက်​လု​ပြေး​နေကြ​သည်။ မြို့ကြီး​တစ်မြို့​မှ သူစိမ်း​များ​ဖြစ်နေ​သော ကျွန်တော့်​မိတ်ဆွေ​နှင့် ကျွန်တော်​သည် ထို​သူတို့​ထဲ​တွင် ရှိနေပြီး ကျွန်တော်​တို့ကို ဂရုစိုက်​စောင့်ရှောက်​ပေး​ကြသော သက်သေခံ​တချို့​လည်း ရှိသည်။ သူတို့​ရှိနေခြင်း​နှင့် သူတို့၏ အထူး​ဂရုစိုက်​စောင့်ရှောက်​ပေး​မှု​က ကျွန်တော်​တို့​စိတ်​ကို ထိမိ​စေ​သည်၊ အရေးပေါ်​ကာ ဘေးကျပ်နံကျပ်​ဖြစ်နေ​သော ဤ​အခြေအနေ​တွင် လုံခြုံမှု​ရှိသည်​ဟု ကျွန်တော်​တို့ ခံစားရ​သည်။ လူများ​သည် အဝတ်အစား၊ အိုး​ခွက်​ပန်းကန်​များနှင့် အစားအစာ​တချို့​ကို သယ်ဆောင်​နိုင်​သရွေ့​သယ်​ပြေး​နေကြ​သည်။ ဤ​လူအုပ်ကြီးသည် တစ်ဦး​နှင့်​တစ်ဦး တိုးဝှေ့​ပြေး​နေကြ​သည်။ အချို့​သူတို့သည် ကျော်​တက်​ရန် ကြိုးစား​နေသော ကား​များ​၏ တိုက်မိခြင်း​ကြောင့် ပစ္စည်း​လွတ်ကျ​ကာ နင်း​သွား​ကြ​သဖြင့် အနည်းငယ်​သာ​ပါ​လာ​သည့် သူတို့၏​ပိုင်ဆိုင်ရာ​များ ဆုံးရှုံး​သွား​သည်။ ချော်လဲ​လျှင် အ​နင်း​ခံရ​မည်​သာ။ လူများ​သည် အလွန့်အလွန် စိတ်ပူ​ပင်​သောကရောက်​နေကြ​သည်။ လူတိုင်း ကြောက်ရွံ့​နေကြ​သည်။ ကျွန်တော်​တို့သည် မိုင်​အနည်းငယ်​သာ​ဝေး​သော ရဝမ်ဒါ​နိုင်ငံ​ရှိ ဂီ​စ​န်​န​ရီ​မြို့​သို့ ကြိုး​စား၍​သွား​နေကြ​သည်။ မြန်​သည်ထက်​မြန်​အောင် ခရီးဆက်​ကြသည်။

ဘေးကင်း​သော တစ်ည​တာ

တည်းခိုခန်း​တစ်ခု​သို့ ကျွန်တော်​တို့ ရောက်လာ​သည်၊ သို့သော် တည်းခို​စ​ရာ​အခန်း မကျန်​တော့​ပါ။ ဥယျာဉ်​ထဲ​ရှိ စားပွဲ​တစ်ခု​ဘေး​တွင် ထိုင်ပြီး ကျေနပ်​ရတော့မည်။ ဤ​နေရာ​ရောက်​ဖို့​အရေး မောပန်း​တ​ကြီး​ဖြင့် သုံးနာရီ​ခွဲ​ကြာ ခြေလျင်​လျှောက်ခဲ့​ရသည်။ ကျွန်တော်​တို့သည် အသက်ရှင်နေ​ဆဲ​ဖြစ်​ကာ အန္တရာယ်​မှ​လွတ်မြောက်ပြီး ကျွန်တော်​တို့​နှင့်အတူ ခရီးနှင်​လာသော ခရစ်ယာန်​ညီအစ်ကို​များ ရှိနေခြင်း​ကြောင့် ကျွန်တော်​တို့ ဝမ်းသာ​နေသည်။ ဝမ်းသာစရာ​မှာ သက်သေခံ​တစ်ယောက်မျှ အသက်​မဆုံးရှုံး​ခြင်း​ဖြစ်သည်။

ကျွန်တော်​တို့ ဒီ​တစ်ည ဟင်းလင်းပြင်​တွင် နေရ​တော့​မည်။ အန္တရာယ်ကင်း​သော ဤ​နေရာ​မှ​နေ၍ ဂေါမာ​မြို့​ပေါ်​ရှိ​နီရဲ​နေသော ကောင်းကင်ပြင်​ကို တွေ့မြင်​နိုင်​သည်။ အမှန်​ဆို​ရ​လျှင် ယင်းသည် အလွန်​စွဲမှတ်​ဖွယ်​ကောင်းပြီး အလွန်​လှပ​သည်! တဖြည်းဖြည်း​နှင့် မိုးလင်း​လာ​သည်။ တစ်ညလုံး မြည်ဟည်းသံ​များ​ကို ကြား​ရပြီး မြေကြီး​လှုပ်​နေခဲ့​သည်။ ယ​မ​န်​နေ့​၏ ခက်ခဲ​သော​အဖြစ်အပျက်​ကို ပြန်ပြောင်း​ကြည့်​သည့်​အခါ မိမိတို့၏ ကလေး​ငယ်​များနှင့်​အတူ ထွက်ပြေး​ခဲ့​ကြသော ထောင်နှင့်ချီ​သည့် မိသားစု​များ​ကို သနား​ရုံ​မှ​လွဲ​၍ ဘာမျှ​အကူအညီ​မပေးနိုင်​ခဲ့​ပါ။

အကူအညီ အလျင်အမြန်​ရရှိ

ဇန်နဝါရီ ၁၈ ရက်၊ သောကြာ​နေ့ မွန်းတည့်​ချိန်​တွင် ရဝမ်ဒါ​နိုင်ငံ​၏​မြို့တော် ကီ​ဂါ​လီ​မြို့မှ သက်သေခံ​များနှင့် ကျွန်တော်​တို့ တွေ့ဆုံ​ကြသည်။ ဂေါမာ​နှင့် ဂီ​စ​န်​န​ရီ​မြို့မှ ညီအစ်ကို​များ​ဖြင့် ကယ်ဆယ်​ရေး​ကော်မတီ​ဖွဲ့​ပြီး စတင်​လုပ်ဆောင်ကြ​သည်။ ဦးဆုံး လုပ်ဆောင်​သည်​မှာ အနီးအနား​ရှိ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ခြောက်​ခု​တွင် သက်သေခံ​ဒုက္ခသည်​များ​ကို နေရာချ​ပေး​ရန်ဖြစ်​သည်။ ထို​နေ့တွင်​ပင် ယင်းကို လုပ်ဆောင်ခဲ့​ကြသည်။ လမ်းမ​ဘေး​တွင် ပြင်သစ်​ဘာသာ​စကား၊ ဆွာဟီလီ​ဘာသာ​စကား​ဖြင့် ရေးသား​ထားသော ဒေသခံ​နိုင်ငံတော်​ခန်းမ​ရှိသည့် နေရာကို ညွှန်ပြ​သည့်​ဆိုင်းဘုတ်​တစ်ခု​ကို ထောင်​ထား​ကြသည်၊ ထို​နေရာတွင် ဒုက္ခသည်​များသည် အကူအညီ​နှင့် နှစ်သိမ့်မှု​ကို ရရှိနိုင်​သည်။ ထို​နေ့တွင်​ပင် သက်သေခံ​များ​ရှိနေ​သည့် ခန်းမ​များ​သို့ အခြေခံ​လိုအပ်​သည့်​ပစ္စည်း သုံး​တန်​ရောက်ရှိ​လာ​သည်။ နောက်​တစ်နေ့ စနေနေ့​တွင် အစားအစာ၊ စောင်၊ ပလတ်စတစ်​အ​ခင်း​များ၊ ဆပ်ပြာ​နှင့် ဆေးဝါး​များ​တင်ဆောင်​လာသော ကုန်တင်ကား​တစ်စီး ကီ​ဂါ​လီ​မြို့မှ ရောက်ရှိ​လာ​သည်။

စိုးရိမ်​ပူပန်​စ​ရာ တိုးများ​လာ

အလွန့်အလွန် စိုးရိမ်ဖွယ် အခြေအနေ​ဖြစ်သည်။ ဤ​လူအားလုံး​အတွက် လိုအပ်ရာ​များ​ကို မည်သို့​ဖြည့်ဆည်း​ပေး​နိုင်​မည်​နည်း။ မီးတောင်​၏​အခြေအနေ​ကော မည်သို့​နည်း။ အဘယ်​အချိန်တွင် မီးတောင်​ပေါက်ကွဲ​မှု ရပ်သွား​မည်​နည်း။ ဂေါမာ​မြို့​သည် အဘယ်မျှ​လောက် ပျက်စီး​သွား​သနည်း။ ကြားနေ​သော​သတင်း​များနှင့် အဆက်မပြတ်​မြေကြီး​လှုပ်​နေခြင်း​ကြောင့် အခြေအနေ​ကောင်းပြီ​ဟု ပြော​၍​မရပါ။ လေထု​ထဲ​တွင် ဆာ​လ​ဖာ​ဒို​င်​အောက်​ဆို​ဒ် ဓာတ်ငွေ့​များ အန္တရာယ်​ရှိ​အဆင့်​ရောက်လာ​မည်​ကို ပညာရှင်​များ​က စိုးရိမ်​ကြသည်။ ဓာတု​ဓာတ်ပြု​မှုများ​ကြောင့် ကီဗူ​ရေကန်​ထဲ​မှ​ရေ​များ ညစ်ညမ်း​သွား​မည်​ကိုလည်း စိုးရိမ်မကင်း​ဖြစ်နေ​သည်။

မီးတောင်​ပေါက်ကွဲ​ပြီး ၄၈ နာရီ​အတွင်း သတင်းဆိုး​များ ပျံ့နှံ့​နေသည်။ ထို့နောက် ကလေး​တစ်ဦး​ပါဝင်သော သက်သေခံ ၈ ဦး​အပါအဝင် လူပေါင်း ၁၀,၀၀၀ ခန့်​သည် ကျောက်​ရည်​ပူ​များ​ပတ်ပတ်လည် ဝန်းရံ​ပိတ်မိ​နေပြီး တချို့​ဒေသ​များ​တွင် ခြောက်​ပေ​အထိ​နက်​သည်​ဟု စနေနေ့​မွန်းလွဲပိုင်း​၌ သတင်းရ​ရှိသည်။ လေ​ထဲ​တွင် အဆိပ်​ဓာတ်ငွေ့​များ ပြည့်နေ​သည်။ ကျွန်တော်​တို့သည် သူတို့​အသက်​အတွက် စိုးရိမ်​လာ​သည်။ သူ့​မ​ကယ်​နိုင်၊ ကိုယ့်​မ​ကယ်​နိုင်​သည့်​အခြေအနေ​ပင်။ ဂေါမာ​မြို့ရှိ ခရစ်ယာန်​ဘုရားသခင်​ရှိခိုး​ကျောင်း​ကြီး​ပင်​လျှင် ချော်ရည်​များ တစ်ရှိန်ထိုး​စီးဆင်းလာ​မှု​ကြောင့် လုံးလုံး​ပျက်စီး​သွား​သည်။ ထို​အချိန်​က ဂေါမာ​မြို့​သည် ပြာပုံ​အောက်​မြှုပ်​သွား​မည်​ဟု​သာ လူများ​ထင်​ခဲ့​ကြသည်။

နှစ်သိမ့်မှု​ဖြစ်စေ​သော သတင်း​တချို့

တနင်္ဂနွေ​နေ့ နံနက် ၉ နာရီ​တွင် ချော်ရည်​များ​ပိတ်မိ​နေသော​နေရာ​မှ ညီအစ်ကို​တစ်ဦး၏ ဖုန်း​ခေါ်သံ​ကို လက်ခံရ​ရှိသည်။ သူက အခြေအနေ ပြောင်းလဲ​သွား​သည်​ဟု ပြောပြ​သည်။ အခြေအနေ​ကောင်း​သည်။ မိုးရွာ​သောကြောင့် ချော်ရည်​များ အေး​လာ​ကာ လေထု​သန့်ရှင်း​ကြည်လင်​နေသည်။ ချော်ရည်​များသည် ပူ​နေဆဲ​ဖြစ်​ပြီး အန္တရာယ်​ရှိ​ဆဲ​ဖြစ်​သော်လည်း လူများ​သည် ထို​ချော်ရည်​ချောင်း​ကို စတင်​ဖြတ်ကျော်​ကာ ပို​၍​လုံခြုံ​သော​နေရာသို့ ရွှေ့​ပြောင်း​ကြသည်။ မြို့​တစ်မြို့လုံး ပျက်စီး​သွားခြင်း​လည်း​မဟုတ်ပါ။

ယင်းသည် ရုတ်တရက်​ဘေး​ကျ​သည့်​အချိန်​မှ ဦးဆုံး​ကြား​ရသော သတင်းကောင်း​ဖြစ်သည်။ မီးတောင်​သည် အရှိန်​လျော့​လာပုံ​ရသည်။ အနီး​ပတ်ဝန်းကျင်​ရှိ ပညာရှင်​များ​က ယူဆချက် တစ်ယောက်​တစ်မျိုး တင်ပြ​ကြသည်။ ကျွန်တော်​တို့သည် ကီဗူ​ရေကန် တစ်ဖက်စွန်း​တွင်ရှိသော အိမ်နီးချင်း​မြို့​ဖြစ်သည့် ဘူ​ကာ​ဗူ​မြို့​နှင့် အဆက်အသွယ်​ရသည်။ မိသားစု​ငါး​စု​အပြင် မိဘများ​မပါဘဲ ကလေး​သုံးဦးသည် စက်လှေ​ဖြင့် ဘူ​ကာ​ဗူ​မြို့​သို့ ရောက်သွား​ကြောင်း ကျွန်တော်​တို့​သိရ​သည်။ သူတို့ကို ထို​မြို့ရှိ သက်သေခံ​များ စောင့်ရှောက်​ထား​ကြ​မည်​ဖြစ်သည်။

ကျွန်တော်​တို့ ပြန်​နိုင်ပြီ!

တနင်္လာ​နေ့၊ ဇန်နဝါရီ​လ ၂၁ ရက်​နေ့တွင် ကျွန်တော်​တို့သည် ဂီ​စ​န်​န​ရီ​မြို့ရှိ ဒုက္ခသည်​များ​ကို အားပေး​နှစ်သိမ့်​နိုင်​ကြ​သည့်​အပြင် သူတို့၏​လိုအပ်ရာ​များ​ကိုလည်း ရှာဖွေ​တွေ့ရှိ​ကြသည်။ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ ခြောက်​ခု​တွင် ယာယီ​နေထိုင်ကြ​သော ညီအစ်ကို​များသည် စနစ်တကျ​ဖြစ်နေ​ကြပြီ​ကို ကျွန်တော်​တို့ တွေ့ရ​သည်။ ထွက်ပြေး​လာ​ကြသော သက်သေခံ​အရေအတွက် အတိအကျ​ကို ကျွန်တော်​တို့​ရရှိ​ကြသည်—ကလေး​များ​အပါအဝင် လူပေါင်း ၁,၈၀၀ ရှိသည်။

မည်သို့ ဆက်​လုပ်ဆောင်ကြ​မည်​နည်း။ ဒေသခံ​အာဏာပိုင်​များ​က ဒုက္ခသည်​စခန်း​များ အလျင်အမြန်​ဖွင့်ပေး​ရန် စီစဉ်​ကြသည်။ သို့ရာတွင် ၁၉၉၄ ခုနှစ်​က​ဖြစ်ပွား​ခဲ့​သော အမျိုး​ဖြုတ်​သတ်ဖြတ်မှု​ကြောင့် ဒုက္ခသည်​စခန်း​များ​တွင် နေထိုင်ခဲ့​ရသည့် မနှစ်မြို့ဖွယ်​ရာ​များ​ကို အချို့​သူများ​၏​စိတ်​တွင် အမှတ်ရနေ​ကြ​ဆဲ​ဖြစ်သည်။ ကျွန်တော်​တို့သည် ဂေါမာ​မြို့​သို့​ပြန်​ရန် ဆုံးဖြတ်​ကြ​ပြီး မွန်းတည့်​ချိန်​တွင် မြို့​သို့ ရောက်ရှိ​ကြသည်။ မြို့​၏ ၂၅ ရာခိုင်နှုန်း​ခန့် ပျက်စီး​သွား​သည်။ မြို့​လမ်းမများ​ပေါ် စီးဆင်း​ခဲ့​သော ယခု​မာ​နေပြီ​ဖြစ်သည့် ချော်ပြင်​များ​ပေါ်​တွင် ကျွန်တော်​တို့ လမ်းလျှောက်သွား​နိုင်​ကြသည်။ ပူနွေး​နေဆဲ​ဖြစ်​ပြီး လေထု​ထဲ​တွင် ဓာတ်ငွေ့​များ စိမ့်ဝင်​ပျံ့နှံ့​နေသည်။ အများစုက မြို့ထဲ​ပြန်​ရန် ဆုံးဖြတ်​ကြသည်။

မွန်းလွဲ ၁ နာရီ​တွင် ဂေါမာ​ဗဟို​အသင်းတော်​ရှိ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင် ခရစ်ယာန်​အကြီးအကဲ ၃၃ ဦး​နှင့် ကျွန်တော်​တို့ တွေ့ဆုံ​ကြသည်။ အားလုံး​၏​ဆန္ဒ​မှာ တစ်ခု​တည်း​ဖြစ်သည်– ဂေါမာ​မြို့​သို့ ပြန်​ရန် သူတို့​ဆုံးဖြတ်​ကြသည်။ သူတို့က “ဒါက ကျွန်တော်​တို့​ရဲ့​မြို့​ပဲ​လေ” ဟု​ဆို​ကြသည်။ နောက်ထပ် မီးတောင်​ပေါက်ကွဲ​လျှင် မည်သို့ ပြု​မည်​နည်း။ သူတို့က “ဒါက ကျွန်တော်​တို့အတွက် ရိုး​နေပါ​ပြီ” ဟု​ပြန်​ပြော​ကြသည်။ သူတို့ အမြန်​မပြန်​လျှင် သူတို့​ပစ္စည်း​တွေ​အားလုံး အခိုးခံ​ရမည်ကို စိုးရိမ်​ကြသည်။ နောက်​နေ့တွင် သက်သေခံ​မိသားစု​အားလုံး ဂေါမာ​မြို့​သို့ ပြန်သွား​ကြသည်။ နယ်စပ်​ကို ဖြတ်ကျော်​လာ​ခဲ့​သော လူပေါင်း ၃၀၀,၀၀၀ ထဲ​မှ အများစု​သည်လည်း ဘေးဒဏ်​သင့်​ခဲ့​သော မြို့​သို့​ပြန်သွား​ခဲ့​ကြသည်။

တစ်ပတ်​ကြာပြီး​နောက်

မြို့​သည် တစ်ဖန် သက်ဝင်​လှုပ်ရှား​လာ​သည်။ မြို့​သည် တိမ်ကော​ပျောက်ဆုံး​သွား​မည် မဟုတ်​ကြောင်း ထင်ရှား​သည်။ ချော်ရည်​စီးဆင်းမှု​ကြောင့် နှစ်ခြမ်း​ဖြစ်သွား​သော မြို့ကို တစ်​ပေါင်း​တည်း​ပြန်​ဖြစ်စေ​ရန် မြေပြင်​နှစ်ဖက်​ညီ​သွား​သည့်​အထိ ထို​ချော်ရည်​ထု​ကြီး​အား ညှိ​သည့်​အလုပ်ကို မကြာမီ စတင်​လုပ်ဆောင်ကြ​သည်။ ချော်ရည်​စီးဆင်း​သည့် လမ်းကြောင်း​တွင်ရှိသော အရာအားလုံး လုံးလုံး​ပျက်စီး​သွားခဲ့သည်။ စီးပွားရေး​ဗဟို​ဌာန​နှင့် မြို့​၏​အုပ်ချုပ်ရေးမှူး​ရုံး​များ ပျက်စီး​သွား​သည်။ လေဆိပ်​၏​လေယာဉ်​ပြေးလမ်း သုံးပုံတစ်ပုံ ပျက်စီး​သွား​သည်​ဟု ခန့်မှန်း​ရသည်။

မှတ်တမ်း​အတိအကျ​အရ အစစအရာရာ​ဆုံးရှုံး​သွားသော အိုးအိမ်​မဲ့​သူများ​ထဲ​တွင် သက်သေခံ​မိသားစု ၁၈၀ ပါဝင်​ကြောင်း ဖော်ပြ​သည်။ ကယ်ဆယ်​ရေး​ကော်မတီ​သည် ယောက်ျား၊ မိန်း​မ​နှင့် ကလေး​များ​ပါဝင်သော လူပေါင်း ၅,၀၀၀ နီးပါး​ခန့်​ကို နေ့စဉ်​အစားအသောက်​ဝေပုံ​ရရှိရန် အကူအညီ​ပေးဖို့ အစီအစဉ်များ ပြုလုပ်​ကြသည်။ ဘယ်လ်ဂျီယံ၊ ပြင်သစ်​နှင့် ဆွစ်ဇာလန်​နိုင်ငံ​မှ ယေဟောဝါသက်သေ​များ ပေး​ပို့​သော ပလတ်စတစ် တာ​ပေါ်​လင်​စ​များ​ကို အိုးအိမ်​မဲ့​သူများ ယာယီ​တဲ​အတွက် အသုံးပြု​ကြ​သည့်​အပြင် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ အကြီးအကျယ် ပျက်စီး​ဆုံးရှုံး​သွား​သည့် အသင်းတော်များ စည်းဝေး​သည့်​နေရာများ မိုး​ရန်​အတွက်​ပါ အသုံးပြု​မည်​ဖြစ်သည်။ အိုးအိမ်​ပျက်စီး​သွား​သူ​အချို့​သည် အိမ်ပျက်​စီး​ခြင်း​မရှိသော သက်သေခံချင်း​တို့၏​အိမ်​တွင် ပေါင်း​နေကြ​ပြီး အချို့​မူ ယာယီ​တဲ​များ​ဖြင့် နေထိုင်ကြ​မည်။

ထိတ်လန့်​ကြောက်ရွံ့ ဖွယ်​ကောင်းသော​ည​မှ ဆယ်ရက်​မြောက်​နေ့​ဖြစ်သော ဇန်နဝါရီ ၂၅ ရက်၊ သောကြာ​နေ့တွင် လူပေါင်း ၁,၈၄၆ ဦး​သည် ကျမ်းစာ​မှ အားပေး​စကား​များ​ကို နားထောင်​ရန် ဂေါမာ​မြို့​ကျောင်းဝင်း​တစ်ခု​တွင် စုဝေး​ကြသည်။ အဖွဲ့အစည်း​အားဖြင့် ယေဟောဝါ​ပြင်ဆင်​ပေး​သော လက်တွေ့ကျ​သည့် အကူအညီ​များ​အပြင် နှစ်သိမ့်​ပေး​မှု​အတွက် ညီအစ်ကို​များသည် သူတို့၏​ကျေးဇူး​တင်​လေးမြတ်မှု​များ​ကို ဖော်ပြ​ကြသည်။ ကြောက်မက်​ဖွယ်​အခြေအနေ​များ​အကြား ညီအစ်ကို​များ​တင်ပြ​သည့် ရဲစွမ်းသတ္တိနှင့် ခိုင်ခံ့​သော​ယုံကြည်ခြင်း​ကြောင့် ဧည့်သည်​များ​ဖြစ်သော ကျွန်တော်​တို့ကို လွန်​စွာ​စိတ်စွဲ​မှတ်​စေ​သည်။ ဤ​ဘေးအန္တရာယ်​များ​အကြား ထာဝရ​နှစ်သိမ့်မှု​၏ ရင်းမြစ်​ဖြစ်သော စစ်မှန်သော​ဘုရားသခင်၊ ယေဟောဝါ​အား တစည်းတလုံး​ဝတ်ပြု​ကိုးကွယ်​သည့် ညီအစ်ကို​အသင်းအပင်းဝင်​ဖြစ်​ရခြင်း​သည် အလွန် ပီတိ​ဖြစ်စရာ​ပင်!—ဆာလံ ၁၃၃:၁; ၂ ကောရိန္သု ၁:၃-၇

[စာမျက်နှာ ၁၄ ပါ မြေပုံ]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

ချော်ရည်​စီးဆင်းလာ​သည့်​လမ်းကြောင်းကို မြား​ဖြင့်​ဖော်ပြ​ထား

ကွန်ဂို (ကင်​ရှာ​ဆာ)

နိုင်​ရန်​ဂွန်​ဂို မီးတောင်

↓ ↓ ↓

ဂေါမာ​လေဆိပ် ↓ ↓

↓ ဂေါမာ

↓ ↓

ကီဗူ ရေကန်

ရဝမ်ဒါ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ချော်ရည်ပူ​များ​ကြောင့် သိန်း​နှင့်​ချီ​သော ဂေါမာ​မြို့သား​များ ထွက်ပြေး​ကြ

[Credit Line]

AP Photo/Sayyid Azim

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

သက်သေခံ​များသည် တစ်ပတ်​အတွင်း ခရစ်ယာန်​အစည်းအဝေး​များ​ကို စီစဉ်​ကျင်းပ​ခဲ့