ဗြိတိန် ခွေးတူဝက်တူ—ဂနိုင်တော၏ ရေမြေ့ရှင်
ဗြိတိန် ခွေးတူဝက်တူ—ဂနိုင်တော၏ ရေမြေ့ရှင်
ဗြိတိန်နိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်
သစ်တော၏ဆိတ်ငြိမ်မှုကို မြေလူးငှက်၏အော်မြည်သံက ဖြိုခွင်းလိုက်သည်။ နေမင်းသည် တဖြည်းဖြည်းအိပ်တန်းဝင်သွားသည်နှင့်အမျှ ကျွန်ုပ်သည် မြေပြင်ပေါ်လဲကျနေသည့် ငွေရောင်ဗတ်ပင်ပေါ်ထိုင်ကာ မိုးတဖွဲဖွဲရွာသွန်းအပြီး ညနေခင်းလေထုတွင် သစ်ပင်မြက်ပင်စိမ်းတို့၏ သင်းပျံ့သည့်ရနံ့ စိမ့်ဝင်သွားပုံကို ခံစားမိလိုက်သည်။
ဤနေရာသို့ ကျွန်ုပ်လာခဲ့ရခြင်းမှာ ခွေးတူဝက်တူတို့ကို စောင့်ကြည်ရန်ဖြစ်သဖြင့် ကျွန်ုပ်ဆီသို့ လေပြေလေးတိုက်ပေးမည့် ထိုင်စရာနေရာတစ်ခုကို အသေအချာရွေးချယ်ထားခြင်းဖြစ်သည်။ နားရွက်ဖျားတွင် အဖြူရောင်ရှိကြသော ခွေးတူဝက်တူ၏မျက်လုံးများမှာ သေးငယ်သော်လည်း နားပါးပြီး အနံ့ခံအာရုံ အလွန်ကောင်းသည်တို့ကို ဘယ်တော့မျှ လျှော့မတွက်မိရန် ကျွန်ုပ် သင်ခန်းစာရထားသည်။ ကျွန်ုပ်အသံပြုသည်ကို ကြားလျှင်ဖြစ်စေ၊ ကျွန်ုပ်၏အနံ့ခံမိလျှင်ဖြစ်စေ တစ်ညလုံး မြေတွင်းထဲဝင်အောင်းနေမည်ဖြစ်သည်။
ဥရောပခွေးတူဝက်တူမျိုးသည် အကောင်ကြီး၍ ပုန်းလျှိုးကွယ်လျှိုးနေတတ်သောတိရစ္ဆာန်ဖြစ်ကာ ပျမ်းမျှအလေးချိန် ၂၅ ပေါင်ခန့်ရှိပြီး အလျားသုံးပေ၊ အမြင့်တစ်ပေခန့်ရှိသည်။ မီးခိုးရောင်အမွေးကြမ်းများဖြင့် ဖုံးအုပ်နေပြီး မျက်နှာနှင့် ကိုယ်တွင်းပိုင်းသည် အမည်းခံဖြစ်ကာ မည်းနက်ရောင်ခြေထောက်တိုများနှင့် တိုတုတ်သောမီးခိုးရောင်အမြီးရှိသည်။ ခြေတစ်ချောင်းစီတွင် အားသန်၍ မာကျောချွန်ထက်သောခြေသည်းများပါသည့် ခြေချောင်းငါးချောင်းရှိ၏။
ယင်း၏နှာဖျားမှ နားရွက်နောက်နားအထိ အဖြူစင်းကြီးသုံးစင်းသည် ထူးခြားထင်ရှားသောအသွင်အပြင်ဖြစ်ရုံသာမက အငြင်းပွားဖွယ်ကိစ္စတစ်ရပ်လည်းဖြစ်သည်။ အချို့သူတို့က ခွေးတူဝက်တူတို့သည် ဤအစင်းကြောင်းများအားဖြင့် အမှောင်မိုက်ဆုံးသောညများတွင်ပင် အမျိုးတူတို့ကို ခွဲခြားသိမြင်နိုင်သည်ဟုဆိုကြသည်၊ သို့တိုင် ကျွန်ုပ်တို့သိထားကြသည်မှာ ခွေးတူဝက်တူတို့သည် တစ်ကောင်နှင့်တစ်ကောင် အနံ့အားဖြင့် ခွဲခြားသိမြင်တတ်ကြသည်။ ဤအစင်းကြောင်းသုံးခုသည် အဘယ်အကြောင်းကြောင့်ပင်ရှိနေပါစေ ၎င်းတို့က ခွေးတူဝက်တူတစ်ကောင်ကို အဆင်းလှသောသတ္တဝါဖြစ်စေ၏။
ခွေးတူဝက်တူတို့သည် ဗြိတိန်နိုင်ငံ ကျေးလက်ဒေသတွင် တွေ့မြင်နေကျသတ္တဝါဖြစ်ပြီး တောသူတောင်သားတို့က “အိုးလ် ဘရော့ခ်” ဟုချစ်စနိုးခေါ်ကြသည်။ မြေတွင်းတူးလေ့ရှိရာ ခွေးတူဝက်တူအောင်းရာတွင်း (ဗြိတိန်နိုင်ငံ၌ စက်တ်) ဟုခေါ်ဆိုသည့် သူ၏သိုက်မြုံကိုပြုလုပ်ရန် ခွေးတူဝက်တူတစ်ကောင်သည် ဥမင်များ၊ လေရှူပေါက်များနှင့် မြေအောင်းများကို မပြတ်မလပ်တူးဆွတတ်လေသည်။ သူ၏သိုက်မြုံသည် အချင်း ပေ ၁၀၀ အထိ ကျယ်ဝန်းနိုင်ပြီး ဥမင်ဝင်္ကပါသည် အရှည် ပေ ၁,၀၀၀ အထိရှည်လျားနိုင်သည်! ခွေးတူဝက်တူသည် ညဘက်တွင် အစာရှာပြီး နေ့ဘက်တွင် သူ၏မြေအောင်းခန်းများကို အိပ်ခန်းအဖြစ် အဓိကအသုံးပြုကြသည်။ အိပ်ရာခင်းအသစ်ဖြင့် သီးသန့်အထူးအခန်းများကို သူ၏သားငယ်မွေးဖွားသောအခါ အမက အသုံးပြုသည်။
အဆိုပါအသိုက်တွင်းတွင် မြေပြင်မှဝင်ပေါက်များစွာရှိပြီး အော်လဒါပင်များအနီးနှင့် နှင်းဆီရိုင်းချုံပုတ် သို့မဟုတ် ဆူးလေပင်များအကြားတွင် ဖောက်ထားလေ့ရှိသည်။ အင်္ဂလန်နိုင်ငံတွင်ရှိသော မြေအောင်းတွင်းအချို့သည် ဝင်ပေါက် ၅၀ ကျော်ရှိပြီး နှစ်ပေါင်း ၁၅၀ ကျော်ကြာ မိသားစုတစ်စုတည်းမှ သားပေါက်အစဉ်အဆက် နေနိုင်သည်ဟုသိရသည်။ ပုံမှန်သက်တမ်းမှာ ၂ နှစ်မှ ၃ နှစ်အထိဖြစ်သော်လည်း ခွေးတူဝက်တူတို့သည် ၁၅ နှစ် သို့မဟုတ် ထိုထက်ကြာကြာ အသက်ရှင်နေထိုင်နိုင်သည်။
သူ၏ဝင်ပေါက်ဝများအနီးတွင် ကုတ်ထုတ်ထားသော မြေကျစ်စာများ၊ ကျောက်တုံးကျောက်ခဲများပုံနေပြီး မြေစာတချို့ တွင်းထဲပြန်ပြိုကျနေသည်ကိုကြည့်ပြီး ခွေးတူဝက်တူတစ်ကောင်၏တွင်းဖြစ်ကြောင်း လွယ်လွယ်နှင့်သိနိုင်ပါသည်။ တွင်းထဲမှ ကုတ်ထုတ်ထားရာတို့ကိုကြည့်ခြင်းဖြင့် အဆိုပါတိရစ္ဆာန်သည် မည်မျှသန်မာကြောင်း သင်သတိပြုမိနိုင်သည်။
မြေအောင်းတွင်းတွင် ရှိနေမနေ သင်မည်သို့သိရှိမည်နည်း။ မြေအောင်းတွင်း ပတ်ပတ်လည်နားတွင် ကန့်လန့်ဖြတ်ခြောက်လက်မမှ ကိုးလက်မရှိ၍ ဇောက်အနက်ကိုးလက်မရှိသော ခွေးတူဝက်တူ၏တွင်းအိမ်သာကို ဦးစွာရှာကြည့်ပါ။ မစင်များကိုတွေ့ရှိလျှင်၊ အထူးသဖြင့် ယင်းတို့သည် လတ်လတ်ဆတ်ဆတ်ဖြစ်လျှင် သူတို့ မြေအောင်းတွင်းထဲတွင်ရှိနေသည်။ မြေအောင်းတွင်းမှ ဥဒဟိုသွားသော ဖြူးနေသည့်လမ်းများကိုလည်း ကြည့်ပါ၊ နွေလများတွင် ပြားပြီးကျနေသော မြက်ပင်တို့ကို ရှာကြည့်ပါ။ ရွှံ့ထူသောနယ်မြေတွင် ခွေးတူဝက်တူ၏ခြေရာများ သို့မဟုတ် တွင်းအနီး ရွှံ့များကပ်ပေနေသောသစ်ပင်များနှင့် ကြောင်ကဲ့သို့ပင် ပတပ်ရပ်၍ သူတို့၏မာကျောချွန်ထက်သောလက်သည်းတို့ ဖြင့် ကုတ်ခြစ်ထားရာများရှိသော အပင်တို့ကို စစ်ဆေးကြည့်ပါ။ အဆိုပါမြေအောင်းတွင်းသည် ကြီးမားလျှင် ခွေးတူဝက်တူတို့သည် အခြားဝင်ပေါက် သို့မဟုတ် ထွက်ပေါက်ကိုအသုံးပြုနိုင်သောကြောင့် ရှာရခက်ခဲနိုင်သည်။ သို့ဖြစ်၍ နေ့တစ်နေ့တွင် စောစောသွားပြီး အပေါက်တစ်ပေါက်ချင်းစီပေါ်တွင် တုတ်ချောင်းများ ချထားလိုက်ပါ။ နောက်တစ်နေ့နံနက်တွင် အဆိုပါတုတ်ချောင်းများ ဘေးသို့ရောက်နေသည်ကို ကြည့်ခြင်းအားဖြင့် အဘယ်ထွက်ပေါက်ကို သူအသုံးပြုကြောင်း သင်တွေ့ရပေမည်။
အစာရှာရန်အတွက် ခွေးတူဝက်တူတစ်ကောင်သည် ညအချိန်၌ ဝေးဝေးသို့ထွက်ကာ ဝက်သစ်ချသီးဖြစ်စေ၊ အခွံမာသီးငယ်များကိုဖြစ်စေ ရှာဖွေပေမည်၊ သို့မဟုတ် အနံ့ခံ၍ ယုန်သားပေါက်များကို တူးစားခြင်း သို့မဟုတ် နကျယ်အိမ်များကို တူးဖော်ကာ ယင်းသားလောင်းများကို စားတတ်ကြသည်! သူတို့၏အဓိကအစာကား အဘယ်နည်း။ တီကောင်များပင်! ခွေးတူဝက်တူသည် အရိုင်းသီးများ၊ ခေါင်းလောင်းပန်းပြာမျိုး၏ဥများ၊ မှိုများနှင့် ပိုးတောင်မာများစသည်ဖြင့် အစာမရွေးစားသောက်တတ်သည်။ အလွန်စိုစွတ်သော ဇူလိုင်လ၏ညတစ်ည၌ ခွေးတူဝက်တူတို့ကို ကျွန်ုပ်စောင့်ကြည့်ခြင်းကို သတိရမိသည်၊ သူတို့သည် မြေအောင်းတွင်းမှ ဝေးဝေးသို့မသွားကြသည့်အကြောင်းမှာ ကုန်းမြင့်ရှိမြက်ကြမ်းများတွင် မိုးရွာသောကြောင့်ထွက်လာသည့် အရသာကောင်းသောအနက်ရောင်ပက်ကျိ ဖောဖောသီသီရသောကြောင့်ဖြစ်သည်။
ခွေးတူဝက်တူတို့သည် များသောအားဖြင့် ဇူလိုင်လတွင် မိတ်လိုက်ကြပြီး ဖေဖော်ဝါရီလတွင် ပေါက်ဖွားသည်၊ ပုံမှန်တစ်သားလျှင် လေးကောင် သို့မဟုတ် ငါးကောင် ပေါက်သည်။ အကောင်ပေါက်များ သုံးလသားခန့်ရှိသောအခါ မြေပြင်ပေါ်သို့တက်လာကြပြီး မြေအောင်းတွင်းဝတွင် ကစားနေကြသည်။ အကောင်ပေါက်များ အပြင်ထွက်နေချိန်ခန့်တွင် အထီးနှင့်အမနှစ်ကောင်စလုံးသည် အိပ်ရာခင်းနေရာကို အသစ်တစ်ဖန် ပြန်ပြုလုပ်ကြသည်။ ခွေးတူဝက်တူများသည် သပ်သပ်ရပ်ရပ်နေတတ်သောတိရစ္ဆာန်များဖြစ်ပြီး သူတို့၏မြေအောင်းတွင်းတို့ကို စည်းစနစ်ကျနစွာ သန့်သန့်ရှင်းရှင်းထားကြသည်။ အများအားဖြင့် အိပ်ရာခင်းနေရာကို နွေဦးနှင့် ဆောင်းဦးတို့တွင် လေသလပ်ခံစေသော်လည်း နှစ်တစ်နှစ်၏မည်သည့်လတွင်မဆို ပြုလုပ်နိုင်သည်။ မိဘများသည် အိပ်ရာဟောင်းဖြစ်သော မြက်ခြောက်နှင့် ကျောက်ခက်ပင်အခြောက်တို့ကို ဆွဲထုတ်သွား၍ လတ်လတ်ဆတ်ဆတ်တို့ဖြင့် အစားထိုးကြသည်၊ ညတွင်းချင်းပင် မြက်ပင်အထုံး ၃၀ အထိ စုနိုင်ကြသည်။ ယင်းတို့ကို မေးစေ့နှင့် ရှေ့ခြေတို့ဖြင့်ညှပ်ကာ နောက်ဆုတ်သွားပြီးနောက် မြေအောင်းတွင်းဝင်ပေါက်တစ်ခုမှ လျှောဆင်းသွားသည်။
ခွေးတူဝက်တူတို့သည် သူတို့၏အမြီးအောက်တွင်ရှိသော ဂလင်းတစ်ခုမှ အနံ့စူးရှသောအရည်ကိုစစ်ထုတ်ကာ မြက်ဖုတ်များ၊ ကျောက်တုံးများ သို့မဟုတ် စည်းရိုးတိုင်များပေါ်တွင် ဖျန်းပေးခြင်းဖြင့် မိမိတို့၏နယ်မြေကိုသတ်မှတ်ကြသည်။ သူတို့အချင်းချင်းမှတ်မိစေရန်အတွက်ပင် အချင်းချင်းဖျန်းပေးတတ်သည်။ ဤအနံ့အားဖြင့် ခွေးတူဝက်တူတစ်ကောင်သည် မိမိ၏မြေအောင်းတွင်းထဲသို့ နောက်ပြန်ဝင်သောအခါ ဝင်ပေါက်ကို အလွယ်တကူသိရှိနိုင်သည်။
မြေလူးငှက်၏အော်မြည်သံမှာ တိမ်ဝင်သွားခဲ့ပြီး မှောင်မိုက်သောဂနိုင်တောသည် ပြန်၍တိတ်ဆိတ်သွားသည်။ အဖြူ-အနက်ကြား မျက်နှာဖုံးတပ်ထားသော ခွေးတူဝက်တူထွက်လာသည်ကို ကျွန်ုပ်၏မျက်လုံးထောင့်တစ်နေရာမှ တွေ့လိုက်သောအခါ ကျွန်ုပ်သည် အသက်ပင်မရှူရဲဘဲ မလှုပ်မယှက် ငြိမ်ငြိမ်လေးထိုင်နေခဲ့သည်။ အဆိုပါခွေးတူဝက်တူသည် တစ်ခဏမျှ သူ၏တွင်းပေါက်ဝတွင် ပတပ်ရပ်လိုက်ပြီး အမှောင်ထဲသို့လှည့်လည်သွားလာခြင်းမပြုမီ အန္တရာယ်ရှိမရှိ ညဦးလေတွင် အနံ့ခံကြည့်နေသည်၊ တစ်လောကလုံးကို မိမိပိုင်သည့်အလား သူ၏ဘိုးဘွားပိုင်ခြံမြေတွင် အပျင်းပြေလမ်းလျှောက်ထွက်သည့် ရေမြေ့ရှင်နှယ်ဖြစ်သည်။
[စာမျက်နှာ ၁၂၊ ၁၃ ပါ ရုပ်ပုံ]
သားပေါက်ချိန်၌ အသုံးပြုသည့်အခန်း
အိပ်ခန်း
အိပ်ရာခင်းနေရာ
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ခွေးတူဝက်တူအကောင်ပေါက်များ
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ဝက်သစ်ချသီး၊ မှိုများနှင့် တီကောင်တို့သည် ခွေးတူ ဝက်တူ၏ အစာတွင်ပါဝင်
[Picture Credit Line on page 13]
Badger photos: © Steve Jackson, www.badgers.org.uk