မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်သည် ကျွန်ုပ်တို့၏အားနည်းချက် များကို မသိကျိုးကျွန်ပြုမည်လော

ဘုရားသခင်သည် ကျွန်ုပ်တို့၏အားနည်းချက် များကို မသိကျိုးကျွန်ပြုမည်လော

သမ္မာကျမ်းစာ​ရှုထောင့်

ဘုရားသခင်​သည် ကျွန်ုပ်​တို့၏​အားနည်းချက် များ​ကို မသိကျိုးကျွန်​ပြု​မည်​လော

‘ကျွန်တော်​ဟာ ဆိုးညစ်သူ​မဟုတ်ပါဘူး! ဆိုးဝါး​တဲ့​လမ်းစဉ်​တွေ​ကို​စွန့်​ဖို့ ပြင်းပြင်းထန်ထန်​ကြိုးစား​ပေမဲ့လည်း သိပ်​ကို​အားနည်းနေ​သူပါ!’

အထက်ပါ​သဘောထားမျိုး​သည် သင်​ကိုယ်တိုင် သို့​မဟုတ် သင်​သိထား​သူ​တစ်ဦး၏​ခံစားချက်​တို့ကို ထင်ဟပ်ပြ​သလော။ များစွာ​တို့​က အရိုးစွဲ​နေပြီ​ဖြစ်သော ကျင့်ဝတ်​ဆိုင်ရာ​အားနည်းချက်​တို့ကို အနိုင်​ယူဖို့ မဖြစ်​နိုင်​သလော​က်​ပါ​ပဲ​ဟု ခံယူ​ထား​ကြသည်။ အချို့​လူတို့သည် အရက်၊ ဆေးလိပ် သို့​မဟုတ် မူးယစ်​ဆေးဝါး​၏​ကျေးကျွန် ဖြစ်နေ​ကြသည်။ ဥစ္စာ​ပစ္စည်း​တပ်မက်​ခြင်း​က​လည်း များစွာ​သော​လူတို့၏​ဘဝ​အသက်တာကို လွှမ်းမိုး​ထား​သည်။ ဖို​မ​ကိစ္စ​ကို မည်သို့​မျှ​ဖြတ်၍​မရတော့ဟု​စိတ်လျော့​ကာ လိင်​အကျင့်​ယိုယွင်းမှု​တွင် နွံ​နစ်​နေ​သူများ​လည်း​ရှိကြသည်။

မဿဲ ၂၆:၄၁ တွင်​ဖော်ပြ​ထား​သည့်​အတိုင်း ယေရှုသည် လူတို့၏​အားနည်းချက်များ​ကို နားလည်​ကြောင်း ကြင်နာ​စွာ​ဖော်ပြ​ပေး​တော်​မူ​သည်။ * အမှန်​မှာ မှတ်တမ်း​တင်ထားသော​သမ္မာကျမ်းစာ​တစ်အုပ်လုံး​က ယေဟောဝါ​ဘုရားသခင်​နှင့် ယေရှု နှစ်ပါးစလုံး​သည် လူသား​တို့​အပေါ်​တွင် အမှန်တကယ် သနား​ညှာတာ​ကြောင်း ရှင်းရှင်းလင်းလင်း​ဖော်ပြ​ပေး​သည်။ (ဆာလံ ၁၀၃:၈၊ ၉) သို့သော် ကျွန်ုပ်​တို့၏​ချို့တဲ့​အားနည်းချက်​အားလုံး​ကို ဘုရားသခင် လျစ်လျူရှု​ပေးဖို့ ကျွန်ုပ်​တို့ မျှော်လင့်​နိုင်​သလော။

မောရှေ​နှင့်​ဒါဝိဒ်

မောရှေ၏​ဘဝ​မှတ်တမ်း​ကို သုံးသပ်ကြည့်​ပါ။ သူသည် “မြေကြီး​ပေါ်မှာ​ရှိနေ​သော​သူအပေါင်းတို့ထက် သာ၍​နူးညံ့​သိမ်မွေ့​သော​သဘော​ရှိ” သူ​ဟု သိထားခြင်း​ခံရ​ပြီး ထို​အရည်အသွေးကောင်း​ကို ကြိုးစား​ပြီး ဆက်​ထိန်းထား​သူ​ဖြစ်သည်။ (တောလည်ရာ ၁၂:၃) တောကန္တာရ​တစ်လျှောက် ခရီးနှင်​လာစဉ် ဣသရေလ​လူမျိုး​တို့သည် မပြု​အပ်​သည့်​အမှု​များ​ကို ပြု​ကာ ဘုရားသခင်​နှင့် ကိုယ်တော်​၏​ကိုယ်စားလှယ်​တို့ကို မထီလေးစား​ပြု​ခဲ့​ကြသည်။ ထို​အချိန်​တစ်လျှောက်​လုံး မောရှေ​သည် ဘုရားသခင်​၏​လမ်းညွှန်မှုကို နှိမ့်ချစွာ ရှာဖွေခဲ့​သည်။—တောလည်ရာ ၁၆:၁၂-၁၄၊ ၂၈-၃၀

သို့သော် ရှည်လျား​ပင်ပန်း​သော​ခရီးစဉ်​ဆုံး​ခါနီး​တွင် သူသည် ဣသရေလ​တစ်မျိုးသားလုံး​ရှေ့၌ မိမိ၏​ဒေါသကို​မထိန်းနိုင်​ဘဲ ဘုရားသခင်​၏​ညွှန်ကြားချက်​များ​ကို မနာခံ​ခဲ့​ချေ။ ဘုရားသခင်​သည် သူ့ကို​ခွင့်လွှတ်​ခဲ့​သော်လည်း ထို​ဖြစ်ရပ်​ကို ကိုယ်တော် မသိကျိုးကျွန်​ပြု​ခဲ့​သလော။ မပြု​ခဲ့​ပါ။ မောရှေ​အား ကိုယ်တော်​ဤသို့​မိန့်တော်မူ​ခဲ့​သည်– ‘သင်သည် ငါ့ကို​မယုံကြည်​သောကြောင့် ဤ​ပရိသတ်​တို့အား ငါ​ပေး​သော​ပြည်​သို့ သင်​ပို့ဆောင်သော​အခွင့်​ကို​မရ။’ ကတိထားရာ​ပြည်တော်​ထဲ မောရှေ ဝင်​ခဲ့​ရမည်​မဟုတ်​ချေ။ ထူးမြတ်​လှ​သော​အခွင့်အရေး​အတွက် အနှစ် ၄၀ ကြာ​ကြိုးပမ်း​ရုန်းကန်​ခဲ့​ပြီး​ခါ​မှ ကြီးမားသော​လူ့​အားနည်းချက်​တစ်ရပ်​ကြောင့် ထို​အခွင့်ထူး​ကို သူ​လက်လွတ်​ဆုံးရှုံး​သွားခဲ့​ရသည်။—တောလည်ရာ ၂၀:၇-၁၂

ဘုရင်​ဒါဝိဒ်​သည် ဘုရားသခင်​ကို​ကြောက်ရွံ့​ရိုသေ​သူ၊ အားနည်းချက်​ရှိသူ နောက်​တစ်ဦး​ဖြစ်သည်။ တစ်ခါ​တွင် သူသည် တပ်မက်​စိတ်​ပြင်းပြ​မှု​ကို​အလျော့ပေး​ကာ တစ်ပါး​သူ၏​မယား​နှင့် မှားယွင်း​ခဲ့​သည်။ ထို​နောက် ခင်ပွန်း​ဖြစ်သူ​ကို​သတ်​၍ ဖုံးကွယ်​ရန် သူ​ကြိုးပမ်း​ခဲ့​သည်။ (၂ ဓမ္မ​ရာဇဝင် ၁၁:၂-၂၇) နောက်ပိုင်း​တွင် သူ၏​ပြစ်မှု​များ​အတွက် အမှန်တကယ်​နောင်တ​ရခဲ့​ရာ သူ့​အား ဘုရားသခင် ခွင့်လွှတ်​တော်​မူ​ခဲ့​သည်။ သို့သော် ဒါဝိဒ်​သည် မိ​သား​တစ်စု​ကို ဖျက်ဆီး​ခဲ့​သည့်​အတွက် ယေဟောဝါ​သည် နောက်ဆက်တွဲ​လိုက်ပါ​လာ​သည့် သိမ်း​ရုံး​ဖျက်ဆီးမှု​ဖြစ်စေ​သော​ဘေးဆိုးများ​မှ သူ့ကို မကာကွယ်​ခဲ့​ချေ။ ဒါဝိဒ်​၏​သားငယ်​သည် အသည်းအသန်​ဖျားနာ​ခဲ့​ပြီး သူ၏​ရင်သွေး​အတွက် ဒါဝိဒ်​ဆုတောင်း​ခဲ့​လင့်​ကစား ယေဟောဝါ ဝင်ရောက်​မ​ဆောင်ရွက်​ပေး​ခဲ့​ချေ။ အဆိုပါ​သားငယ်​သေဆုံး​သွား​သည်၊ ထို​နောက် ဒါဝိဒ်​၏​အိမ်ထောင်စု​တွင် ဝမ်းနည်းပူဆွေး​ဖွယ်​ရာ​များ တ​သီ​တ​တန်း​ကြီး လိုက်ပါ​လာ​ခဲ့​သည်။ (၂ ဓမ္မ​ရာဇဝင် ၁၂:၁၃-၁၈; ၁၈:၃၃) ကျင့်ဝတ်​ဆိုင်ရာ​အားနည်းချက်ကို အလျော့ပေး​လိုက်ခြင်း​အတွက် ဒါဝိဒ် ကြီးစွာ​ပေး​ဆပ်​ခဲ့​ရသည်။

ဤ​ပုံ​နမူနာ​များ​က ဘုရားသခင်​သည် လူ​တို့ကို သူတို့၏​အပြု​အမူ​အတွက် သူတို့​ကိုယ်တိုင်​ကို တာဝန်​ယူ​စေ​ကြောင်း​ဖော်ပြ​သည်။ ကိုယ်တော်​အား ဝတ်ပြု​ကိုးကွယ်​လို​သူတို့သည် သူတို့၏​ဝိညာဉ်​ရေး​၌ အားနည်း​သည့်​နေရာများ​ကို ကျား​ကန်​ပေး​ကာ သာ၍​ကောင်းသော​ခရစ်ယာန်​များ ဖြစ်လာ​ကြ​ရမည်။ ပထမ​ရာစု​တွင် များစွာ​တို့သည် ထိုသို့​ပြု​ခဲ့​ကြသည်။

အပြစ်ပြု​ကျင့်​ခြင်း​မရှိ​ရန် တိုက်လှန်​ခြင်း

တမန်​တော်​ပေါလု​ကို ခရစ်ယာန်​အသက်တာ​၏​စံပြ​နမူနာ​အဖြစ် ယူမှတ်​အပ်​ပေ​သည်။ သို့သော် သူသည် မိမိ၏​အားနည်းချက်များ​ကို အဆက်မပြတ်​တွန်းလှန်​နေခဲ့ရ​ကြောင်း သင်​သိပါသလော။ ရောမ ၇:၁၈-၂၅ တွင် ဤ​တိုက်ပွဲ သို့​မဟုတ် အခန်းငယ် ၂၃ အရ ဤ “ဆိုင်ပြိုင်​တိုက်လှန်” မှု​ကို ကွင်းကွင်းကွက်ကွက် ဖော်ပြ​ထား​၏။ အပြစ်​သည် အလျော့ပေး​၍​မရ​ကြောင်း သူသိ​ထား​သဖြင့် ပေါလု​သည် လက်မ​လျော့​ဘဲ တိုက်လှန်​ခဲ့​သည်။—၁ ကောရိန္သု ၉:၂၆၊ ၂၇

ရှေး​ကောရိန္သု​ရှိ ခရစ်ယာန်​အသင်းသား​အချို့​သည် တစ်ချိန်က အကျင့်စွဲ​နေသော အမှား​ပြုသူ​များ​ဖြစ်​ခဲ့​ကြသည်။ သမ္မာကျမ်းစာ​က သူတို့သည် ‘မတရားသော​မေထုန်​မှီ​၌​ဝဲ​သော​သူ၊ သူ့​မယား​ကို​ပြစ်မှား​သော​သူ၊ ယောက်ျား​ချင်း​မေထုန်​ကို​ပြုသောသူ၊ သူ့ ဥစ္စာ​ကို​ခိုး​သော​သူ၊ လောဘ​လွန်ကျူး​သော​သူ၊ သေ​ရည်​သေ​ရက်​နှင့်​ယစ်​မူး​သော​သူ’ ဖြစ်​ခဲ့​ကြ​၏ ဟု​ဆို​သည်။ သို့သော် သူတို့သည် “ဆေးကြော​သန့်ရှင်း” ခံ​ခဲ့​ကြ​ရသည်​ဟူ၍လည်း ယင်းက ဖော်ပြ​သည်။ (၁ ကောရိန္သု ၆:၉-၁၁) မည်သို့​အားဖြင့်​နည်း။ တိကျ​မှန်ကန်သော​အသိပညာ၊ ခရစ်ယာန်​ပေါင်းသင်းမှု​နှင့် ဘုရားသခင်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​တို့အား​ဖြင့် သူတို့၏​ဆိုးညစ်သော​လုပ်ရပ်များ​ကို ရပ်တန့်​ပစ်​ကြဖို့ အားဖြည့်ပေး​ခြင်း​ခံ​ခဲ့​ရ​ကြသည်။ နောက်ဆုံး​တွင် သူတို့သည် ခရစ်တော်​၏​နာမတော်​၌ ဖြောင့်မတ်​ရာ​သို့​ရောက်​ကြောင်း ဘုရားသခင်​က​ကြေညာ​ခဲ့​သည်။ မှန်ပါသည်၊ သူတို့ကို ဘုရားသခင် ခွင့်လွှတ်​တော်​မူ​သဖြင့် ကြည်လင်​သော​သိစိတ်ကို ပေး​တော်​မူ​သည်။—တမန်​တော် ၂:၃၈; ၃:၁၉

ပေါလု​နှင့် အဆိုပါ​ခရစ်ယာန်​တို့သည် သူတို့၏​အပြစ်ပြု​လို​သော​ဝသီ​များ​ကို လျှော့မတွက်​ခဲ့​ကြ​ချေ။ ယင်းအစား ၎င်းတို့ကို သူတို့​တိုက်လှန်​ခဲ့​ကြ​ပြီး ဘုရားသခင့်​အကူအညီ​ဖြင့် သူတို့ အောင်နိုင်​ခဲ့​ကြသည်။ ပထမ​ရာစု​ရှိ​ဝတ်ပြု​ကိုးကွယ်​သူတို့သည် သူတို့၏​ဝန်းကျင်​နှင့် မစုံလင်​သော​စိတ်သဘော တိမ်းယိမ်းမှု​များ​ကြား​မှ ကျင့်ဝတ်​ပိုင်း​တွင် ချီးမွမ်းဖွယ်​ကောင်း​သူများ​ဖြစ်​ခဲ့​ကြသည်။ ကျွန်ုပ်​တို့​ကော အသို့နည်း။

မိမိတို့၏​အားနည်းချက်များ​ကို တွန်းလှန်​ရန် ကျွန်ုပ်​တို့​ထံ​မှ ဘုရားသခင်​မျှော်လင့်

အားနည်းချက်​တစ်ရပ်​ကို တိုက်လှန်​ခြင်း​က ယင်းကို လုံးလုံး​ဖယ်ရှားပစ်​လိုက်​နိုင်​မည်​တော့​မဟုတ်ပါ။ ကျွန်ုပ်​တို့၏​မစုံလင်မှုကို အညံ့​မခံ​အရှုံးမပေး​လိုက်​ဖို့​လို​သော်လည်း ယင်းကို ကျွန်ုပ်​တို့ ဖျောက်ဖျက်​နိုင်​မည်​မဟုတ်​ချေ။ မစုံလင်မှု​သည် အင်မတန် ဖျောက်ဖျက်​ရ​ခက်​သော အားနည်းချက်များ​ကို ဖြစ်ပွား​စေ​သည်။ သို့​တိုင် ကျွန်ုပ်​တို့၏​အားနည်းချက်များ​၌ ကျွန်ုပ်​တို့သည် အညံ့​မခံ၊ အရှုံးမပေး​သင့်​ချေ။ (ဆာလံ ၁၁၉:၁၁) အဘယ်ကြောင့် ဤသို့ အညံ့​မခံဖို့ အရေးကြီး​သနည်း။

အကြောင်း​မှာ မစုံလင်မှုကို အမြဲ​ပင်​ခုတုံး​လုပ်ပြီး ဆိုးသော​အမှု​ပြုခြင်း​ကို ဘုရားသခင်​ခွင့်​မပြု​သောကြောင့်​ဖြစ်သည်။ (ယုဒ ၄) ယေဟောဝါ​သည် လူသားတို့အား အကျင့်ကောင်း​ကောင်း​ဖြင့် သန့်သန့်ရှင်းရှင်း နေထိုင်သွား​စေ​လို​တော်​မူ​၏။ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “ဆိုးညစ်သော​အမှုကို စက်ဆုပ်​ရွံရှာ​ကြလော့။” (ရောမ ၁၂:၉) ဘုရားသခင်​သည် အဘယ်ကြောင့် ထိုသို့ ခိုင်မာ​စွာ​ရပ်တည်​သနည်း။

အကြောင်းရင်း​တစ်ရပ်​မှာ အားနည်းချက်ကို​အလျော့ပေးလိုက်လျော​ခြင်း​သည် အကျိုးယုတ်​စေသော​ကြောင့်​တည်း။ သမ္မာကျမ်းစာ​၌ “လူသည် မျိုးစေ့ကြဲ​သည်​အတိုင်း အသီးအနှံ​ကို​ရိတ်​ရ​လိမ့်​မည်” ဟု ဂလာတိ ၆:၇ က​ဖော်ပြ​ထား​သည်။ အရက်၊ မူးယစ်​ဆေးစွဲ​သူ၊ ပစ္စည်းဥစ္စာ​တပ်မက်သူ​နှင့် ဖို​မ​ကိစ္စ​ပွေရှုပ်​သူတို့သည် သူတို့၏​ဘဝ​အသက်တာ​တို့​တွင် အလွန်​ကြောက်မက်​ဖွယ်​ကောင်းသော​ဆိုးကျိုး​ကို ရိတ်သိမ်း​ရလေ့​ရှိ၏။ သို့သော် သာ၍​အရေးကြီးသော အကြောင်း​တစ်ရပ်​ရှိပါ​သည်။

အပြစ်ပြု​ခြင်း​သည် ဘုရားသခင်​ကို ပြစ်မှားခြင်း​ဖြစ်သည်။ ယင်းက ကျွန်ုပ်​တို့ကို ယေဟောဝါ​နှင့် “ကွာ​စေပြီ။” (ဟေရှာယ ၅၉:၂) အပြစ်ပြု​ကျင့်​သူများ​သည် ကိုယ်တော်​၏​မျက်နှာသာတော် ဆုံးရှုံး​စေနိုင်​သောကြောင့် ထို​သူတို့ကို ကိုယ်တော် ဤသို့​တိုက်တွန်း​တော်​မူ​သည်– “ကိုယ်ကို​ကိုယ်​ဆေးကြော​ကြလော့။ ကိုယ်ကို​ကိုယ်​စင်ကြယ်​စေ​ကြလော့။ . . . မကောင်းသော​အကျင့်ကို ဖြတ်​ကြလော့။”—ဟေရှာယ ၁:၁၆

ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​သည် မေတ္တာ၊ အကြင်နာတရား​ကြီးမား​တော်​မူ​သည်။ ‘ကိုယ်တော်​သည် အဘယ်သူမျှ​မပျက်စီး​ဘဲ၊ ရှိသမျှ​တို့သည် နောင်တ​ရစေ​ခြင်း​ငှာ အလိုတော်​ရှိ​တော်​မူ​၏။’ (၂ ပေတရု ၃:၉) ကျွန်ုပ်​တို့သည် အားနည်းချက်​တွင် အမြဲတစေ အလျော့ပေး​နေလျှင် ဘုရားသခင်​မျက်နှာသာတော်​ရရှိ​မည်​မဟုတ်။ ဘုရားသခင်​သည် ကျွန်ုပ်​တို့၏​အားနည်းချက်များ​ကို မသိကျိုးကျွန်​မပြု​သည့်​နည်းတူ ကျွန်ုပ်​တို့​လည်း မပြု​သင့်​ချေ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ယေရှု​က ဤသို့​မိန့်တော်မူ​ခဲ့​သည်– “စိတ်​ဝိညာဉ်​ကား စေတနာ​ရှိ​ငြား​သော်လည်း ကိုယ်​မူ​ကား အားနည်း​သည်။”