မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“လူ့သမိုင်းတွင် အကြီးအကျယ် ကူးစက်ပျံ့နှံ့နေသော ရောဂါ”

“လူ့သမိုင်းတွင် အကြီးအကျယ် ကူးစက်ပျံ့နှံ့နေသော ရောဂါ”

“လူ့​သမိုင်း​တွင် အကြီးအကျယ် ကူးစက်​ပျံ့နှံ့​နေသော ရောဂါ”

တောင်​အာဖရိက​မှ နိုးလော့! စာရေးသူ​ပေး​ပို့​သည်

“ဤ​ကမ္ဘာ​ပေါ်​တွင် အဘယ်​စစ်ပွဲ​မျှ အေ့ဒ်စ်​ရောဂါ​လောက် အဖျက်​စွမ်းအား မကြီး​မား​ပေ။”—အမေရိကန်​နိုင်ငံ​ခြား​ရေး​ဝန်ကြီး ကော​လင်း ပါ​ဝဲ​လ်။

အေ့ဒ်စ် (ကိုယ်ခံအား​ကျ ကူးစက်​ရောဂါ) နှင့်​ပတ်သက်​သည့် ဦးဆုံး​တရားဝင်​သတင်း​တစ်ပုဒ်​ကို ၁၉၈၁ ခုနှစ် ဇွန်လ​တွင် ထုတ်ပြန်ခဲ့​သည်။ “အေ့ဒ်စ်​ကပ်ရောဂါ​စတင်​ဖြစ်ပွား​စဉ်​က ဤမျှ​အထိ အကြီးအကျယ်​ကူးစက်​ပျံ့နှံ့​သွား​မည်​ဟု ကျွန်ုပ်​တို့ မည်သူမျှ မတွေး​တော​မိ​ခဲ့​ကြ​ချေ” ဟု အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် (ယူအဲန်​အေ့ဒ်စ်) တိုက်ဖျက်ရေး​ဆိုင်ရာ ပူးတွဲ​ကုလသမဂ္ဂ​အစီအစဉ်​၏ အမှုဆောင်​ဒါရိုက်တာ ပီတာ ပိုင်​အော့​က​ဆို​သည်။ အနှစ် ၂၀ အတွင်း အကြီးကျယ်ဆုံး ကူးစက်​ပျံ့နှံ့​သည့်​ကပ်ရောဂါ​ဖြစ်​ပြီး ဆက်၍​တိုးပွား​လာ​ဦး​မည့် လက္ခဏာများ​ရှိ​နေသည်။

အိပ်ခ်ျအိုင်ဗွီ (ကိုယ်​ခံ​စွမ်းအား​ကျ ဗိုင်းရပ်စ်) ကူးစက်​ခံရ​သူ ၃၆ သန်း​ကျော်​ရှိသည်​ဟု​ခန့်မှန်း​ရပြီး အခြား​လူပေါင်း ၂၂ သန်း​မှာ အေ့ဒ်စ်​ရောဂါ​၏​အကျိုးဆက်များ​ကြောင့် သေဆုံး​သွားခဲ့​ကြပြီ။ * ၂၀၀၀ ပြည့်နှစ်​အတွင်း ကမ္ဘာ​တစ်ဝန်း​၌ လူပေါင်း​သုံး​သန်း​သည် အေ့ဒ်စ်​ရောဂါ​ကြောင့် သေဆုံး​သွားခဲ့​ကြ​ရာ အဆိုပါ​ကူးစက်​ရောဂါ အစပြုချိန်​မှ​ဆိုလျှင် အမြင့်ဆုံး​နှစ်ချုပ်​စာရင်း​ဖြစ်သည်။ အထူးသဖြင့် ပိုမို​ချမ်းသာ​ကြွယ်ဝသော​နိုင်ငံ​များ​တွင် ဗိုင်းရပ်စ်​တိုက်ဖျက်ဆေး​သုံး​ကုထုံး​ကို အသုံးပြု​ကြ​လင့်​ကစား သေဆုံးမှု​စာရင်း​မှာ မြင့်မား​နေဆဲ​ပင်။

အေ့ဒ်စ်​ရောဂါ အာဖရိက​တစ်ခွင် ပျံ့နှံ့​နေ

ခန့်မှန်းခြေ​အရ လူပေါင်း ၂၅.၃ သန်း ရောဂါ​ကူးစက်​ခံ​နေရ​သည့် အာဖရိက ဆာဟာရ​အောက်ပိုင်း​ဒေသ​သည် ကူးစက်​ပျံ့နှံ့မှု​ဗဟိုချက်​မ ဖြစ်လာ​နေ​လေ​ပြီ။ အဆိုပါ​ဒေသ​တစ်ခု​တည်း​တွင် ၂၀၀၀ ပြည့်နှစ်​အတွင်း အေ့ဒ်စ်​ရောဂါ​၏​အကျိုးဆက်များ​ကြောင့် လူပေါင်း ၂.၄ သန်း သေဆုံး​ခဲ့​ရာ ယင်းသည် တစ်ကမ္ဘာလုံး​၏​စုစုပေါင်း ၈၀ ရာခိုင်နှုန်း​ဖြစ်သည်။ အဆိုပါ​ဒေသ​တွင် အေ့ဒ်စ်​ရောဂါ​သည် အဓိက​သေစေ​သော​အကြောင်းရင်း​ဖြစ်၏။ *

ကမ္ဘာ​ပေါ်​တွင် တောင်​အာဖရိက​နိုင်ငံ​သည် မည်သည့်​နိုင်ငံ​ထက်​မဆို ကူးစက်​ခံရ​သူ​အရေအတွက် အမြင့်​မား​ဆုံး​ရှိနေ​ရာ လူပေါင်း ၄.၇ သန်း​ရှိသည်​ဟု ခန့်မှန်း​ရသည်။ ထို​နိုင်ငံ​တွင် လစဉ် ကလေး​ငယ် ၅,၀၀၀ မှာ အိပ်ခ်ျအိုင်ဗွီပိုး​ပါ​လျက် မွေးဖွား​ခဲ့​ကြသည်။ ၂၀၀၀ ပြည့်နှစ် ဇူလိုင်​လ​အတွင်း ဒါ​ဘ​န်​မြို့တွင်​ကျင်းပ​ခဲ့​သော ၁၃ ကြိမ်​မြောက် အပြည်ပြည်ဆိုင်ရာ အေ့ဒ်စ် ညီလာခံ​သို့ မိန့်ခွန်း​ပြောကြား​ရာ​တွင် တောင်​အာဖရိက​သမ္မတဟောင်း နယ်​လ်​စင် မင်ဒဲလား​က ဤသို့​ထုတ်ဖော်​ပြောဆို​ခဲ့​၏– “တောင်​အာဖရိက​နိုင်ငံ​အတွင်းရှိ ၂ ယောက်​တွင် ၁ ယောက်​ဖြစ်သော ကျွန်ုပ်​တို့၏​လူငယ်​ထက်ဝက်​မှာ အေ့ဒ်စ်​ရောဂါ​ဖြင့် သေဆုံး​ရတော့မည်​ကို သိလိုက်ရ​သည့်​အတွက် ကျွန်ုပ်​တို့​တုန်လှုပ်​သွားခဲ့​ကြသည်။ ထိတ်လန့်​စိုးရိမ်ဖွယ်​အကောင်းဆုံး​မှာ စာရင်း​ဇယား​များ​အရ အဆိုပါ​ကူးစက်​မှု​မှန်သမျှ၊ ယင်း​တို့​နှင့်​ဒွန်တွဲ​ပါ​လာ​သည့် လူသား​တို့​ခံစား​ရသော​ဆင်းရဲ​ဝေဒနာ . . . တို့ကို မဖြစ်မီ ကြိုတင်​ကာကွယ်​နိုင်​ခဲ့​ခြင်း​ဖြစ်သည်၊ အမှန်​လည်း​ကာကွယ်​နိုင်​သည်။”

အေ့ဒ်စ်​ရောဂါ အခြား​နိုင်ငံ​များ​သို့ ချဉ်း​နင်း​ဝင်ရောက်

ကူးစက်​ပျံ့နှံ့မှု​နှုန်း​များသည် အရှေ့​ဥရောပ၊ အာရှ​နှင့် ကရစ်ဘီယံ​ဒေသ​တို့​၌​လည်း တစ်ဟုန်ထိုး​မြင့်တက်​လာ​နေသည်။ ၁၉၉၉ ခုနှစ်​အကုန်ပိုင်း​တွင် အရှေ့​ဥရောပ​၌ ကူးစက်​ခံ​နေရသူ​အရေအတွက်​မှာ ၄၂၀,၀၀၀ ဖြစ်​ခဲ့​၏။ ၂၀၀၀ ပြည့်နှစ်​အကုန်ပိုင်း​သို့​ရောက်​သော် မယုတ်​မ​လွန် ခန့်မှန်းချက်​အရ အဆိုပါ​ကိန်း​ဂဏန်း​သည် ၇၀၀,၀၀၀ အထိ မြင့်တက်​ခဲ့​လေ​သည်။

အမေရိကန်​မြို့ကြီး​ခြောက်​မြို့တွင် ပြုလုပ်​ခဲ့​သည့် စစ်တမ်း​တစ်ခု​က လိင်​တူ​မေထုန်ပြု​သော အမျိုးသား​ငယ်​များ​တွင် အိပ်ခ်ျအိုင်ဗွီပိုး​ကူးစက်​မှု​နှုန်း​မှာ ၁၂.၃ ရာခိုင်နှုန်း​ရှိ၏​ဟု ဖော်ပြ​ခဲ့​သည်။ ထို့​ပြင် အိပ်ခ်ျအိုင်ဗွီပိုး​ရှိနေ​သူများ​ထဲ​မှ ၂၉ ရာခိုင်နှုန်း​က​သာ မိမိတို့​တွင် ရောဂါ​ကူးစက်​နေကြောင်း​ကို သိရှိ​ကြသည်။ အဆိုပါ​စစ်တမ်း​ကို ဦးစီး​ဦးဆောင်​ပြု​ခဲ့​သည့် ကူးစက်​ရောဂါဗေဒ​ပညာရှင်​တစ်ဦး​က ဤသို့​ဆို​ခဲ့​၏– “အိပ်ခ်ျအိုင်ဗွီပိုး​ရှိသည့် အမျိုးသား​အတော်များများ​သည် မိမိတို့​ရောဂါ​ကူးစက်​နေသည်​ကို မသိကြ​ကြောင်း တွေ့ရှိ​ရခြင်း​မှာ ကျွန်ုပ်​တို့အတွက် အလွန်​စိတ်ပျက်​စ​ရာ​ဖြစ်သည်။ ယင်းက ကူးစက်​ခံရ​ခါ​စ​သူတို့သည် မိမိတို့​တွင် ရောဂါ​ရှိနေကြောင်း​မသိဘဲ​နှင့် ဗိုင်းရပ်စ်​ပိုး​ကို ကူးစက်​စေ​နေသည့်​သဘော​ပင်​ဖြစ်သည်။”

၂၀၀၁ ခုနှစ် မေလ​၌ ဆွစ်ဇာလန်​နိုင်ငံ​တွင်​ကျင်းပ​သော အေ့ဒ်စ်​ရောဂါ​ပညာရှင်​များ​၏​အစည်းအဝေး​တစ်ခု​၌ ဤ​ကူးစက်​ရောဂါ​ကို “လူ့​သမိုင်း​တွင် အကြီးအကျယ်​ကူးစက်​ပျံ့နှံ့​နေသော​ကပ်ရောဂါ” ဟု​ကြေညာ​ခဲ့​သည်။ ဖော်ပြ​ခဲ့​သည့်​အတိုင်း အေ့ဒ်စ်​ရောဂါ​သည် အထူးသဖြင့် အာဖရိက ဆာဟာရ​အောက်ပိုင်း​ဒေသ​တွင် သဲ​သဲ​မဲ​မဲ ချဉ်း​နင်း​ဝင်ရောက်​လျက်​ရှိနေ​လေ​ပြီ။ အဘယ်ကြောင့်​ဤသို့​ဖြစ်​ရသည်ကို ကျွန်ုပ်​တို့၏​နောက်​ဆောင်းပါး​တွင် သုံးသပ်​ထား​ပါ​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ဤ​တွင်​အသုံးပြု​ထားသော​ကိန်း​ဂဏန်း​များ​မှာ ယူအဲန်​အေ့ဒ်စ် က​ထုတ်ပြန်​သည့် ခန့်မှန်းခြေ​များ​ဖြစ်​ကြသည်။

^ အပိုဒ်၊ 7 ၂၀၀၂၊ မတ်​လ ၈ ရက်ထုတ် နိုးလော့!၊ စာမျက်နှာ ၁၂-၁၃ ကို​ရှု။

[စာမျက်နှာ ၃ ပါ အကျဉ်း​ဖော်ပြချက်]

ထိတ်လန့်​စိုးရိမ်ဖွယ်​အကောင်းဆုံး​မှာ အဆိုပါ ကူးစက်​မှု မှန်သမျှ . . . နှင့် . . . လူသား​တို့​ခံစား​ရသော​ဆင်းရဲ​ဝေဒနာ . . . တို့ကို မဖြစ်မီ ကြိုတင်​ကာကွယ်​နိုင်​ခဲ့​ခြင်း​ဖြစ်သည်၊ အမှန်​လည်း ကာကွယ်​နိုင်​သည်။—နယ်​လ်​စင် မင်ဒဲလား

[စာမျက်နှာ ၂၊ ၃ ပါ ရုပ်ပုံ]

များစွာ​သော​လူတို့သည် မသိဘဲ​နှင့် အိပ်ခ်ျအိုင်ဗွီ ကူးစက်​ခံ​နေကြ​ရ

[Picture Credit Line on page 3]

UN/DPI Photo 198594C/Greg Kinch