အေ့ဒ်စ်ရောဂါ ရပ်တန့်သွားမည်လော။ သို့ဆိုလျှင်၊ မည်သို့အားဖြင့်နည်း
အေ့ဒ်စ်ရောဂါ ရပ်တန့်သွားမည်လော။ သို့ဆိုလျှင်၊ မည်သို့အားဖြင့်နည်း
အာဖရိကနိုင်ငံများစွာတွင် အေ့ဒ်စ်ကူးစက်ရောဂါနှင့်ပတ်သက်၍ တစ်ချိန်တစ်ခါက လက်မခံခဲ့ကြချေ။ ယင်းမှာ လူတချို့အတွက် မဆွေးနွေးလိုသည့်အကြောင်းဖြစ်နေ၍တည်း။ သို့သော် မကြာသေးမီနှစ်များတွင် အထူးသဖြင့် လူငယ်လူရွယ်များအား ပညာပေးရန်နှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုကြရန် ကြိုးပမ်းမှုများ ပြုခဲ့ကြပြီဖြစ်သည်။ ဤသို့သောကြိုးပမ်းမှုများသည် မဆိုစလောက်သာ အောင်မြင်မှုရရှိခဲ့၏။ လူတို့၏ဘဝပုံစံများနှင့် ဓလေ့ထုံးစံများက ခိုင်မာစွာအမြစ်တွယ်နေရာ ပြောင်းလဲဖို့ အလွန်ခက်ခဲလှသည်။
ဆေးပညာတိုးတက်မှု
ဆေးပညာလောကမှ သိပ္ပံပညာရှင်များသည် အိပ်ခ်ျအိုင်ဗွီအကြောင်း များစွာလေ့လာသိရှိခဲ့ပြီး လူများစွာတို့၏အသက်ကို ထပ်ဆွဲထားနိုင်သည့် ဆေးဝါးများကိုလည်း ပေါ်ပေါက်စေခဲ့ကြသည်။ အလွန်ထိရောက်သော တန်ပြန်ဗိုင်းရပ်စ်တိုက်ဖျက်ကုထုံးအဖြစ်ဖော်ပြသည့် အနည်းဆုံး တန်ပြန်ဗိုင်းရပ်စ်တိုက်ဖျက်ဆေး (antiretroviral) သုံးမျိုးကို ပေါင်းစပ်ကာ ထိထိရောက်ရောက် အသုံးပြုခဲ့ကြပြီဖြစ်သည်။
အဆိုပါဆေးဝါးများသည် လုံးဝပျောက်ကင်းစေခြင်းမရှိသေးသော်လည်း အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အိပ်ခ်ျအိုင်ဗွီဝေဒနာသည်များ၏ သေဆုံးမှုနှုန်းကို လျှော့ချရာတွင် အောင်မြင်မှုရထားပေပြီ။ အဆိုပါဆေးဝါးများကို ဖွံ့ ဖြိုးဆဲနိုင်ငံများသို့လည်း ထောက်ပံ့ပေးရန်အရေးကြီးကြောင်း လူအများက အလေးပေးပြောဆိုကြသည်။ သို့ရာတွင် ဆေးဝါးများမှာ ဈေးကြီးလှသဖြင့် အဆိုပါနိုင်ငံများရှိ လူအများစုမှာ မည်သို့မျှ ဝယ်မသုံးနိုင်ကြချေ။
ယင်းက အောက်ပါအကြောင်းကိစ္စကို ပေါ်ပေါက်စေခဲ့သည်– ငွေကြေးအကျိုးအမြတ်သည် လူ့အသက်ထက် ပို၍အရေးပါသလော။ အဆိုပါအခြေအနေကို ဘရာဇီး အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် အစီအစဉ်၏ ဒါရိုက်တာ၊ ဒေါက်တာ ပေါလို တေဇေရာက ဤသို့အသိအမှတ်ပြုခဲ့သည်– “အကျိုးအမြတ် အကြီးအကျယ်ရရေးသက်သက်အတွက်နှင့် ထောင်နှင့်ချီသောလူတို့ခမျာ အသက်ကယ်ပေးသည့် ဆေးဝါးများမရရှိစေဘဲ ရေစုန်မျောနေရသည့်ဘဝမျိုး ကျွန်ုပ်တို့ အရောက်မခံနိုင်ပေ။” သူက ဤသို့ထပ်၍ပြောဆိုခဲ့သည်– “ကုန်သွယ်ရေးအကျိုးစီးပွားကို လူ့ကျင့်ဝတ်နှင့် လူသားချင်းစာနာထောက်ထားမှုတွေထက် ရှေ့တန်းမတင်ရေးကိစ္စနှင့်ပတ်သက်ပြီး ကျွန်ုပ်အလွန်ပင် စိုးရိမ်မကင်းဖြစ်နေပါသည်။”
ဆေးဝါးကုမ္ပဏီကြီးများ၏ မူပိုင်မှတ်ပုံတင်ခွင့်အချို့ကို ပယ်ဖျက်ပြီး ဆေးဝါးတချို့ကို ဈေးနှုန်းချိုချိုသာသာဖြင့် ဆေးအုပ်စုတူဆေးများထုတ်လုပ် တင်သွင်းရန် နိုင်ငံအချို့က ဆုံးဖြတ်ခဲ့ကြသည်။ * လေ့လာမှုတစ်ရပ်အရ “[ဆေးအုပ်စုတူဆေးဝါးများ၏] အနိမ့်ဆုံးဈေးနှုန်းများသည် ယူအက် စ် စံအမှတ် ဈေးနှုန်းများထက် ၈၂ ရာခိုင်နှုန်းလျော့နည်းသည်ကို တွေ့ရှိရကြောင်း” တောင်အာဖရိက ဆေးဂျာနယ်က အစီရင်ခံဖော်ပြသည်။
ဆေးကုသမှု အတားအဆီးများ
တစ်ခါတစ်ရံ ဆေးဝါးကုမ္ပဏီကြီးများသည် အကူအညီလိုအပ်လျက်ရှိသော ဖွံ့ဖြိုးဆဲနိုင်ငံများထံ အေ့ဒ်စ်ဆေးဝါးများကို ဈေးသက်သက်သာသာဖြင့် စတင်ကမ်းလှမ်းခဲ့ကြသည်။ ဤနည်းအားဖြင့် ဆေးဝါးများကို လူအမြောက်အမြား အသုံးပြုနိုင်ကြမည်ဟု မျှော်လင့်ကြသည်။ သို့ရာတွင် ဤဆေးဝါးများကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အလွယ်တကူရရှိနိုင်စေရန် အောင်မြင်ကျော်လွှားရမည့် အတားအဆီးကြီးများရှိနေပါသည်။ အတားအဆီးတစ်ခုမှာ ကုန်ကျစရိတ်ဖြစ်၏။ ဈေးနှုန်းများကို ထိထိရောက်ရောက် လျှော့ချလိုက်သည့်တိုင် ၎င်းဆေးဝါးများလိုအပ်လျက်ရှိသူ အများစုအတွက် အလွန့်အလွန် ဈေးကြီးလျက်ရှိနေသေးသည်။
နောက်ပြဿနာတစ်ခုမှာ ဆေးဝါးများကို တိုက်ကျွေးဖို့ မလွယ်ကူခြင်းဖြစ်သည်။ ဆေးလုံးများစွာကို နေ့စဉ် အချိန်အတိအကျ သောက်ပေးရမည်ဖြစ်၏။ မှန်မှန်ကန်ကန် မသောက်သုံးခြင်း သို့မဟုတ် ဆေးပတ်မလည်ခြင်းတို့ ဖြစ်သွားမည်ဆိုလျှင် ဆေးပြီးနေသော အိပ်ခ်ျအိုင်ဗွီမျိုးထူးများ ပေါ်ထွက်လာနိုင်သည်။ အစားအသောက်ချို့တဲ့ခြင်း၊ သန့်ရှင်းသောသောက်ရေ အထောက်အပံ့နည်းခြင်းနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ နည်းပါးခြင်းတို့ရှိနိုင်သည့် အာဖရိကနိုင်ငံအခြေအနေမျိုးတွင် ဆေးမှန်မှန်ကန်ကန်သောက်သုံးရန် သေချာစေဖို့ခက်သည်။
၎င်းပြင် ဆေးဝါးသောက်သုံးသူများကိုလည်း စောင့်ကြပ်စစ်ဆေးပေးရပေမည်။ ခုခံအား ပြန်တက်လာမည်ဆိုလျှင် ပေါင်းစပ်ဆေးဝါးများကို ပြောင်းလဲပေးရမည်ဖြစ်သည်။ ယင်းအတွက် အတွေ့အကြုံရှိဆေးဝါးအမှုထမ်းများ လိုအပ်ပြီး စမ်းသပ်စစ်ဆေးမှုများမှာလည်း စရိတ်စကများလှသည်။ ထို့အပြင် ဆေးဝါးများတွင် ဘေးထွက်ဆိုးကျိုးများရှိပြီး ဆေးပြီးသော ဗိုင်းရပ်စ်မျိုးထူးများလည်း ပေါ်လာနေသည်။
၂၀၀၁ ခုနှစ် ဇွန်လတွင်ကျင်းပခဲ့သော ယူအဲန် အေအိုင်ဒီအက်စ် အထူးအစည်းအဝေး အထွေထွေညီလာခံတွင် ဖွံ့ဖြိုးဆဲတိုင်းပြည်များကို အကူအညီပေးရန် ကမ္ဘာ့ကျန်းမာရေးရန်ပုံငွေအဖွဲ့က အဆိုပြုခဲ့ကြသည်။ ဒေါ်လာ ၇ ဘီလီယံနှင့် ၁၀ ဘီလီယံအကြား လိုအပ်နေကြောင်း ခန့်မှန်းရသည်။ ဤရန်ပုံငွေအတွက် ကတိပြုထားသည့်ငွေစုစုပေါင်းမှာ ယခုထက်ထိ သတ်မှတ်ထားသည့် ပမာဏသို့ မရောက်ရှိသေးပေ။
သိပ္ပံပညာရှင်များသည် ကာကွယ်ဆေးရှာဖွေတွေ့ရှိမည်ဟူသော မျှော်လင့်ချက်များ အကြီးအကျယ်ထားကာ နိုင်ငံအသီးသီးတွင် ကာကွယ်ဆေးအမျိုးမျိုး စမ်းသပ်စစ်ဆေးလျက်ရှိ၏။ အဆိုပါကြိုးပမ်းမှုများ အောင်မြင်မှုရလျှင်ပင် ကာကွယ်ဆေးကို ထုတ်လုပ်စမ်းသပ်ပြီး ပြည်သူလူထု စိတ်ချစွာ အသုံးမပြုမီ နှစ်ပေါင်းအတော်ကြာပေလိမ့်ဦးမည်။
ထိုင်း၊ ဘရာဇီးနှင့် ယူဂန္ဓာနိုင်ငံကဲ့သို့သော နိုင်ငံတချို့တွင် ကုသရေးအစီအစဉ်များ အထူးအောင်မြင်မှုရရှိခဲ့ပြီဖြစ်သည်။ ဘရာဇီးနိုင်ငံသည် နိုင်ငံအတွင်းထုတ်လုပ်သောဆေးဝါးများကို အသုံးပြုခြင်းအားဖြင့် အေ့ဒ်စ်နှင့်ဆက်နွှယ်နေသည့် သေဆုံးမှုနှုန်းကို ထက်ဝက်လျှော့ချနိုင်ခဲ့သည်။ ငွေကြေးဖူလုံသည့် ဘော့စ်ဝါးနားနိုင်ငံငယ်လေးသည် နိုင်ငံအတွင်း လိုအပ်နေသူမှန်သမျှကို တန်ပြန်ဗိုင်းရပ်စ်တိုက်ဖျက် (anitretroviral) ဆေးဝါး ထောက်ပံ့ပေးရန် ကြိုးပမ်းအားထုတ်လျက်ရှိပြီး မရှိမဖြစ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုအသုံးအဆောင်များ တည်ထောင်ပေးရန် ကြိုးစားလျက်ရှိနေသည်။
အေ့ဒ်စ်အရေးနိမ့်မှု
အေ့ဒ်စ်သည် အခြားကူးစက်ရောဂါများနှင့် ကွဲပြားသည့် အရေးကြီးကဏ္ဍတစ်ခုမှာ– ဆီးတားနိုင်သောရောဂါဖြစ်၍တည်း။ လူတို့သည် အခြေခံကျမ်းစာမူများကို တည်ကြည်စွာစွဲကိုင်ဖို့ အသင့်ရှိကြမည်ဆိုလျှင် အားလုံးမဟုတ်သည့်တိုင် ကိစ္စအတော်များများတွင် ညစ်ညမ်းမှုကို ရှောင်ကြဉ်နိုင်ကြမည်။
သမ္မာကျမ်းစာပါ ကိုယ်ကျင့်တရားစံနှုန်းများသည် ရှင်းလင်း၏။ လက်မထပ်ထားသူများ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ရမည်။ (၁ ကောရိန္သု ၆:၁၈) အိမ်ထောင်ရှင်များသည် မိမိတို့၏အိမ်ထောင်ဖက်အပေါ် သစ္စာရှိကာ အိမ်ထောင်ရေးမဖောက်ပြားသင့်ချေ။ (ဟေဗြဲ ၁၃:၄) သွေးကိုကြဉ်ရှောင်ပါဟူသော ကျမ်းစာဆုံးမစကားကို လိုက်နာခြင်းကလည်း အကာအကွယ်တစ်ရပ်ပင်။—တမန်တော် ၁၅:၂၉၊ ၃၀။
ရောဂါရှိပြီးသားသူတို့မှာလည်း မဝေးတော့သောအနာဂတ်အတွက် ဘုရားသခင်ကတိပြုသည့် ရောဂါကင်းမဲ့သောကမ္ဘာအကြောင်း လေ့လာသင်ယူကာ ဘုရားသခင့်တောင်းဆိုချက်များကို လိုက်နာခြင်းအားဖြင့် ရွှင်လန်းမှုနှင့် နှစ်သိမ့်မှုရရှိနိုင်ကြပါသည်။
အဆုံးတွင် ရောဂါဝေဒနာအပါအဝင် လူသားတို့၏ဝမ်းနည်းပူဆွေးမှုမှန်သမျှ အဆုံးတိုင်တော့မည်ဖြစ်ကြောင်း သမ္မာကျမ်းစာက ကျွန်ုပ်တို့အား အာမခံထားသည်။ သမ္မာကျမ်းစာ၏ နောက်ဆုံးကျမ်းစောင်တွင် ဤသို့ကတိပြုထားသည်– “ပလ္လင်တော်မှကြီးသောအသံကား– ‘ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ သူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်းမရှိရ။ ရှေးဖြစ်ဖူးသောအရာများသည် ရွေ့သွားကြပြီ’ ဟုဆိုလေ၏။”—ဗျာ. ၂၁:၃၊ ၄၊ သမ္မာ။
ယင်းအာမခံချက်သည် အဖိုးကြီးသောဆေးဝါးများကို ဝယ်ယူသုံးစွဲနေရသူတို့အတွက်သာမကချေ။ ဤနောက်ဆုံးကျမ်းစောင်၏ အခန်းကြီး ၂၁ ပါ ပရောဖက်ပြုချက်ဆိုင်ရာကတိတော်ကို ဟေရှာယ ၃၃:၂၄ တွင် ဤသို့အတည်ပြုထားသည်– “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ။” ထိုအခါ ကမ္ဘာကြီးပေါ်နေထိုင်သူအားလုံး ဘုရားသခင့်ပညတ်တော်များကို လိုက်နာကြမည်ဖြစ်၍ ကျန်းမာရေးဒေါင်ဒေါင်မြည်နေမည်။ သို့နှင့် အေ့ဒ်စ်ရောဂါနှင့် အခြားရောဂါရှိရှိသမျှတို့၏ မရဏချီတက်မှုသည် ထာဝစဉ် ရပ်တန့်သွားပေလိမ့်မည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 7 ဆေးအုပ်စုတူဆေးဝါးများဟူသည် အခြားဆေးဝါးကုမ္ပဏီများက မူပိုင်ယူထားသည့် မျိုးတူဆေးဝါးများဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများသည် အရေးပေါ်အခြေအနေတွင် ဆေးဝါးမူပိုင်ခွင့်ကို တရားဝင်ပယ်ဖျက်နိုင်ကြသည်။
[စာမျက်နှာ ၉၊ ၁၀ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]
ဒါဟာ ကျွန်မရှာဖွေ နေတဲ့တကယ့်ကုသမှုပဲ
အာဖရိကတောင်ပိုင်းမှာ ကျွန်မနေထိုင်ပါတယ်၊ အသက်က ၂၃ နှစ်ရှိပါပြီ။ ကျွန်မမှာ အိပ်ခ်ျအိုင်ဗွီပိုးကူးစက်နေပြီလို့ သိလိုက်ရတဲ့နေ့ကို ကျွန်မမှတ်မိနေသေးတယ်။
အမေနဲ့အတူ လူနာစမ်းသပ်ခန်းမှာရှိနေတုန်း အဲဒီအကြောင်းကို ဆရာဝန်က ထုတ်ပြောခဲ့တယ်။ ကျွန်မဘဝမှာ ကြားဖူးသမျှ ဝမ်းနည်းစရာအကောင်းဆုံး သတင်းပဲ။ ကျွန်မတွေဝေသွားတယ်။ ယုံတောင်မယုံနိုင်ဘူး။ ဓာတ်ခွဲခန်း မှားတာလို့ပဲ ကျွန်မထင်နေတယ်။ ဘာပြောလို့ ဘာလုပ်ရမှန်းမသိတော့ဘူး။ ငိုချင်နေပေမဲ့ မျက်ရည်ကျမလာဘူး။ ဆရာဝန်က အမေ့ကို ဗိုင်းရပ်စ်တန်ပြန်တိုက်ဖျက် (antiretroviral) ဆေးဝါးတွေအကြောင်းနဲ့ တခြားအကြောင်းတွေ ပြောဆိုဆွေးနွေးနေပေမဲ့ ကျွန်မစိတ်ချောက်ချားနေလို့ ဘာမှမကြားမိလိုက်ဘူး။
တက္ကသိုလ်တက်တုန်း တစ်ယောက်ယောက်ဆီကနေ ကူးလာတာဖြစ်ရမယ်လို့ ကျွန်မသဘောပေါက်လိုက်တယ်။ ကျွန်မရဲ့အခြေအနေကို နားလည်ပေးနိုင်မယ့်သူတစ်ယောက်ယောက်နဲ့ စကားအရမ်းပြောချင်ပေမဲ့ ဘယ်သူ့ကိုမှ စဉ်းစားလို့မရနိုင်ခဲ့ဘူး။ ကိုယ့်ကိုယ်ကို တန်ဖိုးမရှိ၊ အရှုံးသမားဆိုတဲ့ ခံစားချက်တွေအောက်မှာ လက်လျှော့အရှုံးပေးလိုက်ပြီ။ မိသားစုဝင်တွေက ကျွန်မကို ထောက်ကူပေးပေမဲ့ မျှော်လင့်ချက်မဲ့ပြီး ရင်တထိတ်ထိတ်ဖြစ်နေရတယ်။ တခြားလူငယ်တွေလို ကျွန်မမှာလည်း စိတ်ကူးယဉ် အိပ်မက်တွေ အများကြီးရှိတာပေါ့။ သိပ္ပံဘွဲ့ရဖို့ နှစ်နှစ်ပဲလိုတော့တာ၊ ဒါပေမဲ့ အဲဒီမျှော်လင့်ချက်က အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားပါပြီ။
ပေးထားတဲ့ တန်ပြန်ဗိုင်းရပ်စ်တိုက်ဖျက် (antiretroviral) ဆေးဝါးတွေကို ကျွန်မ စသောက်ပြီး အေ့ဒ်စ်အကြံပေးပုဂ္ဂိုလ်တွေနဲ့လည်း သွားသွားတွေ့ပေမဲ့ ကျွန်မ စိတ်ဓာတ်ကျနေတုန်းပါပဲ။ ကျွန်မ မသေခင် စစ်မှန်တဲ့ ခရစ်ယာန်တရားကို ဖော်ပြပေးဖို့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ ကျွန်မဟာ ပဲန်တီကော့စ်တဲလ် ချာ့ခ်ျအဖွဲ့သားတစ်ဦးဖြစ်ပေမဲ့ ချာ့ခ်ျက တစ်ယောက်တလေတောင် ကျွန်မကို လာမကြည့်ကြဘူး။ တမလွန်မှာ ကျွန်မဘယ်ရောက်မလဲဆိုတဲ့ အမှန်တရားကို ကျွန်မသိပ်သိချင်နေတယ်။
၁၉၉၉ ခုနှစ် ဩဂုတ်လအစောပိုင်း တစ်မနက်မှာ ယေဟောဝါသက်သေနှစ်ယောက် ကျွန်မအိမ်တံခါးကို လာခေါက်ကြတယ်။ အဲဒီနေ့က ကျွန်မအရမ်းဖျားနေတာ၊ ဒါပေမဲ့ ဧည့်ခန်းမှာ ကျွန်မထိုင်နိုင်တယ်။ အမျိုးသမီးကြီးနှစ်ယောက်က မိတ်ဆက်စကားပြောပြီး လူတွေကျမ်းစာလေ့လာဖို့ ကူညီပေးနေတဲ့သူတွေပါလို့ ဆိုတယ်။ ကျွန်မရဲ့ဆုတောင်းချက်ဟာ နောက်ဆုံး ဖြေကြားခံလိုက်ရလို့ တကယ်ပဲ စိတ်သက်သာသွားတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်မ အရမ်းအားနည်းနေလို့ ကြာကြာ မဖတ်နိုင်၊ အာရုံလည်းမစိုက်နိုင်ခဲ့ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ကျမ်းစာလေ့လာချင်တယ်လို့ သူတို့ကို ပြောပြလိုက်တော့ သူတို့ အချိန်းအချက် လုပ်ပေးတယ်။ ဝမ်းနည်းစရာက ချိန်းတဲ့ရက်မရောက်ခင်မှာဘဲ ကျွန်မ စိတ်ကျဝေဒနာကြောင့် စိတ်ကျန်းမာရေးဆေးရုံရောက်သွားတယ်။ သုံးပတ်လည်းကြာရော ဆေးရုံက ဆင်းခွင့်ရပြီး သက်သေခံတွေ ကျွန်မကို မမေ့ကြသေးဘူးဆိုတာသိလိုက်ရတော့ စိတ်သက်သာသွားတယ်။ သက်သေခံတစ်ယောက်က ကျွန်မဘယ်လိုနေသေးလဲဆိုတာသိဖို့ အမြဲအဆက်အသွယ်လုပ်တာကို ကျွန်မအမှတ်ရတယ်။ ကျွန်မအတော်လေး ထူထူထောင်ထောင်ဖြစ်လာတာနဲ့ နှစ်အဆုံးပိုင်းလောက်မှာ ကျမ်းစာကို စလေ့လာခဲ့တယ်။ ကျွန်မရဲ့ရောဂါအခြေအနေက တည်တည်ငြိမ်ငြိမ်မဖြစ်သေးတော့ မလွယ်ကူဘူးပေါ့။ ဒါပေမဲ့ ကျွန်မကို ကျမ်းစာသင်ပေးတဲ့သူက နားလည်ပေးပြီး စိတ်လည်းရှည်တယ်။
ကျမ်းစာမှာပါတဲ့ ယေဟောဝါနဲ့ ကိုယ်တော်ရဲ့အရည်အသွေးတွေအကြောင်းရယ်၊ ကိုယ်တော်ကိုသိကျွမ်းခြင်းက တကယ်တမ်းဘာကိုဆိုလိုတဲ့အကြောင်းနဲ့ ထာဝရအသက်ကို စောင့်မျှော်ရမယ့်အကြောင်းတွေကိုပါ ကျွန်မလေ့လာလိုက်တော့ အရမ်းစွဲမှတ်သွားတယ်။ ဦးဆုံးအကြိမ်အနေနဲ့ လူသားတွေ ဆင်းရဲဝေဒနာခံစားနေရတဲ့အကြောင်းရင်းကိုလည်း နားလည်ခဲ့ရတယ်။ လူ့အုပ်ချုပ်မှုအားလုံးရဲ့နေရာမှာ မကြာခင်အစားဝင်တော့မယ့် ဘုရားသခင့်နိုင်ငံတော်အကြောင်းသင်ယူရတာ ကျွန်မကို အရမ်းပျော်ရွှင်စေတယ်။ ကျွန်မရဲ့ဘဝလမ်းစဉ်ကိုလည်း လုံးဝပြောင်းလဲပစ်ဖို့ ကျွန်မကို လှုံ့ဆော်ပေးတယ်။
ဒီလိုတကယ်ပျောက်တဲ့ကုသမှုမျိုးကိုပဲ ကျွန်မရှာဖွေနေတာ။ ကျွန်မကို ယေဟောဝါချစ်ပြီး ဂရုစိုက်နေတုန်းပဲဆိုတာ သိလိုက်ရတော့ အရမ်းစိတ်ချမ်းသာသွားတာပဲ။ ဒီမတိုင်ခင်ကဆိုရင် ကျွန်မကို ဘုရားသခင်မုန်းနေတယ်၊ ဒါကြောင့် ဒီရောဂါရလာတာလို့ ထင်ခဲ့မိတာ။ ဒါပေမဲ့ ယေဟောဝါက ယေရှုခရစ်ရဲ့ ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကိုအခြေပြုပြီး အပြစ်ကိုခွင့်လွှတ်ဖို့ မေတ္တာရှိရှိနဲ့ စီစဉ်ပေးထားတဲ့အကြောင်း ကျွန်မသိရှိခဲ့ရတယ်။ ဒါ့အပြင် “သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့် သင်တို့ ၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့” ဆိုတဲ့ ၁ ပေတရု ၅:၇ မှာပြောတဲ့အတိုင်း ဘုရားသခင် ဂရုစိုက်တယ်ဆိုတာကိုလည်း ကျွန်မသိလိုက်ရတယ်။
ကျမ်းစာကို နေ့တိုင်းလေ့လာပြီး ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ အစည်းအဝေးတွေတက်ရောက်ခြင်းအားဖြင့် ကျွန်မတတ်နိုင်သလောက် ယေဟောဝါနဲ့နီးနီးကပ်ကပ်နေဖို့ အင်တိုက်အားတိုက် ကြိုးစားနေပါတယ်။ အမြဲတမ်းတော့ မလွယ်ကူပေမဲ့ ကျွန်မရဲ့စိုးရိမ်ပူပန်မှုတွေကို ယေဟောဝါဆီ ဆုတောင်းအပ်နှံလိုက်ပြီး ကိုယ်တော့်ဆီကနေ ခွန်အားနဲ့ နှစ်သိမ့်မှုကို တောင်းခံတယ်။ အသင်းတော်သားတွေကလည်း ကျွန်မကိုကူညီဖို့ဆို အဆင်သင့်ပဲ၊ ဒါကြောင့် ကျွန်မပျော်တယ်။
ဒေသခံအသင်းတော်နဲ့အတူ ဧဝံဂေလိလုပ်ငန်းမှာ ကျွန်မမှန်မှန်ပါဝင်တယ်။ တခြားသူတွေကို ဝိညာဉ်ရေးအရ ကျွန်မကူညီပေးချင်တယ်၊ အထူးသဖြင့် ကျွန်မနဲ့ဘဝတူတဲ့သူတွေကိုပေါ့။ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလမှာ ကျွန်မ နှစ်ခြင်းခံခဲ့ပါတယ်။
[ရုပ်ပုံ]
ဘုရားသခင့်နိုင်ငံတော်အကြောင်းသိရခြင်းကြောင့် ကျွန်မ အကြီးအကျယ် ရွှင်လန်းခဲ့
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
ဘော့စ်ဝါးနားနိုင်ငံ အေအိုင်ဒီအက်စ်အကြံပေးအဖွဲ့
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ပရဒိသုမြေကြီးပေါ် လူသားအားလုံး ကျန်းမာရေးဒေါင်ဒေါင်မြည်နေမည်