မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့​ဖြစ်ရပ်​အကဲခတ်

အမှိုက်​က ရွှေ​ဖြစ်

ဂျပန်​မှ သတ္တု​တူးဖော်​သော​ကုမ္ပဏီ​တစ်ခု​သည် လွယ်လွယ်​နှင့်​အမြတ်​များများ​ရသော အဖိုးတန်​သတ္တု​ထုတ်ယူ​နည်းကို တွေ့ ရှိ​ထား​လေ​ပြီ။ အ​ကီ​တာ စီရင်​စု​နယ်​ရှိ သတ္တု​အရည်ကျို၊ သန့်စင်​သော​ကုမ္ပဏီ​သည် ယခု​အခါ သတ္တု​ရိုင်း​ရှာဖွေ​ရာ​တွင် အချိန်​နှင့်​ငွေ​များစွာ အကုန်ခံ​စ​ရာ​မလို​ဘဲ စွန့်ပစ်​ထားသော​ဆယ်​လူ​လာ​ဖုန်း​နှင့် ကွန်ပျူတာ​များ​မှ အပိုင်းအစ​များ​ကို အရည်ကျို​ကာ အဖိုးတန်​သတ္တုများ​ပြန်​ထုတ်ယူ​လျက်​ရှိသည်​ဟု တို​ကျို​မှ အိုင်​အိပ်ခ်ျ​တီ အ​ဆာ​ဟီ ရှင်​ဘွန်း သတင်းစာ​တွင် ရေးသား​ဖော်ပြ​သည်။ ကုမ္ပဏီ​၏​ဥက္ကဋ္ဌ​အဆို​အရ “ဓာတ်ခဲ​ထုတ်​ထားသော—ဆယ်​လူ​လာ​ဖုန်း​အဟောင်း ၁ တန်​မှ ရွှေ ဂ​ရမ်​ရာ​နှင့်​ချီ​၍ ထွက်​နိုင်​သည်။” လုပ်ရိုးလုပ်စဉ် သတ္တု​တူးဖော်​နည်း​များနှင့် နှိုင်းယှဉ်လျှင် “မြို့တော်​သတ္တုတွင်း” တစ်တန်​မှ​အမြတ်​နှုန်း​သည် သတ္တု​ရိုင်း​တစ်တန်​မှ အမြတ်​နှုန်း​၏ ဆယ်​ဆ​ရှိ​နိုင်​သည်။ ထို့​ပြင် ဆယ်​လူ​လာ​ဖုန်း​မှ ရွှေ​ထုတ်ယူခြင်း​သည် သတ္တု​ရိုင်း​မှ သတ္တု​ထုတ်ယူခြင်း​နှင့် မ​ကွာ​လှ​သောကြောင့် ကွဲပြား​သည့် ထုတ်လုပ်ရေး​ပစ္စည်း​များ​ဝယ်​ရန် ထပ်ဆင့်​ရင်းနှီး​မြှုပ်နှံ​ဖို့ မလို​အပ်​ချေ။

သိုးထိန်း လာ​မာကု​လား​အုတ်​များ

မြောက်​အမေရိက​မှ သိုးခြံ​ပိုင်ရှင်​များသည် ၎င်းတို့၏​သိုးများ​ကို​ထိန်း​ရန် လာ​မာကု​လား​အုတ်​များ​ကို အသုံးပြု​နေကြ​သည်။ ကနေဒါ​မှ သည်​ဂ​လုပ်​ဘ်​အဲ​န်​မေးလ် သတင်းစာ​အရ လာ​မာ​တို့သည် “မိမိတို့​နှင့်အတူ​ရှိနေ​သည့် တိရစ္ဆာန်​များ​အပေါ် အလွန်​ပင်​သံယောဇဉ်​ကြီး​ကြသည်။” အချက်ပေး​ခေါ်သံ​ပြု​ပေးခြင်း၊ သိုးများ​ကို​အုပ်​ဖွဲ့​ပေးခြင်း၊ ကျူးကျော်​ဝင်လာ​သည့်​အကောင်​များ​ကို မောင်းထုတ်​ပေးခြင်း​နှင့် သားရဲတိရစ္ဆာန်​များ​ကို ကန်​ကျောက်​ပစ်​ခြင်း​တို့​ဖြင့် သိုးအုပ်​ကို အားကြိုးမာန်တက်​စောင့်ရှောက်​ကြသည်။ လာ​မာ​များသည် ဈေး​မများ​လှ​သောကြောင့် အချို့​လယ်သမားများ​သည် သိုးထိန်း​ခွေး​များ​ထက်​ပင် ပို​၍​နှစ်သက်​ကြသည်။ ထို့​ပြင် “လာ​မာ​တို့သည် သိုးများ​နှင့်အတူ မြက်​စား၍ အိပ်​နိုင်​ခြင်း​ကြောင့် ၎င်း​တို့အတွက် စောင့်ရှောက်​စရိတ် အပို​မကုန်​တော့​ချေ—၎င်းတို့သည် လူကြိုက်များ​သော သိုးထိန်း​ခွေး​မျိုး​များ​ထက် များစွာ​သာ၍ အသက်ရှည်ရှည်​နေနိုင်​သည်” ဟု သတင်းစာ​က ဆို​သည်။ လာ​မာ​များ​ပိုင်​သော ကနေဒါ​လူမျိုး သိုးခြံ​ပိုင်ရှင်​တစ်ဦး​က အကျိုးကျေးဇူးများ​ကို ဤသို့​ဖော်ပြ​ခဲ့​သည်–  “သူတို့​အတွက် သင်​ဘာမှ ကုန်​စ​ရာ​မလိုဘူး၊” ဒီ​အပြင် “ဟော​င်​လည်း​မ​ဟော​င်​ကြဘူး။”

သဘာဝ​အအေး​ပေး​ပစ္စည်း

ဂျာမနီ​မှ သုတေသန​အဖွဲ့​တစ်ဖွဲ့​သည် ပ​ရုတ်​၏​အေးမြ​စေသော​သတ္တိ​ထက် ၃၅ ဆ​သာလွန်​ပြီး ပူရှိမ်းရှိမ်း​လည်း​မခံစား​ရသော သဘာဝ​ဓာတု​ပစ္စည်း​တစ်မျိုး​ကို ရှာတွေ့ခဲ့​ကြသည်။ ဘီယာ​နှင့် ဝီ​စ​ကီ​တို့​တွင် သဘာဝ​အလျောက်​ဖြစ်ပေါ်​နေသော ထို​ဓာတု​ပစ္စည်း​ကို မြူး​နစ်​မြို့ ဂါး​ချ​င့်​ရှိ အစားအသောက်​ဓာတု​ဗေဒ​ဆိုင်ရာ ဂျာမန်​သုတေသန​ဌာန​တွင် ရှာဖွေ​တွေ့ရှိ​ခဲ့​သည်။ သုတေသန​အဖွဲ့​၏ ဒါရိုက်တာ သော​မတ် ဟော့ဖ်​မင်း​၏​အဆိုကို န​ယူး​ဆိုင်း​ယင်း​တစ် မဂ္ဂဇင်းက ကိုးကား​ဖော်ပြ​သည်– “၎င်း​သည် ဘီယာ၊ ရေ​သန့်​ဘူး​ရှိ ရေ၊ ရှောက်​သံ​ပု​ရာ​ရည်၊ ချောကလက်​နှင့် ကိတ်မုန့်​အပါအဝင် ထုတ်ကုန်​အမျိုးမျိုးကို အလွန်​အေးမြ​လတ်ဆတ်​သော ရှည်ကြာ​သည့်​အနံ့​အရသာ ပေး​နိုင်​သည်။” ဤ​ဓာတု​ပစ္စည်း​သည် အသားအရေ​ကို ပင်​စိမ်း​မျိုး ပူ​ဒီ​နာ​မျိုး​ထက် အဆ ၂၅၀ သာ၍ အေးမြ​စေသော​ကြောင့် ယင်းကို မိတ်ကပ် သို့​မဟုတ် အသားအရေ​လိမ်းဆေးရည်​များ​တွင်​ထည့်​ပါ​က ၎င်းတို့၏​အရည်အသွေး ပိုမို​ကောင်း​လာနိုင်​သည်။

တိရစ္ဆာန်​ချေး​မြေ​သြဇာ​နှင့် စူပါ​ပိုးမွှား​များ

“ဥရောပ​တစ်လျှောက်​ရှိ​စိုက်​ကွင်း​များသည် ခြံမွေး​တိရစ္ဆာန်​များ​အတွက်​သုံး​သော ပဋိဇီဝဆေး​များ​ကြောင့် အန္တရာယ်​ရှိ​အဆင့်​တွင်​ရောက်​ကာ ညစ်ညမ်း​နေပြီ” ဟု န​ယူး​ဆိုင်း​ယင်း​တစ်​မဂ္ဂဇင်းက တင်ပြ​ထား​သည်။ ဥရောပ​ပြည်ထောင်စု​နှင့် အမေရိကန်​ပြည်ထောင်စု​တို့​တွင် ခြံမွေး​တိရစ္ဆာန်​များ ကြီးထွားမှု​မြန်​စေရန်​နှင့် ရောဂါ​ကာကွယ်​ပေး​ရန် နှစ်စဉ် ပဋိဇီဝဆေး တန် ၁၀,၀၀၀ ကျော် တိုက်ကျွေး​ကြသည်။ “သို့သော် မကြာသေးမီ​က သုတေသန​ပြုချက်​အရ ခြံမွေး​တိရစ္ဆာန်​များ​အတွက် ဆေးဝါး​တိုး၍​သုံး​ခြင်း​နှင့် လူ​တို့ကို​ကူးစက်​သော ပဋိဇီဝဆေး​ခံနိုင်ရည်​ရှိ​ပိုးမွှား​များ ပေါ်ပေါက်​လာ​ခြင်း​တို့သည် တိုက်ရိုက်​ဆက်စပ်မှု​ရှိကြောင်း တွေ့ရှိ​ခဲ့​ကြသည်” ဟု မဂ္ဂဇင်းက​ဖော်ပြ​သည်။ “မြေ​သြဇာ​အဖြစ် လယ်ကွက်​များ​၌​ကြဲ​ဖြန့်​သော တိရစ္ဆာန်​ချေး​တွင်​ရှိ​ဆေးဝါး​များသည် ကျွန်ုပ်​တို့၏​အစားအစာ​နှင့် ရေ​ထဲ ရောက်ရှိ​လာနိုင်​သည်၊ . . . ၊ [ထို့နောက် ၎င်းတို့သည်] စားသုံး​သည့်​ကောက်​ပဲ​သီးနှံများ​ကို ညစ်ညမ်း​စေ​သည်” ဟု န​ယူး​ဆိုင်း​ယင်း​တစ် က​ဆို​သည်။

“မွေးစား​ရန်” အတွက်​အဘိုးအဘွား​များ

စပိန်​နိုင်ငံ​မှ မိသားစု​အချို့​သည် ဆွေမျိုး​မရှိသော သက်ကြီးရွယ်အို ၆၆ ယောက်​ကို “မွေးစား” ရန် စီစဉ်​ခဲ့​ကြသည်​ဟု စပိန်​သတင်းစာ အယ်​လ် ပါရီ​စ်​က​တင်ပြ​သည်။ “ဤ​အစီအစဉ်​၏​ရည်ရွယ်ချက်မှာ . . . တစ်ကိုယ်တည်း​မ​ရပ်တည်​နိုင်​သူ သက်ကြီးရွယ်အို​များသည် လူ​အို​ရုံ​သို့​သွား​မည့်​အစား နောက်​တစ်​နေရာကို​ရွေး​နိုင်​ရန် ကမ်း​လှမ်း​ခြင်း​ဖြစ်သည်” ဟု သတင်းစာ​က​ဖော်ပြ​သည်။ သက်ကြီးရွယ်အို​များ​ကို​ခေါ်​နေ​ရန် လျှောက်ထား​သူများ​ထဲ​တွင် သက်ကြီးရွယ်အို​များနှင့်​အတူ ဘဝကို​ဝေမျှ​ခံစား​လို​သည့် အသက် ၅၀ ကျော် အိမ်ထောင်သည်​မောင်နှံ​များ​ပါဝင်​သည်။ ကလေး​ငယ်​များ​ရှိသော မိသားစု​အချို့​က မိမိတို့​အိမ်​၌ အဘိုးအဘွား တစ်ယောက်ယောက်​ရှိစေ​လို​သည်​ဟု ဆို​၏။ မွေးစား​သော​မိသားစု​များသည် အစိုးရ​ထောက်ပံ့​ငွေ​ရသည်မှာ​မှန်​သော်လည်း “သူတို့​မွေးစား​လို​ခြင်း​မှာ ငွေကြေး​ကြောင့်​မဟုတ်ပါ” ဟု အစီအစဉ်​၏​အထွေထွေ​ဒါရိုက်တာ မာ​ရီ​ဆာ မြူ​ယော့စ်-ကာ​ဘယ်​ယာ​ရို က​ရှင်းပြသည်။ “ငွေကြေး​ကြောင့်​သာ​ဖြစ်ပါ​မူ မကြာမီ​ပင် သူတို့​စိတ်ကုန်​သွား​ကြလိမ့်မည်၊ အကြောင်း​မှာ သက်ကြီးရွယ်အို​များ​ကို စောင့်ရှောက်​ရခြင်း​သည် ပင်ပန်း​စွာ​အားထုတ်​ရသော အလုပ်​တစ်ခု​ဖြစ်၍​တည်း။”

ဥရောပ​တွင် အိမ်တွင်း​အကြမ်းဖက်မှု

“ဥရောပ​အမျိုးသမီး ငါး​ယောက်​တွင်​တစ်ယောက်​သည် သူ့​ဘဝ၏ တစ်ချိန်ချိန်​၌ အမျိုးသား​ကြင်ဖော်​၏ အကြမ်းဖက်မှုကို ကြုံတွေ့ ကြ​ရသည်” ဟု အလုပ်အကိုင်​နှင့် လူမှုရေး​ရာ​အတွက် တာဝန်​ရှိသူ ဥရောပ​ကော်မရှင်​အဖွဲ့ဝင် အယ်နာ ဒီ​အာမန်​တို​ပါ​လူ က​ဆို​သည်။ ယ​မ​န်​နှစ်​က စပိန်​တွင်​ကျင်းပ​ခဲ့​သော အမျိုးသမီးများ​အား အကြမ်းဖက်မှု​တိုက်ဖျက်ရေး ဝန်ကြီး​များ​ညီလာခံ​တွင် ဒီ​အာမန်​တို​ပါ​လူ က ဤသို့​ထုတ်ဖော် ပြောဆို​ခဲ့​သည်– “ကမ္ဘာ​တစ်ဝန်း ရှိ အသက် ၁၅ နှစ်​နှင့် ၄၄ နှစ်​အကြား​အမျိုးသမီးများ​သည် ကင်ဆာ၊ ငှက်ဖျား၊ ယာဉ်တိုက်မှု​များ သို့​မဟုတ် စစ်ပွဲ ယင်း​တို့အားလုံး​ပေါင်း​ထက် အမျိုးသားများ​၏​အကြမ်းဖက်မှု​ကြောင့် အကြီးအကျယ်​အနာတရ​ဖြစ်မှု သို့​မဟုတ် သေဆုံး​ရ​မှု​က ပို​များ​ဖွယ်​ရှိသည်။” “အိုင်ယာလန်​တွင် အသတ်ခံရ​သော​အမျိုးသမီး​တစ်ဝက်​ကျော်​သည် သူတို့၏​အမျိုးသား​အဖော် သို့​မဟုတ် ခင်ပွန်း​ဖြစ်သူ​၏ သတ်ဖြတ်မှု​ကြောင့်​ဖြစ်” နေစဉ် ယူနိုက်တက်​ကင်း​ဒမ်း​တွင် “အိမ်တွင်း အကြမ်းဖက်မှု​ကြောင့် ၃ ရက်​လျှင် အမျိုးသမီး​တစ်ဦး​နှုန်း သေဆုံး​နေသည်။” ထို့​ပြင် ဩစတြီးယား​တွင် “ကွာရှင်းမှု​ထက်ဝက်​သည် လင်ယောက်ျား​များ​၏ နှိပ်စက်မှု​ခံရ​သော အမျိုးသမီးများ​၏​တိုင်ကြား​ချက်​အပေါ် အခြေခံ​သည်” ဟု ပြင်သစ်​နေ့စဉ်​သတင်းစာ လာ မ​န်ဒ် ၌ ဖော်ပြ​သည်။

ကလေး​ငယ်​များ ရေနစ်​သေဆုံး​ခြင်း​ကို ကာကွယ်​ဟန့်တား​ခြင်း

ကမ္ဘာ့​အ​ကြွယ်ဝ​ဆုံး​နိုင်ငံ ၂၆ နိုင်ငံ​တွင် ရေ​နှစ်​သေဆုံးမှု​သည် အသက် ၁၄ နှစ်အရွယ်​ထိ​ကလေး​များ သေဆုံး​ရသည့်​အကြောင်းရင်း​တွင် ဒုတိယ​အဖြစ်​များ​ဆုံး​ဖြစ်သည်​ဟု (ယခင် ဗြိတိသျှ​ဆေး​ဂျာနယ်)ဘီ​အမ်​ဂျေ​၌​ဖော်ပြ​သည်။ ဂျာနယ်​အရ “နို့စို့​သူငယ်​များသည် အိမ်​တွင် (အများအားဖြင့် ရေချိုးကန်​တွင်); လမ်းလျှောက်​စ​ကလေး​များသည် အိမ်​နှင့်​ကပ်လျက်​ရှိသော ရေကူး​ကန် သို့​မဟုတ် ရေကန်​ငယ်​တို့​တွင်​နှင့် ကလေး​ကြီး​များသည် အင်း​အိုင်​များ၊ မြစ်ချောင်း​များ​ကဲ့သို့​သော သဘာဝ​ရေ​အစုအဝေး​တွင် ရေနစ်​သေဆုံး​ကြ​ဖွယ်​ရှိသည်။” ထိုသို့​သော မတော်တဆမှုများ​ကို ကာကွယ်​တားဆီး​ရန် ကျွမ်းကျင်​သူများ​က အောက်ပါ​အတိုင်း အကြံပြု​ကြသည်– နို့စို့​ကလေး​သည် ရေချိုးကန်​ထဲ​ရှိ​စဉ် သို့​မဟုတ် ရေ​များများ​ရှိသော​နေရာတွင်​ရှိ​စဉ် မပြတ်​စောင့်ကြည့်​နေပါ၊; အိမ်ဝင်း​ထဲ​မှ​တစ်ဆင့် ပန်းခြံ​ရှိ​ရေကန် သို့​မဟုတ် ရေကူး​ကန်​သို့ မသွား​နိုင်အောင် ခြံစည်းရိုး​ကာ​ထား​ပါ; ကလေး​ငယ်​ကို တစ်ယောက်တည်း ရေ​သွား​ကူး​ရန် သို့​မဟုတ် သီးခြားနေ​ရာ​တွင် ရေကူး​ရန် ခွင့်​မပြု​ပါ​နှင့်; အသက်​ပြန်​ရှူ​အောင်​လုပ်သော​နည်း​များ​ကို သင်ယူ​ထား​ပါ။

ကြီးကောင်​ဝင် စော​ခြင်း

“ကြီးကောင်​ဝင် စော​လာကြပြီ” ဟု ဂျာမန်​သတင်းစာ ဘာလင်​နာဇီ​တန် က​ဖော်ပြ​သည်။ ယု​တ်စွ​အဆုံး ဇီဝ​ရှုထောင့်​အရ လူငယ်များသည် အသက် ၁၀ နှစ်​နှင့် ၁၂ နှစ်​အကြား သို့​မဟုတ် ထို့​ထက်​ပင်​စောစီး​စွာ ကလေး​ဘဝ​ကုန်ဆုံး​သွားခြင်း​မှာ မ​ဆန်း​တော့​ပါ။ ကမ္ဘာ​တစ်ဝန်း​မှ သုတေသီ​များသည် ဤ​ဖြစ်ရပ်​ကို​သတိပြုမိ​ကြသော်လည်း ဖြစ်​ရသည့်​အကြောင်းရင်း​များ​ကို အတိအကျ​မသိကြ​ပါ။ အာဟာရ​ပို​၍​ကြွယ်ဝ​လာ​ခြင်း​နှင့် ကူးစက်​ရောဂါ​များ ဆုတ်ယုတ်​ကျဆင်း​သွားခြင်း​တို့ကို ဖြစ်​နိုင်​ခြေ​အဖြစ် ဖော်ပြ​ကြသည်။ အခြားသူများ​က ပတ်ဝန်းကျင်​အဆိပ်အတောက်​ဖြစ်စေ​သော ပစ္စည်း​များ​ကြောင့်​ဖြစ်သည်​ဟု ဆို​ကြသည်၊ အထူးသဖြင့် မ-ဟော်မုန်း​ဖြစ်သော အီစတြိုဂျင်​၏​အကျိုး​သက်ရောက်မှု အသွင်သဏ္ဌာန်​ဆောင်​သည့် ပစ္စည်း​များ​ဖြစ်၏။ အကြောင်းရင်း​သည် မည်သည့်​အရာ​ပင်​ဖြစ်စေ လိင်ဆိုင်ရာ​လူကြီး​ဖြစ်​စော​ခြင်း​က စော​စွာ​လိင်ဆက်ဆံခြင်း​ပြု​စေနိုင်​သည်။ “ကလေး​တစ်ဦး​သည် လမ်းလျှောက်​စ​အရွယ်​မှ ပထမ​ဆုံး​လိင်​အတွေ့အကြုံ​ရရှိ​ချိန် ကြား​ကာလ​သည် နှစ်​အနည်းငယ်​သာ​ကြာ​သည်” ဟု ထို​သတင်းစာ​က​ဖော်ပြ​သည်။

ဒေါသကြီး​ခြင်း​က လူကို​သေစေနိုင်

“ဒေါသကြီး​သူများ​သည် လေဖြတ်​ရန်​အကြောင်း​ပို​များသည်” ဟု စပိန်​သတင်းစာ ဒီ​ယာ​ရီ​အို မီ​ဒီကို က​ဖော်ပြ​သည်။ ကြမ်းကြုတ်​သော​အပြု​အမူ​နှင့် နှလုံး​ရောဂါ​အန္တရာယ် တိုးများ​လာ​ခြင်း​ကို ဆရာဝန်​များ​က ကြာမြင့်စွာ​ကတည်းက ဆက်စပ်​ပြ​ခဲ့​သည်။ ထိုသို့​သော​အပြု​အမူ​သည် လေဖြတ်ခြင်း​အန္တရာယ်ကို​လည်း တိုးများ​စေ​ကြောင်း မကြာသေးမီ​တွေ့ရှိချက်​က ဖော်ပြ​သည်။ အရွယ်ရောက်​သူ ၁၄,၀၀၀ ကို​စစ်ဆေး​ကြည့်​ရာ လေဖြတ်​သည့်​အန္တရာယ်​သည် အသက် ၆၀ အောက် ဒေါသ​ထွက်​လွယ်​သော​သူများ​တွင် သုံး​ဆ​ပို​များသည်။ အဘယ်ကြောင့်​နည်း။ ဒေါသ​ထွက်​ခြင်း​သည် သွေးဖိအား၊ သွေးကြော​ကျဉ်း​ခြင်း​နှင့် သွေး​ခဲ​စေသော​ဒြပ်​ပစ္စည်း​တို့ကို “အထူးတလည်​တိုးများ” စေနိုင်​ပုံ​ပေါက်​ကာ ယင်းက “တဖြည်းဖြည်း​နှင့် ဦးနှောက်​တွင်း​သွေး​လည်ပတ်မှု​ကို ထိခိုက်​စေနိုင်​သည်” ဟု သတင်း​၌​ဖော်ပြ​သည်။