စလိုဗားကီးယားတွင် စမ်းသပ်မှုအောက် တည်ကြည်ခြင်း
စလိုဗားကီးယားတွင် စမ်းသပ်မှုအောက် တည်ကြည်ခြင်း
ယန် ဘာလီ ပြောပြသည်
၁၉၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ အခုဆိုရင် စလိုဗားကီးယားအရှေ့ပိုင်းမှာရှိတဲ့ ဇာဟောရ်ဆိုတဲ့ရွာလေးမှာ ကျွန်တော့်ကို မွေးခဲ့တယ်။ အဲဒီအချိန်က ကျွန်တော်တို့ရွာဟာ အော်စထရို-ဟန်ဂေရီအင်ပါယာရဲ့ ပိုင်နက်ဖြစ်တယ်။ ၁၉၁၃ ခုနှစ်မှာ ကျွန်တော့်ကို အမေက အမေရိကန်ပြည်ထောင်စုကို ခေါ်သွားတယ်၊ အစောပိုင်းကတည်းက ဇာဟောရ်ရွာကနေ ထွက်သွားခဲ့တဲ့ အဖေနဲ့အတူ သွားနေဖို့ဖြစ်တယ်။ အင်ဒီယန်းနားပြည်နယ်၊ ဂယ်ရီမြို့ကို အမေနဲ့ကျွန်တော်တို့ရောက်ပြီး နှစ်နှစ်အကြာမှာ ကျွန်တော့်ညီမလေး အဲန်းနာကို မွေးခဲ့တယ်။ အဲဒီနောက် အဖေ မမာမကျန်းဖြစ်ပြီး ၁၉၁၇ ခုနှစ်မှာ ဆုံးသွားခဲ့တယ်။
ကျွန်တော်ဟာ ထက်သန်တဲ့ကျောင်းသားတစ်ယောက် ဖြစ်လာတယ်၊ အထူးသဖြင့် ဘာသာတရားကို စိတ်ဝင်စားတယ်။ ကျွန်တော်ဆန်းဒေးစကူးတက်နေတဲ့ ကာလ်ဗင်နစ်ချာ့ခ်ျက ဆရာက ဝိညာဉ်ရေးရာတွေအပေါ် ကျွန်တော်စိတ်ဝင်စားတာကို သတိထားမိသွားတယ်။ ကျွန်တော့်ရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့ အမေးအဖြေ ၄,၀၀၀ လောက်ပါတဲ့ ဟိုးလ်မန်းတည်းဖြတ်တဲ့ကျမ်းစာတစ်အုပ်ကို ကျွန်တော့်ကိုပေးခဲ့တယ်။ အဲဒါက ၁၁ နှစ်အရွယ် ကျွန်တော့်ရဲ့စိတ်ထဲ တွေးတောစရာများစွာဖြစ်စေခဲ့တယ်။
‘ဒါအမှန်တရားပဲ’
အဲဒီအစောပိုင်းနှစ်တွေအတွင်း ကျွန်တော်တို့နေထိုင်တဲ့ဒေသမှာ တိုင်းတစ်ပါးကလာရောက်နေထိုင်တဲ့ စလိုဗက်လူမျိုးတချို့ဟာ အဲဒီတုန်းက ကျမ်းစာကျောင်းသားလို့လူသိများတဲ့ ယေဟောဝါသက်သေတွေ ဖြစ်လာကြတယ်။ သူတို့ထဲက တစ်ယောက်ကတော့ ကျွန်တော့်ဦးလေး မိုက်ကယ်လ် ဘာလီဖြစ်တယ်၊ သူဟာ ကျွန်တော်တို့ကို ကျမ်းစာအမှန်တရား ဝေမျှပေးခဲ့တယ်။ ဒါပေမဲ့ ၁၉၂၂ ခုနှစ်မှာ၊ အမေဟာ ညီမလေးနဲ့ ကျွန်တော့်ကိုခေါ်ပြီး အဲဒီအချိန်တုန်းက အရှေ့ပိုင်းချက်ကိုစလိုဗက်ကီးယားအပိုင်ဖြစ်တဲ့ ဇာဟောရ်ရွာကို ပြန်ခဲ့တယ်။
အဲဒီနောက်မကြာခင်မှာ၊ ဦးလေးမိုက်ကယ်လ်က ချားလ်စ် တေ့ဇ် ရပ်စယ်လ်ရေးတဲ့ ကျမ်းစာစောင်များမှ လေ့လာစရာများအတွဲအားလုံးနဲ့ လွန်ခဲ့တဲ့ ၁၈၇၉၊ ဇူလိုင် ၁ ရက်ထုတ်အထိ ပြန်လည်ပုံနှိပ်ထားတဲ့ ကင်းမျှော်စင်မဂ္ဂဇင်းတွေကို ပို့ပေးခဲ့တယ်။ အဲဒါတွေကို ကျွန်တော် အစအဆုံးဖတ်ခဲ့တယ်၊ တချို့အပိုင်းတွေကိုဆို အကြိမ်အတော်များများဖတ်ဖြစ်ခဲ့တယ်၊ ဒီလိုနဲ့ ကျွန်တော်ရှာဖွေနေတဲ့ ကျမ်းစာအမှန်တရားကိုတွေ့ပြီလို့ ယုံကြည်လာတယ်။
အဲဒီအချိန်လောက်မှာ စလိုဗက်လူမျိုး ကျမ်းစာကျောင်းသားတချို့ဟာ အမေရိကန်ပြည်ထောင်စုကနေ သူတို့ရဲ့ဇာတိမြေကို ပြန်လာခဲ့ကြတယ်။ ချက်ကိုစလိုဗက်ကီးယားမှာ ပထမဆုံး စလိုဗက်စကားပြော ကျမ်းစာကျောင်းသားအုပ်စုကို ဖွဲ့စည်းလိုက်ကြတယ်။ အမေနဲ့ ကျွန်တော်ဟာ ဇာဟောရ်ရွာအပြင် အနီးအနားဒေသတွေမှာကျင်းပပြုလုပ်တဲ့ အဲဒီအစောပိုင်းတုန်းက အစည်းအဝေးတွေကို တက်ရောက်ခဲ့ကြတယ်။
အဲဒီစည်းဝေးတွေဟာ ပထမရာစုက ခရစ်ယာန်တွေကျင်းပတဲ့စည်းဝေးတွေနဲ့ ဆင်တူတယ်။ ကျမ်းစာကျောင်းသားတစ်ယောက်ရဲ့အိမ်မှာ ကျွန်တော်တို့ စည်းဝေးလေ့ရှိကြတယ်၊ ရေနံဆီမီးအိမ်တင်ထားတဲ့ စားပွဲတစ်လုံးကို အလယ်မှာထားပြီး ဝိုင်းထိုင်ကြရတယ်။ အငယ်ဆုံးဖြစ်တဲ့ ကျွန်တော်က အနောက်ဘက်နားမှာထိုင်ပြီး အမှောင်ထဲကနေ နားထောင်ရတယ်။ ဒါပေမဲ့ တစ်ခါတလေ ပါဝင်ဖို့ ဖိတ်ခေါ်ခံရတယ်။ စလိုဗက်ဘာသာစကားနဲ့ဖတ်တဲ့ အကြောင်းတစ်ခုခုကို တခြားသူတွေ မသေမချာဖြစ်နေတဲ့အခါတွေမှာ “ယန်၊ အဲဒါကို အင်္ဂလိပ်လို ဘယ်လိုပြောသလဲ” ဆိုပြီးမေးကြတယ်။ မီးအိမ်နားကို ကျွန်တော်တိုးသွားပြီး အင်္ဂလိပ်လို ဘယ်လိုဖော်ပြတယ်ဆိုတာကို စလိုဗက်စကားနဲ့ ဘာသာပြန်ပေးရတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကျမ်းစာကျောင်းသားတစ်ယောက်ဖြစ်လာပြီး ချက်ကိုစလိုဗက်ကီးယားကို ပြန်လာတဲ့သူတွေထဲကတစ်ယောက်ကတော့ မိုက်ကယ်လ် ရှားလာတာ ဖြစ်တယ်။ သူ,အရင်နေခဲ့ဖူးတဲ့ စက်အော့ဗ်စီရွာနားကို ပြန်လာပြီး ချက်ကိုစလိုဗက်ကီးယားမှာရှိတဲ့ ဟောပြောခြင်းလုပ်ငန်းကို ကူညီဖွဲ့စည်းပေးခဲ့တယ်။ ညီအစ်ကိုရှားလာတာဟာ လှည့်လည်ဟောပြောတဲ့အခါတွေမှာ ကျွန်တော့်ကို ခေါ်သွားတယ်။ ဒီလိုနဲ့ ၁၉၂၄ ခုနှစ်၊ ကျွန်တော့်အသက် ၁၃ နှစ်အရွယ်မှာ ကျွန်တော့်ကိုနှစ်ခြင်းပေးဖို့ သူ့ကိုတောင်းဆိုခဲ့တယ်။ ဒီလိုအရေးကြီးတဲ့အဆင့်ကိုတက်လှမ်းဖို့ ငယ်သေးတယ်လို့ အမေကပြောပေမဲ့ ကျွန်တော့်ရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း အမေ့ကိုစိတ်ချစေခဲ့တယ်။ ဒါကြောင့် အဲဒီနှစ်ဇူလိုင်လ၊ အောန်ဒါဗာမြစ်နားမှာ ကျင်းပတဲ့ တစ်ရက်တာစည်းဝေးကြီးအတွင်း ယေဟောဝါထံ ကျွန်တော်ဆက်ကပ်အပ်နှံတဲ့အထိမ်းအမှတ်အဖြစ် အဲဒီမြစ်မှာပဲ နှစ်ခြင်းခံခဲ့တယ်။
တန်ဖိုးရှိသော လုပ်ငန်းတော်အခွင့်ထူးများ
ကျွန်တော့်အသက် ၁၇ နှစ်မှာ ကျွန်တော်ဟောပြောနေတဲ့ရွာကနေ မိုင်အနည်းငယ်ဝေးတဲ့ရွာမှာ အသုဘအခမ်းအနားကျင်းပဖို့ရှိတယ်ဆိုတာ ကြားလိုက်ရတယ်။ ဒါဟာ ဒီဒေသမှာရှိတဲ့ ကျမ်းစာကျောင်းသားတွေ ပထမဆုံးပြုလုပ်ခဲ့ရတဲ့ အသုဘအခမ်းအနားဖြစ်တယ်။ ကျွန်တော်ရောက်သွားတဲ့အခါ သိချင်စိတ်ပြင်းပြနေတဲ့ ရွာသားတွေကိုကျော်ပြီး ဟောပြောသူဆီသွားလိုက်တယ်။ ရောက်တဲ့အခါ သူက ကျွန်တော့်ဘက်လှည့်ပြီး “ကျွန်တော်အရင် ဟောမယ်၊ ပြီးရင် ခင်ဗျားဆက်ဟောပါ” လို့ပြောတယ်။
“ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုသည်” ဆိုတဲ့ ၁ ပေတရု ၄:၇ ကိုအခြေခံပြီး ဟောပြောချက်တစ်ခုကို ကျွန်တော်ပြင်လိုက်တယ်။ ဆင်းရဲဝေဒနာနဲ့ သေခြင်းတောင် အဆုံးတိုင်ခါနီးနေပြီဆိုတာကို ကျမ်းစာကနေတင်ပြပြီး ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို ရှင်းပြခဲ့တယ်။ (ယောဟန် ၅:၂၈၊ ၂၉; တမန်တော် ၂၄:၁၅) ကျွန်တော်ဟာ တကယ်ရှိတဲ့အသက်ထက်တောင် ငယ်နေပုံပေါက်ပေမဲ့—အဲဒါကြောင့်ပဲဖြစ်ကောင်းဖြစ်မယ်—ပရိသတ်အားလုံးက အာရုံစိုက်နားထောင်ခဲ့ကြတယ်။
၁၉၃၁၊ စက်တင်ဘာလ ၁၅ ရက်ထုတ် ကင်းမျှော်စင်မှာ ပီတိဖြစ်ဖွယ်သတင်းကို တွေ့လိုက်ရတယ်၊ ကျွန်တော်တို့ကို ကျမ်းစာကျောင်းသားတွေ ဒါမှမဟုတ် နောက်ထပ်ဒီလိုနာမည်မျိုးနဲ့ လူတွေသိတာကို မလိုလားဘူး၊ ဒါပေမဲ့ ယေဟောဝါသက်သေတွေအဖြစ် သိကြတာကို လိုလားတဲ့အကြောင်းကို ရှင်းပြထားတယ်။ အဲဒီအကြောင်းကို ဖတ်ပြီးနောက်မှာ ကျွန်တော်တို့ဒေသမှာရှိတဲ့ ကျမ်းစာကျောင်းသားတွေဟာ အထူးစည်းဝေးတစ်ခုကို ကျင်းပဖို့ စီစဉ်ခဲ့ကြတယ်။ ကျမ်းစာကျောင်းသားအယောက် ၁၀၀ လောက်ဟာ ပေါဇ်ဒီရှောဗ်စီရွာမှာ စုဝေးခဲ့ကြတယ်။ အဲဒီမှာ ကျွန်တော်ဟာ အထက်မှာဖော်ပြခဲ့တဲ့ ကင်းမျှော်စင်ဆောင်းပါးကိုအခြေခံပြီး “နာမည်သစ်” ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောချက်တစ်ခု ပေးခွင့်ရခဲ့တယ်။
ကမ္ဘာ့တခြားဒေသတွေက ယုံကြည်သူချင်းတွေချမှတ်ခဲ့တဲ့ ထပ်တူအဓိဋ္ဌာန်ကို လက်ခံမခံ တောင်းဆိုတဲ့အခါ တက်ရောက်သူအားလုံးဟာ ဝမ်းမြောက်စွာလက်ထောင်ခဲ့ကြတယ်။ အဲဒီနောက်မှာ နယူးယောက်၊ ဘရွတ်ကလင်မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်ကို ကြေးနန်းတစ်စောင်ပို့လိုက်တယ်၊ အဲဒီမှာဖတ်ရတာက– “ပေါဇ်ဒီရှောဗ်စီမှာ ယနေ့စုဝေးခဲ့ကြသော ကျွန်ုပ်တို့ ယေဟောဝါသက်သေများသည် နာမည်သစ်နှင့်ပတ်သက်သော ကင်းမျှော်စင် ပါ ရှင်းပြချက်ကို သဘောတူပါသည်၊ ကျွန်ုပ်တို့သည် ယေဟောဝါသက်သေများဟူသော နာမည်သစ်ကို လက်ခံပါသည်။”
စလိုဗားကီးယားနဲ့ ဒုတိယကမ္ဘာစစ် မတိုင်မီက ချက်ကိုစလိုဗက်ကီးယားအပိုင်ဖြစ်ခဲ့တဲ့ ထရန်စကာပါသီယာတို့ရဲ့ ဒေသအတော်များများဟာ ကျွန်တော်တို့ရဲ့ ခရစ်ယာန်ဓမ္မအမှုအတွက် သီးပွင့်ဖြစ်ထွန်းတဲ့လယ်ကွင်း ဖြစ်လာတယ်။ ကျယ်ဝန်းတဲ့ဒီနယ်မြေတွေမှာ ကျွန်တော်တို့ဟာ ခြေကျင်နဲ့ရော မီးရထား၊ ဘတ်စကား၊ စက်ဘီးတွေနဲ့ပါ သွားရောက်သက်သေခံခဲ့ကြတယ်။ အဲဒီအချိန်က၊ အချိန်ကိုက်အသံသွင်းထားပြီး ရုပ်ရှင်နှင့် ရုပ်သေတို့ကိုတွဲပြီးပြတဲ့ “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ကို မြို့များစွာမှာ တင်ဆက်ပြသခဲ့ကြတယ်။ တင်ဆက်မှုတစ်ခုပြီးတိုင်း စိတ်ဝင်စားသူတွေရဲ့လိပ်စာကို ကောက်ခံခဲ့တယ်။ လိပ်စာအတော်များများ ကျွန်တော့်ကိုအပ်ပေးပြီး စိတ်ဝင်စားသူတွေဆီလည်ပတ်ဖို့ သက်သေခံတွေစီစဉ်ပေးဖို့တောင်းဆိုတယ်။ တချို့မြို့တွေမှာဆို နောက်ဆက်တွဲအထူးဟောပြောချက်ပေးဖို့ ခန်းမကြီးတစ်ခုငှားရမ်းခဲ့ရတယ်။
၁၉၃၀ ပြည့်လွန်နှစ်တွေမှာ ကျွန်တော်ဟာ ပရာ့ဂ်မြို့တော်မှာကျင်းပတဲ့ စည်းဝေးကြီးအတွက် ကိုယ်စားလှယ်အဖြစ်တက်ရောက်ခွင့်ရခဲ့တယ်။ ၁၉၃၂ ခုနှစ်မှာ၊ ပထမအကြိမ် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို ချက်ကိုစလိုဗက်ကီးယားမှာ စီစဉ်ခဲ့ကြတယ်။ ဗာရီးတီ ကဇာတ်ရုံမှာ ကျွန်တော်တို့ စည်းဝေးခဲ့တယ်။ “မဖျက်ဆီးမီ ဥရောပ” ဆိုတဲ့ လူထုဟောပြောချက်ခေါင်းစဉ်က လူတွေရဲ့အာရုံကိုဖမ်းစားခဲ့ပြီး ၁,၅၀၀ လောက်တက်ရောက်ခဲ့ကြတယ်။ ၁၉၃၇ ခုနှစ်မှာ နောက်ထပ် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို ပရာ့ဂ်မြို့မှာ ကျင်းပတယ်၊ ကျွန်တော် ဟောပြောချက်တစ်ခုပေးခွင့်ရခဲ့တယ်။ ဥရောပတိုင်းပြည်များစွာက ကိုယ်စားလှယ်တွေတက်ရောက်ကြပြီး မကြာမီရောက်လာတော့မယ့် ဒုတိယကမ္ဘာစစ်အတွင်း စမ်းသပ်မှုတွေတစ်လျှောက် ခံရပ်နိုင်ဖို့ လိုအပ်တဲ့အားပေးချက်တွေကို ကျွန်တော်တို့အားလုံး ရရှိခဲ့ကြတယ်။
အိမ်ထောင်ပြုခြင်းနှင့် ပြင်းထန်သောစမ်းသပ်မှုများ
ချက်ကိုစလိုဗက်ကီးယားကို ပြန်ရောက်ပြီးနောက် အမေနဲ့ကျွန်တော်ဟာ ပေါဇ်ဒီရှောဗ်စီရွာနားမှာနေတဲ့ ကျမ်းစာကျောင်းသားတွေနဲ့အတူ ဟောပြောခြင်းလုပ်ငန်းမှာ အနီးကပ်ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်။ အဲဒီမှာ အဲန်နာ ရောဟာလိုဗာလို့ခေါ်တဲ့ ဆွဲဆောင်မှုရှိတဲ့မိန်းကလေးတစ်ယောက်ကို ကျွန်တော်သတိထားမိတယ်။ အရွယ်ရောက်လာတဲ့အခါ ကျွန်တော်တို့ရဲ့ခံစားချက်ဟာ သာမန်ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မမြတ်နိုးမှုထက်ပိုတယ်ဆိုတာ သဘောပေါက်လာတယ်။ ၁၉၃၇ ခုနှစ်မှာ ကျွန်တော်တို့လက်ထပ်လိုက်တယ်။ အဲဒီအချိန်ကစပြီး အဲန်နာဟာ ကျွန်တော့်ကို အားပေးထောက်မခဲ့တယ်၊ ရောက်လာတော့မယ့် ‘ခဲယဉ်းကျပ်တည်းတဲ့ကာလ’ အတွင်းမှာတောင် အားပေးခဲ့တယ်။—၂ တိမောသေ ၄:၂။
ကျွန်တော်တို့လက်ထပ်ပြီး သိပ်မကြာခင်မှာ ဥရောပဟာ ဒုတိယကမ္ဘာစစ်အတွက် ပြင်ဆင်နေတယ်ဆိုတာ ထင်ရှားလာတယ်။ ၁၉၃၈၊ နိုဝင်ဘာလမှာ ထရန်စကာပါသီယာရဲ့တောင်ဘက်ပိုင်းနဲ့ စလိုဗားကီးယားကို နာဇီဂျာမနီနဲ့ပူးပေါင်းတဲ့ ဟန်ဂေရီတွေက သိမ်းပိုက်လိုက်တယ်။ ကျွန်တော်တို့ရဲ့စည်းဝေးတွေကို ဟန်ဂေရီရဲတွေက ပိတ်ပင်ထားတဲ့အပြင် ရဲဌာနကို ကျွန်တော်တို့ သတင်းမှန်မှန်ပို့ပေးခဲ့ရတယ်။
၁၉၃၉၊ စက်တင်ဘာလမှာ ဒုတိယကမ္ဘာစစ်စဖြစ်ပြီးတာနဲ့ ဇာဟောရ်ရွာက အမျိုးသားတွေရော အမျိုးသမီးတွေပါ,ပါတဲ့ ကျွန်တော်တို့အုပ်စုကို ဖမ်းဆီးပြီး အခု ယူကရိန်းမှာရှိတဲ့ မြုကာချိုဗာမြို့နားက ရဲတိုက်ဟောင်းဆီ ရွှေ့ပြောင်းပေးလိုက်ကြတယ်။ အဲဒီမှာ ထရန်စကာပါသီယာအသင်းတော်က သက်သေခံလုပ်ဖော်ဆောင်ဖက် အတော်များများကို တွေ့ရတယ်။ သုံးလေးလလောက် စစ်ဆေးမေးမြန်း၊ မကြာခဏရိုက်နှက်ခံရပြီးနောက်မှာ ကျွန်တော်တို့ဟာ အထူးစစ်ခုံရုံးရဲ့ စစ်ဆေးမှုခံခဲ့ကြရတယ်။ “ယူ.အက်စ်.အက်စ်.အာရ်. ကိုဆန့်ကျင်ပြီး ဟန်ဂေရီအတွက် တလိုတလားတိုက်ပွဲဝင်ပေးမလား” ဆိုတဲ့ တစ်ခုတည်းသောမေးခွန်းကိုပဲ ကျွန်တော်တို့အားလုံးကို မေးတယ်။ ကျွန်တော်တို့ ငြင်းဆိုတဲ့အတွက်ကြောင့် ပြစ်ဒဏ်စီရင်ခံရပြီး နောက်ဆုံးမှာ ၈၅ မောဂစ် ဘိုလီဗတ်မှာရှိတဲ့ ဟန်ဂေရီ၊ ဘူဒါပက်စ်အကျဉ်းထောင်ကို အပို့ခံကြရတယ်။
အကျဉ်းသားအားလုံးဟာ အာဟာရချို့တဲ့နေတယ်။ သိပ်မကြာလိုက်ပါဘူး၊ ရောဂါကူးစက်ပြန့်ပွားပြီး အကျဉ်းသားတွေ သေဆုံးလာကြတယ်။ ကျွန်တော့်ကိုတွေ့ဖို့ ဇာဟောရ်ကနေ ကျွန်တော့်ဇနီးရောက်လာတဲ့အခါ ကြည်နူးလိုက်တာ! သံတိုင်တွေကြားကနေ ငါးမိနစ်လောက်ပဲ ကျွန်တော်တို့စကားပြောခဲ့ကြပေမဲ့ ဒီလိုသစ္စာရှိတဲ့အဖော်အတွက် ယေဟောဝါကို ကျေးဇူးတင်ပါတယ်။ *
အကျဉ်းထောင်မှ အလုပ်ကြမ်းစခန်းသို့
ကျွန်တော့်ကို အကျဉ်းထောင်ကနေ ဟန်ဂေရီနိုင်ငံ၊ ယာ့ဇ်ဘာရန်ကို တိုက်ရိုက်ခေါ်ဆောင်သွားကြတယ်၊ အဲဒီမှာ သက်သေခံ ၁၆၀ လောက်ရောက်နှင့်နေပြီ။ အဲဒီမှာရှိတုန်း ဟန်ဂေရီအရာရှိက “စစ်တပ်ထဲ လိုလိုလားလားဝင်ချင်တယ်ဆိုရင် ရှေ့ကိုထွက်လာပါ” ဆိုတဲ့ ဟန်ဂေရီအစိုးရရဲ့ နောက်ဆုံးကမ်းလှမ်းချက်ကို ကျွန်တော်တို့ကိုပေးတယ်။ တစ်ယောက်မှ မလုပ်ခဲ့ကြဘူး။ “မင်းတို့ရဲ့လုပ်ရပ်ကို ငါသဘောမတူပေမဲ့ ယုံကြည်ခြင်းကိုစောင့်ထိန်းမယ်ဆိုတဲ့ မင်းတို့ရဲ့သန္နိဋ္ဌာန်ကိုတော့ လေးစားပါတယ်” လို့ အရာရှိကပြောတယ်။
ရက်အနည်းငယ်ကြာပြီးနောက် ကျွန်တော်တို့ဟာ ဒဲန်းညုမြစ်မှာရှိတဲ့ သင်္ဘောတစ်စီးပေါ်တက်ပြီး ယူဂိုဆလပ်ရဲ့မြို့ဖြစ်တဲ့ ဘောရ်မြို့အနားက အလုပ်ကြမ်းစခန်းကို ခရီးစထွက်ခဲ့ရတယ်။ သင်္ဘောခရီးစဉ်အတွင်း စစ်သားတွေနဲ့ သူတို့ရဲ့တပ်မှူးက ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကို အလျော့ပေးလိုက်လျောအောင် အကြိမ်ကြိမ်ကြိုးစားခဲ့ကြတယ်။ တပ်မှူးက စစ်သားတွေ ကျွန်တော်တို့ကို သူတို့ရဲ့ရိုင်ဖယ်တွေနဲ့ရိုက်၊ ဘွတ်ဖိနပ်တွေနဲ့ကန်ပြီး တခြားနှိပ်စက်နည်းတွေ သုံးစေခဲ့တယ်။
ဘောရ်မြို့ အလုပ်ကြမ်းစခန်းက တပ်မှူးဖြစ်တဲ့ ဒုဗိုလ်မှူးကြီး အဲန်ဒရာစ် ဘောလော့ခ်ျ ဆီ ကျွန်တော်တို့ကို လက်လွှဲလိုက်တဲ့အခါ သူက “ငါပြောတာမှန်ခဲ့မယ်ဆိုရင် မင်းတို့မကြာခင် သေရမယ်” လို့ ကျွန်တော်တို့ကိုပြောတယ်။ ဒါပေမဲ့ အစိုးရအရာရှိတွေဆီက ချိပ်ပိတ်ထားတဲ့အမှာစာကို ဖတ်ပြီးနောက်မှာ ကျွန်တော်တို့ကို သူရိုရိုသေသေဆက်ဆံတယ်။ ဘောလော့ခ်ျက ကျွန်တော်တို့သွားလာဖို့ အကန့်အသတ်နဲ့လွတ်လပ်ခွင့်ပြုပြီး ကိုယ်ပိုင်တန်းလျားဆောက်ခွင့်ပြုခဲ့တယ်။ အစားအသောက် ရှားပါးပေမဲ့ ကျွန်တော်တို့မှာ ကိုယ်ပိုင်မီးဖိုချောင်ရှိလို့ အစားအစာကို မျှမျှတတခွဲဝေပေးတယ်။
၁၉၄၄၊ မတ်လမှာ ဂျာမနီက ဟန်ဂေရီကို စတင်သိမ်းပိုက်တယ်။ အဲဒီအချိန်မှာ နာဇီလိုလားတဲ့ တပ်မှူး အယ်ဒီ မောရာနီ က ဘောလော့ခ်ျနေရာကို ယူလိုက်တယ်။ ချွေးတပ်စခန်းစည်းကမ်းနဲ့အတော်ဆင်တူတဲ့ တင်းကျပ်တဲ့စည်းမျဉ်းတွေကို သူပြဋ္ဌာန်းခဲ့တယ်။ ဒါပေမဲ့ မကြာခင်မှာ ရုရှားစစ်တပ်တွေ ချဉ်းကပ်လာတာကြောင့် ဘောရ်မြို့က စခန်းကို စွန့်ခွာခဲ့ရတယ်။ ကျွန်တော်တို့ ခရီးစဉ်အဆုံးပိုင်းမှာ ချာဗင့်ကိုမှာ ဂျူးတွေကို အစုလိုက်အပြုံလိုက်သတ်တာ မျက်စိနဲ့ကိုယ်တိုင်တွေ့ခဲ့ရတယ်။ ကျွန်တော်တို့အသက်ချမ်းသာရခဲ့တာဟာ အံ့ဖွယ်ဖြစ်ရပ်လိုပဲ။
ဟန်ဂေရီနဲ့ ဩစတြီးယားနှစ်နိုင်ငံကြားနယ်စပ်ကို ရောက်တဲ့အခါ စက်သေနတ်တွေဆင်ဖို့ ကျင်းတူးပေးရမယ်ဆိုတဲ့ အမိန့်ကို ကျွန်တော်တို့ရရှိခဲ့တယ်။ ကျွန်တော်တို့ဟာ စစ်မှုရေးရာတွေမှာပါဝင်ဖို့ ငြင်းဆိုတာကြောင့် ထောင်ကျနေသူတွေဖြစ်တယ်ဆိုတဲ့ အကြောင်းရင်းကို ရှင်းပြခဲ့တယ်။ ကျွန်တော်ဟာ အုပ်စုရဲ့ရှေ့မှာရှိနေတာကြောင့် ဟန်ဂေရီအရာရှိက ကျွန်တော့်ကိုကိုင်ဆွဲပြီး စရိုက်ပါလေရော။ “မင်းကိုငါသတ်ပစ်မယ်! မင်းမလုပ်ဘူးဆိုရင် တခြားသူတွေကလည်း မင်းရဲ့ မကောင်းတဲ့ပုံသက်သေကို လိုက်ကြလိမ့်မယ်!” လို့ အော်ဟစ်ပြောဆိုတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ဟောပြောခြင်းလုပ်ငန်းကို ဦးစီးဦးဆောင်ပြုသူ ဝါရင့်သက်သေခံ အန်ဒရပ်ရှ် ဘာတာ က ရဲရဲရင့်ရင့်ကြားဝင်ဖြေရှင်းပေးပြီး ကျွန်တော့်အသက်ကို ကယ်လိုက်တယ်။ *
ရက်သတ္တပတ်အနည်းငယ်အကြာမှာ စစ်ပြီးသွားလို့ ကျွန်တော်တို့ အိမ်ကိုပြန်လာကြတယ်။ ဘောရ်မြို့ကနေ စောစောလွတ်မြောက်သွားတဲ့အဖော်တွေက ချာဗင့်ကို ကိုခေါ်သွားခံရတဲ့ ကျွန်တော်တို့အားလုံး အသတ်ခံရတယ်ဆိုပြီး သတင်းပို့ထားကြတယ်။ ဒါကြောင့် ခြောက်လလောက်ကတည်းက ကျွန်တော့်ဇနီးဟာ သူ့ကိုယ်သူ မုဆိုးမလို့ ယူမှတ်ထားခဲ့တယ်။ တစ်နေ့ ဖိနပ်ချွတ်မှာရပ်နေတဲ့ ကျွန်တော့်ကိုတွေ့လိုက်ရတဲ့အခါ သူအရမ်းအံ့သြသွားတယ်! နှစ်များစွာ ခွဲခွာနေရပြီးမှ ပွေ့ဖက်ကြချိန်မှာ ကျွန်တော်တို့ရဲ့မျက်ဝန်းတွေကနေ ဝမ်းသာမျက်ရည်တွေ စီးကျလာတယ်။
လုပ်ငန်းပြန်လည်ဖွဲ့စည်းခြင်း
ဒုတိယကမ္ဘာစစ်ပြီးနောက်မှာ ချက်ကိုစလိုဗက်ကီးယားနိုင်ငံတည်ထောင်ဖို့ စလိုဗားကီးယားနဲ့ ချက်ချီအာတို့ ပြန်လည်ပေါင်းစည်းခဲ့တယ်။ ဒါပေမဲ့ စစ်မတိုင်မီက နယ်မြေအတော်များများ ချက်ကိုစလိုဗက်ကီးယားအပိုင်ဖြစ်ခဲ့တဲ့ ထရန်စကာပါသီယာကတော့ ဆိုဗီယက်ပြည်ထောင်စုမှာရှိတဲ့ ယူကရိန်းအပိုင်ဖြစ်လာတယ်။ ၁၉၄၅ ခုနှစ်မှာ၊ မိုက်ကယ်လ် မော့ကာလ်နဲ့ ကျွန်တော်ဟာ အခု စလိုဗားကီးယားရဲ့မြို့တော်ဖြစ်တဲ့ ဗရာတစ်စလာဗာကိုသွားခဲ့ကြတယ်၊ အဲဒီမှာ ဟောပြောခြင်းလုပ်ငန်းကို ပြန်လည်ဖွဲ့စည်းဖို့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြတယ်။ ကျွန်တော်တို့ဟာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြပေမဲ့ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းတာဝန်ကို အပြည့်အဝဆက်ထမ်းဆောင်ဖို့ စိတ်ထက်သန်ကြတယ်။—မဿဲ ၂၄:၁၄; ၂၈:၁၈-၂၀။
စစ်ပြီးသွားတဲ့နောက် စည်းဝေးကြီးတွေဟာ ကျွန်တော်တို့လုပ်ငန်းအတွက် အဓိကတွန်းအားတစ်ခုဖြစ်တယ်။ ၁၉၄၆၊ စက်တင်ဘာလမှာ ပထမဆုံးပြည်လုံးကျွတ် စည်းဝေးကြီးကို ဘာနာမြို့မှာ ကျင်းပခဲ့ကြတယ်။ “ရိတ်သိမ်းရာကာလ၊ ဤကမ္ဘာကုန်သောကာလဖြစ်” ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောချက်တစ်ခုပေးရတဲ့ အခွင့်ထူးကို ကျွန်တော်ရရှိခဲ့တယ်။
၁၉၄၇ ခုနှစ်မှာ နောက်ထပ် ပြည်လုံးကျွတ်စည်းဝေးကြီးကို ဘာနာမြို့မှာ ကျင်းပတယ်။ နယူးယောက်၊ ဘရွတ်ကလင်မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်ကနေလာကြတဲ့ နေသန် အိပ်ခ်ျ. နောရ်၊ မီလ်တန် ဂျီ. ဟဲန်ရှယ်လ်နဲ့ ဟေဒင် စီ. ကာဗင်တန်တို့က အားပေးမှုဖြစ်စေတဲ့ဟောပြောချက်တွေ ပေးခဲ့ကြတယ်။ သူတို့ရဲ့တင်ဆက်မှုတွေကို ကျွန်တော်က စကားပြန်အဖြစ် ဆောင်ရွက်ခွင့်ရခဲ့တယ်။ အဲဒီအချိန်က ချက်ကိုစလိုဗက်ကီးယားမှာ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူ ၁,၄၀၀ လောက်ပဲရှိပေမဲ့ လူထုဟောပြောချက်ကို ၂,၃၀၀ လောက် တက်ရောက်ခဲ့တယ်။
ကွန်မြူနစ်လက်အောက် နှိပ်စက်ညှဉ်းပန်းခြင်း
၁၉၄၈ ခုနှစ်မှာ ကွန်မြူနစ်တွေ နိုင်ငံကိုသိမ်းပိုက်လိုက်ပြီး မကြာခင် ကျွန်တော်တို့ရဲ့ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်မှုတစ်ရပ် ပြဋ္ဌာန်းခဲ့တယ်၊ အဲဒီပိတ်ပင်မှုက နှစ်ပေါင်း ၄၀ တိုင်ကြာခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်မှာ ခေါင်းဆောင်တွေလို့ အာဏာပိုင်တွေယူမှတ်တဲ့ ကျွန်တော်တို့ထဲက အတော်များများကို ထောင်ချလိုက်တယ်။ အများစုက ဖျက်လိုဖျက်ဆီးပြုမှုနဲ့ စွပ်စွဲခံရပေမဲ့ ကျွန်တော်တို့အနည်းစုကတော့ သစ္စာဖောက်မှုနဲ့ စွပ်စွဲခံရတယ်။ ကျွန်တော် အချုပ်ကျပြီး ၁၈ လတိုင်တိုင် စစ်ဆေးမေးမြန်းခံရတယ်။ ဘယ်လိုကြောင့် ကျွန်တော်က သစ္စာဖောက်ဖြစ်ရတာလဲလို့ မေးတဲ့အခါ တရားသူကြီးက– “မင်းက ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောတယ်။ ဒီပြင် ကမ္ဘာ့အုပ်ချုပ်ရေးတွေကို အဲဒီနိုင်ငံတော်က လွှဲယူလိုက်မယ်လို့ ပြောတယ်။ အဲဒီထဲမှာ ချက်ကိုစလိုဗက်ကီးယားလည်း ပါနေတယ်” ဆိုပြီး ပြောတယ်။
“ဒီလိုဆိုရင်၊ သခင့်ဆုတောင်းချက်ကိုတောင်းလျှောက်ပြီး ‘ဘုရားသခင့်နိုင်ငံတော်လာပါစေ’ လို့ဆုတောင်းနေတဲ့သူအားလုံးကို သစ္စာဖောက်အဖြစ် ခင်ဗျားစီရင်ရလိမ့်မယ်” လို့ ကျွန်တော်ပြန်ပြောလိုက်တယ်။ ဒါပေမဲ့ ကျွန်တော့်ကို ငါးနှစ်ခွဲစီရင်ချက်ချပြီး ချက်ကိုစလိုဗက်ကီးယားနိုင်ငံ၊ ယာကီမော့ဖ်မှာရှိတဲ့ နာမည်ပျက်ကွန်မြူနစ်အကျဉ်းထောင်ကို ပို့လိုက်တယ်။
ကျွန်တော့်ရဲ့ ထောင်သက်တမ်းအတော်များများ ကုန်ပြီးနောက်မှာ ကျွန်တော် လွတ်လာတယ်။ ကျွန်တော့်ဇနီး အဲန်နာဟာ ကျွန်တော်တို့သမီး မာရီယာကို ကြည့်ရှုစောင့်ရှောက်ရင်း စာတွေနဲ့ရော၊ ကျွန်တော့်ဆီ လာရောက်လည်ပတ်ပြီးတော့ပါ သစ္စာရှိရှိထောက်မပေးခဲ့တယ်။ နောက်ဆုံးမှာ ကျွန်တော်တို့မိသားစု ပြန်လည်ပေါင်းစည်းခဲ့ပြီး လျှို့ဝှက်လုပ်ဆောင်ရဆဲဖြစ်တဲ့ ခရစ်ယာန်လုပ်ငန်းဆောင်တာတွေကို ပြန်လုပ်ခဲ့ကြတယ်။
ယေဟောဝါအမှုဆောင်ခြင်း၏ ကျေနပ်ဖွယ်အသက်တာ
လွန်ခဲ့တဲ့ အနှစ် ၇၀ ကျော်အတွင်း ကျွန်တော်တို့ဒေသက ယေဟောဝါသက်သေတွေဟာ အခြေအနေအမျိုးမျိုးအောက်မှာ အမှုဆောင်ခဲ့ရတယ်၊ အချိန်အများစုက ကွန်မြူနစ်အုပ်ချုပ်မှုအောက်မှာဖြစ်တယ်။ ကျွန်တော်အိုမင်းလာပြီး ခန္ဓာပိုင်းဆိုင်ရာအားနည်းလာတာ မှန်ပါတယ်၊ ဒါပေမဲ့ အသက် ၉၈ နှစ်ထိ အသက်ရှင်နေဆဲဖြစ်တဲ့ ယန် ကော်ပါ-အွန်ဒို လိုမျိုး တည်ကြည်သူနဲ့အတူ ဇာဟောရ်မှာ ခရစ်ယာန်အကြီးအကဲတစ်ယောက်အဖြစ် အမှုဆောင်နိုင်တုန်းပါပဲ။ * ယေဟောဝါဆီက လက်ဆောင်မွန်ဖြစ်တဲ့ ကျွန်တော့်ချစ်ဇနီးဟာ ၁၉၉၆ ခုနှစ်မှာ ဆုံးသွားတယ်။
၁၉၂၄ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ပရဒိသုသို့သွားရာလမ်း စာအုပ်၊ စာမျက်နှာ ၂၂၈ ကနေ ၂၃၁ မှာဖော်ပြထားတဲ့ စိတ်ကူးယဉ်မြင်ကွင်းဟာ ကျွန်တော့်စိတ်မှာ ကွက်ကွက်ကွင်းကွင်းပုံပေါ်နေဆဲပဲ။ ပရဒိသုမှာ ရှင်ပြန်ထမြောက်လာတဲ့လူနှစ်ယောက် စကားပြောတာကို အမှတ်တမဲ့ကြားရတယ်လို့ မိမိကိုယ်ကိုစိတ်ကူးကြည့်ဖို့ စာရှုသူကိုတောင်းဆိုထားတယ်။ သူတို့ရောက်နေတဲ့နေရာကို အံ့သြနေကြတာဖြစ်တယ်။ အဲဒီအခါ အာမဂေဒုန်ကိုကပ်ကျော်ခဲ့သူတစ်ယောက်က သူတို့နှစ်ယောက်ဟာ ပရဒိသုမှာ ရှင်ပြန်ထမြောက်လာတာဖြစ်တယ်လို့ ရှင်းပြခွင့်ရခဲ့တယ်။ (လုကာ ၂၃:၄၃) ကျွန်တော်သာ အာမဂေဒုန်ကိုကပ်ကျော်ခဲ့မယ်ဆိုရင် ကျွန်တော့်ဇနီး၊ ကျွန်တော့်အမေနဲ့ တခြားချစ်ရတဲ့သူတွေ ရှင်ပြန်ထမြောက်လာတဲ့အခါ အဲလိုမျိုး ရှင်းပြချင်တယ်။ ဒါမှမဟုတ် အာမဂေဒုန်မတိုင်ခင် ကျွန်တော်သေသွားမယ်ဆိုရင်၊ ကျွန်တော်ကွယ်လွန်ပြီးနောက် ဖြစ်ပျက်တဲ့အကြောင်းတွေကို ကမ္ဘာသစ်မှာ တစ်ယောက်ယောက်က ရှင်းပြမယ့်အချိန်ကို စောင့်မျှော်နေမယ်။
စကြဝဠာ ပိုင်သအုပ်စိုးရှင်ထံ စကားပြောပြီး ချဉ်းကပ်နိုင်တဲ့ အနှိုင်းမဲ့၊ အံ့ချီးဖွယ်အခွင့်ထူးကို ကျွန်တော်ကျေးဇူးတင်လေးမြတ်နေတုန်းပါပဲ။ ကျွန်တော့်ရဲ့ သန္နိဋ္ဌာန်ကတော့ ရောမ ၁၄:၈ မှာ တမန်တော်ပေါလုပြောတဲ့ စကားနဲ့အညီ အသက်ရှင်နေထိုင်ဖို့ပါပဲ– “အသက်ရှင်လျှင်၊ သခင်ဘုရားအဖို့အလို့ငှာအသက်ရှင်၏။ သေလျှင်လည်း၊ သခင်ဘုရားအဖို့အလိုငှာသေ၏။ ထိုကြောင့် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ သခင်ဘုရားဆိုင်တော်မူ၏။”
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 22 အန်ဒရေ ဟာနက်ခ်၏ အတ္ထုပ္ပတ္တိကို ၂၀၀၂၊ ဧပြီ ၂၂ ရက်ထုတ်နိုးလော့! [လိပ်] စာမျက်နှာ ၁၉-၂၃ တွင်ရှု။ ထိုတွင် ဤအကျဉ်းထောင်၏အခြေအနေကိုသာမက ဤဆောင်းပါးနောက်ပိုင်းတွင် ဖော်ပြထားသည့် ချာဗင့်ကိုမှ အဖြစ်အပျက်များကိုလည်း ဖော်ပြထားသည်။
^ အပိုဒ်၊ 28 အန်ဒရပ်ရှ် ဘာတာနှင့်ပတ်သက်သည့် ထပ်ဆင့်အကြောင်းအရာကို ၁၉၉၃၊ ဇူလိုင် ၁၅ ရက်ထုတ်ကင်းမျှော်စင် စာမျက်နှာ ၁၁ တွင်ရှု။
^ အပိုဒ်၊ 39 သူ၏ဘဝအတ္ထုပ္ပတ္တိကို ၁၉၉၈၊ စက်တင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၂၄-၈ တွင်ရှု။
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
လက်ထပ်ပြီးတစ်နှစ်အကြာ၌ အဲန်နာနှင့်အတူ
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
၁၉၄၇ ခုနှစ်၊ ဘာနာမြို့ စည်းဝေးကြီး၌ နေသန် အိပ်ခ်ျ. နောရ် နှင့်အတူ