မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တစ်မူထူးခြားသောအလုပ်—သို့သော် ကျွန်တော် နှစ်သက်

တစ်မူထူးခြားသောအလုပ်—သို့သော် ကျွန်တော် နှစ်သက်

တစ်မူထူး​ခြား​သော​အလုပ်—သို့သော် ကျွန်တော် နှစ်သက်

ဂ​စ်ဘ်​ဆန်​မြို့​၏ ဆိတ်ငြိမ်​နေသော​ဆိပ်ကမ်း​မှ ထွက်ခွာ​လာ​သည့်​အခါ အထူး​တီထွင်​ထားသော ကျွန်တော့်​စက်လှေ​၏​အသံသည် အရုဏ်ဦး​၏​တိတ်ဆိတ်​မှု​ကို ဖြို​ခွင်း​လိုက်​သည်။ ဤ​အရုဏ်ဦး​အချိန်တွင် ကျွန်တော်​၏ “သားကောင်” ကို​ရှာဖွေ​ရန် စတင်​ထွက်ခွာ​လာ​လေ​သည်။

ကနေဒါ​နိုင်ငံ​၏ အနောက်ဘက်​ပင်လယ်​ကမ်းရိုးတန်း​တွင် သစ်တော​လုပ်ငန်း​နှင့် သစ်​ထုတ်လုပ်​ငန်း​အပြင် သတ္တုတွင်း​လုပ်ငန်း​တို့​နှင့် ဆက်စပ်​နေသည့် အလုပ်​များစွာ​ရှိ၏။ သို့သော် အလုပ်​အချို့​သည် သတ္တုတွင်း​လုပ်ငန်း​ကဲ့သို့ တစ်မူထူး​ခြား​သည်။ ကျွန်တော်​သည် သစ်လုံး​များ​ကို ဆယ်ယူ​သူ​ဖြစ်၏။ ယင်း​အလုပ်​သည် အသစ်အဆန်း​မဟုတ်ပါ။ ဤ​အလုပ်ကို လုပ်ကိုင်​နေကြ​သော ကျွန်တော်​တို့​ထဲ​မှ​အချို့​သည် မျိုးဆက်​လေးဆက်​မြောက် သစ်လုံး​ဆယ်ယူ​သူများ​ဖြစ်​ကြ​၏။ အဆိုပါ​အလုပ် ရေပန်း​မစား​မီ​ကတည်းက ကျွန်တော်​တို့ လုပ်ဆောင်ခဲ့​ကြသည်​ဟု ပြော​ရ​ပေမည်! ဗဲန်ကူးဗား​ကျွန်း​နှင့် ဗြိတိသျှ​ကိုလံဘီယာ​ကမ်းရိုးတန်း​စပ်ကြား​ရှိ ဟော့​ဆောင်​နှင့် ဂျော်ဂျီယာ​ရေလက်ကြား​ဒေသ​တွင် ကျွန်တော် လုပ်ကိုင်​သည်။ ဤ​ဒေသ​သည် ဗဲန်ကူးဗား​သစ်လုံး​ဆယ်​တင်​ခရိုင်​၏ အပိုင်း​တစ်ခု​သာ​ဖြစ်သည်။

သစ်လုံး​များ​ဟု​ခေါ်​သည့် ခုတ်လှဲ​ထားသော​သစ်ပင်​များ​ကို သစ်​ကုမ္ပဏီ​များ​က သယ်ယူ​သည့်​အဓိက​နည်း​တစ်နည်း​မှာ ဖောင်ဖွဲ့​မျော​ခြင်း သို့​မဟုတ် ယင်း​တို့ကို စုစည်း​၍ လှေများ​ဖြင့် ဆွဲ​ယူ​ကြ​ခြင်း​ဖြစ်သည်။ သစ်​များ​ကို ရေကြောင်း​မှ​တစ်ဆင့် သယ်ယူ​ခြင်း​သည် စီးပွားရေး​အရ တွက်ခြေကိုက်​သည်။ ထို့ ပြင် ဤ​နေရာ​သည် ပစိဖိတ်​သမုဒ္ဒရာ​ကြောင့် ရေပေါများ​သည်။ သို့သော် ထို​တွင် မှန်းဆ​ရ​ခက်​သော ဖြစ်​စဉ်​များစွာ​ရှိ၏။ တိုက်​လေ​နှင့် ဒီရေ​တို့သည် လျှပ်​တစ်​ပြ​က် ပြောင်းလဲ​သွားပြီး ရုတ်တရက် မိုးသက်မုန်တိုင်း ကျရောက်​တတ်​သည်။ သို့​နှင့် သစ်လုံး​များစွာ ပြုတ်ထွက်​ကုန်​၏။ ဤ​တွင် သစ်လုံး​ဆယ်​သူများ​၏ အပိုင်း​ရောက်ရှိ​လာ​လေ​သည်။

ပြုတ်ထွက်​သွားသော သစ်လုံး​များ​ကို ပြန်​ဆယ်​ခြင်း

လိုင်စင်​ရ​ပင်လယ်​သစ်လုံး​ဆယ်​သူများ​သာ ဖောင်ဖွဲ့​မျော​သည့် သို့​မဟုတ် လှေများ​မှ ပြုတ်ထွက်​သွား​သည့် ဈေးကွက်​ဝင်​သစ်လုံး​များ​ကို ဆယ်ယူ​နိုင်၏။ ဆယ်ယူ​သူများ​သည် တစ်ဦးတည်း​ပိုင် လိုင်စင်​နံပါတ်​ပါရှိ​သော တံဆိပ်​ရိုက်​တူ ပထမဦးဆုံး ရရှိ​သည့်​အချိန်​မှ​စ၍ နှစ်စဉ် လိုင်စင်​ခ​ပေးဆောင်​ရသည်။ ဒီရေ​တက်ချိန်​၌ ကမ်း​စပ်​တွင် မျော​နေသော သို့​မဟုတ် သောင်တင်​နေသော မည်သည့်​သစ်လုံး​ကို​မဆို ဆယ်ယူ​နိုင်​သည်။ ကျွန်တော်​တို့​ရရှိ​သည့် သစ်လုံး​ပေါ်​တွင် ဦးဆုံး ကိုယ်ပိုင်​လိုင်စင်​နံပါတ်​ကို ရိုက်​လိုက်​သည်။

ပစ္စည်း​ကိရိယာ​ပြည့်စုံ​သည့် လှေ​တစ်စင်း​လည်း လိုအပ်​သည်။ ဤ​လှေ​သည် အပျော်​စီး​လှေ​နှင့်​မတူ​ချေ။ ကျွန်တော်​တို့ အသုံးပြုသည့် လှေ​ငယ်​များသည် ပဲ့ချိတ်​အဆင့်​မှ ဆွဲ​သင်္ဘော​အထိ​ဖြစ်​ပြီး မာကျော​ခိုင်ခံ့​၍ ကိုယ်ထည်​အလွန်​ထူ​သည်။ သစ်လုံး​များ​ကို​တွန်း​ယူသွား​ရန် လှေ​ဦး​ပိုင်း​တွင် သံ​ခွေးသွားစိပ်​များ​ကို အသုံးပြုပြီး သံ​ချိတ်​ကြိုး​များ​ကိုလည်း အမြဲတမ်း အလုံအလောက်​ထား​ရှိသည်။ သံ​ချိတ်​ကြိုး​ကား အဘယ်နည်း။ အစွန်း​တွင် သံချွန်​တစ်ခု​တပ်ထား​သော ၁၅ ပေ​နီးပါး​ရှိ ခိုင်ခံ့​သည့်​ကြိုး​ဖြစ်သည်။ ဆယ်ယူ​နိုင်သော သစ်လုံး​ကို ကျွန်တော်​တို့ တွေ့ ရှိသည့်​အခါ သစ်လုံး​ကို သံ​ချိတ်​နှင့် အသေအချာ​ချိတ်​ယူ၍ သံ​ချိတ်​ကြိုး​ကို လှေ​တိုင်​မ​နှင့် ရစ်ပတ်​ချည်​လိုက်​သည်။ လိုအပ်သော လုံခြုံရေး​ကိရိယာ​အားလုံး​ကိုလည်း ကျွန်တော်​တို့ ယူဆောင်​သွား​ကြသည်။

ဤ​လုပ်ငန်း​သည် လွယ်​သ​ယောင်​ယောင်​နှင့် အလွန်​ခက်​ကြောင်း သစ်​ဆယ်​သူ​လူသစ် မကြာမီ သိမြင်​လာ​မည်။ မည်သည့်​ရာသီဥတု​ပင်​ဖြစ်ပါစေ တစ်နှစ်​ပတ်လုံး နံနက်​အရုဏ်ဦး​မှ​စ၍ လုပ်ဆောင်ကြ​သည်။ ဆောင်း​ရာသီ​တွင် ဆိပ်ကမ်း​မှ​ထွက်ခွာ​နိုင်​ရန် ရေခဲပြင်​အချို့​ကို ခွဲ​ရသည်။

မည်သည့်​နေရာတွင် သစ်​များ​ကို တွေ့ရှိ​ရသနည်း။ အဓိက​အချက်​နှစ်ချက်​ဖြစ်သည့် ဒီရေ​နှင့် တိုက်​လေ​အပေါ် များစွာ​မူတည်​၏။ အတွေ့အကြုံ​ရှိ​သစ်​ဆယ်​သူသည် နံနက်ပိုင်း အလုပ်​မစ​မီ ဒီရေ​အတက်အကျ​ပြ​ကားချပ်​ကို ကြည့်ရှု​သည်။ ဒီရေ​သည် သစ်​များ​ကို ပိုမို​သယ်ဆောင်​လာ​ပေး​သောကြောင့် ဒီရေ​တက်ချိန်​သည် အကောင်းဆုံး​ဖြစ်၏။ ထို့​ပြင် ဒီရေ​တက်ချိန်​တွင် သစ်​များ​ကို ကမ်း​စပ်​မှ​ဆွဲချ​ရန် ပို​၍​လွယ်ကူ​သည်။

ရာသီဥတု​ကို အမြဲ​ဂရုစိုက်​ဖို့ အရေးကြီး​သည်။ ကျွန်တော်​တို့သည် တိုက်​လေကို ခန့်မှန်းခြင်း၊ ကောင်းကင်​နှင့် မိုးတိမ်​ရွေ့​ရှား​မှုများ​ကို ကြည့်ရှု​ခြင်း​နှင့် ရေ​အရောင်​ကို စစ်ဆေးခြင်း​တို့ အမြဲတစေ​ပြုလုပ်​ကြ​ရ၏။ အရှေ့တောင်​လေ​တိုက်​လျှင် မိုးရွာ​လေ့​ရှိပြီး အနောက်​လေ​တိုက်​လျှင်​မူ ကောင်းကင်​တွင် တိမ်​ကင်းစင်​သော်လည်း လှိုင်း​ကြီး​လိမ့်​မည်။ ဆောင်းတွင်း​၌ အရှေ့မြောက်​လေ၊ ဒေသ​အခေါ် စ​ကွားမီရှ်​လေ​တိုက်​သည့်​အခါ အလွန်​ချမ်းစိမ့်​ပြီး လှိုင်း​ကြီး​ကာ နှင်း​များ​ကျ​လာပေမည်၊ ထို့​ပြင် ပျောက်​နေသော​သစ်လုံး​များ မျောပါ​လာပေမည်။

မျော​နေသော​သစ်​တစ်လုံး​ကို သံ​ချိတ်​နှင့်​လှမ်း​ချိတ်​ခြင်း​သည် စိတ်​လှုပ်ရှား​စ​ရာ​ကောင်း​သော်လည်း သစ်​များ​ကို ကမ်း​စပ်​မှ ဆွဲချ​သည့်​အခါ အမှန်ပင် ဝမ်းသာ​ပီတိ​ဖြစ်​ရ၏။ ရေ​အောက်တွင် ဖုံးကွယ်​နေသော ကျောက်ဆောင်​များ​က ကျွန်တော်​တို့၏​လှေ​ကိုယ်ထည်​ကို ထိခိုက်​စေနိုင်​ပြီး လုံးဝ​ပျက်စီး​သွား​စေနိုင်​သည်။ ထို့​ကြောင့် ကျွန်တော်​တို့ သတိရှိ​နေဖို့လို​၏။

သစ်လုံး​များ​ကို စုဆောင်း​ပြီး ၎င်းတို့ကို စု​ထား​နိုင်​သည့်​နေရာများ​သို့ ဆွဲ​ယူသွား​၍ ချည်​ထား​သည်။ အပတ်စဉ် ဆွဲ​ယူသွား​မည့်​နေ့​မရောက်မီ သစ်လုံး​များ​ကို ထို​တွင်​ထား​ရှိ၏။ နေရာ​အသီးသီး​မှ ဆယ်ယူ​ထားသော​သစ်လုံး ၅၀ မှ ၁၀၀ ကို​စုဆောင်း​ရရှိသော​အခါ လက်ခံ​ဌာန​သို့ ဆွဲ​ယူသွား​ကြ​ပြီး ထို​တွင် သစ်လုံး​များ​ကို​ချိန်​၍ ဈေးနှုန်း​ဖြတ်​ကြသည်။ ထို့နောက် ကျွန်တော်​တို့ ဆယ်ယူ​ထားသော သစ်လုံး​များ​၏​တန်ဖိုး​အလိုက် ကျွန်တော်​တို့ကို ငွေပေး​ချေ​သည်။

ထိုသို့​အသက်မွေးဝမ်းကျောင်း​ပြုခြင်း​သည် ပျော်ရွှင်​နှစ်သက်ဖွယ်​ကောင်း​သော်လည်း သတိရှိ​ရသည်! ဤ​အလုပ်​သည် သတ္တိ​နည်းသော​သူများ​နှင့် မ​ကိုက်​ချေ။ ထို​တွင် အန္တရာယ်များ​စွာ​ရှိ၏။ ရာသီဥတု​ဆိုးရွား​လျှင် အန္တရာယ်​ရှိ​နိုင်​သည်။ ဝမ်းသာစရာ​မှာ၊ မုန်း​တိုင်​စဲ​သွား​သည့်​အထိ စောင့်နေ​ရန် ကျွန်တော်​တို့ ခိုအောင်း​နိုင်​သည့်​နေရာများ​စွာ ဟော့​ဆောင်​ဒေသ​တွင်​ရှိ​ခြင်း​ဖြစ်၏။ အန္တရာယ်​နောက်တစ်ခု​မှာ ပေါ့ဆ​သော​သစ်​ဆယ်​သူ​တစ်ဦး​သည် ဆောင်းတွင်း​၌ လှေ​မှ မတော်တဆ​ပြုတ်ကျ​သွား​လျှင် အေးခဲ​နေသော​ရေ​တွင် မိနစ်ပိုင်း​အတွင်း သေသွား​နိုင်​သည်။ အစောပိုင်း​တွင် ဖော်ပြ​ထားသော သံ​ချိတ်​ကြိုး​များ​ကို မှတ်မိ​သလော။ သံ​ချိတ်​သည် သစ်လုံး​တွင် အသေအချာ​မ​ချိတ်​လျှင် သစ်လုံး​မှ​ပြုတ်ထွက်​ပြီး လှေပေါ်​သို့ ပြန်​ကန်​လာနိုင်​သည်။ ဝမ်းသာစရာ​မှာ၊ သစ်​ဆယ်​သူ​အနည်းငယ်​ကို​သာ သံ​ချိတ်​နှင့်​ပြန်​ထိုး​မိ​သည်၊ သို့သော် ယင်းသည် မမေ့​ပျောက်​နိုင်သော အတွေ့အကြုံ​တစ်ခု​ဖြစ်သည်။

မိမိ​ကိုယ်တိုင်​နှင့် ပတ်ဝန်းကျင်​အတွက် အကျိုးရှိ

ကျွန်တော်​သည် မိမိ၏​အလုပ်ကို အဘယ်ကြောင့် နှစ်သက်​ရသနည်း။ ဟော့​ဆောင်​တူးမြောင်း​သည် လူကြိုက်များ​သော အနားယူ​အပန်းဖြေ​ရာ​နေရာတစ်ခု​ဖြစ်​ပြီး ဤ​တွင် လူတို့သည် ရွက်လှေ​များနှင့် ဘော့​တန်း​လှေများ ပြိုင်​စီး​လေ့​ရှိကြသည်။ ကျွန်း​များစွာ​ရှိသည်​ဖြစ်၍ ထို​တွင် နွေ​ရာသီ​အပန်းဖြေ​အိမ်များ ရာ​နှင့်​ချီ​ရှိသည့်​အပြင် မော်တော်​ဘုတ်​များစွာ​လည်း​ရှိ၏။ ကူး​တို့​ရေ​ယာဉ်များ​သည် ပုံမှန်​ခရီး​ဝေး​အလုပ်ဆင်း​သူများ​နှင့် ဧည့်သည်​များ​ကို တစ်နေ့လုံး သယ်ယူ​ပို့ဆောင်​ပေး​လျက်​ရှိသည်။ သစ်လုံး​များ​ရှိနေ​သည့်​အန္တရာယ်များ​ကြောင့် ကျွန်တော်​တို့​လုပ်ငန်း​၏ အရေးပါမှု​ကို အလွယ်တကူ​သိရှိ​နိုင်၏။

ကျွန်တော်​တို့သည် မျော​နေသော​သစ်လုံး​များ​ကို ဆယ်ယူ​လိုက်​သောအခါ လှေများ​သည် ဘေးမ​သီ​ရန်​မ​ခ သွားလာ​နိုင်​ကြသည်။ ရေ​ထဲ​တွင် အချိန်​ကြာမြင့်စွာ​ရှိနေ​သည့် သစ်လုံး​အချို့​သည် နစ်မြှုပ်​သွားလေသည်။ သစ်လုံး​သည် ရေပေါ်​တွင် လက်မ​အနည်းငယ်​သာ ပေါ်ထွက်​နေရာ လှေ​သမားများ​အတွက် အန္တရာယ်ကြီး​လှ​၏။ သို့သော်လည်း ထို​သစ်​ကို ဆယ်​တင်ပြီး ရောင်းချ​နိုင်ရာ ကျွန်တော်​တို့အတွက် တန်ဖိုး​ရှိသည်။ ထိုသို့​ပြုခြင်း​ဖြင့် ကျွန်တော်​တို့သည် ရေ​လမ်းကြောင်း​များ​ကို အန္တရာယ်ကင်း​ရှင်း​စေသည့်​အပြင် ပတ်ဝန်းကျင်​ကိုလည်း သန့်ရှင်း​စေ​၏။

ဤ​လုပ်ငန်း​သည် စိတ်​လှုပ်ရှား​စ​ရာ​ကောင်း​သည့်​ပြင် စိတ်ဝင်စားစရာ​လည်းကောင်း​သည်ကို ကျွန်တော်​တွေ့ ရှိ​ရ၏။ တစ်ရက်​နှင့်​တစ်ရက် မတူ​ချေ။ ရေပြင်​ပေါ်​မှ ကျွန်တော်​ရပ်ကြည့်​နေစဉ် ကျွန်တော်​ပတ်လည်​ရှိ ၃၆၀ ဒီဂရီ​မြင်ကွင်းကျယ်​သည် မိနစ်​တိုင်း ပြောင်းလဲ​နေသည်။ ရင်သပ်​ရှုမောဖွယ် ဆောင်း​ရာသီ​နေ​ထွက်ချိန်​တွင် တောင်တန်း​များ​ပေါ်​မှ နှင်း​များသည် ပန်းရောင်​ပြောင်း​သွား​သည်ကို ကျွန်တော်​တွေ့ မြင်ခဲ့​ရသည်။ ဤ​အချိန်​အခါ​မျိုး​တွင် ချမ်းစိမ့်​သော​လေ​၏ အေးမြ​မှု​ကို ကျွန်တော်​နှစ်သက်​သည်။

တောရိုင်း​တိရစ္ဆာန်​များ​ကို တွေ့​ရလေ့​ရှိသည်။ ဖျံများ၊ မြွေပါ​နှင့် ပင်လယ်ဖျံ​အမျိုးမျိုးကို ကျွန်တော်​တွေ့ ဖူး​သည်။ ငါးဖမ်း​နေကြ​သော လင်းယုန်​ငှက်​များနှင့် ကမ်းခြေ​မှ ကျွန်း​များ​အထိ ခေါက်​တုံ့​ခေါက်​ပြန် ရေကူး​နေကြ​သော သမင်​များ​ကို ကျွန်တော် စောင့်ကြည့်​ခဲ့​၏။ ကျွန်တော့်​လှေ​၏​ငါးမန်း​တောင်​ဘေး​တွင် မြူးထူး​စွာ​ဆော့​ကစား​နေသော လင်းပိုင်​ငါး၊ ဘေးနား​မှ​ဖြတ်သွား​သော မီးခိုး​ရော​င်​ဝေလငါး​များ သို့​မဟုတ် လှိုင်း​စီး​နေသော အသားစား​ဝေလငါး အစုလိုက်​အပြုံလိုက်​ကို တွေ့​လိုက်ရ​ခြင်း​သည် တကယ့်ကို စိုးရွံ့​ထိတ်လန့်စရာ​ပင်!

ကျွန်တော်​၏​အဘိုး​သည် ၁၉၃၀ ပြည့်လွန်​နှစ်များ​တွင် သစ်​ဆယ်​ခြင်း​အလုပ်ကို စတင်​ခဲ့​သည်။ သူ​နှစ်သက်သော ရေ​နှင့်​ကမ်းခြေ​ပေါ် အသက်မွေးဝမ်းကျောင်း​ပြုခြင်း​ကို သူ၏​သားများ​အား လက်ဆင့်ကမ်း​ပေး​ခဲ့​သည်။ စကား​မ​စပ်ဆို​ရ​လျှင်၊ ကမ်းခြေ​ပေါ် အသက်မွေးဝမ်းကျောင်း​ပြုသူ​ကို “အသုံးပြုနိုင်​သော သို့​မဟုတ် ရောင်းချ​နိုင်သော သင်္ဘော​ပျက်​အပိုင်းအစ​များ​ကို ပင်လယ်​ကမ်းခြေ​တစ်လျှောက် ရှာဖွေသူ” ဟု အဓိပ္ပာယ်​ဖွင့်​နိုင်​သည်။ ကျွန်တော်​၏​အဖေ​သည် သူ​မြတ်နိုး​လေးစား​သည့် ဤ​အလုပ်ကို တစ်ဖန် သူ၏​သားသမီး​များ​အား လက်ဆင့်ကမ်း​ပေး​ခဲ့​သည်။ ကျွန်တော် အရွယ်ရောက်​လာသော​အခါ ဤ​အလုပ်ကို ရွေးချယ်​ခဲ့​သည်။ အမှန်​ဆို​ရ​သော် ဤ​အလုပ်​သည် ကျွန်တော်​၏​အသက်တာတွင် အရေးကြီးဆုံး​အလုပ်​မဟုတ်ပါ။ ဘုရားသခင်​၏​အမှုတော်ကို ထမ်းဆောင်ခြင်း​သည်​သာ အရေးကြီးဆုံး​ဖြစ်​ပြီး ပို​၍​ပင်​အကျိုး​ရရှိ​သည်။ သို့သော် ကျွန်တော်​သည် အကြောင်းသင့်​၍ ဤ​အလုပ်​တွင်​လည်း ရွှင်လန်းမှု​ရရှိခဲ့​ပြီး ယခု​ဆိုလျှင် အနှစ် ၅၀ နီးပါး​ရှိပြီ​ဖြစ်သည်။ ကျွန်တော်​သည် သစ်လုံး​များ​ကို ဇွဲရှိ​ရှိ ဆက်​ရှာဖွေ​နေဆဲ​ပင်။

ကျွန်တော့်​မိသားစု​လည်း ကျွန်တော်​နှင့်အတူ အလုပ်လုပ်​ကြသည်။ တစ်ခါတစ်ရံ ပူအိုက်​သော​နွေ​ရာသီ​ညနေခင်း​တွင် ကျွန်တော်​တို့အားလုံး ကမ်းခြေ​သို့​သွား​၍ အလုပ်လုပ်​ကြသည်။ ဆယ်ယူ​ထားသော ကျွန်တော်​တို့၏​သစ်လုံး​များ​ကို ကမ်းခြေ​သို့ ဆွဲ​လာစဉ် ကျွန်တော်​တို့​အနောက်ဘက်​မှ နေဝင်​ဆည်း​ဆာ​၏​အလှ​သည် ရင်သပ်​ရှုမောဖွယ်​ကောင်း​လှ​သည်၊ တေး​ကျူးရင့်​နေကြ​သော စင်ရော်ငှက်​များ၊ ကျွန်တော်​တို့၏​လှေ​နောက်လိုက်​ပါ​လာ​သည့် အရောင်​တ​လက်​လက်​ယက်​ကြောင်း​များနှင့် ကမ်းခြေ​ပေါ်​တွင် လင်းလက်​စ​ပြု​နေသည့် မှိတ်​တုတ်​မှိတ်​တုတ်​အလင်းရောင်​များ—ယင်း​တို့အားလုံး​သည် စိတ်​ငြိမ်သက်မှု​ကို ခံစားရ​စေသည့်​ပြင် ဖန်ဆင်း​ရှင်​နှင့်​လည်း နီးကပ်​စေ​၏။ ကျွန်တော်​၏​အလုပ်ကို နှစ်သက်​ရသည့်​အကြောင်း​တွင် ယင်း​ထက်​ကောင်း​သည့် အကြောင်းပြချက်​မရှိ​နိုင်​ဟု ကျွန်တော်​ထင်​ပါ​သည်။—ဆောင်းပါး​ရှင်​ရေးသား​ပေး​ပို့​သည်။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ကမ်း​ပေါ်​တင် သစ်လုံး​တစ်လုံး​ကို ချည်​နေသော သစ်​ဆယ်​သူ​တစ်ဦး

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

သစ်​ဆယ်​တင်​သည့် လုပ်ငန်း​စဉ်​အတွင်း တွေ့​ရလေ့​ရှိသော တောရိုင်း​တိ​ရ​စ္ဆန်​များ

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ဟော့​ဆောင် သစ်​လက်ခံ​ဌာန​သည် ဆောင်း​ရာသီ​၌​ပင် အလုပ်လုပ်​ဆောင်​လျက်​ရှိ