မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပြောင်းလဲနေသော—အီလက်ထရွန်နစ် ဂိမ်းလောက

ပြောင်းလဲနေသော—အီလက်ထရွန်နစ် ဂိမ်းလောက

ပြောင်းလဲ​နေသော—အီလက်ထရွန်နစ် ဂိမ်း​လောက

“န​ယူးစ်ဝိခ်” မဂ္ဂဇင်း​အရ “ယ​မ​န်​နှစ်​က အရောင်း​အ​သွက်​ဆုံး ဗီဒီယို​ဂိမ်း​သည် ချန်ပီယံ​ကား​ခိုးမှု ၃” ဖြစ်သည်။ ဂိမ်း​၏​ရည်ရွယ်ချက်မှာ ပြည့်တန်ဆာ​လုပ်ခြင်း​နှင့် လူသတ်​ခြင်း​အစ​ရှိသော ရာဇဝတ်မှု​အမျိုးမျိုး​တွင် ပါဝင်ခြင်း​အားဖြင့် ရာဇဝတ်မှု​အဖွဲ့အစည်း​တွင် အဆင့်မြှင့်​ရန်​ဟူ၍​ဖြစ်သည်။ “သင်၏​ကစား​ကွက်​တိုင်း​တွင် အကျိုးဆက် များ​ရှိ၏” ဟု “န​ယူးစ်ဝိခ်” က​ဖော်ပြ​သည်။ အကယ်၍ သင်သည် ခိုး​ထားသော​ကား​ဖြင့် လမ်းသွားလမ်းလာ​များ​ကို တိုက်မိ​လျှင် ရဲအရာရှိ​များ​က သင့်ကို လိုက်​ဖမ်း​မည်။ သင်သည် သူတို့​ထဲ​မှ​တစ်ဦး​ကို သေနတ်​နှင့်​ပစ်​လျှင် အက်ဖ်​ဘီ​အိုင်​အဖွဲ့က ပါဝင်​ပတ်သက်​လာ​မည်။ အက်ဖ်​ဘီ​အိုင်​ဘက်တော်သား​တစ်ဦး​ကို သတ်​လိုက်​လျှင် စစ်တပ်​က သင့်ကို အဆုံးစီရင်​ရန် လိုက်ရှာ​တော့​မည်။ ဂိမ်း​သည် အသက် ၁၇ နှစ်​နှင့် အထက်​လူကြီး​ပိုင်း​များ​အတွက် ဖြစ်​သော်လည်း စ​တိုး​ဆိုင်​များသည် ကလေး​ငယ်​များ​ကို ဂိမ်း​ရောင်းချ​ပေး​နေကြ​ကြောင်း သိရှိ​ရ၏။ ၁၂ နှစ်အရွယ်​ရှိ​သူများ​ပင် ဂိမ်း​ကစား​ခြင်း​ကို စိတ်ဝင်စား​နေကြ​သည်​ဟု သတင်းရ​ရှိ၏။

ပထမဦးဆုံး ခေတ်မီ​ကွန်ပျူတာ​ဂိမ်း အာကာသ​စစ်ပွဲ​ကို ၁၉၆၂ ခုနှစ်​တွင် တီထွင်​ခဲ့​၏။ ဂိမ်း​၏​ရည်ရွယ်ချက်မှာ ဂြိုဟ်​သိ​မ်​ဂြိုဟ်မွှား​များနှင့် ရန်သူ​အာကာသယာဉ်​များ​ကို တိုက်ခိုက်​ရန်ဖြစ်​သည်။ နောက်ဆုံး​တွင် ဆင်တူ​ယိုးမှား​ဂိမ်း​များ မရေမတွက်​နိုင်အောင် ပေါ်ထွက်​လာ​၏။ ၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်​နှစ်များ​တွင် ပို​၍​စွမ်းအားမြှင့် ကိုယ်ပိုင်​သုံး​ကွန်ပျူတာ​များ​ကို နေရာအနှံ့​အသုံးပြု​လာသော​အခါ ကွန်ပျူတာ​ဂိမ်း​များသည် များသည်ထက်​များ​လာ​၏။ စွန့်စား​ခန်း၊ ဉာဏ်​စမ်း၊ နည်း​ဗျူဟာ​နှင့် အ​တိုက်​အ​ခိုက်​ဂိမ်း​များ​ရှိသည်။ ဥပမာ၊ နည်း​ဗျူဟာ​ဂိမ်း​တစ်မျိုး​တွင် ဂိမ်း​ကစား​သူသည် မြို့များ​တိုးချဲ့​လာ​မှု သို့​မဟုတ် ယဉ်ကျေးမှု​တိုးတက်​ထွန်းကား​လာ​မှု​ကို စီမံခန့်ခွဲ​ဖို့​ဖြစ်သည်။ ဂိမ်း​ကစား​နည်း​အများ​သည် ရေခဲပြင်​ဟော်ကီ​နှင့် ဂေါက်သီး​ရိုက်ခြင်း​အစ​ရှိသော အားကစားနည်း​များ​ကို တုပ​ပြုလုပ်​ထား​သည်။

ပညာ​ဗဟုသုတ​ရပြီး အပန်း​ပြေစေ​သည့် ချီးကျူး​ခံရ​သော ဂိမ်း​များ​ရှိပါ​သည်။ တချို့​ဂိမ်း​များ​တွင် ဂျမ်ဘို​ဂျက်​လေယာဉ်​ဆင်း​ရန်၊ ပြိုင်ကား သို့​မဟုတ် မီး​ရထား​စက်ခေါင်း​မောင်း​ရန်၊ နှင်း​ခဲ​လျှော​စီး​ရန် သို့​မဟုတ် ကမ္ဘာ​ပတ်​ရန် စမ်း​ကြည့်​နိုင်​သည်။ တရ​စပ်​ပစ်ခတ်​သည့်​ဂိမ်း​များ​အစ​ရှိသော အ​တိုက်​အ​ခိုက်​ဂိမ်း​အချို့​၏ ကြမ်းတမ်းမှု​ကြောင့် အပြစ်တင်​ဝေဖန်ခံ​ရလေ့​ရှိသည်။ ဂိမ်း​ကစား​သူ၏​ရည်ရွယ်ချက်မှာ ကြိုက်​ရာ​လက်နက်​တစ်ခု​ကို ရွေး​ပြီး​နောက် လူ သို့​မဟုတ် လူ​မဟုတ်သော ရန်သူများ​ကို ပစ်သတ်​ရန်ဖြစ်​သည်။

အွန်လိုင်း​ဂိမ်း​များ—ခေတ်​သစ်​ရေစီးကြောင်း

ဗြိ​တဲ​န်​နီ​ယာ​ပြည်​တွင် နိုင်ငံသား ၂၃၀,၀၀၀ ခန့်​ရှိ၏။ ထို​သူတို့မှာ စစ်သည်​များ၊ အပ်​ချုပ်​သမားများ၊ ပန်း​ပဲ​ဆရာများ​နှင့် တေးဂီတ​သမားများ​အစ​ရှိသော လူအမျိုးမျိုး​အဖုံဖုံ​ဖြစ်​ကြသည်။ သူတို့သည် စစ်​ဆင်နွှဲ​ကြ၊ မြို့များ​တည်ဆောက်​ကြ၊ ဆိုင်​များ​ဖွင့်ကြ၊ အိမ်ထောင်ပြု​ကြ​ကာ သေဆုံး​သွား​ကြသည်။ သို့သော် အဆိုပါ​ဗြိ​တဲ​န်​နီ​ယာ​ပြည်​သည် အမှန်တကယ်​မရှိ​ချေ။ ယင်းသည် ကွန်ရက်​ကစား​သူ​အချင်းချင်း တစ်ပြိုင်တည်း ယှဉ်ပြိုင်​ကစား​နိုင်​သည့် အလယ်ခေတ်​ကမ္ဘာ​တု​ဖြစ်သည်—အွန်လိုင်း​ဂိမ်း​ဟု​ခေါ်​သော ကွန်ပျူတာ​ဂိမ်း​သည် တဖြည်းဖြည်း​ရေပန်းစား​လာ​သည်၊ “နောက်ထပ်​ခေတ်​စား​မည့်​ဂိမ်း” ပေါ်ထွက်​ဖို့​လည်း အကြောင်း​ရှိ၏။ ၁၉၉၇ ခုနှစ်​တွင် အစပြု​ခဲ့​သည့် စိတ်ကူးယဉ်​ဗြိ​တဲ​န်​နီ​ယာ​ပြည်​ပါရှိ​သော အော့​တီ​မာ​အွန်လိုင်း​သည် ပထမဦးဆုံး အင်တာနက်​အခြေပြု​ဂိမ်း​ဖြစ်သည်။ ထို​အချိန်​မှ​စ၍ တခြား​အင်တာနက်​ဂိမ်း​များစွာ ပေါ်ပေါက်​လာပြီး ပိုမို​တိုးတက်​ဆန်းသစ်​လာ​လေ​သည်။

အဆိုပါ​ဂိမ်း​၏​ထူးခြားချက်​ကား အဘယ်နည်း။ ဂိမ်း​တွင်​တွေ့ရ​သော ဇာတ်ကောင်​အသီးသီး​ကို ကွန်ပျူတာ​က​မဟုတ်ဘဲ အင်တာနက်​ပေါ်​တွင် တစ်ပြိုင်တည်း​ကစား​နေကြ​သော ကစားဖော်​များ​က ထိန်းချုပ်​ထား​နိုင်၏။ ထို​ဂိမ်း​တွင် ထောင်နှင့်ချီ​သော​လူ​တို့ ပါဝင်​ကစား​နိုင်​သည်။ ဥပမာ၊ နိုင်ငံ​ပေါင်း ၁၁၄ နိုင်ငံ​မှ ဂိမ်း​ကစား​သူများ​သည် အော့​တီ​မာ​အွန်လိုင်း​ဂိမ်း​ကို တစ်ပြိုင်တည်း ပါဝင်​ကစား​နိုင်​ကြသည်​ဟု​ဆို​၏။ အဆိုပါ​ဂိမ်း​များ​ကို လူကြိုက်များ​ရခြင်း​သည် လူမှု​ဆက်ဆံ​ရေးပါ​ဝင်​ပတ်သက်မှု​အပေါ် များစွာ​မူတည်​ပေမည်။ ဂိမ်း​ကစား​သူ​အချင်းချင်း စကား​လက်ဆုံ​ပြော​နိုင်​ကြ​သည့်​အတွက် သူတို့သည် ကမ္ဘာ့​လူသားထု​အဝင်​ဖြစ်သည်​ဟု ခံစားရ​ကြသည်။

ဝင်ငွေ​အားကောင်း​သော​လုပ်ငန်း

အီလက်ထရွန်နစ်​ဂိမ်း​လုပ်ငန်း​သည် ၎င်း​၏​အနာဂတ်​နှင့်​ပတ်သက်​၍ ယုံကြည်​စိတ်ချမှု​အပြည့်​ရှိသည်။ ၁၉၉၇ ခုနှစ်​တိုင်သော် အမေရိကန်​ကွန်ပျူတာ​နှင့် ဗီဒီယို​ဂိမ်း​လုပ်ငန်း​မှ နှစ်စဉ်​ဝင်ငွေ ဒေါ်လာ ၅.၃ ဘီလီယံ​ရရှိခဲ့​ပြီး ကမ္ဘာ​နှင့်​အ​ဝန်း ရော​င်း​ရ​ငွေ​မှာ အနည်းဆုံး​ဒေါ်လာ ၁၀ ဘီလီယံ​ရှိ၏။ ယင်းက ရောင်းအား လျော့ကျ​သွား​မည်​ပုံ​မရှိကြောင်း ဖော်ပြ​နေသည်။ ထို​ဈေးကွက်​သည် နောင်​ငါး​နှစ်​အတွင်း ၅၀ ရာခိုင်နှုန်း​မှ ၇၅ ရာခိုင်နှုန်း​အထိ တိုးများ​ဖို့​ရှိသည်​ဟု မျှော်လင့်​ရ၏။

ဖော့​ရက်စ်​တာ​သုတေသန​ပြုချက်​အရ နေ့စဉ် လူ​တစ်သန်း​ကျော်​သည် အင်တာနက်​အခြေပြု​ဂိမ်း​အမျိုးမျိုး​တွင် ပါဝင်​ကစား​ကြ​ပြီး အွန်လိုင်း​ဂိမ်း​များ​ကို စိတ်ဝင်စားမှု​ကြောင့် မြန်​နှုန်း​မြင့်​အင်တာနက်​ဆက်သွယ်ရေး​စနစ် (broadband) မှာ​ပို​၍​ကျယ်ပြန့်​လာ​လိမ့်​မည်​ဟု ဆို​၏။ ကွန်ပျူတာ​ဂိမ်း​များ ကစား​ရင်း ကြီးပြင်း​လာ​ကြသော ကလေး​များသည် ကြီးပြင်း​လာသော​အခါ​တွင်​လည်း ဂိမ်း​ကစား​ခြင်း ရပ်တန့်​သွား​မည့်​ပုံ​မရှိ​ချေ။ ကြာမြင့်စွာ​ဂိမ်း​ကစား​ခဲ့​သူ​တစ်ဦး​က ဤသို့​ဆို​၏– “ကွန်ပျူတာ​ဂိမ်း​တွေ ကစား​တာ​ဟာ ကမ္ဘာ​တစ်ဝန်း​က မိတ်ဆွေတွေနဲ့ ပေါင်းသင်း​တဲ့​နည်း​တစ်နည်း​ဖြစ်​လာတယ်။”

အဆိုပါ​ဂိမ်း​အားလုံး​သည် အန္တရာယ်ကင်း​သည့် အပန်းဖြေမှု​လော၊ သို့​မဟုတ် အန္တရာယ်​ရှိသလော။ ကြည့်​ကြ​စို့။