မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရွယ်တူချင်းဖိအားကို ဘယ်လို ကိုင်တွယ်နိုင်မလဲ

ရွယ်တူချင်းဖိအားကို ဘယ်လို ကိုင်တွယ်နိုင်မလဲ

လူငယ်များ​အမေး . . .

ရွယ်တူချင်း​ဖိအား​ကို ဘယ်လို ကိုင်တွယ်​နိုင်​မလဲ

“ရွယ်တူချင်း​ဖိအား​က နေရာတိုင်းမှာ​ရှိတယ်။”–ဂျက်​စီ၊ ၁၆ နှစ်။

“ကြီးပြင်း​လာစဉ်​မှာ ကျွန်တော်​ရင်ဆိုင်​ရ​အခက်ဆုံး​အရာတစ်ခု​က​တော့ ကျောင်းနေ​ဖက်​တွေ​ရဲ့ ရွယ်တူချင်း​ဖိအား​ပါ​ပဲ။”—ဂျော်​န​သန်၊ ၂၁ နှစ်။

ရွယ်တူချင်း​ဖိအား​ဟူသည် ထည့်တွက်​ရမည့်​ဖိအား​တစ်မျိုး​ဖြစ်သည်​မှာ အမှန်ပင်။ သို့သော် ယင်းကို သင်​ခုခံ​တွန်းလှန်​နိုင်​ကြောင်း စိတ်ချ​ပါ​လေ။ အမှန်ဆိုလျှင် ယင်းကို သင်​ကိုင်တွယ်​နိုင်​ပြီး သင့်​အကျိုးအတွက်​ပင် အသုံးပြုနိုင်​သည်။ မည်သို့​အားဖြင့်​နည်း။

ဤ​လူငယ်များ​အမေး ယခင်​ဆောင်းပါး​တစ်ပုဒ်​တွင် ရွယ်တူချင်း​ဖိအား​၏​စွမ်းပကား​နှင့် ယင်း​၏​သြဇာ​ကို သင်​ခုခံနိုင်​မှု​အားနည်း​ကြောင်း အသိအမှတ်ပြု​ခြင်း​ဟူ​သည့် အရေးပါသော ပထမ​အဆင့်​ကို ကျွန်ုပ်​တို့​ဆွေးနွေး​ခဲ့​သည်။ * အကျိုးပြုသော အဘယ်​ထပ်ဆင့်​ခြေလှမ်း​များ​ကို သင်​လှမ်း​နိုင်​သနည်း။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​တွင် သင်​လိုအပ်သော အထောက်အကူ​ပြု​လမ်းညွှန်ချက်များ ပါရှိ​သည်။ နယပုံပြင် ၂၄:၅ က​ဤသို့​ဆို​၏– “ပညာ​အတတ် [“အသိပညာ၊” က​ဘ] နှင့်​ပြည့်စုံသော​သူသည် ခွန်အား​တိုးပွား​တတ်၏။” ရွယ်တူချင်း​ဖိအား​အပေါ် သင်​အနိုင်ယူ​လွှမ်းမိုး​ရန် အဘယ်​အသိပညာက အားဖြည့်ပေး​နိုင်​မည်​နည်း။ ယင်းကို​မဖြေ​ဆို​မီ သင့်​အပေါ် ရွယ်တူချင်း​ဖိအား​သက်ရောက်​စေနိုင်​သည့် ပြဿနာ​တစ်ရပ်​ကို ဦးစွာ​ဆွေးနွေး​ကြ​စို့။

ယုံကြည်​စိတ်ချမှု​ကင်းမဲ့​ခြင်း—အန္တရာယ်​တစ်ရပ်

ယေဟောဝါသက်သေ​လူငယ်များ​၏ ဘဝ​လမ်းစဉ်တွင် မိမိတို့၏​ယုံကြည်ခြင်းကို အခြားသူများ​အား​ပြောပြ​ကြ​ရသော​ကြောင့် ရွယ်တူချင်း​ဖိအား​သည် တစ်ခါတစ်ရံ အထူး​စိန်ခေါ်ချက်​တစ်ရပ် ဖြစ်တတ်​သည်။ (မဿဲ ၂၈:၁၉၊ ၂၀) ရံဖန်ရံခါ၊ သင်​တွေ့ဆုံ​သည့် အခြား​လူငယ်များ​အား သင့်​ယုံကြည်ခြင်း​အကြောင်း ပြောပြ​ရန် ခက်ခဲ​သလော။ သင်​တစ်ဦးတည်း မဟုတ်ပါ။ မယ်​လာ​နီ အမည်​ရှိ ၁၈ နှစ်အရွယ်​မိန်းကလေး​တစ်ဦး​က ဤသို့​ပြောပြ​သည်– “ကျွန်မ​ဟာ သက်သေခံ​တစ်ယောက်​ပါ​လို့ လူငယ်တွေကို​ပြော​ရမယ့်​အခါ​တွေ​မှာ ထင်တာ​ထက်​တောင် ပို​ခက်​နေတတ်တယ်။” သူ​ဆက်၍​ပြော​သည်​မှာ “ကျွန်မ​ဟာ သက်သေခံ​တစ်ယောက်​ပါ​လို့ ပြော​ဖို့ သတ္တိ​မွေး​လိုက်တာနဲ့ ကြောက်​စိတ်​က​ဝင်လာ​ပြန်​ရော။” အပျက်သဘော​ဆောင်သော ရွယ်တူ​ဖိအား​က သူ့​အား​တားဆီး​နေ​ပုံ​ရသည်။

ထင်ရှား​သည့်​ယုံကြည်ခြင်း​ရှိ အမျိုးသား၊ အမျိုးသမီးများ​ပင် လူ​တို့အား ဘုရားသခင်​အကြောင်း​ပြောပြ​ဖို့ တွန့်ဆုတ်​ခဲ့​ကြ​ကြောင်း သမ္မာကျမ်းစာ​က​ဆို​၏။ ဥပမာ၊ လူငယ်​ယေရမိ​သည် ရဲရင့်စွာ​ဟောပြောဖို့ ဘုရားသခင့်​မိန့်မှာချက်ကို နာခံ​မည်​ဆိုလျှင် ပြောင်လှောင်​သရော်​မှု​နှင့် ညှဉ်းပန်း​နှိပ်စက်မှု ခံရ​မည်​ကို သိထား​သည်။ ထို့​ပြင် ယေရမိ​သည် ယုံကြည်​စိတ်ချမှု​ကင်းမဲ့​ခဲ့​သည်။ အဘယ်ကြောင့်​နည်း။ ဘုရားသခင်​အား သူ​ဤသို့​ဆို​၏– “အကျွန်ုပ်သည် မ​ဟော​မပြော​တတ်​ပါ။ သူငယ်​ဖြစ်ပါ​၏။” ယေရမိ​၏​ငယ်ရွယ်မှု​က ဟောပြောရန် အရည်အချင်း​မပြည့်မီ​စေ​ဟု ဘုရားသခင် လက်ခံခဲ့​သလော။ လက်မခံခဲ့​ပါ။ ယေဟောဝါ​သည် ပရောဖက်​ကို ဤသို့​အားပေးခဲ့​သည်– “‘အကျွန်ုပ်သည် သူငယ်​ဖြစ်ပါ​၏’ ဟု​မပြော​နှင့်။” ယေဟောဝါ​သည် ရည်ရွယ်​ထား​သည့်​အတိုင်း ဆက်လက်​လုပ်ဆောင်​ကာ တွန့်ဆုတ်​သော​လူငယ်​ကို အရေးကြီးသော​တာဝန်​တစ်ရပ် ပေးအပ်​ခဲ့​သည်။—ယေရမိ ၁:၆-၇

ကျွန်ုပ်​တို့​တွင် ယုံကြည်​စိတ်ချမှု​ကင်းမဲ့​သည့်​အခါ မိမိကိုယ်ကို​စိတ်မချ​သောကြောင့် ရွယ်တူချင်း​ဖိအား​ကို တွန်းလှန်​ရန် အလွန်​ခက်ခဲ​နိုင်​သည်။ သုတေသန​ပြုချက်​များ​က ထို​အချက်​ကို ထောက်ပြ​ခဲ့​သည်။ သာဓက​အနေ​နှင့်၊ လွန်ခဲ့သော ၁၉၃၇ ခုနှစ်​တွင် မြူ​ဇ​ဖာ ရှဲ​ရ​စ်ဖ် အမည်​ရှိ သိပ္ပံ​ပညာရှင်​တစ်ဦး​သည် ကျော်ကြား​သည့်​စမ်းသပ်မှု​တစ်ခု ပြုလုပ်​ခဲ့​သည်။ လူများ​ကို မှောင်​နေသည့်​အခန်း​တစ်ခန်း​ထဲ​ထည့်​ကာ အလင်း​ပြော​က်​တစ်ခု​ကို​ပြ​ခဲ့​သည်၊ ထို့နောက် အလင်း​ပြော​က်​သည် မည်မျှ​အကွာအဝေး​သို့ ရွေ့လျား​ခဲ့​သနည်း​ဟု သူတို့အား​မေးမြန်းခဲ့​သည်။

အမှန်​သော်၊ အလင်း​သည် ရွေ့လျား​ခြင်း​လုံးဝ​မရှိပေ; ယင်းသည် စ​က္ခု​အာရုံလှည့်​စား​မှု​သာ​ဖြစ်သည်။ တစ်ဦးစီ​ကို​စမ်းသပ်​ခဲ့​ရာ ရွေ့လျား​ဟန်​ရှိ​မှု​နှင့်​စပ်လျဉ်း၍ လူများ​က ခန့်မှန်းချက်​အသီးသီး ပေး​ခဲ့​ကြသည်။ သို့သော်၊ အုပ်စု​လိုက်​တွင်​မူ သူတို့၏​ခန့်မှန်းချက်​ကို အသံ​ထွက်၍​ပြော​ရန် တောင်းဆို​ခဲ့​ရသည်။ မည်သို့​ဖြစ်သွား​သနည်း။ မိမိတို့၏​ကိုယ်ပိုင်​ထင်မြင်ချက်​အပေါ် ယုံကြည်​စိတ်ချမှု​မရှိကြ​ခြင်း​ကြောင့် သူတို့သည် အချင်းချင်း​၏​လွှမ်းမိုးမှု ခံ​ခဲ့​ကြ​ရသည်။ အထပ်ထပ်​စမ်းသပ်မှု​ပြုခြင်း​ဖြင့် “အုပ်စု​စံ” တစ်ခု သတ်မှတ်​ခဲ့​သည်​အထိ အဖြေ​များ​တူညီ​လာ​သည်။ နောက်ပိုင်း တစ်ဦးချင်း​စီ ပြန်လည်​စမ်းသပ်​သောအခါ​၌​ပင် တစ်ဦးစီ​ကို အုပ်စု​၏​စုပေါင်း​ယူဆချက်​က ဩဇာ​လွှမ်းမိုး​ဆဲ​ဖြစ်သည်။

ထို​စမ်းသပ်မှု​က အရေးကြီးသော​အချက်​တစ်ချက်​ကို ဖော်ပြ​သည်။ ယုံကြည်​စိတ်ချမှု​ကင်းမဲ့​ခြင်း​က လူများ​ကို ရွယ်တူချင်း​ဖိအား​ခံရ​ရန်​အကြောင်း ပို​များ​စေ​သည်။ အလေးအနက်​စဉ်းစားစရာ မဟုတ်ပေ​လော။ သို့​ဖြစ်စေ​ကာ​မူ လက်မထပ်မီ​သံဝါသပြု​ခြင်း၊ မူးယစ်​ဆေး​အလွဲသုံးခြင်း၊ ဘဝ​ပန်းတိုင်​များ​အပေါ်​ရှုမြင်ပုံ​တို့​အပါအဝင် အလွန်​အရေးကြီးသော​ကိစ္စ​များနှင့်​ပတ်သက်​လာ​လျှင် ရွယ်တူချင်း​ဖိအား​သည် လူ​တို့​အပေါ် အကျိုး​သက်ရောက်​နိုင်​သည်။ ထိုသို့​သော​ကိစ္စ​များနှင့်​ပတ်သက်​၍ “အုပ်စု​စံ” ချမှတ်​ရန် ကျွန်ုပ်​တို့​ကိုယ်ကို​ခွင့်ပြု​လျှင် ကျွန်ုပ်​တို့၏​အနာဂတ်​အပေါ် ပြင်းပြင်းထန်ထန် ထိခိုက်မှု​ရှိ​နိုင်​သည်။ (ထွက်မြောက်ရာ ၂၃:၂) အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။

အလင်း​ပြော​က်​သည် လှုပ်ရှားခြင်း​မရှိ​ဟူ​သည့်​အဖြစ်မှန်​ကို သင်​သိခဲ့​လျှင် သင့်​အားစမ်း​သပ်​မှု​ပြု​မည်​ဆိုပါ​က မည်သို့​ယူဆ​မည်​နည်း။ လူအုပ်စု​၏​လွှမ်းမိုးမှုကို သင်​ခံရ​မည်​မဟုတ်ပေ။ မှန်ပါသည်၊ ယုံကြည်​စိတ်ချမှု​လိုအပ်​သည်။ သို့ရာတွင် အဘယ်​ယုံကြည်​စိတ်ချမှု​မျိုး ပါဝင်​ပတ်သက်​နေပြီး ယင်းကို မည်သို့​ရရှိနိုင်​မည်​နည်း။

ယေဟောဝါ​ကို သင့်​ယုံကြည်​စိတ်ချ​ရာ​ဖြစ်စေ​ပါ

မိမိကိုယ်ကို​ယုံကြည်​စိတ်ချမှု ပျိုးထောင်​ပုံ​အကြောင်း အတော်များများ​ပြော​ကြသည်​ကို သင်ကြား​ဖူး​ပေမည်။ သို့သော် ယင်းကို​မည်သို့​ရရှိနိုင်​သည်၊ သင်​မည်မျှ​လိုအပ်​သည်​နှင့်​ပတ်သက်​လျှင် ရှုမြင်ပုံ​များ​မတူကြ​ပေ။ သမ္မာကျမ်းစာ​တွင် မျှတမှု​ရှိသော​အကြံပြုချက် ပါရှိ​သည်– “သင်တို့သည် ကိုယ်ကို ထင်​သင့်​သည်​အတိုင်း​ထက်​လွန်​၍​မထင်​ဘဲ၊ . . . ကိုယ်ကို လျောက်ပတ်​စွာ​ထင်​ရမည်​အကြောင်း သင်တို့တွင်​ရှိသမျှ​သော​သူတို့ကို မှာ​ထား​၏။” (ရောမ ၁၂:၃) နောက်​ဘာသာပြန်​ကျမ်း​တွင် ထို​အခန်းငယ်​ကို ဤသို့​ဖတ်​ရသည်– “သင်တို့သည် မိမိတို့​ကိုယ်ကို အရှိ​တန်ဖိုး​ထက်​ပို​၍ အကဲမဖြတ်​ကြ​ဘဲ လျောက်ပတ်​သောတန်​ဖိုး​ဖြင့် ပိုင်းဖြတ်​ရမည့်​အကြောင်း သင်တို့​အပေါင်း​တို့အား ငါ​မှာကြား​လို​ပါ​၏။”—ချားလ်စ် ဘီ၊ ဝီလျမ်စ်။

သင်၏ “အရှိ​တန်ဖိုး” ကို “လျောက်ပတ်​သောတန်​ဖိုး​ဖြင့် ပိုင်းဖြတ်ခြင်း” က စိတ်​ကြီး​ဝင်လာ​ခြင်း သို့​မဟုတ် ဘဝင်မြင့်​လာ​ခြင်း​ကို ခွင့်​မပြု​ချေ။ တစ်ဖက်​တွင်​မူ၊ ထိုသို့​သော မျှတမှု​ရှိသည့်​ရှုမြင်ပုံ​က သင်​အမှန်တကယ်​တွေးတော၊ ဆင်ခြင်​နိုင်စွမ်း​နှင့် အမြော်အမြင်​ရှိ​ရှိ ဆုံးဖြတ်ချက်​များ​ချ​နိုင်စွမ်း​တို့​၌ ယုံကြည်​စိတ်ချမှု အတော်အတန်​ရှိစေ​မည်​ဖြစ်သည်။ ဖန်ဆင်း​ရှင်​သည် သင့်​အား “စဉ်းစား​ဆင်ခြင်​နိုင်စွမ်း” ဖြင့်​ဖန်ဆင်း​ထား​ကာ ယင်းသည် အလွန်​အရေးပါ​သည်။ (ရောမ ၁၂:၁က​ဘ) ထို​အချက်​ကို စိတ်​စွဲမှတ်​ထားခြင်း​ဖြင့် သင့်​ဝန်းကျင်ရှိ​သူများ​က သင့်အတွက်​ဆုံးဖြတ်ချက်​ချရန် ခွင့်ပြု​လိုက်ခြင်း​မှ ကာကွယ်​ဖို့ ကူညီ​ပေး​နိုင်​သည်။ သို့သော် သင့်​အား​ကာကွယ်​ပေး​ရုံ​ထက်မက အကျိုးပြု​မည့် ယုံကြည်​စိတ်ချမှု​တစ်မျိုး​ရှိသည်။

“အရှင်​ထာဝရ​ဘုရား[သခင်] ကိုယ်တော်​သည် အကျွန်ုပ်​မျှော်လင့်​ရာ​ဖြစ်​တော်​မူ​၏။ အကျွန်ုပ်​ငယ်​သော​အရွယ်​မှ​စ၍ အကျွန်ုပ်​ကိုးစား [“ယုံကြည်​စိတ်ချ၊” က​ဘ] ရာ​ဖြစ်​တော်​မူ​၏” ဟု​ရေးသား​ရန် ဘုရင်​ဒါဝိဒ် မှုတ်သွင်းခံ​ခဲ့​ရသည်။ (ဆာလံ ၇၁:၅) မှန်ပါသည်၊ ဒါဝိဒ်​သည် ကောင်းကင်​ခမည်းတော်​အား အပြည့်အဝ​ယုံကြည်​စိတ်ချ​ခဲ့​သည်၊ ငယ်ရွယ်စဉ်​ကတည်းက ထိုသို့ ယုံကြည်​စိတ်ချ​ခဲ့​သည်။ ဖိလိတ္တိ​လူသန်ကြီး​ဂေါလျတ်​က ဣသရေလ​စစ်သား​မည်သူ​မဆို​နှင့် တစ်ဦးချင်း​ယှဉ်ပြိုင်​တိုက်ခိုက်​ရန် စိန်ခေါ်​ခဲ့​ချိန်​တွင် သူသည် ဆယ်ကျော်သက်​အရွယ်​ဖြစ်​ကောင်း​ဖြစ်​မည့် “ငယ်ရွယ်​သေး​သူ” ဖြစ်သည်။ စစ်သား​များ​မှာ ကြောက်ရွံ့​တုန်လှုပ်​နေခဲ့​ကြ​၏။ (၁ ဓမ္မ​ရာဇဝင် ၁၇:၁၁၊ ၃၃သမ္မာ) သူတို့​အတွင်း​၌ အပျက်သဘော​ဆောင်သော ရွယ်တူချင်း​ဖိအား ရှိနေ​ပုံ​ပေါက်​သည်။ ဂေါလျတ်​၏​အရွယ်အစား​နှင့် ရဲစွမ်းသတ္တိကို အပျက်သဘော​ပြောဆို​ကြ​ပြီး ထို​စိန်ခေါ်ချက်​ကို​လက်ခံသူ မည်သူ​မဆို​သည် စိတ်မနှံ့​သူ​ဖြစ်​ရမည်ဟု အခိုင်အမာ​ပြောဆို​ခဲ့​ကြ​မည်​မှာ သေချာ​သည်။ ထိုသို့​သော​ဖိအား​သည် ဒါဝိဒ်​အပေါ်​မသက်ရောက်​ကြောင်း ထင်ရှား​သည်။ အဘယ်ကြောင့်​နည်း။

ဂေါလျတ်​အား ဒါဝိဒ်​ပြော​သည့် စကား​များ​ကို သတိပြုပါ– “သင်သည် ဓား၊ လှံ၊ ကိ​ဒုန်​ပါ​လျက် ငါ့​ထံ​သို့​လာ​၏။ ငါသည် သင်​ကြိမ်း​ပ​သော ဣသရေလ​ဗိုလ်ခြေ​တို့၏​ဘုရားသခင်၊ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရ​ဘုရား[သခင်]၏ နာမတော်​ပါ​လျက် သင်​ရှိရာသို့​လာ​၏။” (၁ ဓမ္မ​ရာဇဝင် ၁၇:၄၅) ဒါဝိဒ်​သည် ဂေါလျတ်​၏​အရွယ်အစား၊ ခွန်အား​ဗလ သို့​မဟုတ် လက်နက်များ​ကို သတိ​မပြုမိ​ဘဲ​မနေ​ပါ။ သို့သော် သူ့​အထက်တွင် ကောင်းကင်​ရှိကြောင်း သူ​အသေအချာ​သိထား​သကဲ့သို့​သော သူသိ​ထား​သည့်​အရာတစ်ခု​ရှိသည်။ ဂေါလျတ်​သည် ယေဟောဝါ​ဘုရားသခင်​နှင့် နှိုင်းယှဉ်​လောက်​သည့်​သူ​မဟုတ်​ကြောင်း သူသိ​ထားခြင်း​ပင်။ ဒါဝိဒ်​ဘက်၌ ယေဟောဝါ​ရှိ​နေလျှင် ဂေါလျတ်​ကို အဘယ်ကြောင့် ကြောက်ရွံ့​ရမည်​နည်း။ ဘုရားသခင်​အား ထိုသို့​ယုံကြည်​စိတ်ချမှု​က ဒါဝိဒ်​ကို​ကာကွယ်​မှု​ပေး​ခဲ့​သည်။ အဘယ်​ရွယ်တူချင်း​ဖိအား​က​မျှ သူ့​အား မယိမ်းယိုင်​စေနိုင်​ပေ။

ယေဟောဝါ​အား ထပ်တူ​ယုံကြည်​စိတ်ချမှု​မျိုး သင်၌​ရှိသလော။ ဒါဝိဒ်​အချိန်​နောက်ပိုင်း၌​လည်း ကိုယ်တော်​သည် ပြောင်းလဲခြင်း​မရှိပေ။ (မာလခိ ၃:၆; ယာကုပ် ၁:၁၇) ကိုယ်တော့်​အကြောင်း​ပို​၍​သိရှိ​လေ ကိုယ်တော့်​နှုတ်မြွက်တော်​၌​မိန့်ဆို​ထား​ရာ​တိုင်း​ကို သင်​ပို​၍​စိတ်ချ​လေ​ဖြစ်လာ​မည်။ (ယောဟန် ၁၇:၁၇) သင့်​အသက်တာကို​လမ်းပြ​ညွှန်ကြား​ရန်​နှင့် ရွယ်တူချင်း​ဖိအား​ကို​တွန်းလှန်​ရာ​တွင် သင့်​အား​ထောက်မ​ပေး​ရန် အပြောင်းအလဲ​မရှိသော၊ ယုံကြည်​စိတ်ချ​ရသော စံနှုန်း​များ​ကို သမ္မာကျမ်းစာ​၌​တွေ့ရ​မည်။ ယေဟောဝါ​ကို သင့်​ယုံကြည်​စိတ်ချ​ရာ​ဖြစ်စေခြင်း​အပြင် သင်​လုပ်ဆောင်​နိုင်​သည့် အရာတစ်ခု​ရှိသေး​သည်။

အကြံ​ကောင်း​ဉာဏ်​ကောင်း​ပေး​သူများကို ရွေးချယ်​ပါ

ဘုရားသခင့်​စကားတော်​က လမ်းညွှန်မှု​ကောင်း​ရှာဖွေ​ရန် လိုအပ်မှု​ကို မီး​မောင်း​ထိုး​ပြ​ထား​သည်။ “ဉာဏ်​ကောင်းသော​သူသည် ကျွမ်းကျင်​သည့်​ညွှန်ကြားချက်​ကို ဆည်းပူး​၏” ဟု နယပုံပြင် ၁:၅ (က​ဘ) က​ဆို​သည်။ သင်၏​အကောင်းဆုံး​အကျိုးကို အလွန်​လိုလား​သည့် သင့်​မိဘများသည် လမ်းညွှန်မှု​ရင်းမြစ်​တစ်ခု​ဖြစ်​နိုင်​သည်။ ယင်းကို အင်​ဒီ​ရာ​ကောင်းစွာ​သိ​သည်။ သူ​ဤသို့​ပြန်​ပြောပြ​သည်– “ကျွန်မ​မိဘတွေဟာ ကျွန်မ​နဲ့​အတူ ကျမ်းစာ​ကို​နှီးနှော​ဆင်ခြင်​လေ့​ရှိပြီး ကျွန်မ​ဘဝမှာ ယေဟောဝါ​ကို တကယ့်​ပုဂ္ဂိုလ်​တစ်ပါး​ဖြစ်စေ​ခဲ့​တာ​ကြောင့် ခု​ချိန်​ထိ အမှန်တရား​လမ်းစဉ်​မှာ လျှောက်လှမ်း​နေပါတယ်။” လူငယ်များစွာ​လည်း အလားတူ​ခံစား​ကြ​ရသည်။

သင်သည် ခရစ်ယာန်​အသင်းတော်ဝင်​တစ်ဦး​ဖြစ်​လျှင် ထူးကဲ​သော​အားကိုး​အားထား​ပြု​စ​ရာ​များ—ခန့်အပ်​ခံ​ကြီးကြပ်မှူး​များ သို့​မဟုတ် အကြီးအကဲ​များ​အပြင် ရင့်ကျက်သော​အခြား​ခရစ်ယာန်​များ—ကို ရရှိ​ထား​သည်။ န​ဒီး​အာ အမည်​ရှိ​မိန်းမငယ်​တစ်ဦး ဤသို့​ပြန်​ပြောပြ​သည်– “ကျွန်မ​တို့​အသင်းတော်မှာ​ရှိတဲ့ အကြီးအကဲ​တွေ​ကို ကျွန်မ​တကယ်ပဲ ရိုသေ​လေးစားတယ်။ ဦးစီး​ကြီးကြပ်မှူး​ရဲ့ ဟောပြောချက်​တစ်ခု​ကို ကျွန်မ​မှတ်မိ​နေတယ်၊ အဲဒါက လူငယ်တွေ​အတွက် အထူး​ရည်ရွယ်​ထား​တာ​ဖြစ်တယ်။ သူ​ဟောခဲ့​တာ​တွေ​ဟာ ကျွန်မ​တို့​ကြုံတွေ့​ခံစား​နေရ​တာ​တွေ​ဖြစ်လို့ စည်းဝေး​ပြီး​တဲ့​နောက် ကျွန်မ​နဲ့ ကျွန်မ​သူငယ်ချင်း​ဟာ စိတ်​လှုံ့ဆော်မှု​ဖြစ်​ခဲ့​ကြတယ်။”

အပျက်သဘော​ဆောင်သော​ရွယ်တူချင်း​ဖိအား​ကို တွန်းလှန်​နိုင်​သည့် အစွမ်းထက်​လက်နက်​နောက်​တစ်မျိုး​မှာ အပြုသဘောဆောင်​သော ရွယ်တူချင်း​ဖိအား​ဖြစ်သည်။ သင်သည် အပေါင်းအသင်း​ကို ပညာရှိရှိ​ရွေးချယ်​လျှင် သင်၏​ကောင်းမွန်သော​ပန်းတိုင်​များနှင့် တော်မှန်​သော​စံ​များ​ကို တွယ်ကပ်​နေ​စေဖို့ သူတို့က ကူညီ​ပေး​နိုင်​သည်။ ကောင်းမွန်​စွာ မည်သို့​ရွေးချယ်​နိုင်​သနည်း။ ဤ​ညွှန်ကြားချက်​ကို စိတ်စွဲ​ထား​ပါ– “ပညာရှိ​တို့​နှင့်​ပေါင်းဖော်သော​သူသည် ပညာရှိ​တတ်၏။ လူ​မိုက်​တို့​နှင့်​ပေါင်းဖော်သော​သူ​မူ​ကား ပျက်စီး​တတ်၏။” (သု. ၁၃:၂၀) န​ဒီး​အာ​သည် ကျောင်း​၌ သူငယ်ချင်းများ​ကို ပညာရှိ​စွာ​ရွေးချယ်​ပေါင်းသင်း​ခဲ့​သည်—သူနှင့်​အကျင့်​စံနှုန်း​တူသော ယုံကြည်သူချင်း​များ​ဖြစ်သည်။ သူ​ဤသို့​ပြောပြ​သည်– “ကျောင်း​မှာ ယောက်ျားလေး​တွေ​က ကျွန်မတို့ကို ‘စကားပြော’ ဖို့ အနားကပ်​လာတဲ့အခါ ကျွန်မ​တို့​ဟာ တစ်ယောက်​နဲ့​တစ်ယောက် အကူအညီ​ပေး​ကြတယ်။” သူငယ်ချင်း​ကောင်း​များသည် ကျွန်ုပ်​တို့၏​အကောင်းဆုံး​အရည်အသွေးများ​ကို ပေါ်လွင်​စေဖို့ ကူညီ​ပေး​နိုင်​သည်။ သူတို့ကို​ရှာတွေ့​ရန် ကြိုးစား​ရကျိုးနပ်​ပါ​သည်။

ယေဟောဝါ​၌ ယုံကြည်​စိတ်ချမှု​ကို ပြုစု​ပျိုးထောင်​၍ ရင့်ကျက်သော​ခရစ်ယာန်​များ​ထံ​မှ လမ်းညွှန်မှု​ရှာယူ​ပြီး အပေါင်းအသင်း​ကို ပညာရှိရှိ​ရွေးချယ်​လျှင် ရွယ်တူချင်း​ဖိအား​၏​စိန်ခေါ်ချက်​ကို သင်​အောင်မြင်စွာ​ရင်ဆိုင်​နိုင်​မည်​ကို စိတ်ချ​ပါ​လေ။ အမှန်​ဆို​သော်၊ သင်သည် သင့်​မိတ်ဆွေများ​အပေါ် အပြုသဘောဆောင်​သြဇာလွှမ်း​မိုး​ကာ သင်​နှင့်အတူ အသက်​လမ်းပေါ်တွင် လျှောက်လှမ်း​ရန် ကူညီ​ပေး​နိုင်​ပါ​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 နိုဝင်ဘာ ၂၂၊ ၂၀၀၂ [လိပ်]၊ ထုတ် နိုးလော့! “ရွယ်တူချင်း​ဖိအား—ယင်းသည် အမှန်ပင်​အစွမ်းထက်​သလော” ဆောင်းပါး​ကို​ရှု။

[စာမျက်နှာ ၁၈ ပါ အကျဉ်း​ဖော်ပြချက်]

ဘုရားသခင်​နှင့် ကိုယ်တော့်​စံနှုန်း များ​ကို​ချစ်​သည့် သင့်​မေတ္တာကို​ဝေမျှ ခံစား​မည့် သူငယ်ချင်း​ကောင်း​ကို​ရှာပါ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံများ]

“မကောင်းသော​သူတို့နှင့်​ပေါင်းဖော်ခြင်း အားဖြင့် ကောင်းသော​အကျင့်ဓလေ့ ယိုယွင်း တတ်၏။”—၁ ကောရိန္သု ၁၅:၃၃

“ပညာရှိ​တို့​နှင့်​ပေါင်းဖော်သော သူသည် ပညာရှိ​တတ်၏။”—သု. ၁၃:၂၀