မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကလေးဘဝကို အမြတ်တနိုးပျိုးထောင်သည့် အချိန်ဝယ်

ကလေးဘဝကို အမြတ်တနိုးပျိုးထောင်သည့် အချိန်ဝယ်

ကလေးဘဝကို အမြတ်တနိုးပျိုးထောင်သည့် အချိန်ဝယ်

ကလေးဘဝမွန်ဟူသည် မိဘများ၏ ကောင်းသောပြုစုပျိုးထောင်ခြင်းပေါ် များစွာမူတည်သည်။ မိဘတို့၏ကောင်းသောပြုစုပျိုးထောင်ခြင်းတွင် အဘယ်အရာပါဝင်သနည်း။ ဤကိစ္စနှင့်ပတ်သက်သော အကြံပေးချက်များကို သင်ကြားဖူးပေမည်။ သင့်ကလေးများကို အချိန်ပေးပါ။ သူတို့အား နားထောင်ပေးပါ။ ခြေမြစ်ခိုင်မာသည့် လမ်းညွှန်ချက်များပေးပါ။ သူတို့၏ ဝမ်းသာမှု၊ ဝမ်းနည်းမှုများကို မျှဝေခံစားပေးခြင်းဖြင့် ထောက်ထားစာနာမှုပြပါ။ မိဘတစ်ဦးရှိအပ်သည့် အခွင့်အာဏာကို လက်မလွှတ်ဘဲ သူတို့အတွက် မိတ်ဆွေစစ်ဖြစ်ပါ။ ထပ်တလဲလဲကြားရလေ့ရှိသော ထိုမူများက မိဘတာဝန်ကို ကောင်းစွာထမ်းဆောင်ရန် အကူအညီဖြစ်စေမည်။ သို့သော် ပို၍အခြေခံကျကာ ပို၍အရေးကြီးသည့် ဦးစားထားရမည့်အရာ ရှိသေးသည်။

ကျမ်းစာမူများအတိုင်း သွားခြင်းသည် မိဘတို့၏ ကောင်းသောပြုစုပျိုးထောင်ခြင်းအတွက် သော့ချက်ဖြစ်ကြောင်း ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသောမိဘများ တွေ့ရှိထားကြသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သမ္မာကျမ်းစာ၏ ဉာဏ်ပညာကြီးမားသောအာဘော်ရှင် ယေဟောဝါဘုရားသခင်သည် မိသားစုအစီအစဉ်ကို အစပြုခဲ့သောအရှင်ဖြစ်သည်။ (ကမ္ဘာဦး ၁:၂၇၊ ၂၈; ၂:၁၈-၂၄; ဧဖက် ၃:၁၅) သို့ဖြစ်၍ ကိုယ်တော်၏နှုတ်မြွက်တော်ကျမ်းစာသည် သားသမီးမွေးမြူခြင်းဆိုင်ရာ လမ်းညွှန်ချက်ရှာရန် အကောင်းဆုံးနေရာဖြစ်သည်။ သို့သော် သမ္မာကျမ်းစာကဲ့သို့သော ရှေးကျသည့်စာအုပ်မျိုးက ကလေးဘဝကိုအသော့နှင်နေသည့် ခေတ်ရေစီးကြောင်းအပေါ် မည်သို့ ထွန်းလင်းပေးနိုင်မည်နည်း။ သက်ဆိုင်သော ကျမ်းစာမူအချို့ကို ဆန်းစစ်ကြည့်ကြစို့။

“သူငယ်များ တတ်နိုင်သမျှအတိုင်း”

ဣဇာက်၏သားဖြစ်သူ ယာကုပ်သည် ကလေးတစ်ဒါဇင်ကျော်၏ ဖခင်ဖြစ်ခဲ့သည်။ မိသားစုလိုက်သွားသည့် ခရီးစဉ်တစ်ခုနှင့်ပတ်သက်၍ သူ၏ပညာရှိစကားကို ကျမ်းစာထဲတွင် ဤသို့မှတ်တမ်းတင်ထား၏– “ဤသူငယ်တို့သည် နုငယ်ပါ၏။ ... သခင် [ယာကုပ်၏အစ်ကို ဧသော] သည် ကိုယ်တော်၏ကျွန်ရှေ့မှာ ကြွနှင့်တော်မူပါ။ ကျွန်တော်မူကား ကျွန်တော်ဆောင်ခဲ့သော ... သူငယ်များ တတ်နိုင်သမျှအတိုင်း သခင်နေရာ စိရပြည်သို့ရောက်အောင် တဖြည်းဖြည်း ပို့ဆောင်ပါမည်။”—ကမ္ဘာဦး ၃၃:၁၃၊ ၁၄

ယာကုပ်က မိမိ၏ကလေးများသည် လူကြီးများကဲ့သို့ တတ်နိုင်သူများမဟုတ်ကြောင်း သိရှိထားသည်။ သူတို့သည် “နုငယ်” ကြသည်—ငယ်သည်၊ အားနည်းသည်၊ လူကြီးများထက် ထောက်မပေးမှု ပိုလိုအပ်သည်။ မိမိသွားနှုန်းကို အမီလိုက်ရန် ကလေးများကို အတင်းအကျပ်ပြုမည့်အစား သူတို့သွားနှုန်းအတိုင်း ဖြည်းဖြည်းသွားခဲ့သည်။ ဤကိစ္စတွင် သူသည် လူ့သားသမီးများအပေါ်တင်ပြသည့် ဘုရားသခင်၏ ဉာဏ်ပညာတော်ကို ရောင်ပြန်ဟပ်ခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ ကောင်းကင်ခမည်းတော်သည် ကျွန်ုပ်တို့၏ အားနည်းချက်များကို သိရှိတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ထံမှ မျှော်လင့်သင့်သည်ထက် ပို၍မမျှော်လင့်ပါ။—ဆာလံ ၁၀၃:၁၃၊ ၁၄

အချို့တိရစ္ဆာန်များပင် ထိုဉာဏ်ပညာမျိုးကို ထင်ဟပ်ပြကြသည်၊ အကြောင်းမှာ ဘုရားသခင်သည် ၎င်းတို့အား “ပင်ကိုအသိဉာဏ်” ပေးကာ ဖန်ဆင်းထားတော်မူ၍တည်း။ (သု. ၃၀:၂၄ကဘ) ဥပမာ၊ ဆင်အုပ်တစ်အုပ်သည် သူတို့ထဲရှိ ဆင်ပေါက်ကလေးများ သွားနိုင်သည့်နှုန်းအတိုင်း တဖြည်းဖြည်းရွေ့လျား သွားလာကြကြောင်း သဘာဝပညာရှင်များ တွေ့ရှိခဲ့ကြသည်။

မျက်မှောက်ခေတ် လူ့ဘောင်မှ အစိတ်အပိုင်းတချို့သည် ဘုရားသခင့်ဉာဏ်ပညာကို လျစ်လျူရှုပစ်ပယ်ခဲ့ကြသည်။ သို့သော် သူတို့နည်းတူ လိုက်လုပ်ရန် မလိုပါ။ သင့်ကလေးသည် “နုငယ်” သေးကြောင်း—လူကြီးတာဝန်များကို မထမ်းရွက်နိုင်ကြောင်း စိတ်စွဲမှတ်ထားပါ။ ဥပမာ၊ သင်သည် ခက်ခဲသော ကိုယ်ရေးကိုယ်တာပြဿနာရှိသော ကြင်ဖော်မဲ့မိဘတစ်ဦးဖြစ်နေပြီး သင့်ကလေးကို ရင်ဖွင့်မိတော့မည့်ဆဲဆဲဖြစ်နေပါက ထိုဆန္ဒကို တွန်းလှန်ပစ်ပါ။ ယင်းအစား အခက်အခဲဖြေရှင်းရာတွင် သင့်ကို အကူအညီပေးနိုင်သည့် ရင့်ကျက်သော အရွယ်ရောက်ပြီးသူမိတ်ဆွေတစ်ဦးကို ရှာပါ—ကျမ်းစာထဲမှ ပညာရှိဆုံးမစကားများကို ကျင့်သုံးရန် သင့်အားအကူအညီပေးနိုင်သူဖြစ်မည်ဆိုလျှင် ပို၍ကောင်းသည်။—သု. ၁၇:၁၇

အလားတူပင် သင့်ကလေးဘဝကို တက်သုတ်နှင်စေခြင်း၊ ဇယားအပြည့်ထားရှိခြင်း၊ စည်းကမ်းတင်းကျပ်လွန်းခြင်းတို့ မဖြစ်ပါစေနှင့်၊ ယင်းတို့က ကလေး၏ငယ်ဘဝ ပျော်စရာအားလုံးကို ပျောက်ဆုံးသွားစေသည်။ ယနေ့လောက၏နှုန်းကို အမီလိုက်ရန် သဲသဲမဲမဲမကြိုးစားဘဲ သင့်ကလေးနှင့် သင့်လျော်သည့်စံနှုန်းကို ချမှတ်ပေးပါ။ သမ္မာကျမ်းစာထဲတွင် ပညာရှိစွာ ဤသို့ဆုံးမထားသည်– “လောက၏ ဖိညှစ်ပုံသွင်းမှုကို မခံကြနှင့်။”—ရောမ ၁၂:၂ဖိလစ်။

“ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏”

နောက်ထပ်ပညာရှိကျမ်းစာမူတစ်ခုမှာ ဤသို့ဖြစ်၏– “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ မိုးကောင်းကင်အောက်၌ ကြံစည်သမျှအသီးအသီးတို့ကို ပြုရသောအချိန်ရှိ၏။” မှန်ပါသည်၊ အလုပ်လုပ်ရမည့်အချိန်လည်း ရှိသည်။ ကလေးများတွင်—အိမ်စာ၊ အိမ်အလုပ်ဝိုင်းကူခြင်းနှင့် ဝိညာဉ်ရေးလုပ်ငန်းဆောင်တာများပါဝင်သည့် လုပ်စရာများစွာရှိသည်။ သို့သော် ထိုကျမ်းပိုဒ်၌ပင် “ရယ်ရသောအချိန်” နှင့် “ကခုန်ရသောအချိန်” လည်းရှိကြောင်း ဖော်ပြထားသည်။—ဒေ. ၃:၁၊ ၄

ကလေးများကို အတော်အတန်အပူအပင်ကင်းကင်းဖြင့် ကစားရန်၊ ရယ်မောရန်နှင့် သူတို့၏ လူငယ့်ခွန်အားကို ထုတ်သုံးခွင့်ပေးရန် အထူးလိုအပ်သည်။ သူတို့၏အချိန်ဇယားတွင် ကျောင်း၊ ကျောင်းဆင်းပြီးနောက် လုပ်စရာများ၊ အခြားအရေးတကြီးလုပ်ဆောင်ရမည့် တာဝန်များနှင့် ပြည့်နေမည်ဆိုလျှင် ကစားဖို့လိုအပ်သည့် သူတို့၏လိုအင်ဆန္ဒ ပြည့်ဝတော့မည်မဟုတ်ပါ။ ယင်းက သူတို့ စိတ်ဆိုးအောင်ဆွပေးရာရောက်နိုင်ပြီး အားလျော့စိတ်ပျက်သည်အထိ ဖြစ်စေနိုင်သည်။—ကောလောသဲ ၃:၂၁

ဤကျမ်းစာမူကိုပင် အခြားနည်းများ၌ မည်သို့သက်ဆိုင်ကြောင်း သုံးသပ်ကြည့်ပါ။ ဥပမာ၊ ခပ်သိမ်းသောအမှုအရာတို့တွင် မိမိတို့အချိန်ရှိသောကြောင့် ကလေးဘဝသည် ကလေးတစ်ဦးကဲ့သို့ နေရမည့်အချိန်ဖြစ်သည် မဟုတ်လော။ ဟုတ်သည်ဟု သင်ဖြေပေမည်၊ သို့သော် သင့်သားသမီးများက အမြဲသဘောတူချင်မှတူပေမည်။ မကြာခဏဆိုသလိုပင် ကလေးငယ်များသည် လူကြီးများ၏ လုပ်ဆောင်မှုများကို တွေ့မြင်ပြီး လိုက်လုပ်ချင်ကြသည်။ ဥပမာ၊ မိန်းကလေးငယ်တို့သည် မိမိကိုယ်ကို အပျိုကြီးစတိုင်ဖမ်းကာ ဝတ်စားဖြီးလိမ်းလိုကြပေမည်။ အပျိုဘော်ဝင်ချိန်စောခြင်းကြောင့်လည်း အပျိုကြီးဖားဖားပုံထွက်လိုစိတ် ပြင်းပြနိုင်သည်။

ပညာရှိသောမိဘများသည် ထိုစိတ်သဘောထား၏ အန္တရာယ်ကို တွေ့မြင်ကြသည်။ ယုတ်ညံ့သောဤလောကတွင် တချို့ကြော်ငြာများနှင့် ဖျော်ဖြေမှုများက ကလေးများသည် လိင်နှင့်ပတ်သက်၍ သိထားကြသူ၊ အရွယ်နှင့်မလိုက်အောင် ရင့်ကျက်သူအဖြစ် တင်ဆက်ပြသကြသည်။ မိတ်ကပ်၊ လက်ဝတ်ရတနာများနှင့် လှုံ့ဆော်မှုဖြစ်စေသော အဝတ်အစားပုံစံများကို လူငယ်လေးများ ပို၍အသုံးပြုလာကြသည်။ သို့သော် ကလေးများအား လိင်ဆိုင်ရာအမြတ်ထုတ်ရန် ကြိုးစားနေကြသည့် ဖောက်ပြန်သူများကို ပို၍သွေးဆောင်မှုဖြစ်စေရန် အဘယ်ကြောင့်လွှတ်ထားမည်နည်း။ သားသမီးများ၏ အသက်အရွယ်နှင့် သင့်လျော်သော အဝတ်အစားများဝတ်စေရန် အကူအညီပေးခြင်းအားဖြင့် မိဘများသည် နောက်ထပ်ဤကျမ်းစာမူကို လိုက်နာကြသည်– “[ကောင်းသော]သတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းရှောင်လျက်နေတတ်၏။”—သု. ၂၇:၁၂

နောက်ထပ်ဥပမာမှာ– အားကစားကို ကလေး၏အဓိကဦးစားပေးနေရာတွင် ထားခွင့်ပြုလိုက်ခြင်းသည် အသီးသီးအတွက် သတ်မှတ်ချိန် ထားပေးခြင်းမရှိသော အစွန်းရောက်ဘဝပုံစံသို့ ဦးတည်ပေးလိုက်သည့်နှယ်ဖြစ်သွားနိုင်သည်။ သမ္မာကျမ်းစာက ဤသို့ပညာရှိစွာ ဆုံးမထား၏– “ကိုယ်ကာယကိုအားဖြည့်ရန် လေ့ကျင့်ခြင်းသည် အနည်းငယ်သောအကျိုးကို ပေးတတ်၏။ ဘုရား[သခင်]ဝတ်၌မွေ့လျော်ခြင်းမူကား ယခုဘဝ၊ နောက်ဘဝနှင့်စပ်ဆိုင်သော ကတိတော်ကိုရသည်။”—၁ တိမောသေ ၄:၈သမ္မာ။

“အနိုင်ရရေးသည်သာ ပဓာန” ဟူသောသဘောထားကို သင့်ကလေး မခံယူပါစေနှင့်။ အကျိုးဆက်မည်သို့ပင်ရှိပါစေ မိဘများသည် အနိုင်ရလိုစိတ်ပြင်းပြလာအောင် ကလေးများအား ဖိအားပေးခြင်းဖြင့် အားကစားမှရသော ပျော်ရွှင်မှုအားလုံး ပျောက်သွားအောင် လုပ်ပစ်လိုက်ကြသည်။ ထို့ကြောင့် ကလေးတချို့သည် အနိုင်ရရေးအတွက် ကလိမ်ဉာဏ်ကို သုံးခြင်း၊ သို့မဟုတ် အခြားကစားဖော်များကို အနာတရဖြစ်အောင်လုပ်ခြင်းအထိပင် လုပ်လာကြသည်။ အနိုင်ရရန်အတွက် ထိုမျှထိပေးဆပ်ခြင်းသည် မထိုက်တန်ပါ!

မိမိကိုယ်ကိုချုပ်တည်းတတ်ရန် သင်ယူခြင်း

ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိကြောင်း သင်ယူရာတွင် ကလေးများအတွက် ခက်ခဲလေ့ရှိသည်။ သူတို့အလိုရှိရာကိုရရန် စိတ်ရှည်ရှည်နှင့်စောင့်ဖို့ သူတို့အတွက် မလွယ်ကူပါ။ ပို၍ဆိုးစေသည်မှာ လူ့ဘောင်အဖွဲ့အစည်း၌ အလိုဆန္ဒ ချက်ချင်းပြည့်လိုကြသည့် သဘောထားကို တွေ့ရသည်။ ဖျော်ဖြေမှုလူထုဆက်သွယ်ရေးကလည်း “သင်အလိုရှိရာကို ရယူပါ၊ အခုပင် ရယူပါ!” ဟူ၍ ဖော်ပြလေ့ရှိကြသည်။

သင့်သားသမီးများကို ဖူးဖူးမှုတ် အလိုလိုက်ကာ ထိုသြဇာလွှမ်းမိုးမှုအောက် အရောက်မခံပါနှင့်။ “လိုအင်ပြည့်စေဖို့ အချိန်ယူဖြည့်ဆည်းပေးတတ်သော အရည်အသွေးသည် စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ထက်မြက်စေရာတွင် အရေးကြီးသော အပိုင်းတစ်ခုဖြစ်သည်” ဟု ကလေးနှင့်စက်ကိရိယာစာအုပ်၌ ဆိုထားသည်။ “မိမိကိုယ်ကိုဆုံးမပဲ့ပြင်ခြင်းနှင့် လူမှုပေါင်းသင်းမှုကောင်းခြင်းတို့သည် ကျောင်းတွင်းနှင့် ကျောင်းပြင်ပတွင် ကလေးများအကြားဖြစ်ပျက်နေသည့် တိုးများလာနေသော အကြမ်းဖက်မှုများအတွက် ထိရောက်သော ဖြေရှင်းနည်းဖြစ်သည်။” သမ္မာကျမ်းစာ၌ အထောက်အကူပြုသော ဤမူပါရှိသည်– “ကျွန်ကို ငယ်ရွယ်စဉ်က ဦးစားပေး၍ ကျွေးမွေးခဲ့သောသူသည် နောက်၌ ကျွန်၏ ကျေးဇူးမခံရ။” (သု. ၂၉:၂၁သမ) ဤအခန်းငယ်က ငယ်ရွယ်သောကျွန်အား ကိုင်တွယ်ပုံအကြောင်း တိုက်ရိုက်ပြောဆိုထားသော်လည်း မိဘများစွာအတွက် ဤမူသည် မိမိတို့၏ကလေးများအတွက် များစွာအကျိုးဖြစ်စေကြောင်း တွေ့ရှိခဲ့ကြသည်။

ကလေးများ၏ လိုအပ်ရာများထဲတွင် သမ္မာကျမ်းစာခေါ်ဆိုထားသည့် “ယေဟောဝါ၏ ပဲ့ပြင်ဆုံးမမှုနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်း” ကို လေ့လာဆည်းပူးခြင်းသည် အရေးအပါဆုံးဖြစ်သည်။ (ဧဖက် ၆:၄ကဘ) မေတ္တာပါသော ဆုံးမပဲ့ပြင်မှုက ချုပ်တည်းခြင်း၊ သည်းခံခြင်းကဲ့သို့သော အရည်အသွေးများကို ပြုစုပျိုးထောင်ရန် သားသမီးများအား အထောက်အကူပြုသည်။ ယင်းအရည်အသွေးများသည် ဘဝအသက်တာတစ်လျှောက် ပျော်ရွှင်မှုနှင့် ကျေနပ်မှုကို ခံစားရစေမည်။

ကလေးဘဝ၏ အန္တရာယ်ခပ်သိမ်း ကင်းငြိမ်းသွားချိန်ဝယ်

သို့သော် ဤအရာများအကြောင်း သင်သိလိုပေမည်– ‘အထောက်အကူပြုသည့်မူများကို မှုတ်သွင်းပေးတော်မူပြီး ဉာဏ်ပညာနှင့်မေတ္တာပြည့်ဝသော ဘုရားသခင်သည် ကျွန်ုပ်တို့၏ ကမ္ဘာမြေကြီးကို ယခုအခြေအနေမျိုးဖြစ်စေရန် အမှန်ပင်ရည်ရွယ်တော်မူခဲ့သလော။ ကလေးများသည် ဆုံးမသွန်သင်ခံရရန်ထက် အန္တရာယ်တွေ့ရန် အကြောင်းပိုများသော ဤလောကထဲ ကြီးပြင်းလာရန် ကိုယ်တော် ရည်ရွယ်ခဲ့သလော။’ ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏သားတော် ယေရှုခရစ်တို့သည် အရွယ်မရွေးကလေးများအပါအဝင် လူသားများကို ချစ်ခင်စုံမက်တော်မူကြောင်း သိရှိရခြင်းက စိတ်သက်သာမှုရစေပေမည်။ ကိုယ်တော်နှင့် သားတော်သည် မကြာမီ ဆိုးသွမ်းမှုအားလုံးကို မြေကြီးပေါ်မှ ပယ်ရှားပစ်မည်။—ဆာလံ ၃၇:၁၀၊ ၁၁

ငြိမ်သက်၊ ပျော်ရွှင်ဖွယ်ကောင်းသော ထိုအခါသမယကို သင်ကြိုတင်ခံစားလိုပါသလော။ ကျမ်းစာထဲတွင် လှပစွာဖော်ပြထားသည့် ဤမြင်ကွင်းကို ပုံဖော်ကြည့်ပါလေ– “တောခွေးသည် သိုးသငယ်နှင့်အတူနေလိမ့်မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူအိပ်လိမ့်မည်။ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသောအကောင်တို့သည် အတူသွားလာကြ၍ လူသူငယ်သည် သူတို့ကိုပို့ဆောင်လိမ့်မည်။” (ဟေရှာယ ၁၁:၆) ကလေးဘဝကို ရက်စက်စွာဖျက်ဆီးပစ်သော သို့မဟုတ် မညှာမတာ အသော့နှင်စေသော ဤလောကတွင် မြေကြီးပေါ်ရှိလူသားများအတွက် တောက်ပသောအနာဂတ်ကို ဘုရားသခင် ကတိပြုထားကြောင်းသိရခြင်းက နှစ်သိမ့်မှုဖြစ်စေသည်! ကလေးဘဝ ဆုံးရှုံးခြင်း၊ အသော့နှင်ရခြင်းတို့မရှိဘဲ—ကျေနပ်နှစ်သက်ဖွယ်ကောင်းပြီး ကြည်နူးဖွယ်ဖြစ်ရန် ဖန်ဆင်းရှင် အမှန်ပင် ရည်ရွယ်ထားတော်မူသည်။

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

သင့်ကလေးကို သင့်ကိုယ်ရေးကိုယ်တာ အခက်အခဲများနှင့် ဝန်ပိစေမည့်အစား တခြားလူကြီးတစ်ဦးထံ ရင်ဖွင့်ပါ

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ကလေးများ ကစားချိန်လိုအပ်