မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကလေးဘဝ ပျောက်ဆုံးသွား သောအခါ

ကလေးဘဝ ပျောက်ဆုံးသွား သောအခါ

ကလေးဘဝ ပျောက်ဆုံးသွား သောအခါ

“ကလေးဘဝသည် ကလေးများ၏ အခြေခံအကျဆုံးသော လူ့အခွင့်အရေးဖြစ်သည်။”—“တဒင်္ဂ ကလေးဘဝ။”

ကလေးအားလုံးသည် အပူအပင်အတော်အတန်ကင်းပြီး အပြစ်ကင်းစင်သည့်ကလေးဘဝကို ပျော်မွေ့ခံစားသင့်သည်ဟု သင်သဘောတူပေမည်။ သို့သော် လူငယ်များစွာခမျာ ယင်းသို့သော ကလေးဘဝမျိုး မခံစားရကြခြင်းမှာ ဝမ်းနည်းဖွယ်ကောင်းလှပေသည်။ ကလေးများ စစ်ဘေးဒဏ်ခံရကြသောအခါ သိန်းနှင့်ချီသော၊ သန်းနှင့်ချီ၍ပင်ဖြစ်နိုင်သော ကလေးများ၏ မျှော်လင့်ချက်အိပ်မက်များ ပျောက်လွင့်ပျက်စီးသွားရလေသည်။ ကျွန်သပေါက်သဖွယ်အလုပ်လုပ်ရ သို့မဟုတ် နှိပ်စက်ညှဉ်းဆဲခံရကြ၍ ဘဝပျက်နေသော ကလေးများကိုလည်း မြင်ယောင်ကြည့်ပါ။

အိမ်တွင်နေရသည်ထက် လမ်းပေါ်က ပိုလုံခြုံမှုရှိသည်ဟူသော ခံစားချက်ကြောင့် လမ်းဘေးရောက်သွားရသည့် ကလေးတစ်ဦး ခံစားနေရပုံကို ကျွန်ုပ်တို့အများစု ဝေမျှခံစားကြည့်နိုင်ဖို့ ခက်လှပေသည်။ ထိုသို့သောကလေးများသည် ကလေးများရသင့်သည့် မေတ္တာနှင့်ကာကွယ်မှု လိုနေခိုက်တွင်ပင် မိမိတို့အား အမြတ်ထုတ်ရန် ကြိုးစားကြသည့် ရန်လိုအနိုင်ကျင့်သူများ၏ရန်မှ မိမိတို့ကိုယ်ကိုကာကွယ်ဖို့ လည်လည်ဝယ်ဝယ်ရှိရန်လည်း သင်ယူနေကြရသည်။ ဆင်းရဲခက်ခဲသည့် ကျွန်ုပ်တို့ခေတ်အခြေအနေများကြောင့် ကလေးဘဝသည် မကြာခဏဆိုသလိုပင် ဆုံးရှုံးပျက်ပြားသွားရသည်။

“ကလေးဘဝကို တစ်ခါပြန်ပြီးရချင်တယ်”

အသက် ၂၂ နှစ်အရွယ် ကာမန်သည် ကလေးဘဝနှစ်များတစ်လျှောက် ရုန်းကန်ခဲ့ရရှာသည်။ * သူနှင့်အစ်မဖြစ်သူတို့သည် ဖခင်၏ နှိပ်စက်ညှဉ်းဆဲမှု၊ မိခင်၏ လျစ်လျူရှုပစ်ပယ်မှုတို့ကြောင့် လမ်းပေါ်ရောက်ခဲ့ရသည်။ ထိုသို့နေထိုင်ခြင်းသည် အန္တရာယ်များသော်လည်း ဤမိန်းကလေးနှစ်ဦးမူ အခြားအိမ်ပြေးကလေးများစွာ ကျော့မိနစ်မြှုပ်သွားသည့် အန္တရာယ်ချောက်တချို့ကို ရှောင်ကွင်းနိုင်ရန် ကိုယ့်ကိုယ်ကို ထိန်းကျောင်းနိုင်ခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ ကာမန်သည် သူပြန်၍မရနိုင်သည့်ကလေးဘဝကို ယူကျုံးမရတသသဖြစ်ခဲ့ရသည်။ “ကျွန်မအတွက် နို့စို့အရွယ်ကနေ အသက် ၂၂ နှစ်ပြည့်တဲ့အထိ ကလေးဘဝဆိုတာကို မခံစားခဲ့ရဘူး” ဟုသူဝမ်းနည်းစွာညည်းတွားသည်။ “အခု ကျွန်မ အိမ်ထောင်ကျပြီး သားလေးတစ်ယောက်တောင် ရနေပေမဲ့ အရုပ်ကလေးတွေနဲ့ ဆော့ကစားရတဲ့ ကလေးဘဝကို တောင့်တနေဆဲပါ။ မိဘတွေရဲ့ မေတ္တာနဲ့ ပွေ့ဖက်မှုကို ကျွန်မရချင်တယ်။ ကလေးဘဝကို တစ်ခါပြန်ပြီးရချင်တယ်။”

ကာမန်နှင့် သူ၏အစ်မကဲ့သို့ ခံစားနေရရှာသော ကလေးများစွာရှိသည်။ သူတို့ခမျာ လမ်းပေါ်မှာ နေရ၍ အခြေခံအားဖြင့် သူတို့၏ ကလေးဘဝ ဆုံးရှုံးကြရရှာသည်။ အများစုသည် ဆက်ရှင်သန်ရေးအတွက် ရာဇဝတ်မှု ကျူးလွန်ကြသည်။ သတင်းမှတ်တမ်းများနှင့် စာရင်းဇယားများက ကလေးများသည် လန့်ဖျပ်ဖွယ် အသက်ငယ်ငယ်ဖြင့် ရာဇဝတ်မှုတွင် ပါဝင်နေကြကြောင်း ဖော်ပြသည်။ ထိုထက်ပိုဆိုးသည်မှာ– မိန်းကလေးများစွာသည် ဆယ်ကျော်သက်အရွယ်—ကလေးအရွယ်သာ ရှိသေးချိန်—တွင် မိခင်ဘဝ ရောက်သွားကြသည်။

ဖုံးကွယ်နေသော လူ့ဘောင်အကျပ်အတည်း

သူတစ်ပါးကျွေးမွေးထားရသော ကလေးများ အရေအတွက် တိုးများလာခြင်းသည် အံ့ဩစရာမဟုတ်ပါ။ ဝိခ်အဲန်းသြစတြေးလျန်းသတင်းစာ အယ်ဒီတာတစ်ဦးက ဤသို့ဖော်ပြခဲ့သည်– “ကလေးများကို ကျွေးမွေးထားရသည့် အကျပ်အတည်းသည် မသိမသာပေါ်လာပြီ။ ပြိုကွဲသောအိမ်ထောင်များမှ ကလေးများစွာသည် ယင်းအကျပ်အတည်းထဲ ကျရောက်သွားကြရရှာသည်။” သတင်းစာတွင် ဤသို့လည်း ဖော်ပြထား၏– “ကျွေးမွေးခံထားရသော ကလေးများသည် သူတို့ကို ကြီးကြပ်ရန်တာဝန်ရရှိသူနှင့် လနှင့်ချီ၊ နှစ်နှင့်ချီ၍ပင် မည်သည့်အဆက်အသွယ်မျှ မရရှိကြပါ၊ အခြားကလေးများမူ အတည်တကျအိမ်ဟူ၍မရှိဘဲ ကျွေးမွေးထားပေးသူ တစ်ယောက်ပြီး တစ်ယောက်ထံ ပြောင်း၍နေရကြရှာသည်။”

သုံးနှစ်တာကာလအတွင်းကျွေးမွေးထားပေးသည့် အိမ်၉၇ အိမ်သို့ ပြောင်းရွှေ့ခဲ့ရကာ တချို့အိမ်များတွင်တစ်ညသာနေခဲ့ရသည့် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးအကြောင်းကို သတင်းတစ်ခု၌ ဖော်ပြထားသည်။ ယခု သူသည် သူ၏စိတ်ကို ထိခိုက်နာကျင်စေခဲ့သည့် ငြင်းပယ်ခံရမှုနှင့် လုံခြုံမှုမရှိဟူသည့် ခံစားချက်ကို အလူးအလဲ ခံစားရသည်။ ဤမိန်းကလေးကဲ့သို့သော သူတစ်ပါးက ကျွေးမွေးနေရသည့် ကလေးများစွာမှာ ကလေးဘဝ ဆုံးရှုံးခဲ့ရသည်။

သို့ဖြစ်၍ယနေ့ကျွမ်းကျင်သူများက ကလေးဘဝဆုံးရှုံးမှု တိုးများလာနေသော အဖြစ်ဆိုးများအကြောင်း ပြောဆိုလာကြခြင်းသည် အဆန်းမဟုတ်ချေ။ သင်သည် မိဘတစ်ဦးဖြစ်နေပြီဆိုလျှင် ထိုစိတ်မချမ်းမြေ့ဖွယ်ရာများကိုမြင်ပြီး မိမိမူ ကိုယ့်သားသမီးအတွက် စားဝတ်နေရေး စီမံပေးနိုင်သူဖြစ်တာ တော်သေးသည်ဟု ခံစားမိပေမည်။ သို့သော် နောက်ထပ် အန္တရာယ်ရှိသေးသည်။ ယနေ့ လောကတွင် ကလေးဘဝကို လုံးလုံးမခံစားလိုက်သည်တော့ မဟုတ်ပါ။ တစ်ခါတစ်ရံ ကလေးဘဝကို တက်သုတ်နှင်ရခြင်းသာဖြစ်သည်။ မည်သို့တက်သုတ်နှင်ရကြသနည်း၊ ထိုသို့ဖြစ်လျှင် အဘယ်အကျိုးသက်ရောက်မှု ရှိသနည်း။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 အမည်ပြောင်းထားသည်။