မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကလေးဘဝ အသော့နှင်ရချိန်ဝယ်

ကလေးဘဝ အသော့နှင်ရချိန်ဝယ်

ကလေးဘဝ အသော့နှင်ရချိန်ဝယ်

စက်တစ်လုံးတပ် လေယာဉ်ငယ်လေးသည် စက်ရှိန်မြှင့်သံ တဖြည်းဖြည်းကျယ်လာပြီး ပြေးလမ်းပေါ်မှ မဲမှောင်နေသော ကောင်းကင်ယံသို့ ပျံတက်သွားသည်။ ယင်းအကြောင်းသည် သတင်းဝေဝေဆာဆာ၊ ဓာတ်ပုံများနှင့် သတင်းထောက်များ၏ မေးမြန်းခန်းများ၊ ချီးမွမ်းစကားများဖြင့်ဖော်ပြခဲ့သော သတင်းတစ်ခုဖြစ်ခဲ့သည်။ ယင်းသို့ ဆွဲဆောင်မှုဖြစ်ခဲ့သူမှာ မည်သူနည်း။ လိုင်စင်ရလေယာဉ်မှူးကြောင့် မဟုတ်ပါ၊ တစ်ဦးတည်းသော ခရီးသည်—လူကြီးတစ်ဦး—ကြောင့်လည်းမဟုတ်ပါ၊ ထိုခရီးသည်၏ သမီးကြောင့်ဖြစ်သည်။ သူသည် ခုနစ်နှစ်အရွယ်ဖြစ်သည်။

ထိုမိန်းမငယ်လေးသည် လေယာဉ်မောင်းခဲ့သည်။ စံချိန်တစ်မျိုးမျိုးကို ချိုးရန်ဖြစ်သည်။ စာနယ်ဇင်းသမားများသည် လေယာဉ်ဆင်းမည့်နေရာတွင် စောင့်နေခဲ့ကြသည်။ ရာသီဥတုမကောင်းသည့်ကြားမှ ထိုသုံးဦးသည် လေယာဉ်ပျံတက်ခဲ့ကြသည်၊ မိန်းမငယ်လေးသည် ကိရိယာစက်ခလုတ်ခုံကို အပေါ်စီးမှမြင်နိုင်ရန် ကူရှင်ပေါ်တွင် ထိုင်နေပြီး အောက်ကြမ်းပြင်ခြေနင်းပြားကို ခြေထောက်မီနိုင်ရန် ခြေနင်းပြားသို့ဆက်ထားရာများကို အသုံးပြုသည်။

ပျံသန်းချိန်မှာ အလွန်တိုတောင်းခဲ့သည်။ ရုတ်တရက်တိုက်ခတ်သော မုန်တိုင်းကြောင့် လေယာဉ်သည် ဦးတည်ရာ ရုတ်တရက်ပြောင်းသွားပြီး စက်မထိန်းနိုင်တော့ဘဲ ပျက်ကျသွားရာ သုံးဦးစလုံး သေဆုံးခဲ့သည်။ စာနယ်ဇင်းများတွင် ချီးမွမ်းစကားအစား အကြီးအကျယ်ဝမ်းနည်းမှုအကြောင်းကို ချက်ချင်းပင် ဖော်ပြခဲ့ကြရသည်။ သတင်းထောက်တချို့နှင့် အယ်ဒီတာတချို့က ဤဝမ်းနည်းဖွယ်ဖြစ်ရပ်တွင် စာနယ်ဇင်းတို့သည် တစ်စိတ်တစ်ပိုင်းတာဝန်ရှိသူများဖြစ်မဖြစ်ကို သိလိုခဲ့ကြသည်။ လူများစွာက မည်သည့်ကလေးမျှ လေယာဉ်မမောင်းသင့်ဟု စ၍အခိုင်အမာပြောလာခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုတွင် ယင်းကိစ္စနှင့်ပတ်သက်၍ ဥပဒေများ ထုတ်ပြန်ခဲ့သည်။ သို့သော် သတင်းကြီးအောင်ဖန်တီးမှုနှင့် သမားရိုးကျဖြေရှင်းမှုတို့၏နောက်ကွယ်တွင် ပို၍နက်ရှိုင်းသည့်အကြောင်းတရားများက ငုပ်လျှိုးနေသည်။

ဝမ်းနည်းဖွယ်ထိုဖြစ်ရပ်ကြောင့် ကျွန်ုပ်တို့၏ ခေတ်ကာလရေစီးကြောင်းနှင့်ပတ်သက်၍ တချို့သူများကို အလေးအနက် တွေးတောစေခဲ့သည်။ ယနေ့ ကလေးများသည် ကလေးဘဝကို အသော့နှင်နေကြပြီး ငယ်ငယ်ရွယ်ရွယ်နှင့် လူကြီးတာဝန်များကို အလျင်စလိုဝင်ယူနေကြသည်။ အကျိုးဆက်မှာ အကောင်းချည်းလည်းအမြဲမဟုတ်၊ အဆိုးချည်းလည်းမဟုတ်ပေ။ သို့သော် ရေရှည် အကြီးအကျယ်ခံစားသွားရနိုင်သည်။ ကလေးဘဝ အကုန်မြန်သွားစေနိုင်သည့် အခြေအနေအချို့ကို သုံးသပ်ကြည့်ကြစို့။

အပြေးအလွှား ပညာသင်ယူစေ

မိမိတို့၏ သားသမီးများ ထွန်းပေါက်အောင်မြင်သည်ကို တွေ့မြင်လိုစိတ် ပြင်းပြကြခြင်းမှာ မိဘတို့၏ဓမ္မတာပင်။ သို့သော် ထိုသို့သော စိတ်ပြင်းပြမှုသည် စိုးရိမ်ပူပန်မှုအဖြစ် ပြောင်းသွားသောအခါ မိဘတို့သည် မိမိတို့၏ကလေးများကို မနိုင်ဝန်ထမ်းစေပြီး ငယ်ငယ်ရွယ်ရွယ်နှင့် အပြင်းအထန်ကြိုးစားဖို့ ဖိအားပေးကြပေမည်။ ဤဖိအားပေး အစီအစဉ်သည် ရိုးရိုးလေးဖြင့်စလေ့ရှိသည်။ ဥပမာ၊ မိမိတို့၏ ငယ်ရွယ်သောကလေးများကို ကျောင်းချိန်ပြင်ပတွင် အားကစားမှအစ တေးဂီတ သို့မဟုတ် ဘဲလေးအကအထိ သင်တန်းများတွင် စာရင်းသွင်းသည့် မိဘဦးရေ တိုးများသည်ထက် တိုးများလာခြင်းမှာ သာမန်အရာဖြစ်လာသည်။ အများအားဖြင့် အထူးကျူရှင်များလည်းထားပေးကြသည်။

ကလေး၏ ဉာဏ်ရည် သို့မဟုတ် စိတ်ဝင်စားမှုများကို တိုးပွားအောင် ပံ့ပိုးပေးခြင်းသည် မမှားပါ။ သို့သော် လွန်ကဲသွားမည့်အန္တရာယ်ရှိနေသလော။လူကြီးတို့နှင့်တန်းတူနီးပါး အပြေးအလွှားလုပ်ရန် ဖိအားပေးခံနေရသည်ဟု ကလေးတို့ထင်မြင်သွားသည့်အခါမျိုးတွင် အန္တရာယ်ရှိလာလေသည်။ တိုင်းမ်မဂ္ဂဇင်းက ဤသို့ဖော်ပြ၏– “ကလေးများသည် ဟိုတစ်ချိန်က ကလေးဘဝကို မွေ့ပျော်ခံစားနေခဲ့ရသော်လည်း ယခုအခါ ကျောင်းသင်ခန်းစာများနှင့် လုံးပန်းနေရသည်; ကလေးတို့သည် မိမိတို့၏အင်အားနှင့်အညီ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနေသင့်သော်လည်း ယခုအခါ ရည်မှန်းချက်ကြီးထားကာ လုပ်သားပျားများကဲ့သို့ မနားမနေပြေးလွှားလုပ်ဆောင်နေကြရသည်။”

မိဘအချို့သည် မိမိတို့၏ ငယ်ရွယ်သောကလေးများအား အားကစား၊ တေးဂီတ သို့မဟုတ် သရုပ်ဆောင်လောကတွင် အရွယ်နှင့်မလိုက် ထူးချွန်ရှင်ကလေးများဖြစ်လာရန် မျှော်လင့်ကြသည်။ မိဘများသည် ရင်သွေးမမွေးမီကပင် မူကြိုတွင် ကြိုတင်စာရင်းသွင်းထားကာ ရင်သွေးတို့၏ အောင်မြင်မှုအလားအလာ တိုးတက်ရန်မျှော်လင့်ထားကြသည်။ ထိုမျှမကပါ၊ အချို့မိဘများသည် သန္ဓေသားများအတွက် ဂီတပညာ လက်ကမ်းပေးသည့် “ကိုယ်ဝန်ဆောင်များ တက္ကသိုလ်” တွင် တက်ရောက်ကြသည်။ ရည်ရွယ်ချက်မှာ ကလေးဦးနှောက်ဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေးရန်ဖြစ်သည်။

အချို့နိုင်ငံများတွင် ကလေးများသည် အသက်ခြောက်နှစ်မပြည့်မီ စာဖတ်စွမ်းရည်နှင့် တွက်ချက်မှုစွမ်းရည်အရ အဆင့်ခွဲခံရကြသည်။ ထိုသို့ပြုခြင်းသည် စိတ်ပိုင်းဆိုင်ရာထိခိုက်သွားနိုင်သည့် စိုးရိမ်မကင်းစရာများ ဖြစ်ပေါ်လာသည်။ ဥပမာ၊ သူငယ်တန်းတက်ရန် “ဉာဏ်ရည်မမီ” ဟုသတ်မှတ်ခံရသောကလေးတစ်ဦး မည်သို့ခံစားသွားရမည်နည်း။ တဒင်္ဂ ကလေးဘဝစာအုပ်၏ စာရေးဆရာ ဒေးဗစ် အယ်လ်ကိုင်က ကျောင်းများသည် ကလေးများအား အလျင်စလိုနှင့် မြန်ဆန်စွာ အဆင့် ခွဲလိုက်ကြသည်ဟု ဖော်ပြထားသည်။ ယင်းသို့ပြုလုပ်ကြခြင်းသည် ကလေးငယ်များကို ထိရောက်သောသင်ကြားပေးမှုပိုင်းအတွက်မဟုတ်ဘဲ စီမံအုပ်ချုပ်မှုပိုင်းအတွက်ဖြစ်သည်ဟု အယ်လ်ကိုင်က ဆိုသည်။

ကလေးများအား အချိန်မတန်မီ အရည်အချင်းရှိလူကြီးလေးဖြစ်လာရန် ဖိအားပေးခြင်းကြောင့် ဆုံးရှုံးရမှုတစ်ခုခု ရှိသလော။ ကလေးများအား လူကြီးဝန်ထမ်းနိုင်သည့် အရည်အချင်းရှိလာအောင်ဖန်တီးမည့် လူ့ဘောင်အဖွဲ့အစည်း၏ အယူအဆကြောင့် အယ်လ်ကိုင် စိတ်အနှောင့်အယှက်ဖြစ်ရလေသည်။ သူဤသို့ဆို၏– “ယနေ့ခေတ် လူငယ်များတွင် ညှာတာမှုကင်းမဲ့သောဖိစီးမှုများ တိုးများလာခြင်းကို ‘သာမန်’ ပါဟု လက်ခံလာသည့် ကျွန်ုပ်တို့၏ ခေတ်ရေစီးကြောင်းကို အထက်ပါအယူအဆက ထင်ဟပ်ပြနေသည်။” အမှန်မှာ၊ ကလေးများအတွက် အဘယ်အရာသည် သာမန်အရာဖြစ်သည်ဟူသော အယူအဆများသည် အလျင်အမြန် ပြောင်းလဲနေပုံရသည်။

အနိုင်ရရန်ဒုန်းစိုင်း

အနိုင်ရခြင်းသည်သာ ပဓာနဟု မိမိတို့၏ကလေးများအား သင်ပေးခြင်းသည် သာမန်အရာဖြစ်သည်၊ သင့်လျော်သည်ဟုပင် မိဘများစွာ ယူဆပုံရသည်—အထူးသဖြင့် အားကစားတွင်ဖြစ်သည်။ အိုလံပစ် ဆုတံဆိပ်များသည် ယနေ့ ကလေးငယ်များစွာအား လှုံ့ဆော်မှုဖြစ်စေသော အရာတစ်ခုဖြစ်သည်။ ကလေးအချို့သည် အခိုက်အတန့်အောင်မြင်မှု ဂုဏ်ဒြပ်များခံစားသွားနိုင်ရန်နှင့် လူကြီးဘဝတွင် ကျေကျေနပ်နပ်နှင့်ရှင်သန်သွားနိုင်ရန် မိမိတို့၏ ကလေးဘဝကို တက်သုတ်နှင်ကြသည် သို့မဟုတ် ကလေးဘဝကို စွန့်လွှတ်လိုက်ကြသူများပင် ရှိသည်။

ကျွမ်းဘားမယ်များကို သုံးသပ်ကြည့်ပါ။ သူတို့သည် ကလေးဘဝမှစ၍ စည်းမျဉ်းတင်းကျပ်သော လေ့ကျင့်မှုများပြုလုပ်ခဲ့ရပြီး ယင်းက သူတို့၏ သေးငယ်သောခန္ဓာနှင့်မမျှသည့် ကြီးမားသောစိတ်ဖိစီးမှုကိုဖြစ်စေသည်။ သူတို့သည် အိုလံပစ်ပြိုင်ပွဲများအတွက် စိတ်ပိုင်းနှင့် ကာယပိုင်း ပြင်ဆင်လေ့ကျင့်မှုများကို နှစ်နှင့်ချီလုပ်ခဲ့ရသည်။ လူနည်းစုသာ အနိုင်ရလေသည်။ ရှုံးနိမ့်သူများအဖို့ နောက်ဆုံးရလဒ်များသည် သူတို့၏ ကလေးဘဝအများစုကို စွန့်လွှတ်ရကျိုးနပ်သည်ဟု ခံစားကြရသလော။ ရေရှည်တွင် အနိုင်ရသူများပင်လျှင် ထိုသို့ခံစားရချင်မှ ခံစားကြပေမည်။

စိတ်ပိုင်းဆိုင်ရာအရ ထိုမိန်းမငယ်လေးများသည် နာမည်ကျော် အားကစားသမားဖြစ်လိုစိတ်၏ မလျှော့စတမ်းစေစားမှုကြောင့် မိမိတို့၏ကလေးဘဝကို အသော့နှင်ကြရနိုင်မည်။ သို့သော် ကာယပိုင်းအရ ထိုကဲ့သို့သော တင်းကျပ်လွန်းသည့် လေ့ကျင့်မှုများကြောင့် သူတို့၏ကိုယ်ခန္ဓာဖွံ့ဖြိုးကြီးထွားမှု နှေးကွေးသွားနိုင်သည်။ အချို့မိန်းကလေးများတွင် အရိုးကြီးထွားမှုကို အဟန့်အတားဖြစ်စေသည်။ အစားအသောက် မူမမှန်မှုများလည်း ဖြစ်လေ့ရှိသည်။ အများအားဖြင့် အပျိုဘော်ဝင်ချိန်သည် နှစ်နှင့်ချီ၍ နောက်ကျတတ်သည်။ သို့ရာတွင် ယနေ့ မိန်းကလေးအများစုသည် ပြောင်းပြန်ပြဿနာ—အပျိုဘော်ဝင်ချိန်စောမှုကို ရင်ဆိုင်ကြုံတွေ့ရသည်။—အထက်ပါ လေးထောင့်ကွက်ကိုရှု။

ကလေးဘဝ မခံစားရရှာသည့် အစစအရာရာပြည့်စုံသောကလေးများ

ဖျော်ဖြေမှုလူထုဆက်သွယ်ရေးတို့ကို သင်ယုံကြည်မည်ဆိုလျှင် အပြည့်စုံဆုံးကလေးဘဝပိုင်ဆိုင်ခြင်းဟူသည် ဇိမ်ခံပစ္စည်းအားလုံးကို စိတ်ကြိုက်ခံစားနိုင်ခြင်းဖြစ်သည်ဟု သင်ယူမှတ်ထားနိုင်သည်။ အချို့မိဘများသည် လိုတရအိမ်ဖြစ်ရန်၊ မရေမတွက်နိုင်သော အပန်းဖြေစရာများနှင့် တန်ဖိုးကြီးအဝတ်အစားများအပါအဝင် မိမိတို့ကလေးအား ရုပ်ပစ္စည်းအားလုံး လိုလေသေးမရှိထောက်ပံ့ပေးရန် အလုပ်ကုန်းရုန်းလုပ်ကြသည်။

သို့တိုင် ထိုသို့ပြုစုခံလာရသည့် ကလေးများထဲတွင် သောက်ကြူး၊ မူးယစ်ဆေးစွဲ၊ စိတ်ညှိုးငယ်သုန်မှုန်ကာ ပုန်ကန်တတ်သော အမူအကျင့်များ ရှိလာသူမနည်းလှပေ။ အဘယ်ကြောင့်နည်း။ အများစုက မိမိတို့ကိုလျစ်လျူရှုထားကြသည်ဟု ခံစားရသောကြောင့် အလွန့်အလွန် မကျေမချမ်းစိတ်များ ဖြစ်ကြသည်။ ကလေးများသည် သူတို့ကို ချစ်မြတ်နိုးပြီး ဂရုစိုက်ပေးသည့်မိဘ လိုအပ်သည်။ အလွန်အလုပ်များသော မိဘများအနေဖြင့် မိမိတို့အလုပ်လုပ်နေခြင်းမှာ သားသမီးတို့နောင်ရေး စိတ်အေးချမ်းသာယာစွာနေရဖို့အတွက်ဖြစ်သည်ဟု ယူဆကြပေမည်—သို့သော် သူတို့သည် ယင်း၏ဆန့်ကျင်ဘက်ကို ပြုလုပ်နေခြင်းဖြစ်သွားနိုင်သည်။

ဒေါက်တာ ဂျူဒစ်သ် ပက်ဖက်ဇီက “လူမှု-စီးပွားရေးကောင်းသောအုပ်စုများမှ မိခင်ရော ဖခင်ပါအလုပ်လုပ်သည့် မိဘများ” အကြောင်း ဖော်ပြပြီး သူတို့သည် အများအားဖြင့် “သူတို့သားသမီးများကို အလိုလိုက်ကြသည်၊ အကြောင်းမှာ ရုပ်ပစ္စည်းကြိုးစားရှာဖွေခြင်းသည် မိသားစုကို ထိခိုက်ကြောင်း ဝိုးတိုးဝါးတား အသိတရားရလာ၍ဖြစ်သည်။” သူ၏ရှုထောင့်မှကြည့်လျှင် ထိုအခြေအနေမျိုးရှိ မိဘများသည် “ငွေပေးပြီး မိဘအဖြစ်မှလွတ်မြောက်မှုကို ရှာကြံနေကြခြင်းဖြစ်သည်။”

ကလေးများသည် တန်ဖိုးကြီးကြီးပေးဆက်ရလေ့ရှိသည်။ သူတို့တွင် ဇိမ်ခံရုပ်ပစ္စည်းများစွာ ပိုင်ဆိုင်ထားသော်လည်း ပျော်ရွှင်ဖွယ်ကလေးဘဝအတွက် မရှိမဖြစ် အရေးအကြီးဆုံးအရာဖြစ်သော မိဘ၏အချိန်ပေးမှုနှင့် မေတ္တာကို ဆုံးရှုံးကြသည်။ လမ်းညွှန်မှု၊ ဆုံးမပဲ့ပြင်မှုနှင့် ညွှန်ကြားမှုတို့မရရှိဘဲ တကယ့်လူကြီးမေးခွန်းများကို လုံးဝဆိုရမလောက် ပြင်ဆင်မှုမရှိပဲ ရင်ဆိုင်ကြရသည်။ ‘မူးယစ်ဆေးသုံးသင့်သလား။ သံဝါသပြုသင့်သလား။ ဒေါသထွက်တဲ့အခါ အကြမ်းဖက်သင့်သလား’ စသည့် မေးခွန်းများဖြစ်သည်။ အဖြေကို ရွယ်တူချင်းများ၊ ရုပ်မြင်သံကြား သို့မဟုတ် ရုပ်ရှင်သရုပ်ဆောင်များထံမှ ရယူကာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှာဖွေကြရနိုင်သည်။ ရလဒ်အနေနှင့် ကလေးဘဝမှာ ရုတ်ခြည်း၊ အဖြစ်ဆိုးနှင့်ပင် ကုန်ဆုံးသွားရလေသည်။

“လူကြီး” နောက်တစ်ယောက်ဖြစ်ကြရခြင်း

သေဆုံးခြင်းကြောင့်၊ ခွဲနေခြင်း သို့မဟုတ် ကွာရှင်းလိုက်ခြင်းတို့ကြောင့် မိစုံဖစုံမိသားစုသည် ရုတ်တရက် ကြင်ဖော်မဲ့မိသားစုဖြစ်သွားသောအခါ ကလေးများမှာ အများအားဖြင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ကြလေသည်။ ကြင်ဖော်မဲ့မိသားစုများစွာသည် ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်ကြသည်မှာ မှန်ပါသည်။ သို့သော် တချို့မိသားစုတွင် ကလေးများသည် ကလေးဘဝကို အသော့နှင်ကြရလေသည်။

ကြင်ဖော်မဲ့မိဘတစ်ဦးသည် ရံဖန်ရံခါ အထီးကျန်စိတ်ခံစားရမည်ကို နားလည်နိုင်ပေသည်။ သို့သော် ယင်းသို့ခံစားရသူအချို့သည် ကလေးတစ်ဦး—အများအားဖြင့် အကြီးဆုံးကလေး—ကို မိသားစုတွင် “လူကြီး” နောက်တစ်ယောက်အဖြစ် တာဝန်ယူစေကြသည်။ ဖြစ်နိုင်သည်မှာ မိဘဖြစ်သူသည် ကြံရာမရသည့်အဆုံး နုနယ်သော မိမိ၏သား သို့မဟုတ် သမီးငယ်ကို အခက်အခဲများဖြေရှင်းရန်တာဝန် လွှဲပေးထားပေမည်။ စိတ်ပိုင်းအရ ကြင်ဖော်မဲ့မိဘတချို့သည် ကလေးအပေါ် အလွန်အမင်းမှီခိုလာကြသည်။

အချို့မိဘများသည် မိမိတို့၏တာဝန်ကို လုံးဝမယူတော့ဘဲ သားသမီးတစ်ဦးကို မိသားစု၏ လူကြီးတာဝန် အတင်းအကျပ် ယူစေကြသည်။ အစပိုင်းတွင် ဖော်ပြခဲ့သော ကာမန်နှင့် သူ၏အစ်မသည် ထိုအခြေအနေမှရုန်းထွက်ကာ လမ်းပေါ်ရောက်သွားလေသည်။ မိမိတို့ကိုယ်တိုင် ကလေးများဖြစ်နေလျက်ပင် ညီ၊ ညီမငယ်လေးများအတွက် မိဘနေရာ ဝင်ယူခဲ့ကြရသည်။ ဤဝန်ကို သူတို့မနိုင်မနင်း ထမ်းကြရရှာသည်။

ကလေးများ ကလေးဘဝကို အသော့နှင်ခြင်းသည် ဖြစ်နိုင်မည်ဆိုလျှင် ရှောင်သင့်သည့် အန္တရာယ်ရှိသော လုပ်ရပ်တစ်ခု အမှန်ပင်ဖြစ်သည်။ သို့သော် သတင်းကောင်းရှိပါသည်– လူကြီးများသည် မိမိတို့၏သားသမီးများအား ပျော်ရွှင်ဖွယ်ကလေးဘဝနှစ်များကို ကြည်နူးမှုခံစားနိုင်စေရန် အပြုသဘောပါခြေလှမ်းများ လုပ်ဆောင်နိုင်ပါသည်။ အဘယ်ခြေလှမ်းများနည်း။ ရေရှည်အကျိုးဖြစ်စေသော နည်းလမ်းတချို့ကို ဆန်းစစ်ကြည့်ကြစို့။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

အပျိုဘော်ဝင်ချိန် စောခြင်း၏ အခက်အခဲများ

ယနေ့ခေတ် မိန်းကလေးများသည် ငယ်ငယ်ရွယ်ရွယ်နှင့် အပျိုဘော်ဝင်ကြသလော။ သိပ္ပံပညာရှင်များအလယ်တွင် အဖြေမှာ အငြင်းပွားဖွယ်ဖြစ်နေသည်။ အချို့သူများက ၁၉ ရာစုအလယ်ပိုင်းတွင် မိန်းကလေးများ အပျိုဘော်ဝင်ချိန်သည် ပျမ်းမျှအားဖြင့် ၁၇ နှစ်ဖြစ်ပြီး ယနေ့အချိန်တွင် ၁၃ နှစ်အောက်ဖြစ်သည်ဟု ဆိုကြသည်။ ၁၉၉၇ ခုနှစ်၌ မိန်းကလေး ၁၇,၀၀၀ ကိုလေ့လာရာတွင် အမေရိကန်ပြည်ထောင်စုရှိ လူဖြူမိန်းကလေး ၁၅ ရာခိုင်နှုန်းခန့်နှင့် လူမဲမိန်းကလေး ၅၀ ရာခိုင်နှုန်းခန့်သည် ရှစ်နှစ်အရွယ်တွင် အပျိုဘော်ဝင်မှု အစောပိုင်းလက္ခဏာများကို တွေ့ရှိရသည်! သို့ရာတွင် ဆရာဝန်တချို့က ထိုရှာဖွေတွေ့ရှိချက်ကို အငြင်းပွားကြပြီး ဤစောလွန်းသောဖြစ်ပေါ်မှုကို “သာမန်” အဖြစ် လက်မခံရန် မိဘများအား သတိပေးကြသည်။

မည်သို့ပင်ဖြစ်စေ ဤအခြေအနေသည် မိဘရော၊ ကလေးအတွက်ပါ စိန်ခေါ်ချက်တစ်ခုဖြစ်သည်။ တိုင်းမ်မဂ္ဂဇင်းတွင် ဤသို့ဖော်ပြထား၏– “ခန္ဓာကိုယ်အပြောင်းအလဲများထက်ပင် သာ၍အခက်ကြုံရသည့်အရာမှာ သွေးဆောင်လာသူများရန်မှ ကာကွယ်နည်းကိုမဟုတ်ဘဲ ကလေးပုံပြင်များ ဖတ်နေသင့်သည့်အရွယ် ကလေးငယ်များတွင် ပေါ်ချိန်မတန်ဘဲ လင်စိတ်သားစိတ်ဖြစ်ပေါ်စေသည့် စိတ်ပိုင်းဆိုင်ရာ အကျိုးဆက် ဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။ ... မည်သို့ပင်ဖြစ်စေ ကလေးဘဝသည် တိုတောင်းပါသည်။” ဆောင်းပါး၌ အဖြေရခက်သော ဤမေးခွန်းကို မေးထားသည်– “မိန်းမငယ်လေးများ၏ စိတ်နှလုံးသည် လူကြီးကဲ့သို့အသင့်မဖြစ်သေးမီ ကိုယ်ခန္ဓာက လူကြီးဘဝသို့ တွန်းပို့နေလျှင် အဘယ်အရာ ထာဝရဆုံးရှုံးသွားမည်နည်း။”

လိင်ဆိုင်ရာ အမြတ်ထုတ်ခံရလျှင် အပြစ်ကင်းသော ကလေးဘဝဆုံးရှုံးသွားလေတော့သည်။ မိခင်တစ်ဦး ဤသို့ တုံးတိတိပြောခဲ့သည်– “အသက်အရွယ်နဲ့မလိုက်အောင် ပိုထွားနေတဲ့မိန်းကလေးတွေဟာ [ပိတုန်းကြိုက်တဲ့] ပျားရည်လိုပဲ။ ယောက်ျားတွေကို ဆွဲဆောင်မှုဖြစ်စေတယ်။” ငယ်ရွယ်ချိန်တွင် လိင်မှုကိစ္စပြုရန် ဖိအားပေးခံရခြင်းကြောင့် ပေးဆပ်ရသည့်တန်ဖိုးမှာ ကြီးမားလှသည်။ မိန်းမငယ်တစ်ဦးသည် မိမိကိုယ်ကိုလေးစားမှုနှင့် စင်ကြယ်သောသိစိတ် ဆုံးရှုံးသွားနိုင်ပြီး ကာယနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုကိုပင် ထိခိုက်သွားနိုင်သည်။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

များလွန်းသော အစီအစဉ်များက အခက်အခဲပြဿနာများ ဖြစ်စေနိုင်

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

အနိုင်ရလိုစိတ်ပြင်းပြလာအောင် ကလေးများအား ဖိအားပေးခြင်းသည် အားကစားမှရသော ပျော်ရွှင်မှု ပျောက်လွင့်သွားစေနိုင်

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

မိဘဆိုင်ရာအုပ်ထိန်းမှုကောင်းကို ရုပ်ပစ္စည်းများဖြင့် အစားထိုး၍မရပါ