မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်၏ အအိပ်အနေကို တိုးတက်စေနိုင်ပုံ

သင်၏ အအိပ်အနေကို တိုးတက်စေနိုင်ပုံ

သင်၏ အအိပ်အနေကို တိုးတက်စေနိုင်ပုံ

အိပ်စက်ခြင်းပြဿနာများ သည် အသစ်အဆန်းမဟုတ်ချေ။ ဘီ.စီ.အီး. ငါးရာစုလောက်တွင် ပါးရှားဘုရင် အာရွှေရု၏နန်းတော်၌ အမှုထမ်းခဲ့သူကျွန်တစ်ဦးက တစ်ညတွင် “ရှင်ဘုရင်သည် စက်တော်ခေါ်၍မပျော်နိုင်” ဟု ရေးသားဖော်ပြခဲ့၏။—ဧသတာ ၆:၁

ယနေ့ လူသန်းပေါင်းများစွာ၌ ကောင်းစွာအိပ်မရသည့်အခက်အခဲ ရှိနေကြသည်။ ဘရာဇီးလူမျိုး အိပ်စက်ခြင်းဆိုင်ရာ အထူးကုဆရာဝန် ရူဘင်ဇ် ရာမို၏အဆိုအရ ကမ္ဘာ့လူဦးရေ၏ ၃၅ ရာခိုင်နှုန်းခန့်သည် အိပ်မရသောရောဂါ ခံစားနေကြရ၏။ * နယူးယောက်တက္ကသိုလ် အိပ်စက်ခြင်းဝေဒနာ တိုက်ဖျက်ရေးဗဟိုဌာနမှ ဒေါက်တာ ဒေးဗစ် ရာပိုပေါ့တ်က အိပ်မရသည့်ရောဂါသည် “ရာစုနှစ်အကူးအပြောင်း၏ အဆိုးရွားဆုံး ကပ်ရောဂါတစ်မျိုး” ဖြစ်၏ဟု ဖော်ပြသည်။

ပို၍ဆိုးသည်မှာ အိပ်၍မပျော်သူများစွာသည် အဘယ်ကြောင့် အိပ်မရကြကြောင်းမသိကြချေ။ ဘရာဇီးနိုင်ငံ၊ ဆောပိုလိုဖက်ဒရယ်လ်တက္ကသိုလ်မှ သုတေသီများ၏အဆိုအရ အိပ်မပျော်သော ဝေဒနာသည် ၃ ရာခိုင်နှုန်းမျှသာ ရောဂါလက္ခဏာ အတိအကျသိရှိကြရ၏။ အများအပြားမှာ အိပ်မရခြင်းကို ရှောင်လွှဲ၍မရသည့်အရာအဖြစ် ယူမှတ်ကြကာ မိမိတို့နိုးနေချိန်တွင် စိတ်တိုအမျက်ထွက်ပြီး ငိုက်မျဉ်း၍သာနေ,နေကြသည်။

ညဘက် အိပ်မရခြင်း

အခြားသူများ အိပ်ကောင်းနေကြစဉ် သင်မှာမူ မျက်စိကြောင်ပြီး အချိန်အတော်ကြာ လူးလှိမ့်နေရခြင်းသည် မနှစ်မြို့ဖွယ်ရာပင်။ သို့တိုင်၊ ရံဖန်ရံခါ အိပ်မပျော်ခြင်းသည် ရက်အနည်းငယ်သာကြာလျှင် မထူးဆန်းပါ၊ အများအားဖြင့် စိတ်ဖိစီးမှုနှင့် ဘဝ၏အလှည့်အပြောင်းကြောင့် ဖြစ်ပေသည်။ သို့ရာတွင် ကြာရှည်စွာအိပ်မရဖြစ်ခြင်းသည် စိတ်လှုပ်ရှားမှုဆိုင်ရာ သို့မဟုတ် ကျန်းမာရေးဆိုင်ရာဝေဒနာကြောင့်ဖြစ်နိုင်ကာ ဆေးကုသမှုခံယူဖို့အရေးကြီးသည်။—အထက်ပါ လေးထောင့်ကွက်ကိုရှု။

သင်လည်း အိပ်စက်ခြင်းဝေဒနာခံစားရနိုင်သလော။ စာမျက်နှာ ၁၇ ပါ မေးခွန်းလွှာကို ဖြည့်ပြီးနောက် သင်၌ အိပ်စက်ခြင်းပြဿနာများရှိသည်ဟု သုံးသပ်မိလျှင် စိတ်ပျက်စရာမလိုပါ။ အကူအညီလိုအပ်သည်ဟု အသိအမှတ်ပြုလိုက်ခြင်းကပင် အိပ်စက်ခြင်းဝေဒနာ တစ်ဝက်ပျောက်နေပြီဖြစ်သည်။ ဘရာဇီးလူမျိုး နဗ်ကြောအထူးကု ဂျီရယ်လ်ဒို ရီဇူ၏အဆိုအရ အိပ်မရသည့်ရောဂါခံစားနေရသူ ၉၀ ရာခိုင်နှုန်းကို အောင်မြင်စွာ ကုသပေးနိုင်ပြီဖြစ်သည်။

သို့ရာတွင်၊ သင့်လျော်သောကုသမှုခံယူရန်အတွက် အိပ်မပျော်စေသည့်အရာကို အတိအကျသိရန် အရေးကြီးသည်။ ပိုလီစောမ်နိုဂရမ် [polysomnogram] ဟုခေါ်သည့် ဆေးစစ်ချက်က အိပ်မရသည့်ဝေဒနာသည်များစွာ၏ ဆေးစစ်တမ်းနှင့် ခံယူရမည့်ကုသမှုကို အထင်အရှားဖော်ပြသည်။—အောက်ပါ လေးထောင့်ကွက်ကိုရှု။

လူကြီးများ အိပ်မပျော်နိုင်ခြင်းသည် များသောအားဖြင့် ဟောက်ခြင်းကြောင့်ဖြစ်သည်။ ဟောက်တတ်သူတစ်ဦးအနားတွင် သင်အိပ်ဖူးမည်ဆိုလျှင် အလွန်အနေရခက်ကြောင်း သင်သိရှိပေမည်။ ဟောက်တတ်ခြင်းသည် အိုအက်စ်အေအက်စ် (OSAS) ခေါ် ရောဂါလက္ခဏာဖြစ်နိုင်သည်၊ ယင်းသည် အသက်ရှူလမ်းကြောင်း ပိတ်ဆို့နေခြင်းဖြစ်ကာ လည်ချောင်း ခေတ္တမျှ ပိတ်သွားခြင်းကြောင့် အိပ်ပျော်နေသူသည် အဆုတ်ထဲ လေရှူသွင်း၍မရဘဲဖြစ်နေမည်။ အိုအက်စ်အေအက်စ်ရောဂါကို ကုသရာတွင် အစပြုရမည့်ခြေလှမ်းများမှာ ကိုယ်အလေးချိန်လျှော့ချခြင်း၊ အရက်ယမကာရှောင်ကြဉ်ခြင်းနှင့် အကြောဖြေလျော့ဆေးဝါးများ ရှောင်ကြဉ်ခြင်းတို့ဖြစ်သည်။ ထို့ပြင် ကျွမ်းကျင်သူပါရဂူများသည် သက်ဆိုင်သည့်ဆေးများကို ညွှန်းပေးပေမည် သို့မဟုတ် သွားဘက်ဆိုင်ရာကိရိယာများ သို့မဟုတ် အသက်ရှူလမ်းကြောင်းဖွင့်ပေးသည့်စက်ကို အသုံးပြုရန် ညွှန်ကြားပေမည်။ *

စီးဝင်လာသောလေသည် အသက်ရှူလမ်းကြောင်းကို ပွင့်နေစေကာ လူနာအား ပုံမှန်အသက်ရှူစေသည်။

ပိုမိုဆိုးရွားသည့်အခြေအနေများ၌မူ အသက်ရှူနေစဉ် အလွယ်တကူ လေဝင်လေထွက်နိုင်စေရန် လည်ချောင်း၊ မေးရိုး၊ လျှာ သို့မဟုတ် နှာခေါင်းတို့ကို ခွဲစိတ်ပြုပြင်ပေးဖို့ လိုအပ်ပေမည်။

ကလေးများလည်း အိပ်မပျော်နိုင်သည့်ရောဂါ ဖြစ်နိုင်သည်။ ကျောင်းတွင် စာမလိုက်နိုင်ခြင်း၊ စိတ်တိုခြင်း၊ အာရုံမစိုက်နိုင်ခြင်းတို့သည် အိပ်ရေးပျက်သည့်လက္ခဏာများဖြစ်နိုင်ကာ ယင်းကို ဂနာမငြိမ်ရောဂါဟု မှားယွင်းစွာယူဆကြပေမည်။

ကလေးတချို့သည် အိပ်မည့်အစား သီချင်းဆို၊ စကားပြော၊ သို့မဟုတ် ပုံပြင်နားထောင်ခြင်းကို ပို၍နှစ်သက်ကြသည်။ ယင်းသည် မိဘဂရုစိုက်မှုရရန် ပရိယာယ်တစ်ခုမျှဖြစ်နိုင်သည်။ သို့သော် တချို့သောအခြေအနေများတွင် ကလေးတစ်ဦးသည် သရဲကားများ၊ အကြမ်းဖက်သည့် သတင်းအစီအစဉ်များ၊ သို့မဟုတ် အိမ်တွင်းခိုက်ရန်ဖြစ်ပွားမှုများကြောင့် အိပ်မက်ဆိုးများ မကြာခဏမြင်မက်သဖြင့် မအိပ်ဝံ့ဘဲနေပေမည်။ မိဘတို့သည် အိမ်ကို စံရိပ်ငြိမ်တစ်ခုဖြစ်စေခြင်းအားဖြင့် ၎င်းပြဿနာများကို ရှောင်ကြဉ်စေနိုင်သည်။ အကယ်၍ ဆက်လက် အိပ်မရနိုင်ဖြစ်နေသေးပါက ဆရာဝန်ပြသင့်သည်။ အိပ်ရေးဝဝအိပ်ခြင်းသည် ကလေးများရော လူကြီးများအတွက်ပါ အမှန်ပင်အရေးကြီး၏။

အိပ်ရေးဝနိုင်ပုံ

အိပ်ရေးဝခြင်းသည် မတော်တဆဖြစ်လာခြင်းမဟုတ်ကြောင်း သိထားသည်မှာ ရာစုနှစ်ချီရှိပြီ။ အိပ်ရေးဝခြင်းသည် စိုးရိမ်ပူပန်မှုနှင့် စိတ်ဖိစီးမှုတို့ကို ထိန်းချုပ်ရုံထက်မက အခြားအကြောင်းရင်းများစွာပေါ်လည်း မူတည်သည်။ ယင်းတို့အားလုံးကို ကျန်းမာရေးနှင့်ညီညွတ်သော အိပ်စက်ခြင်းအလေ့အထဟု ဆိုကြသည်။

ကျန်းမာရေးနှင့်ညီညွတ်သော အိပ်စက်ခြင်း အလေ့အထသည် ဘဝပုံစံတစ်ခုပင်ဖြစ်သည်။ ထိုတွင် အချိန်မှန်မှန် ကိုယ်လက်လှုပ်ရှားခြင်းပါဝင်၏။ နံနက်ခင်း သို့မဟုတ် မွန်းလွဲပိုင်းတွင် ကိုယ်လက်လှုပ်ရှားခြင်းသည် ညအိပ်ရာဝင်ချိန်၌ အိပ်ချင်လာစေသည်။ သို့သော် အိပ်ရာဝင်ခါနီးမှ ကိုယ်လက်လှုပ်ရှားခြင်းသည် အိပ်စက်ခြင်းကို အဟန့်အတားဖြစ်စေနိုင်သည်။

စိတ်တက်ကြွစေသည့်ရုပ်ရှင်များ၊ စိတ်ဝင်စားစရာကောင်းသော စာပေများသည် အိပ်ချင်စိတ်ပျောက်စေနိုင်သည်။ အိပ်ရာမဝင်မီ အပျင်းပြေစေသောစာပေကို ဖတ်ရှုခြင်း၊ တေးသံသာနားထောင်ခြင်း၊ ရေနွေးဖြင့်ရေချိုးခြင်းတို့က အိပ်ချင်လာစေမည်။

သင် တကယ်အိပ်ချင်မှသာ အိပ်ရာပေါ်လှဲလျောင်းလိုက်ခြင်းအားဖြင့် အိပ်ရာသည် အိပ်စက်ဖို့ဖြစ်ကြောင်း သင်၏ဦးနှောက်ကို လေ့ကျင့်ပေးနိုင်၏ဟု ကျွမ်းကျင်သူများကဆိုသည်။ အိပ်ရာပေါ်တွင် အစာစားသူ၊ လေ့လာမှုပြုသူ၊ အလုပ်,လုပ်သူ၊ တီဗွီကြည့်သူ၊ ဗီဒီယိုဂိမ်းကစားသူတို့သည် အိပ်ပျော်ရန်အခက်တွေ့နိုင်သည်။

သင့်အစားအစာကို ဂရုစိုက်ခြင်းကလည်း ကောင်းစွာအိပ်ပျော်စေ၏။ အရက်ယမကာများက အိပ်ငိုက်စေသော်လည်း အမှန်မှာ အိပ်စက်ခြင်းအရည်အသွေးကို ထိခိုက်စေနိုင်သည်။ ညအိပ်ရာဝင်ချိန်တွင် ကော်ဖီ၊ လက်ဖက်ရည်၊ ကိုကိုး၊ ချောကလက်နှင့် ကိုလာအချိုရည်များ သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်၏၊ အကြောင်းမှာ ၎င်းတို့သည် စိတ်နိုးကြွပေးသည်။ အခြားတစ်ဖက်တွင် သရက်သီး၊ ကန်စွန်းဥ၊ ငှက်ပျောသီး၊ တည်သီး၊ ထန်းဖူး၊ ထမင်း၊ ပဲပင်ပေါက်၊ ခွံမာသီးများကို အနည်းငယ်စားသုံးပေးခြင်းက ဆီရိုတိုနင်ဓာတုပစ္စည်း ထုတ်လုပ်ပေးသဖြင့် အိပ်ပျော်စေနိုင်သည်။ သတိပြုစရာမှာ ညဉ့်နက်မှ အစာများများစားခြင်းသည် အစာမစားဘဲ အိပ်ရာဝင်သကဲ့သို့ပင် အိပ်၍မရဖြစ်စေနိုင်သည်။

ကျွန်ုပ်တို့၏ အိပ်ရာမဝင်မီအကျင့်သည် အရေးကြီးသကဲ့သို့ ကျွန်ုပ်တို့အိပ်သည့်နေရာ၏ အခြေအနေကလည်း အရေးကြီးပေသည်။ သင့်တော်သည့်အပူချိန်၊ မှောင်၍ဆူညံသံမရှိသောအခန်းနှင့် သက်သောင့်သက်သာရှိသည့် မွေ့ရာ၊ ခေါင်းအုံးတို့က ကောင်းစွာအိပ်ပျော်စေသည်။ အမှန်ဆိုရလျှင် ဤမျှသက်သောင့်သက်သာရှိရာ နောက်နေ့နံနက် အိပ်ရာထဖို့ခက်နိုင်သည်။ သို့သော် အပတ်အဆုံးရက်များတွင်ပင် ပိုအိပ်မိလျှင် သင်၏အအိပ်အနေအစီအစဉ်ကို ပျက်စီးစေကာ နောက်တစ်နေ့ညတွင် အိပ်မရဖြစ်နိုင်သည်ကို သတိရပါ။

သင်သည် သင့်အရေးပါကိုယ်အင်္ဂါများကို တမင်တကာ ပျက်စီးသွားစေလိုမည်မဟုတ်ချေ။ အိပ်စက်ခြင်းသည် ဘဝတွင် လျစ်လျူမရှုသင့်သော သို့မဟုတ် လျှော့ပေါ့မတွက်သင့်သော အလွန်အရေးပါသည့် ကဏ္ဍတစ်ခုဖြစ်ပေသည်။ အမှန်မှာ၊ ကျွန်ုပ်တို့ဘဝအသက်တာ၏ သုံးပုံတစ်ပုံကို အိပ်စက်ရန်အတွက် အသုံးပြုကြရသည်တကား။ သင်၏အအိပ်အနေကို တိုးတက်စေနိုင်ပါသလော။ ဤညတွင်ပင် အစပြုပါလေ!

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 3 အိပ်မရသောရောဂါသည် အိပ်ရေးဝဝ ပုံမှန်မအိပ်နိုင်ခြင်းဖြစ်သည်။

^ အပိုဒ်၊ 9 လူနာသည် မျက်နှာဖုံးလေးတပ်၍ အိပ်နေစဉ် ပိုက်လုံးပျော့မှတစ်ဆင့် လေဖိသွင်းစက်မှလေကို ရှူသွင်း၏။

[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အိပ်မပျော်နိုင်သည့် အဓိကအကြောင်းရင်းများ

ဆေးဘက်ဆိုင်ရာ– အဲလ်ဇိုင်းမားရောဂါ၊ အသက်ရှူကျပ်ခြင်း၊ အိပ်ပျော်နေစဉ် အပေါ်လေ လမ်းကြောင်းပိတ်သွားခြင်း; ခြေထောက်ဂနာမငြိမ်သည့် ရောဂါလက္ခဏာစု; ပါကင်ဆန်ရောဂါ; ပုံမှန်ခြေလက် ရွေ့ရှားမှုဝေဒနာ၊ မကြာခဏ နိုး၍ လှုပ်ရှားသွားလာခြင်း; ပန်းနာ; နှလုံးနှင့် အစာမကြေသည့်ရောဂါများ

စိတ်ရောဂါဆိုင်ရာ– စိတ်ဓာတ်ကျဆင်းမှု၊ စိုးရိမ်ပူပန်မှု၊ ရုတ်တရက်အထိတ်တလန့်ဖြစ်မှု၊ စိတ်စွဲ ရောဂါ၊ စိတ်ဒဏ်ရာရပြီးနောက် စိတ်ဖိစီးမှုဝေဒနာ

ပတ်ဝန်းကျင်ဆိုင်ရာ– အလင်းရောင်၊ ဆူညံသံ၊ ပူလွန်းခြင်း၊ အေးလွန်းခြင်း၊ သက်သောင့်သက်သာမရှိသည့်မွေ့ရာ၊ ငြိမ်ငြိမ်မအိပ်တတ်သည့်အိမ်ထောင်ဖက်

အခြားသောအကြောင်းရင်းများ– အရက်နှင့်ဆေးဝါးကိုတလွဲသုံးခြင်း၊ ဆေးဝါးတချို့၏ ဘေးထွက်ဆိုးကျိုးများ

[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်]

အိပ်မရရောဂါ လက္ခဏာ စစ်ဆေးခြင်း

ပိုလီဆောမ်နိုဂရမ် (polysomnogram) ဟူသည် သာမန်အခြေအနေများတွင် လူနာတစ်ဦးအိပ်ပျော်နေစဉ် အိပ်စက်ခြင်းကို မှတ်သား စစ်ဆေးခြင်းဖြစ်သည်။ အကဲဖြတ်ရန် လိုအပ်သည့် အခြေခံအချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

▪ ဦးနှောက် လျှပ်စစ်မှတ်တမ်း—အိပ်စက်ခြင်းအဆင့်ဆင့်ကို အမျိုးအစားခွဲခြားကာ ရေတွက်ပေးရန် ဦးနှောက်အတွင်း လျှပ်စစ်လှုပ်ရှားမှုကို မှတ်သားခြင်းဖြစ်သည်။

▪ မျက်လုံး လျှပ်စစ်မှတ်တမ်း—အာရ်အီးအမ်အိပ်ပျော်စဉ်အတွင်း မျက်လုံးရွေ့ရှားမှုကို မှတ်တမ်းတင်ခြင်းဖြစ်သည်။

▪ ကြွက်သား လျှပ်စစ်မှတ်တမ်း—အာရ်အီးအမ်အိပ်ပျော်စဉ်အတွင်း မေးစေ့နှင့် ခြေထောက်ကြွက်သားတင်းအားကို မှတ်သားစစ်ဆေးရန် အသုံးပြုသည်။

▪ နှလုံး လျှပ်စစ်မှတ်တမ်း—တစ်ညလုံး နှလုံးခုန်သံကို မှတ်သားစစ်ဆေးရန် အသုံးပြုသည်။

▪ ရှူသွင်းရှူထုတ်လေနှင့် ၎င်း၏ရွေ့ရှားမှုများ—နှာခေါင်းနှင့် ပါးစပ်မှဝင်ထွက်သောလေအပြင် ဝမ်းဗိုက်နှင့် ရင်အုံရွေ့ရှားမှုတို့ကိုပါ မှတ်တမ်းတင် တိုင်းတာသည်။

▪ အောက်ဆီဟေမိုဂလိုဗင် ပြည့်ဝနေခြင်း—လူနာ၏လက်ချောင်းတွင် အောက်ဆီဂျင်တိုင်းမီတာကို တပ်ထားကာ သွေးကြောထဲရှိ အောက်ဆီဂျင်ပမာဏကို တိုင်းတာခြင်းဖြစ်သည်။

[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်]

ငိုက်မျဉ်းခြင်း စမ်းသပ်ချက်

သင်သည် အောက်ပါအခြေအနေများတွင် တစ်မှေးအိပ်ဖို့အကြောင်း မည်မျှရှိသနည်း။ အောက်ပါအမှတ်ပေးစနစ်ကို အသုံးပြု၍ သင့်အဖြေများကိုဝိုင်းပြီး သင်၏စုစုပေါင်း ရမှတ်ကို ပေါင်းကြည့်ပါ။

၀ တစ်မှေးမျှ အိပ်မည်မဟုတ်

၁ တစ်မှေးအိပ်ဖို့အကြောင်း အနည်းငယ်ရှိ

၂ တစ်မှေးအိပ်ဖို့အကြောင်း အတော်အသင့်ရှိ

၃ တစ်မှေးအိပ်ဖို့အကြောင်း များစွာရှိ

က ထိုင်စာဖတ်ခြင်း ၀ ၁ ၂ ၃

တီဗွီကြည့်ခြင်း ၀ ၁ ၂ ၃

ကဇာတ်ရုံ သို့မဟုတ် အစည်းအဝေးကဲ့သို့သော ၀ ၁ ၂ ၃ လူပုံအလယ်တွင် မလှုပ်မယှက်ထိုင်နေခြင်း

တစ်နာရီကြာ ဆက်တိုက်ကားစီးသွားသူတစ်ဦးအဖြစ် ၀ ၁ ၂ ၃

အရက်မသောက်ဘဲ နေ့လယ်စာစားပြီးနောက် ၀ ၁ ၂ ၃ ငြိမ်ဆိမ်စွာ ထိုင်နေခြင်း

နေ့လယ်နေ့ခင်း အနားယူရန် လှဲလျောင်းနေခြင်း ၀ ၁ ၂ ၃

တစ်ယောက်ယောက်နှင့် ထိုင်စကားပြောနေခြင်း ၀ ၁ ၂ ၃

ယာဉ်အသွားအလာကြောင့် ကားရပ်ထားရစဉ် ၀ ၁ ၂ ၃

အမှတ်အရေအတွက်

ရမှတ်

၁–၆–စိတ်ပူစရာမလို

၇–၈–သာမန်

၉ မှတ်အထက်–ဆေးဘက်ဆိုင်ရာအကြံဉာဏ် တောင်းခံပါ

[Credit Line]

ယူ.အက်စ်.အေ.၊ ကယ်လီဖိုးနီးယားပြည်နယ်၊ စတင်းဖို့ဒ်တက္ကသိုလ် ထုတ်ပြန်သည့် အက်ပ်ဝါ့သ် ငိုက်မျဉ်းခြင်း အမှတ်ပေးစနစ်ကို အခြေပြုသည်

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

အိပ်ရေးပျက်ခြင်းသည် အန္တရာယ်ဖြစ်စေနိုင်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ကိုယ်လက်လှုပ်ရှားကစားခြင်း၊ စာဖတ်ခြင်းနှင့် အဆာပြေစားခြင်းတို့သည် အိပ်စက်ခြင်းအရည်အသွေးကို တိုးတက်စေနိုင်