မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိပ်စက်ခြင်း ဇိမ်ခံခြင်းလော၊ မရှိမဖြစ်လိုအပ်ရာလော

အိပ်စက်ခြင်း ဇိမ်ခံခြင်းလော၊ မရှိမဖြစ်လိုအပ်ရာလော

အိပ်စက်ခြင်း ဇိမ်ခံခြင်းလော၊ မရှိမဖြစ်လိုအပ်ရာလော

လူတချို့က အိပ်စက်ခြင်းကို အချိန်ဖြုန်းခြင်းဟုယူမှတ်ကြ၏။ သူတို့သည် စီးပွားရေး၊ လူမှုရေး လုပ်ငန်းများနှင့် နေ့စဉ် အလွန်အလုပ်များနေခြင်းကို နှစ်သက်ကြရာ အလွန်မောပန်းနွမ်းနယ်လာသည့်အခါမှသာ သူတို့အိပ်လိုကြသည်။ သို့သော် ညပေါင်းများစွာ ဟိုလှည့်သည်လှည့်နှင့် နံနက်မိုးလင်းသည်အထိ အိပ်၍မပျော်နိုင်ဖြစ်ကြသူတို့မှာမူ အိပ်ရေးဝဝအိပ်လိုကြ၏။

လူတချို့သည် နိုးနေရန် အစွမ်းကုန်ကြိုးစားနေရစဉ် အခြားသူများမှာမူ အဘယ်ကြောင့် အိပ်၍မပျော်နိုင် ဖြစ်နေကြရသနည်း။ အိပ်စက်ခြင်းကို ဇိမ်ခံခြင်းဟု ယူမှတ်ရန်လော၊ မရှိမဖြစ်လိုအပ်ရာဟု ယူမှတ်ရန်လော။ ဤမေးခွန်းများကို ဖြေဆိုရန် ကျွန်ုပ်တို့အိပ်ပျော်နေစဉ် အဘယ်အရာဖြစ်ပျက်နေသည်ကို နားလည်ထားဖို့လိုသည်။

အိပ်မောကျခြင်း၏ လျှို့ဝှက်နက်နဲရာများ

လူတစ်ဦး အဘယ်အရာမျှမသိတော့ဘဲ အိပ်မောကျသွားစေသည့်အရာ အတိအကျကား လျှို့ဝှက်နက်နဲရာဖြစ်နေဆဲပင်။ သို့ရာတွင် အိပ်စက်ခြင်းသည် ဦးနှောက်က ထိန်းညှိပေးသည့် ရှုပ်ထွေးသော ဖြစ်စဉ်တစ်ခုဖြစ်ပြီး ၂၄-နာရီ အခြေပြ သဘာဝနာရီ၏စေ့ဆော်မှုကို လိုက်နာသည်ဟု သုတေသီများက အတည်ပြုထားကြသည်။

ကျွန်ုပ်တို့အသက်ကြီးလာသည့်အခါ အအိပ်အနေ ပြောင်းလဲသွားတတ်၏။ မွေးကင်းစကလေးငယ်သည် အိပ်လိုက်နိုးလိုက်နှင့် တစ်နေ့လျှင် စုစုပေါင်း ၁၈ နာရီခန့် အိပ်စက်သည်။ အိပ်စက်မှုဆိုင်ရာပါရဂူများ၏အဆိုအရ လူကြီးတချို့သည် တစ်ရက်လျှင် သုံးနာရီသာအိပ်စက်ဖို့ လိုအပ်ပုံရသော်လည်း အခြားသူတို့မူ ဆယ်နာရီအထိ အိပ်ဖို့လိုသည်။

ဆယ်ကျော်သက်တချို့သည် နံနက်တွင် အိပ်ရာမှမနည်းကြိုးစားနိုးထရသည့် အကြောင်းရင်းမှာ ကျွန်ုပ်တို့၏ သဘာဝနာရီ စေ့ဆော်ပုံကွဲပြားမှုကြောင့်ဖြစ်ကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သော သုတေသနပြုချက်က တင်ပြသည်။ သဘာဝနာရီသည် ကြီးကောင်ဝင်နေချိန်အတောအတွင်း သိသိသာသာရွေ့လျားပြောင်းလဲပုံရသဖြင့် လူငယ်များအား နောက်ကျမှအိပ်ရာဝင်လိုခြင်းနှင့် အိပ်ရာထနောက်ကျခြင်းတို့ကို ဖြစ်စေသည်။ ယင်းသို့ အိပ်စက်ချိန် ရွှေ့ပြောင်းသွားခြင်းသည် သာမန်ကိစ္စဖြစ်ပြီး အသက် ၁၅၊ ၁၆ နှစ်မှ အသက် ၁၈၊ ၁၉ နှစ်အရွယ်ရောက်သော် ပုံမှန်ဖြစ်လာတတ်သည်။

ကျွန်ုပ်တို့၏သဘာဝနာရီကို ဓာတုပစ္စည်းများက ထိန်းညှိပေးရာ ထိုဓာတုပစ္စည်းများစွာကို ခွဲခြားသတ်မှတ်ထားပြီ။ ဓာတုပစ္စည်းတစ်မျိုးမှာ ငိုက်မျဉ်းခြင်းကိုဖြစ်စေသည်ဟုယူဆရသော မီလာတိုနင်ဟော်မုန်းဖြစ်သည်။ မီလာတိုနင်ကို ဦးနှောက်တွင်ထုတ်လုပ်သည်၊ အိပ်မောမကျမီ ဖြစ်လေ့ရှိသည့် ခန္ဓာကိုယ်တွင်း ဓာတုဖြစ်စဉ်အစုစု အရှိန်လျော့သွားခြင်းမှာ ဤဟိုမုန်းကြောင့်ဖြစ်သည်ဟု သိပ္ပံပညာရှင်အချို့က ယုံကြည်ထားကြသည်။ မီလာတိုနင်ကို ထုတ်လွှတ်လိုက်သောအခါ ကိုယ်ခန္ဓာအပူချိန်နှင့် ဦးနှောက်သို့သွေးစီးဆင်းမှုတို့မှာ လျော့ကျသွားပြီး ကျွန်ုပ်တို့၏ကြွက်သားတင်းအားကလည်း တဖြည်းဖြည်းလျော့သွားကာ တွဲကျလာလေသည်။ လျှို့ဝှက်ဆန်းကြယ်သော အိပ်စက်မှုကမ္ဘာထဲသို့ လူတစ်ဦးသက်ဆင်းသွားသောအခါ နောက်ထပ် အဘယ်အရာဖြစ်လာသနည်း။

‘သဘာဝ၏ အဓိကထောက်ကူပေးသူ’

အိပ်ပျော်သွားပြီးနောက် နှစ်နာရီခန့်အကြာတွင် ကျွန်ုပ်တို့၏မျက်စိနှစ်လုံးသည် ရှေ့နောက် လျင်မြန်စွာ စ၍လှုပ်လှုပ်ရွရွ ဖြစ်လာ၏။ ဤဖြစ်ရပ်ဆန်းကို အကဲခတ်လေ့လာကြည့်ပြီးသည့်နောက် သိပ္ပံပညာရှင်တို့က အိပ်စက်ခြင်းကို အာရ်အီးအမ် [REM] (လျင်မြန်သောမျက်စိရွေ့လျားမှု) အိပ်စက်ခြင်းနှင့် အာရ်အီးအမ်မဖြစ်သော [non-REM] အိပ်စက်ခြင်းဟူ၍ အခြေခံအဆင့်နှစ်ဆင့် ခွဲလိုက်ကြသည်။ အာရ်အီးအမ်မဖြစ်သောအိပ်စက်ခြင်းကို တဖြည်းဖြည်း အိပ်မောကျသွားခြင်း အဆင့်လေးဆင့်သို့ ထပ်ခွဲနိုင်သည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေစဉ်အတွင်း အာရ်အီးအမ်အိပ်စက်ခြင်းနှင့် အာရ်အီးအမ်မဖြစ်သောအိပ်စက်ခြင်းတို့သည် အကြိမ်ပေါင်းများစွာ အလှည့်ကျ ဖြစ်ပေါ်လေ့ရှိသည်။

အာရ်အီးအမ်အိပ်စက်မှုဖြစ်ချိန်အတွင်း အိပ်မက်များ မြင်မက်တတ်သည်။ ဤအချိန်တွင် အိပ်ပျော်နေသူ၏ ကိုယ်ခန္ဓာကြွက်သားများ အစွမ်းကုန် ပျော့ကျသွားရာ ယင်းက သူ့ကိုလန်းလန်းဆန်းဆန်း နိုးထလာစေသည်။ ထို့ပြင် ဤအိပ်စက်ခြင်းအဆင့်တွင် ရယူထားခါစ သတင်းအချက်အလက်တို့ကို ကျွန်ုပ်တို့၏ ရေရှည်မှတ်ဉာဏ်ထဲ၌ တစုတဝေးတည်း ရှိနေစေသည်ဟု သုတေသီတချို့က ယုံကြည်ကြ၏။

အိပ်မောကျနေစဉ် (အာရ်အီးအမ်မဖြစ်သော အိပ်စက်ခြင်းအဆင့် ၃ နှင့် ၄) အတွင်း ကျွန်ုပ်တို့၏သွေးဖိအားနှင့် နှလုံးခုန်နှုန်းတို့သည် ပို၍နိမ့်ကျသွားရာ သွေးလှည့်ပတ်မှုစနစ်ကို အနားပေးလိုက်ရပြီး နှလုံးသွေးကြောဆိုင်ရာရောဂါ မဖြစ်စေရန် တားဆီးကာကွယ်ပေးသည်။ ထို့ပြင် ကြီးထွားစေသောဟော်မုန်းထုတ်လုပ်မှုသည် အာရ်အီးအမ်မဖြစ်သော အိပ်စက်နေစဉ်အတွင်း အမြင့်ဆုံးဖြစ်သည်၊ ဆယ်ကျော်သက်တချို့သည် ကြီးထွားစေသောဟော်မုန်းကို နေ့အချိန်တွင်ထက် ညအချိန်၌ အဆ ၅၀ ပို၍ထုတ်လုပ်တတ်ကြသည်။

အိပ်စက်ခြင်းသည် ကျွန်ုပ်တို့၏ အာသာဆန္ဒကိုလည်း အကျိုးသက်ရောက်စေပုံရ၏။ အမှန်တကယ်ဆိုလျှင် အိပ်စက်ခြင်းသည် ရှိတ်စပီးယား၏အဆိုအရ “ဘဝအရသာခံမှုတွင် အဓိကထောက်ကူပေးရာ” ဖြစ်၏ဟု သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိခဲ့ကြပြီ။ အိပ်ရေးမဝခြင်းသည် အစာအလုံအလောက်မစားခြင်းကြောင့်ဖြစ်သည်ဟု ကျွန်ုပ်တို့၏ဦးနှောက်က နားလည်လိုက်သည်။ ကျွန်ုပ်တို့အိပ်ပျော်နေစဉ် ကျွန်ုပ်တို့၏ သက်ရှိဇီဝရုပ်သည် လက်ပ်တင်ဟော်မုန်းကို စစ်ထုတ်ပေးသည်၊ ဤဟော်မုန်းက ကျွန်ုပ်တို့သည် အစာကို ဝဝစားထားပြီးကြောင်း သာမန်အားဖြင့် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာအား သိစေ၏။ ကျွန်ုပ်တို့သည် အိပ်သင့်သည့်အချိန်တွင်မအိပ်ဘဲ နိုးကြားဖျတ်လတ်နေလျှင် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာမှ လက်ပ်တင်ဟော်မုန်းထုတ်လုပ်မှု လျော့နည်းသွား၍ ကာဗိုဟိုက်ဒရိတ်ဓာတ်ပေါင်းကို ပို၍တောင့်တလာပေမည်။ ထို့ကြောင့် အိပ်ရေးပျက်ခြင်းအားဖြင့် ကာဗိုဟိုက်ဒရိတ်စားသုံးမှု တိုးလာစေနိုင်ရာ အဝလွန်စေနိုင်သည်။—စာမျက်နှာ ၁၄ ရှိ “နေ့လယ်နေ့ခင်း တစ်မှေးအိပ်ခြင်း” လေးထောင့်ကွက်ကိုရှု။

ကျန်းမာရေးအတွက် အလွန်အရေးပါ

သို့သော် ယင်းထက်မကသေးချေ။ အိပ်စက်ခြင်းက ကျွန်ုပ်တို့၏ကိုယ်ခန္ဓာအား ဖရီးရက်ဒီကယ်လ် [free radicals] ခေါ် ဆဲလ်များကို အိုမင်းစေပြီး ကင်ဆာရောဂါပင်ဖြစ်စေသည်ဟုဆိုကြသည့် မော်လီကျူးများကို ပို၍လွယ်ကူစွာ ဓာတ်ပြိုကွဲစေသည်။ မကြာသေးမီက ရှီကာဂိုတက္ကသိုလ်တွင် ကျန်းမာသန်စွမ်းသော လူငယ် ၁၁ ဦးကို ခြောက်ရက်အတွင်း တစ်ရက်လျှင် လေးနာရီသာအိပ်စေသည့် စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ကြသည်။ ဤစမ်းသပ်မှုကာလအဆုံးတွင် သူတို့၏ခန္ဓာကိုယ်ဆဲလ်များသည် အသက် ၆၀ အရွယ် လူကြီးများ၏ဆဲလ်များကဲ့သို့ ပြုမူဆောင်ရွက်နေကြပြီး သူတို့၏ သွေးတွင်းအင်ဆူလင်ပါဝင်မှုနှုန်းကလည်း ဆီးချိုဝေဒနာသည်တစ်ဦးတွင်ရှိသည့်နှုန်းနှင့် သွားတူနေသည်! အိပ်ရေးပျက်ခြင်းသည် သွေးဆဲလ်ဖြူနှင့် ကော်တီဇိုလ်ဟော်မုန်း ထုတ်လုပ်မှုကိုပင် ထိခိုက်စေသဖြင့် ရောဂါကူးစက်ဖို့နှင့် သွေးလှည့်ပတ်မှုဆိုင်ရာရောဂါများရဖို့အကြောင်း ပိုရှိသည်။

ထို့ကြောင့် အိပ်စက်ခြင်းသည် ကိုယ်စိတ်နှစ်ဖြာကျန်းမာစေရေးအတွက် အမှန်ပင် အလွန်အရေးပါသည်။ ယူ.အက်စ်.အေ.၊ စတင်းဖို့ဒ်တက္ကသိုလ်၏ ပထမဆုံး အိပ်စက်ခြင်းလေ့လာရေးဗဟိုဌာနကို တည်ထောင်ခဲ့သူ၊ သုတေသီ ဝီလျမ် ဒီမဲန့်၏ထင်မြင်ချက်အရ “သင်မည်မျှကြာကြာ အသက်ရှည်မည်ကို အိပ်စက်ခြင်းက အဓိကထောက်ပြပုံရသည်” ဟုဆို၏။ ဘရာဇီးနိုင်ငံ၊ ဆောပိုလိုမြို့ရှိ အိပ်စက်ခြင်းလေ့လာရေးဗဟိုဌာနမှ သုတေသီ ဒက်ဗရာ ဆူရှက်ကီက ဤသို့ဆိုသည်– “အိပ်ရေးပျက်နေသည့် ကိုယ်ခန္ဓာတွင် အဘယ်အရာဖြစ်ပျက်နေကြောင်း လူတို့သိရှိနားလည်မည်ဆိုလျှင် အိပ်စက်ခြင်းသည် အချိန်ဖြုန်းခြင်းသက်သက်ဖြစ်သည်၊ လူပျင်းအတွက်သာဖြစ်သည်ဟု ကောက်ချက်ချကြမည်မဟုတ်တော့ချေ။”—အထက်ပါလေးထောင့်ကွက်ကိုရှု။

သို့သော် အိပ်စက်သည့်အခါတိုင်း အားပြန်ပြည့်လာပါသလော။ လူတချို့သည် ညလုံးပေါက်အိပ်စက်ကြသည့်တိုင် အဘယ်ကြောင့်လန်းလန်းဆန်းဆန်း မရှိရသနည်း။ နောက်ဆောင်းပါးက အိပ်မရသည့် အဓိကအကြောင်းတချို့ကို ခွဲခြားသိမြင်စေပြီး မည်သို့အကျိုးရှိရှိ အိပ်နိုင်မည်အကြောင်း ရှင်းပြပေးပါလိမ့်မည်။

[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အိပ်ရေးပျက်ခြင်း အကျိုးဆက်များ

ရေတိုအကျိုးဆက်များ

▪ ငိုက်မျဉ်းခြင်း

▪ ရုတ်ခနဲ စိတ်ပြောင်းလဲခြင်း

▪ မှတ်မိနိုင်စွမ်း ခေတ္တ ပျက်သွားခြင်း

▪ လုပ်ဆောင်မှုများကို ဖန်တီးစီစဉ် ဆောင်ရွက်နိုင်စွမ်းမရှိခြင်း

▪ အာရုံစူးစိုက်မှုမရှိခြင်း

ရေရှည်အကျိုးဆက်များ

▪ အဝလွန်ခြင်း

▪ အချိန်မတန်အိုမင်းခြင်း

▪ မောပန်းနွမ်းနယ်ခြင်း

▪ ရောဂါကူးစက်လွယ်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် အစာအိမ်အူလမ်းကြောင်းဆိုင်ရာရောဂါတို့ တဖြည်းဖြည်း ဖြစ်လာနိုင်ခြင်း

▪ မှတ်မိနိုင်စွမ်း ပျောက်ဆုံးသွားခြင်း

[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်]

နေ့လယ်နေ့ခင်း တစ်မှေးအိပ်ခြင်း

သင်သည် နေ့လယ်စာစားပြီးသည့်နောက် ဣန္ဒြေမဆယ်နိုင်လောက်အောင် ငိုက်မျဉ်းဖူးသလော။ ယင်းက သင်အိပ်ရေးပျက်နေကြောင်း ဖော်ပြသည့် လက္ခဏာမဟုတ်ပါ။ သဘာဝအလျောက် ခန္ဓာကိုယ် အပူချိန်ကျသွားသည့်အတွက် နေ့လယ်နေ့ခင်း စောစောပိုင်းတွင် ငိုက်မျဉ်းလာရခြင်းဖြစ်သည်။ ထို့အပြင် သိပ္ပံပညာရှင်များသည် ဟိုက်ပိုခရီတင် [hypocretin]၊ သို့မဟုတ် ဪရက်စင် [orexin] ခေါ် ဦးနှောက်တွင်ထုတ်လုပ်သော ပရိုတင်းတစ်မျိုးကို မကြာသေးမီက ဖော်ထုတ်တွေ့ရှိခဲ့ကြသည်၊ ၎င်းပရိုတင်းက ကျွန်ုပ်တို့ကို နိုးနေစေသည်။ ဟိုက်ပိုခရီတင်နှင့် အစားအစာသည် အဘယ်ဆက်စပ်မှုရှိသနည်း။

ကျွန်ုပ်တို့အစာစားသောအခါ ကိုယ်ခန္ဓာထုတ်လုပ်ပေးသော လက်ပ်တင်ဟော်မုန်းက ကျွန်ုပ်တို့ စား၍ဝပြီဟု ဖော်ပြသည်။ သို့သော် လက်ပ်တင်သည် ဟိုက်ပိုခရီတင်ထုတ်လုပ်မှုကို တားဆီး၏။ တစ်နည်းအားဖြင့် ဦးနှောက်တွင် လက်ပ်တင်များလာလေ၊ ဟိုက်ပိုခရီတင် နည်းနေလေဖြစ်ရာ ပိုငိုက်မျဉ်းလာလေဖြစ်သည်။ ယင်းကြောင့် နိုင်ငံတချို့တွင် လူတို့သည် အလုပ်လုပ်ရက်၌ နေ့လယ်စာစားပြီးနောက် တစ်ခဏအိပ်စက်ရန် အနားယူကြခြင်း ဖြစ်ရပေမည်။

[စာမျက်နှာ ၁၃ ပါ ဇယား]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

အိပ်စက်ခြင်း အဆင့်ဆင့်

လွယ်ကူရှင်းလင်းအောင်ပြုလုပ်ထားသော ပုံပြမျဉ်း

အိပ်စက်ခြင်း အဆင့်ဆင့်

နိုးနေချိန်

အာရ်အီးအမ်

အာရ်အီးအမ်မဖြစ်

အအိပ်ဆတ်နေချိန် ၁

အိပ်မောကျနေချိန် ၄

၁ ၂ ၃ ၄ ၅ ၆ ၇ ၈

အိပ်ချိန်

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

အိပ်ရေးဝဝအိပ်ခြင်းက ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရေးအတွက် အလွန်အရေးပါ

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ကြီးထွားစေသော ဟော်မုန်းထုတ်လုပ်မှုသည် အိပ်ပျော်နေစဉ် အမြင့်မားဆုံးဖြစ်