မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

စာဖြင့် အနိုင်ကျင့်ခြင်း

“ဆယ်ကျော်သက် လေးယောက်လျှင် တစ်ယောက်သည် ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းဖုန်းမှတစ်ဆင့် အနိုင်ကျင့်ခြင်းခံနေရသည်” ဟုလန်ဒန်ထုတ် သည် ဂါးဒီးယန်းသတင်းစာကဆိုသည်။ ဗြိတိသျှအလှူခံအဖွဲ့အစည်းဖြစ်သော အမျိုးသားကလေးငယ်များ၏ရိပ်ငြိမ် (အဲန်စီအိပ်ခ်ျ) မှပေးပို့သည့် သတင်းတစ်ပုဒ်အရ အသက် ၁၁ နှစ်နှင့် ၁၉ နှစ်ကြားရှိ လူငယ် ၁၆ ရာခိုင်နှုန်းသည် “ခြိမ်းခြောက်စာများကို သူတို့၏မိုဘိုင်းဖုန်းများတွင် လက်ခံရရှိကြ” စဉ် နောက်ထပ် ၁၁ ရာခိုင်နှုန်းသည် အင်တာနက်စကားဝိုင်းများမှဖြစ်စေ၊ အီး–မေးလ်မှဖြစ်စေ နှောင့်ယှက်ခြင်းခံနေရသည်ဟု ဖော်ပြသည်။ ကလေးများသည် “မည်သူ့ကိုမျှမပြောဘဲ ကြိတ်မှိတ်ခံစားကြ၊ သို့မဟုတ် ယင်းကို ထိထိရောက်ရောက်မည်သို့ဖြေရှင်းရမည်ကို မသိသူများအား ရင်ဖွင့်ကြသည်” ဟု အဲန်စီအိပ်ခ်ျကဆိုသည်။ ၎င်းက လူငယ်များအား အနိုင်ကျင့်ခြင်းကို သည်းမခံရန်၊ သို့သော် တာဝန်ရှိသူ၊ ယုံကြည်စိတ်ချရသူများကို ဖြစ်ပျက်ရာများကို ပြောပြရန်; ဖုန်းနံပါတ်များနှင့် အီး–မေးလ် လိပ်စာများကို ပေးသောအခါ အထူးသတိပြုရန်နှင့် လိုအပ်ပါက ယင်းတို့ကိုပြောင်းပစ်ရန် အကြံပြုသည်။ “သင့်စိတ်ကိုခြောက်ခြားစေသော သတင်းကို လက်ခံရရှိပါက အချိန်နှင့်နေ့စွဲကို ရေးမှတ်ကာ ရဲအဖွဲ့ထံပို့ရန်” သည် ဂါးဒီးယန်းက ဆိုကြောင်း အဲန်စီအိပ်ခ်ျက အကြံပြုတင်ပြသည်။

နီကိုတင်းဓာတ်နှင့် အက်စ်အိုင်ဒီအက်စ်

ပြင်သစ်နှင့်ဆွီဒင်နိုင်ငံရှိ သုတေသီများက ဆေးလိပ်သောက်ခြင်းသည် ပုခက်တွင်းကလေးများ ရုတ်တရက်သေဆုံးခြင်း (အက်စ်အိုင်ဒီအက်စ်) အန္တရာယ်ကိုအဘယ်ကြောင့်တိုးများစေကြောင်း ဖော်ပြနိုင်ပြီဟုပြင်သစ်နေ့စဉ်သတင်းစာ လာ ဖေဂါရို၌ တင်ပြသည်။ တိရစ္ဆာန်လေ့လာမှုများက နီကိုတင်းဓာတ်ထိတွေ့ခြင်းသည် အိပ်နေစဉ်အသက်ရှူခြင်းဆိုင်ရာ အလိုအလျောက်တုံ့ပြန်မှုကိုနှောင့်ယှက်နိုင်ကြောင်းဖော်ပြသည်။ “အသက်ရှူမှုကြား ခေတ္တရပ်ဆိုင်းသွားခြင်း (အာ့ပ်နီယာ) အလိုအလျောက်ဖြစ်နိုင်သောအိပ်နေစဉ်အောက်စီဂျင်နည်းခြင်း (ဟိုင်ပေါ့ခ်စီယာ) သည် နှလုံးနှင့်အဆုတ်ဆိုင်ရာ အသက်ရှူလှုပ်ရှားမှုကို နှိုးဆွပေးခြင်းရော အိပ်ပျော်ရာမှနိုးစေခြင်းကိုပါ ဖြစ်စေနိုင်သည်။ သို့သော် ဤအကာအကွယ်ပြုတုံ့ပြန်မှု အားနည်းသွားခဲ့လျှင် အာ့ပ်နီယာနှင့် ဟိုင်ပေါ့ခ်စီယာတို့ ပိုမိုဆိုးဝါးလာပြီးအသက်ရှူရပ်သွားစေနိုင်သည်” ဟုမှတ်တမ်းကဆိုသည်။ လူတို့တွင်မူ၊ ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်သောမိခင်၏သွေးမှ သန္ဓေသားထံသို့ နီကိုတင်းဓာတ်ပို့ပေး၍ မပြတ်ထိတွေ့စေခြင်းဖြင့် ဤအကာအကွယ်ပြု တုံ့ပြန်မှုသည် ပျက်ယွင်းနိုင်ကြောင်း သုတေသီများက အကြံပြုသည်။ ရလဒ်မှာ“အိပ်ပျော်စဉ် အာ့ပ်နီယာဖြစ်ခြင်းကို တုံ့ပြန်ရာတွင် အသက်ရှူခြင်းနှင့် နှိုးထခြင်းဆိုင်ရာအလိုအလျောက်တုံ့ပြန်မှု အားနည်းခြင်းကြောင့် ပုခက်တွင်းကလေးများ ရုတ်တရက်သေဆုံးခြင်းအန္တရာယ်ကို တိုးမြှင့်စေ” နိုင်သည်။ အက်စ်အိုင်ဒီအက်စ်သည် “ပြင်သစ်တွင် တစ်နှစ်အရွယ်ရှိကလေးများကို သေစေသောအဓိကအကြောင်းအဖြစ် ဆက်ရှိနေသည်” ဟု လာ ဖေဂါရိုကဆိုသည်။

“ရာဂစိတ်နှိုးကြွစေသော” ခေတ်ပေါ်ယဉ်ကျေးမှု

ဖက်ရှင်၊ ကြော်ငြာ၊ လူထုဆက်သွယ်ရေး နည်းလမ်းများနှင့် ဖျော်ဖြေရေးလုပ်ငန်းများမှတစ်ဆင့် “မျက်မှောက်ခေတ်ယဉ်ကျေးမှုသည်လိင်အပေါ် လူတို့၏စိတ်ဝင်စားမှုကို မာန်ပါပါ အခွင့်ကောင်းယူလျက်ရှိသည်” ဟုပိုလန်အပတ်စဉ်ထုတ် ပိုလီတီကားကဆိုသည်။ ဒီဇိုင်းပညာရှင်များ၏အဆိုအရ “ဖက်ရှင်က ရာဂစိတ်နှိုးကြွမှုကို မြှင့်တင်ပေးပြီး ရာဂစိတ်နှိုးကြွမှုက ဖက်ရှင်ကိုမြှင့်တင်ပေးသည်။” အခြေခံအဆိုမှာ ‘သင့်ခန္ဓာကို များများလှစ်ဟဖော်ပြပါက မကြာမီပင် သင့်အား သတိပြုမိလာမည်’ ဟူ၍ဖြစ်သည်။ အလားတူ ကြော်ငြာများတွင်ပါသော လိင်နှင့်ရာဂစိတ်နှိုးကြွစေမှုက “ကြော်ငြာများကို မမေ့နိုင်စရာဖြစ်စေ” သောကြောင့် ရောင်းအားမြင့်လာသည်ဟု ဝါဆောတက္ကသိုလ်မှ ယဉ်ကျေးမှုဆိုင်ရာ (လက္ခဏာများနှင့် သင်္ကေတများ) ကိုကျွမ်းကျင်သူ ဒေါက်တာ အီဗော့ ချက်စနော ကဆိုသည်။ “ရာဂစိတ်နှိုးကြွစေသော လှုံ့ဆော်ချက်ဟု ယူဆခဲ့ရာ နယ်နိမိတ်များသည် သိသိသာသာပြောင်းလဲသွားခဲ့ပြီ” ဟု ထပ်လောင်းပြောကြားသွားသည်။ ပိုလီတီကားအဆိုအရ ကြော်ငြာရှင်များသည် ငွေအတွက် မည်သည့်နယ်နိမိတ်ကိုမဆို ဖြတ်ကျော်ကြမည်ဖြစ်ကြောင်း အတွေ့အကြုံများကဖော်ပြသည်။

အိန္ဒိယတွင် လူထုဆက်သွယ်ရေးနည်းလမ်းများ တိုးများလာခြင်း

အမျိုးသားစာဖတ်ပရိသတ်လေ့လာရေးကောင်စီမှ ပြုလုပ်ခဲ့သည့် စစ်ဆေးချက်အရ ၁၉၉၉ ခုနှစ်မှ ၂၀၀၂ ခုနှစ် သုံးနှစ်တာကာလအတွင်း အိန္ဒိယတွင် သတင်းစာဖတ်ရှုသူ ၁၃၁ သန်းမှ ၁၅၅ သန်းသို့ တိုးများလာခဲ့သည်။ ပုံနှိပ်စာပေစာနယ်ဇင်းများကို ဖတ်ရှုသော တိုင်းပြည်၏စာဖတ်ပရိသတ်မှာ—သတင်းစာ၊ မဂ္ဂဇင်းများနှင့် အခြားသောစာနယ်ဇင်းများကို ဖတ်ရှုသူများကို စုပေါင်းလိုက်လျှင်—စုစုပေါင်းသန်း ၁၈၀ ရှိသည်။ သို့ရာတွင် သန်းတစ်ထောင်ကျော်ရှိသော အိန္ဒိယလူဦးရေ၏ ၆၅ ရာခိုင်နှုန်းကျော်သာ စာတတ်မြောက်ကြသဖြင့် စာဖတ်ပရိသတ်တိုးများရန် အခွင့်အလမ်းများစွာရှိသည်။ ရုပ်မြင်သံကြားကြည့်သူ ၃၈၃.၆ သန်းရှိနေစဉ် ရေဒီယိုနားထောင်သူ ၆၈၀.၆ သန်းအထိရှိသည်။ ၁၉၉၉ ခုနှစ်က အင်တာနက်အသုံးပြုသူ ၁.၄ သန်းနှင့်နှိုင်းယှဉ်လျှင် ယခု ၆ သန်းခန့် အသုံးပြုကြသည်။ ရုပ်မြင်သံကြားပိုင်ဆိုင်ကြသော အိန္ဒိယရှိ အိမ်ခြေတစ်ဝက်ခန့်သည် ယခုအခါ အခပေး ကြေးနန်းကြိုးလိုင်း ရုပ်မြင်သံကြားနှင့် နှစ်စဉ်ကြေးပေးသွင်းရသော ဂြိုဟ်တုရုပ်မြင်သံကြားတို့ရှိကြရာ သုံးနှစ်အတွင်း ၃၁ ရာခိုင်နှုန်း တိုးတက်မှုဖြစ်သည်။