မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကုသမှုဆိုင်ရာ စိန်ခေါ်ချက်

ကုသမှုဆိုင်ရာ စိန်ခေါ်ချက်

ကုသမှုဆိုင်ရာ စိန်ခေါ်ချက်

“ဆီးချိုရောဂါတိုင်း ဆိုးရွားပြီး စိုးရိမ်စရာချည်းပင်။”—အန်း ဒါလီ၊ အမေရိကန် ဆီးချိုရောဂါအဖွဲ့။

“ရှင့်ရဲ့သွေးစစ်ချက်တွေက ပုံမှန်ထက် ထူးခြားနေတယ်။ ရှင် ဆေးကုသမှု ချက်ချင်း ခံယူဖို့လိုတယ်။” အဆိုပါဆရာဝန်၏စကားများက ဒက်ဗရာ၏ငယ်ထိပ်ကို မိုးကြိုးပစ်လိုက်သည့်နှယ်ပင်။ “အဲဒီညက၊ ဓာတ်ခွဲခန်း မှားတာဖြစ်ရမယ်လို့ပဲ တွေးနေလိုက်တယ်။ ငါ မဖျားနိုင်ပါဘူးဆိုပြီး ကိုယ့်ကိုယ်ကိုပြောနေမိတယ်” ဟုသူကဆိုသည်။

လူအများကဲ့သို့ပင် မိမိသည် ကျန်းမာရေးအတော်အတန်ကောင်းသူဟု ဒက်ဗရာထင်မှတ်နေရာ မကြာခဏပေါ်လာတတ်သည့် ရောဂါလက္ခဏာများကို အရေးမစိုက်ဘဲနေခဲ့မိ၏။ သူအမြဲလိုလိုရေငတ်နေခြင်းမှာ သူသောက်သုံးနေသည့် ဟစ္စတာမင်းဖြေဆေးကြောင့်ဟု ယူဆခဲ့သည်။ မကြာမကြာဆီးသွားခြင်းမှာလည်း ရေများများသောက်ခြင်းကြောင့်ဟု သူယူမှတ်ခဲ့၏။ မောပန်းနွမ်းနယ်ရခြင်းကော—အလုပ်လုပ်သည့်အိမ်ရှင်မတိုင်းလိုလို ပင်ပန်းနွမ်းနယ်ရသည်ချည်းမဟုတ်လော။

သို့သော် သွေးစစ်ကြည့်လိုက်ရာ တရားခံမှာ ဆီးချိုရောဂါဖြစ်မှန်း သေချာသွားသည်။ ရောဂါမျိုးမည်သိလိုက်ပြီဖြစ်သော်လည်း ဒက်ဗရာ လက်ခံရခက်နေဆဲပင်။ “ကျွန်မရဲ့ ရောဂါအကြောင်း ဘယ်သူ့ကိုမှ မပြောပြဘူး။ မိသားစုတွေ ညဘက်အိပ်ပျော်နေချိန်မှာ ကျွန်မက အမှောင်ထုကို စိုက်ကြည့်ပြီး ငိုရတယ်” ဟုသူဆိုသည်။ ဒက်ဗရာကဲ့သို့ပင် မိမိတို့၌ ဆီးချိုရောဂါရှိနေကြောင်း သိလိုက်ရသူတချို့သည် စိတ်ဓာတ်ကျခြင်း၊ စိတ်တိုခြင်းအစရှိသည့် စိတ်လှုပ်ရှားမှုများကို တစ်ပုံတစ်ပင် ခံစားကြရရှာသည်။ “အဖြစ်မှန်ကို ငြင်းပယ်ခဲ့တဲ့ကာလကို မျက်ရည်နဲ့ ကျော်ဖြတ်ခဲ့ရတယ်” ဟုကယ်ရင်ကဆိုသည်။

၎င်းတို့သည် မမျှတပုံရသည့်ထိုးနှက်ချက်ကို တုံ့ပြန်နေကျအရာများဖြစ်သည်။ သို့ရာတွင် ဆီးချိုရောဂါသည်များသည် အကူအညီရမည်ဆိုလျှင် အလိုက်သင့်ပြုပြင်ပြောင်းလဲနိုင်ကြပါသည်။ “ကျွန်မကိုပြုစုပေးတဲ့သူနာပြုက ကျွန်မရဲ့အခြေအနေကို လက်ခံအောင် ကူညီပေးခဲ့တယ်။ ငိုပစ်လိုက်တာ ကောင်းတယ်လို့ပြောတယ်။ အဲဒီလို စိတ်လှုပ်ရှားမှုကို ထွက်ပေါက်ပေးလိုက်တော့ အထာကျသွားတယ်” ဟု ကယ်ရင်ကဆိုသည်။

ဆိုးရွားရသည့်အကြောင်းရင်း

ဆီးချိုရောဂါကို “အသက်အင်ဂျင် ချို့ယွင်းမှု” ဟု အကြောင်းကောင်းရှိ၍ ခေါ်ဆိုခဲ့ကြခြင်းဖြစ်သည်။ ခန္ဓာကိုယ်သည် ဂလူးကို့စ်ကို မဖြိုခွဲနိုင်သောအခါ အရေးပါသော ဇီဝယန္တရားအတော်များများ ရပ်တန့်သွားကာ တစ်ခါတစ်ရံ အသက်အန္တရာယ်ဖြစ်စေသည့် ဆိုးကျိုးများဖြစ်ပေါ်စေနိုင်သည်။ “လူတွေဟာ ဆီးချိုရောဂါကြောင့်တော့ မသေကြပါဘူး၊ ဆင့်ပွားရောဂါတွေကြောင့်သာ သေကြရတာပါ။ ဆင့်ပွားရောဂါတွေကိုတော့ ကျွန်တော်တို့ ကောင်းကောင်းကာကွယ်ဟန့်တားနိုင်ပေမဲ့ ရောဂါဖြစ်လာပြီဆိုရင်တော့ မတတ်နိုင်တော့ဘူး” ဟု ဒေါက်တာ ဟာဗေး ကဇက်ဖ်ကဆိုသည်။ *

ဆီးချိုရောဂါခံစားနေရသူတို့အတွက် မျှော်လင့်ချက်ရှိပါသလော။ သူတို့သာ အဆိုပါရောဂါ၏ ဆိုးရွားမှုကို အသိအမှတ်ပြုပြီး ကုသမှုအစီအစဉ်ကို ခံယူကြမည်ဆိုလျှင် မျှော်လင့်ချက်ရှိပါသည်။ *

ဓာတ်စာနှင့် ကိုယ်လက်လှုပ်ရှားခြင်း

အမျိုးအစား ၁ ဆီးချိုရောဂါကို ကြိုတင်ကာကွယ်၍မရသော်လည်း သိပ္ပံပညာရှင်များသည် မျိုးရိုးဗီဇ တည်ဆောက်ပုံကို လေ့လာလျက်ရှိကြပြီး ကိုယ်ခံအားစနစ်၏တိုက်ခိုက်မှုကို နှိမ်နင်းရန် နည်းလမ်းများ ကြိုးစားရှာဖွေနေကြသည်။ (စာမျက်နှာ ၈ ပေါ်ရှိ “ဂလူးကို့စ်၏ကဏ္ဍ” လေးထောင့်ကွက်ကိုရှု။) ဆီးချိုရောဂါ—သင်၏စိတ်လှုပ်ရှားမှုများနှင့် သင့်ကျန်းမာရေးကို ဂရုစိုက်ခြင်းစာအုပ်က “အမျိုးအစား ၂ ဆီးချိုရောဂါအခြေအနေမှာ မျှော်လင့်ချက်ပိုရှိ၏။ မျိုးရိုးလိုက်၍ ကူးစက်ခံရနိုင်ဖွယ်ရှိသူများစွာသည် ဓာတ်စာကို မျှမျှတတစားသုံးပြီး ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ရုံမျှဖြင့် ဤရောဂါနှင့်ပတ်သက်သည့် မည်သည့်လက္ခဏာကိုမဆို ရှောင်ကြဉ်နိုင်သည်၊ ဤသို့ဖြင့် ကျန်းမာနေပြီး ကိုယ်အလေးချိန်ကိုလည်း အတော်အသင့်ထိန်းထားပေးသည်” ဟုဆို၏။ *

ကိုယ်လက်လှုပ်ရှားခြင်း၏တန်ဖိုးကို အလေးပေးဖော်ပြရန် အမေရိကန် ဆေးအဖွဲ့ဂျာနယ်က အမျိုးသမီးများနှင့်ပတ်သက်သည့် လေ့လာမှုကြီးတစ်ရပ်အကြောင်းကို အစီရင်ခံခဲ့သည်။ “ကာယလှုပ်ရှားမှု တစ်ခဏလောက်ပြုရုံနှင့် ၂၄ နာရီကျော်အတွင်း [ခန္ဓာကိုယ်ဆဲလ်များက] စုပ်ယူထားသည့် အင်ဆူလင်ကြားခံဂလူးကို့စ်ကို တိုးများစေ”ကြောင်း လေ့လာတွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် “လမ်းလျှောက်ခြင်းနှင့် အင်အားစိုက်ထုတ်ကိုယ်လက်လှုပ်ရှားခြင်းတို့သည် အမျိုးသမီးများတွင် ဖြစ်လေ့ရှိသော အမျိုးအစား ၂ ဆီးချိုရောဂါအန္တရာယ်ကို အတော်အတန်လျော့နည်းစေမှုများနှင့် ဆက်စပ်နေသည်” ဟု အဆိုပါအစီရင်ခံစာက နိဂုံးချုပ်ထားသည်။ နေ့စဉ်မဟုတ်သည့်တိုင် ရက်အများစုတွင် မယုတ်မလွန်ကာယလှုပ်ရှားမှုကို အနည်းဆုံး မိနစ် ၃၀ ခန့်ပြုကြရန် သုတေသီများက အကြံပြုကြသည်။ ကိုယ်လက်လှုပ်ရှားခြင်းတွင် လမ်းလျှောက်ရုံလျှောက်ခြင်းလည်း ပါဝင်နိုင်သည်၊ ယင်းသို့ လမ်းလျှောက်ခြင်း “သည် အကောင်းဆုံး၊ ဘေးအကင်းဆုံးနှင့် အကုန်အကျအနည်းဆုံးသော လေ့ကျင့်ခန်းတစ်မျိုးဖြစ်၏” ဟု အမေရိကန်ဆီးချိုရောဂါအဖွဲ့၏ ဆီးချိုရောဂါလမ်းညွှန်အပြည့်အစုံစာအုပ်တွင် ဖော်ပြထားသည်။

သို့ရာတွင် ဆီးချိုရောဂါရှိသူတို့၏ ကိုယ်လက်လှုပ်ရှားမှုကို ကျွမ်းကျင်သူများက ကြပ်မတ်ပေးသင့်၏။ အကြောင်းရင်းတစ်ခုမှာ ဆီးချိုရောဂါသည် သွေးကြောစနစ်နှင့် နဗ်ကြောများကို ပျက်စီးစေနိုင်သဖြင့် သွေးလှည့်ပတ်မှုနှင့် အာရုံခံစားနိုင်စွမ်းတို့ကို ထိခိုက်စေတတ်သည်။ ထို့ကြောင့် ခြေထောက်ပေါ်ရှိ ကုတ်ခြစ်ရာကလေးတစ်ခုသည်ပင် ဂရုမစိုက်မိပါက ရောဂါပိုးဝင်သွားပြီး အနာခွက်ဖြစ်သွားနိုင်၏—စိုးရိမ်ဖွယ်ရာမှာ ချက်ချင်း မကုသပါက ခြေလက်အင်္ဂါကို ဖြတ်ပစ်လိုက်ရသည့်အထိ ဖြစ်နိုင်ပေသည်။ *

သို့တိုင်၊ ကိုယ်လက်လှုပ်ရှားမှုကို နည်းမှန်လမ်းကျလုပ်ဆောင်ပါက ဆီးချိုရောဂါကို ထိန်းချုပ်နိုင်ပါသည်။ “ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ခြင်း၏ အကျိုးကျေးဇူးများကို သုတေသီများ လေ့လာလေ ယင်း၏အကျိုးကျေးဇူးများကို ပို၍တွေ့ရှိလေဖြစ်သည်” ဟု အေဒီအေ လမ်းညွှန်အပြည့်အစုံတွင် ဖော်ပြထားသည်။

အင်ဆူလင်ကုထုံး

ဆီးချိုရောဂါသည်များစွာသည် မိမိတို့၏ဓာတ်စာနှင့် ကိုယ်လက်လှုပ်ရှားမှု အစီအစဉ်ကို လိုက်နာရမည့်အပြင် ဂလူးကို့စ်ပါဝင်မှုနှုန်းကို နေ့စဉ်စမ်းသပ်ပြီး အင်ဆူလင်ဆေးကိုလည်း အကြိမ်အတော်များများ နေ့စဉ်ထိုးနှံရမည်ဖြစ်၏။ အမျိုးအစား ၂ ဆီးချိုရောဂါသည်တချို့သည် ဓာတ်စာနှင့် ကိုယ်လက်လှုပ်ရှားမှုအစီအစဉ်ကောင်းကြောင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာရာ အင်ဆူလင်ကုထုံးကို အနည်းဆုံး အချိန်အတိုင်းအတာတစ်ခုအထိ ဖြတ်ထားနိုင်ခဲ့ကြပြီဖြစ်သည်။ * အမျိုးအစား ၁ ဆီးချိုရောဂါသည် ကယ်ရင်သည် ကိုယ်လက်လှုပ်ရှားခြင်းက သူထိုးနှံနေသည့် အင်ဆူလင်ဆေး၏ ထိရောက်မှုကို တိုးတက်စေကြောင်း တွေ့ရှိခဲ့၏။ ရလဒ်အနေနှင့် သူသည် နေ့စဉ် အင်ဆူလင်ဆေး လိုအပ်မှုကို ၂၀ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ပြီဖြစ်သည်။

သို့ရာတွင် အင်ဆူလင် ထိုးဖို့လိုအပ်လာမည်ဆိုလျှင် ရောဂါသည်များအနေနှင့်စိတ်ပျက်အားလျော့သွားဖို့ အကြောင်းမရှိချေ။ “အင်ဆူလင်ကို ထိုးခြင်းက သင် လူဖြစ်ရှုံးပြီဟူသည့် သဘောမသက်ရောက်စေပါ။ သင်၌ အဘယ်ဆီးချိုရောဂါမျိုးပင်ရှိနေပါစေ သင်၏သွေးအတွင်း သကြားဓာတ်ကို ဂရုတစိုက် ထိန်းချုပ်ထားမည်ဆိုလျှင် နောက်ပိုင်းတွင် အခြားသောကျန်းမာရေးပြဿနာများကို လျော့နည်းစေပါလိမ့်မည်” ဟု ဆီးချိုရောဂါသည် လူနာအတော်များများကို ကြည့်ရှုပြုစုပေးသည့် လက်မှတ်ရသူနာပြုတစ်ဦးဖြစ်သူ မေရီ အဲန်း ကဆိုသည်။ အမှန်မှာ၊ သွေးအတွင်းသကြားဓာတ်ပါဝင်မှုပမာဏကို ကြပ်မတ်ထိန်းချုပ်ထားသော အမျိုးအစား ၁ ဆီးချိုရောဂါသည်တို့တွင် “ဆီးချိုရောဂါနှင့်ပတ်သက်သော မျက်လုံး၊ ကျောက်ကပ်နှင့် နဗ်ကြောရောဂါများ ဖြစ်ပွားမှု အကြီးအကျယ် လျော့နည်းသွားသည်” ဟု မကြာသေးမီ ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ရပ်က ဖော်ပြခဲ့သည်။ ဥပမာအနေနှင့်၊ မျက်စိ (မြင်လွှာ) ရောဂါဖြစ်မည့်အန္တရာယ် ၇၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်! သွေးအတွင်းသကြားဓာတ်ပါဝင်မှု ပမာဏကို ကြပ်ကြပ်မတ်မတ် ထိန်းချုပ်ထားကြသော အမျိုးအစား ၂ ဆီးချိုရောဂါသည်တို့မှာလည်း ထပ်တူအကျိုးကျေးဇူးများ ခံစားကြရသည်။

အင်ဆူလင်ကုထုံးကို ပို၍လွယ်ကူစေပြီး ထိခိုက်မှုနည်းစေသည့် အသုံးအများဆုံးကိရိယာများဖြစ်သော မိုက်ကရိုဖင်းအပ်များပါရှိသည့် ဆေးထိုးပြွန်များနှင့် အင်ဆူလင်ပဲန်များက နာကျင်မှုကို လျော့ပါးစေသည်။ “ပထမဆုံးထိုးချက်က အများအားဖြင့် အနာကျင်ဆုံးပဲ။ ဒါပေမဲ့ ထိုးပြီးသွားတဲ့အခါ လူနာအများစုက သူတို့ ဘယ်လိုမှမခံစားရသလောက်ပဲလို့ ပြောကြတယ်” ဟု မေရီ အဲန်း ကဆိုသည်။ အခြားဆေးထိုးနည်းများတွင် မနာကျင်ဘဲ ဆေးထိုးအပ်ကို အရေပြားထဲသို့ ထိုးသွင်းပေးသည့် အလိုအလျောက်ဆေးထိုးကိရိယာများ၊ အင်ဆူလင်အရည်ကို အပ်သဖွယ် ပန်းထွက်စေခြင်းဖြင့် အရေပြားထဲ တိုက်ရိုက်ထိုးသွင်းပေးသည့် ဂျက်အင်ဂျက်တာများနှင့် အရေပြားထဲတွင် နှစ်ရက် သို့မဟုတ် သုံးရက်ကြာ အောင်းနေရန် ဆေးရည်ပြွန်သေးကို အသုံးပြုသော ဆေးရည်သွင်းကိရိယာများပါဝင်သည်။ အိတ်ဆောင်ပေဂျာအရွယ်ခန့်ရှိ အင်ဆူလင်ပန့်သည် မကြာသေးမီနှစ်များက ရေပန်းစားလာခဲ့၏။ ပရိုဂရမ်ဆွဲ၍ရသည့် ဤကိရိယာလေးသည် ကိုယ်ခန္ဓာ၏နေ့စဉ်လိုအပ်ချက်နှင့်အညီ အင်ဆူလင်ကို ပြွန်သေးမှတစ်ဆင့် တည်ငြိမ်သည့်နှုန်းဖြင့် ပို၍တိတိကျကျ၊ သက်သက်သာသာ ထုတ်ပေးလေသည်။

လေ့လာသင်ယူနေခြင်း

မှတ်တမ်းအားလုံးအရ ဆီးချိုရောဂါအတွက် စွယ်စုံထိရောက်သောကုထုံးမရှိချေ။ ကုသမှုကို ဆင်ခြင်ကြည့်သည့်အခါ လူတစ်ဦးစီသည် ကိုယ်တိုင်ဆုံးဖြတ်ချက်ချရန် အချက်အလက်အတော်များများကို ထည့်တွက်စဉ်းစားရမည်ဖြစ်သည်။ “ဆေးဘက်ဆိုင်ရာအဖွဲ့ရဲ့ ဂရုတစိုက်ပြုစုပေးခြင်း ခံရရင်တောင်မှ ဆုံးဖြတ်ရမယ့်သူက သင်ပါပဲ” ဟု မေရီ အဲန်းကဆိုသည်။ အမှန်ဆိုရသော်၊ ဆီးချိုရောဂါသတိပြုဂျာနယ်က “ကိုယ်ကိုယ်တိုင် စနစ်တကျ ကြပ်မတ်တတ်ခြင်းမရှိလျှင် ဆီးချိုရောဂါကုသမှုမှာ စံမမီ၊ လူ့ကျင့်ဝတ်နှင့်မညီသည့် ဂရုစိုက်စောင့်ရှောက်မှုဟု သတ်မှတ်နိုင်သည်” ဟူ၏။

ဆီးချိုရောဂါရှိသူတို့သည် မိမိတို့၏ရောဂါအကြောင်းကို နားလည်သဘောပေါက်လာလေ မိမိတို့၏ကျန်းမာရေးကို ကောင်းစွာ စီမံကွပ်ကဲနိုင်လေဖြစ်ပြီး သက်ရှည်ကျန်းမာစွာနေထိုင်ရမည့် အလားအလာကို ပို၍တိုးများစေသည်။ သို့ရာတွင် ထိထိရောက်ရောက်ပညာပေးရန် စိတ်ရှည်ဖို့လိုသည်။ ဆီးချိုရောဂါ—သင်၏စိတ်လှုပ်ရှားမှုများနှင့် သင့်ကျန်းမာရေးကိုဂရုစိုက်ခြင်းစာအုပ်က ဤသို့ရှင်းပြ၏– “သင်သည် အရာရာတိုင်းကို ချက်ချင်းသင်ယူသိရှိဖို့ ကြိုးစားမည်ဆိုလျှင် စိတ်ရှုပ်ထွေးသွားပြီး အချက်အလက်တို့ကို ထိရောက်စွာ အသုံးပြုနိုင်တော့မည်မဟုတ်ချေ။ ထို့ပြင်၊ သင်သိထားဖို့လိုမည့် အသုံးဝင်ဆုံးအချက်အလက်အများစုသည် စာအုပ်များ သို့မဟုတ် လက်ကမ်းစာစောင်များတွင် မရှိချေ။ ယင်းက သင်၏သွေးအတွင်းသကြားဓာတ်သည် သင့်အခြေအနေကိုလိုက်၍ မည်သို့ပြောင်းလဲသွားသည်နှင့် ... သက်ဆိုင်သည်။ ယင်းကို စမ်းကြည့်ပြုပြင်နည်းဖြင့် အချိန်အတန်ကြာမှ သင်ယူသိရှိနိုင်မည်ဖြစ်သည်။”

ဥပမာအနေနှင့်၊ ဂရုတစိုက်စောင့်ကြည့်စစ်ဆေးခြင်းဖြင့် စိတ်ဖိစီးလာသောအခါ သင်၏ကိုယ်ခန္ဓာက မည်သို့မည်ပုံတုံ့ပြန်ကြောင်း သင်သိရှိလာမည်၊ ယင်းက သင်၏သွေးအတွင်းသကြားဓာတ်ပါဝင်မှုပမာဏကို ရုတ်တရက် တိုးမြှင့်စေနိုင်၏။ “ဒီဆီးချိုရောဂါနဲ့ နှစ်ပါးသွားလာခဲ့တာ အနှစ် ၅၀ ကြာပြီဆိုတော့ ခန္ဓာကိုယ်ရဲ့အခြေအနေတွေကို ကျွန်တော်သိနေပြီ!” ဟု ကဲန်ကဆိုသည်။ မိမိခန္ဓာကိုယ်၏တုံ့ပြန်မှုကို ဂရုစိုက်လိုက်သည့်အတွက် အကျိုးဖြစ်ထွန်းခဲ့သည်၊ အကြောင်းမှာ ကဲန်သည် အသက် ၇၀ ကျော်နေသည့်တိုင် အချိန်ပြည့်အလုပ် လုပ်နိုင်ဆဲဖြစ်သည်!

မိသားစုအကူအညီ အရေးကြီးမှု

ဆီးချိုရောဂါကိုကုသရာတွင် မိသားစုထံမှ ကူညီပံ့ပိုးမှုကို လျစ်လျူရှု၍မရချေ။ အမှန်ဆိုရလျှင် စာအုပ်တစ်အုပ်က ကလေးများနှင့် လူငယ်များတွင်ရှိသည့် ဆီးချိုရောဂါကို ကိုင်တွယ်ဖြေရှင်းရာ၌ “မိသားစုနှင့်အတူနေထိုင်ခြင်းသည် အကျိုးအဖြစ်ထွန်းဆုံး ဖြစ်နိုင်စရာအကြောင်းရင်းတစ်ရပ်ပင်” ဟုဖော်ပြသည်။

ဝေဒနာခံစားနေရသူကို အလှည့်ကျစီ ဆရာဝန်ထံ သို့မဟုတ် ဆေးရုံသို့ ခေါ်သွားပေးခြင်းကိုပင်ပြုကာ မိသားစုဝင်များသည် ဆီးချိုရောဂါအကြောင်း သိထားမည်ဆိုလျှင် အကျိုးရှိသည်။ ထောက်မကူညီပေးရန်၊ အရေးပါသော ရောဂါလက္ခဏာများကို သတိပြုမိရန်နှင့် မည်သို့တုံ့ပြန်ရမည်ကိုသိရှိရန် အသိပညာက သူတို့အား ကူညီပေးမည်ဖြစ်သည်။ ဇနီးသည်မှာ လေးနှစ်သမီးအရွယ်ကတည်းက အမျိုးအစား ၁ ဆီးချိုရောဂါရှိခဲ့သူဖြစ်ရာ တဒ်ကဤသို့ဆိုသည်– “ဘာဘရာရဲ့ သကြားဓာတ်ပါဝင်မှုနှုန်း အရမ်းကျဆင်းသွားတဲ့အချိန်ကို ကျွန်တော်ပြောပြနိုင်ပါတယ်။ စကားပြောနေရင်းတန်းလန်းနဲ့ သူတိတ်ဆိတ်သွားမယ်။ ချွေးတဒီးဒီးကျလာပြီး အကြောင်းပြချက်မရှိဘဲ သူစိတ်တိုမယ်။ ပြီးမှ သူ့တုံ့ပြန်မှုတွေက နှေးသွားတယ်။”

အလားတူ၊ ကဲန်၏ဇနီးဖြစ်သူ ကက်သရင်းကလည်း ကဲန် ဖြူဖပ်ဖြူရော်နှင့် အေးစက်စက်ဖြစ်လာသည့်အခါ၊ သူ၏အပြုအမူပြောင်းလဲသွားသည်ကို တွေ့မြင်သည့်အခါ ကဲန်အား ရိုးရှင်းသောပုစ္ဆာတစ်ပုဒ် တင်ပြသည်။ ကဲန် စိတ်ရှုပ်ရှုပ်နှင့်တုံ့ပြန်မည်ဆိုလျှင် ကက်သရင်းအား ဆုံးဖြတ်ချက်တစ်ခုခု ချဖို့လိုပြီဖြစ်ကြောင်း၊ အခြေအနေကို အမြန်ဆုံး ပြုပြင်သင့်ကြောင်း အသိပေးနေသလိုပင်။ ကဲန်နှင့် ဘာဘရာတို့နှစ်ဦးစလုံးသည် မိမိတို့ချစ်မြတ်နိုးရပြီး လုံးလုံးယုံကြည်စိတ်ချရကာ အသိပညာကြွယ်ဝသည့် အိမ်ထောင်ဖက်များ ပိုင်ဆိုင်ရသည့်အတွက် ကျေးဇူးတင်မဆုံးဖြစ်ကြပါသည်။ *

မေတ္တာပြည့်ဝသည့် မိသားစုဝင်များသည် ထောက်မကူညီပေးသူ၊ ကြင်နာပြီး စိတ်ရှည်သူများဖြစ်ရန် ကြိုးစားသင့်သည်၊ အဆိုပါ အရည်အချင်းများက လူနာအား ဘဝ၏စိန်ခေါ်ချက်များကို ရင်ဆိုင်နိုင်စွမ်းရှိစေပြီး ရောဂါကိုပင် သက်သာလာစေနိုင်သည်။ ကယ်ရင်မှာ ခင်ပွန်းဖြစ်သူ၏မေတ္တာကြောင့် အကြီးအကျယ် အကျိုးပြုခဲ့၏။ ကယ်ရင် ဤသို့ ပြန်ပြောပြသည်– “နိုင်ဂျဲလ်က ကျွန်မကို ‘လူတွေဟာ အသက်ရှင်ရပ်တည်နိုင်ဖို့ အစာရေစာလိုအပ်ကြသလို၊ မင်းလည်းပဲ အစာရေစာနဲ့ အင်ဆူလင်နည်းနည်း လိုအပ်တယ်လေ’ ဆိုပြီးပြောတယ်။ ဒီလိုနွေးထွေးပြီး လက်တွေ့ကျတဲ့ စကားတွေကိုပဲ ကျွန်မလိုအပ်နေတာ။”

ထို့ပြင် သွေးတွင်းသကြားဓာတ်ပါဝင်မှုပမာဏသည် တက်လိုက်ကျလိုက်နှင့် ပြောင်းလဲတတ်ရာ မိသားစုနှင့် မိတ်ဆွေများက ယင်းကို နားလည်ပေးဖို့လိုသည်၊ ဆီးချိုရောဂါသည်တစ်ဦး၏ စိတ်နေစိတ်ထားကို ထိခိုက်စေနိုင်၏။ အမျိုးသမီးတစ်ဦးက “သကြားဓာတ်နဲ့ပတ်သက်တဲ့ စိတ်ဓာတ်ကျမှုခံစားရတဲ့အခါ ကျွန်မ ခပ်မဆိတ်ဖြစ်လာတယ်၊ သုန်သုန်မှုန်မှုန်နဲ့ စိတ်ထိခိုက်လွယ်လာတဲ့အပြင် အလိုမကျဖြစ်တတ်တယ်။ အဲဒီနောက် ကလေးအရမ်းဆန်လာတာပဲ။ ဒါပေမဲ့ ကျွန်မကြိုးစားထိန်းချုပ်နေရတဲ့ ဒီလိုခံစားချက်မျိုးတွေကို တခြားသူတွေ နားလည်ပေးတယ်လို့ သိလိုက်ရတော့ အကူအညီရသွားတာပေါ့” ဟုဆိုသည်။

ဆီးချိုရောဂါကို အောင်မြင်စွာ ကိုင်တွယ်နိုင်ပါသည်၊ အထူးသဖြင့် ဝေဒနာခံစားရသူသည် မိတ်ဆွေများ၊ မိသားစုဝင်တို့ထံမှ ပူးပေါင်းဆောင်ရွက်မှုရရှိမည်ဆိုလျှင် အောင်မြင်နိုင်၏။ သမ္မာကျမ်းစာမူများကလည်း အထောက်အကူပေးနိုင်ပါသည်။ မည်သို့အားဖြင့်နည်း။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 8 ဆင့်ပွားရောဂါများတွင်နှလုံးရောဂါ၊လေဖြတ်ခြင်း၊ ကျောက်ကပ် ကောင်းစွာအလုပ်မလုပ်ခြင်း၊ သွေးကြောအဖျားစွန်းရောဂါနှင့် နဗ်ကြောပျက်စီးခြင်းတို့ပါဝင်သည်။ ခြေထောက်များသို့ သွေးအလုံအလောက်မစီးဆင်းလျှင် အနာခွက်များဖြစ်နိုင်သည်၊ အခြေအနေဆိုးရွားလာလျှင် အနာဖြစ်နေသည့် ခြေလက်အင်္ဂါများကို ဖြတ်ပစ်ဖို့လိုပေမည်။ ထို့ပြင် ဆီးချိုရောဂါသည် အရွယ်ရောက်သူများ၌ မျက်စိကွယ်မှုအဖြစ်စေဆုံးရောဂါလည်းဖြစ်၏။

^ အပိုဒ်၊ 9 နိုးလော့! သည် ကုထုံးတစ်မျိုးမျိုးကို ထောက်ခံနေခြင်းမဟုတ်ပါ။ ဆီးချိုရောဂါရှိနေသည်ဟု သံသယဖြစ်နေသူတို့သည် ရောဂါကာကွယ်မှုနှင့်ကိုင်တွယ်ဖြေရှင်းမှုတွင်အတွေ့အကြုံရှိသည့် သမားတော်တစ်ဦးဦးနှင့် တိုင်ပင်သင့်ပေသည်။

^ အပိုဒ်၊ 11 ဝမ်းဗိုက်တွင် အဆီများလွန်းခြင်းသည် တင်ပါးတွင် အဆီရှိခြင်းထက် ပို၍အန္တရာယ်ရှိပုံရ၏။

^ အပိုဒ်၊ 13 ဆေးလိပ်သောက်သူတို့အတွက် ပို၍ပင်အန္တရာယ်ကြီးမားသည်၊ အကြောင်းမှာ သူတို့၏ ဆေးလိပ်သောက်သည့်အကျင့်က နှလုံးနှင့်သွေးလှည့်ပတ်မှုစနစ်ကို ဖျက်ဆီးပစ်ရာ သွေးကြောများကိုလည်း ကျဉ်းမြောင်းစေတတ်၍ဖြစ်၏။ ဆီးချိုရောဂါနှင့်ဆက်နွှယ်သည့် ခြေလက်အင်္ဂါဖြတ်တောက်မှု ၉၅ ရာခိုင်နှုန်းတွင် ဆေးလိပ်သောက်သူများ ပါဝင်ကြောင်း စာအုပ်တစ်အုပ်က ဆိုသည်။

^ အပိုဒ်၊ 16 ဤလူနာတချို့ကို သောက်ဆေးဖြင့် ကူညီပေးခဲ့ကြသည်။ ယင်းတွင် အင်ဆူလင် ပိုထုတ်လွှတ်ရန် ပန်ကရိယကို လှုံ့ဆော်ပေးသည့် ဆေးဝါးများပါဝင်ပေသည်၊ အခြားဆေးဝါးများကမူ သွေးအတွင်း သကြားဓာတ် တိုးများမှုကို နှေးကွေးစေပြီး အချို့ဆေးဝါးများမှာ အင်ဆူလင်ခုခံမှုကို လျော့ကျစေသည်။ (အမျိုးအစား ၁ ဆီးချိုရောဂါအတွက် သောက်ဆေးပေးလေ့မရှိချေ။) ယခုလောလောဆယ်တွင် အင်ဆူလင်ကို သောက်သုံး၍မရနိုင်ပါ၊ အကြောင်းမှာ ဤပရိုတင်းသည် သွေးစီးကြောင်းသို့မရောက်မီ ချေဖျက်ခံရသောကြောင့်ဖြစ်သည်။ အင်ဆူလင်ကုထုံးဖြစ်စေ၊ သောက်ဆေးဖြစ်စေ ကိုယ်လက်လှုပ်ရှားခြင်းနှင့် ဓာတ်စာကောင်းတို့ လိုအပ်မှုကို မဖယ်ရှားပစ်ပါ။

^ အပိုဒ်၊ 26 ဆီးချိုရောဂါရှိသူတို့သည် ဆီးချိုရောဂါရှိကြောင်း ဖော်ပြသည့် ကတ်ပြားကို အမြဲကိုင်ဆောင်ထားကြရန်နှင့် ဆီးချိုရောဂါသည်ဟု စာတန်းထိုးထားသည့် အဆင်တန်ဆာတို့ကို ဝတ်ဆင်ထားကြရန် ဆေးဘက်ဆိုင်ရာ အာဏာပိုင်များက အကြံပြုကြသည်။ အကျပ်အတည်းကြုံချိန်၌ အဆိုပါပစ္စည်းများက အသက်ကယ်ပေးနိုင်မည်ဖြစ်သည်။ ဥပမာ၊ သကြားဓာတ်နိမ့်ကျလာသောအခါ တခြားရောဂါတစ်မျိုး သို့မဟုတ် အရက်စွဲသည့်ပြဿနာဟု တလွဲယူဆမိစေနိုင်သည်။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

လူငယ့် ရောဂါလော

ဆီးချိုရောဂါသည် “လူငယ့်ရောဂါ ဖြစ်လာနေသည်” ဟု နယူးယောက် မောင့် ဆိုင်းနိုင်း ဆေးတက္ကသိုလ်မှ ဦးဆောင် အင်ဒိုကရင်းဗေဒပညာရှင်နှင့် မဟာဌာနမှူးဖြစ်သူ ဒေါက်တာ အာသာ ရူဘင်စတိန်းကဆိုသည်။ ဆီးချိုရောဂါစတင်ခံစားရသည့် ပျမ်းမျှအသက်အရွယ်မှာ အမှန်ပင်ငယ်သည်ထက်ငယ်လာသည်။ အမျိုးအစား ၂ ဆီးချိုရောဂါနှင့်စပ်လျဉ်း၍ ဆီးချိုရောဂါပညာရှင် ဒေါက်တာ ရော်ဘင် အက်စ်. ဂိုလန်က “လွန်ခဲ့သောဆယ်နှစ်က ဆေးကျောင်းသားများအား အသက် ၄၀ အောက်ရှိသူတို့တွင် ဤရောဂါကိုတွေ့ရမည်မဟုတ်ဟု ကျွန်ုပ်တို့ သင်ကြားပေးခဲ့ကြသည်။ ယခုအခါတွင်မူ ၎င်းရောဂါကို အသက် ၁၀ နှစ်အောက်ရှိသူတို့၌လည်း တွေ့နေရ၏” ဟုဆိုသည်။

လူငယ်တို့တွင် ဆီးချိုရောဂါ အဘယ်ကြောင့် ဤမျှတိုးများလာရသနည်း။ တစ်ခါတစ်ရံ မျိုးရိုးဗီဇနှင့်လည်းဆိုင်၏။ သို့သော် ကိုယ်အလေးချိန်နှင့် ပတ်ဝန်းကျင်တို့လည်း ပါဝင်ပတ်သက်နိုင်သည်။ လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုအတွင်း ဝလွန်းသည့် ကလေးသူငယ်အရေအတွက်သည် နှစ်ဆတိုးလာခဲ့သည်။ ယင်းသို့ အဘယ်ကြောင့်ဖြစ်ရသနည်း။ “လွန်ခဲ့သော အနှစ် ၂၀ ကျော်က စားသောက်သည့်အလေ့အထနှင့် လှုပ်ရှားဆောင်ရွက်ပုံတို့သည် အတော်များများ ပြောင်းလဲသွားလေပြီ။ ယင်းတို့တွင် အိမ်ပြင်ပ အစားအစာကို အားကိုးတကြီးစားသုံးမှု တိုးများလာခြင်း; နံနက်စာလွတ်သည့်အကြိမ်နှုန်း တိုးများလာခြင်း; အချိုရည်နှင့် အမြန်ရအစာများစားသုံးမှု တိုးများလာခြင်း; စာသင်ကျောင်းများ၌ [ကာယပညာရေး] ကိုလျှော့ချခြင်း နှင့် အားလပ်ချိန်ပေးမှုတို့ကို ဖယ်ရှားလိုက်ခြင်းတို့ ပါဝင်ပေသည်” ဟု ယူ.အက်စ်. ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနမှ ဒေါက်တာ ဝီလျမ် ဒက်ဇ်ကဆိုလေသည်။

ဆီးချိုရောဂါဖြစ်ပြီဆိုလျှင် ကင်းကင်းမပျောက်တော့ချေ။ ထို့ကြောင့် “အစာဖျင်းတွေကိုရှောင်ပြီး ကျန်းမာစွာနေပါ” ဟူ၍ ရိုးရိုးသားသား ပြောလှာသည့် ဆယ်ကျော်သက်ရွယ် ဝေဒနာသည်လေးတစ်ဦး၏ အကြံပေးချက်ကို လိုက်နာခြင်းက ပညာရှိရာရောက်ပေသည်။

[စာမျက်နှာ ၈၊ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ဂလူးကို့စ်၏ကဏ္ဍ

ဂလူးကို့စ်သည် သန်းပေါင်းထောင်သောင်းချီရှိသော ခန္ဓာကိုယ်ဆဲလ်များ၏အင်အားရင်းမြစ်ဖြစ်သည်။ သို့ရာတွင်၊ ဆဲလ်များထဲဝင်ရောက်ရန် “သော့” တစ်ချောင်း လိုအပ်သည်၊ ၎င်းသော့မှာ ပန်ကရိယမှထုတ်လွှတ်ပေးသည့် ဓာတုပစ္စည်းတစ်မျိုးဖြစ်သော အင်ဆူလင်ဟော်မုန်းဖြစ်သည်။ အမျိုးအစား ၁ ဆီးချိုရောဂါတွင် အင်ဆူလင်ကို လုံးဝနီးပါး မထုတ်ပေးသလောက်ဖြစ်၏။ အမျိုးအစား ၂ ဆီးချိုရောဂါမှာ ခန္ဓာကိုယ်က အင်ဆူလင်ကို ထုတ်လုပ်ပေးသော်လည်း လုံလုံလောက်လောက်မဟုတ်ချေ။ * ထို့ပြင်၊ ဆဲလ်များသည် အင်ဆူလင်ကို အထဲသို့အဝင်မခံချေ၊ ယင်းသို့သောအခြေအနေကို အင်ဆူလင်ခုခံမှုဟုခေါ်ကြသည်။ နှစ်မျိုးစလုံးမှာ ဆီးချိုရောဂါဖြစ်ခြင်းကြောင့် ရလဒ်က အတူတူပင်– ဆဲလ်များ ဆာလောင်နေခြင်းနှင့် သွေးတွင်းသကြားဓာတ်ပါဝင်မှုပမာဏ အန္တရာယ်အဆင့်ရောက်နေခြင်း။

အမျိုးအစား ၁ ဆီးချိုရောဂါတွင် လူတစ်ဦး၏ ကိုယ်ခံအားစနစ်သည် ပန်ကရိယရှိ အင်ဆူလင်ထုတ်လုပ်ပေးသည့် ဘီတာဆဲလ်များကို တိုက်ဖျက်ပစ်သည်။ ထို့ကြောင့် အမျိုးအစား ၁ ဆီးချိုရောဂါသည် ကိုယ့်ကိုယ်ခံအားနှင့်ကိုယ်ဖြစ်သောရောဂါ (autoimmune disease) တစ်မျိုးဖြစ်၍ တစ်ခါတစ်ရံ ကိုယ်ခံအား-ကြားခံ ဆီးချိုရောဂါများ (immune-mediated diabetes) ဟူ၍လည်း ခေါ်ဆိုကြသည်။ ကိုယ်ခံအားစနစ်က စတင်ပြန်တိုက်ရန် လှုံ့ဆော်ပေးနိုင်သည့် အကြောင်းတရားများတွင် ဗိုင်းရပ်စ်များ၊ အဆိပ်သင့်ဓာတုပစ္စည်းများနှင့် ဆေးဝါးတချို့ပါဝင်သည်။ မျိုးရိုးဗီဇဖွဲ့စည်းပုံနှင့်လည်း သက်ဆိုင်ပေမည်၊ အကြောင်းမှာ အမျိုးအစား၁ ဆီးချိုရောဂါကို မျိုးရိုးစဉ်ဆက်တွင် တွေ့ရလေ့ရှိပြီး ကော့ကေးဆပ်လူမျိုးများတွင် အဖြစ်များလေ့ရှိ၏။

အမျိုးအစား ၂ ဆီးချိုရောဂါနှင့်စပ်လျဉ်း၍မူ မျိုးရိုးဗီဇဆိုင်ရာအကြောင်းရင်းက အဓိကပင်ဖြစ်နေသည့်တိုင် ကော့ကေးဆပ်လူမျိုးမဟုတ်သူများတွင်လည်း အကြီးအကျယ်ဖြစ်ပွားလျက်ရှိ၏။ ဩစတြေးလျန်း အဘော်ရဂျင်နီလူမျိုးများနှင့် အမေရိကန်တိုင်းရင်းသားများတွင် အဆိုးရွားဆုံးဖြစ်၏၊ ကမ္ဘာပေါ်တွင် ဤဒုတိယအုပ်စု၌ အမျိုးအစား ၂ ဆီးချိုရောဂါရှိသည့်နှုန်း အမြင့်မားဆုံးဖြစ်သည်။ သုတေသီများသည် မျိုးရိုးဗီဇနှင့် အဝလွန်မှုစပ်ကြားဆက်စပ်မှုကို လေ့လာနေသည့်အပြင် အဆီများစုပုံလာသည့် ဆီးချိုမျိုးရိုးရာဇဝင်ရှိသူတို့တွင် အင်ဆူလင်ခုခံမှု ပို၍မြင့်မားပုံကိုပါ လေ့လာနေလျက်ရှိ၏။ * အမျိုးအစား ၁ နှင့်မတူဘဲ အမျိုးအစား ၂ ဆီးချိုရောဂါသည် အသက် ၄၀ ကျော်သူများတွင် အဓိက ဖြစ်ပွားသည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 44 ဆီးချိုရောဂါရှိသူ ၉၀ ရာခိုင်နှုန်းခန့်သည် အမျိုးအစား ၂ ဖြစ်၏။ အလျင်က ယင်းအမျိုးအစားကို “အင်ဆူလင်မဲ့ဆေးမှီဝဲသော” သို့မဟုတ် “သက်ကြီး” ဆီးချိုရောဂါဟူ၍ ခေါ်ဆိုခဲ့ကြသည်။ သို့ရာတွင်၊ အဆိုပါအခေါ်အဝေါ်များမှာ မမှန်ကန်ပေ၊ အကြောင်းမှာ အမျိုးအစား ၂ ဆီးချိုရောဂါရှိသူ ၄၀ ရာခိုင်နှုန်းမှာ အင်ဆူလင်ကို လိုအပ်ကြသည်။ ၎င်းပြင် အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်ပွားလာသည့် လူငယ်​—⁠တချို့မှာ အသက်ဆယ်နှစ်ပင်မပြည့်ကြ​—⁠အရေအတွက်များလာရာ စိုးရိမ်ဖွယ်ရာပင်။

^ အပိုဒ်၊ 46 လူတစ်ဦးသည် များသောအားဖြင့် မိမိ၏စံကိုယ်အလေးချိန်ထက် ၂၀ ရာခိုင်နှုန်း သို့မဟုတ် ယင်းအထက် ကျော်နေမည်ဆိုလျှင် အဝလွန်သူဟု သတ်မှတ်ခံရ၏။

[ရုပ်ပုံ]

ဂလူးကို့စ် မော်လီကျူး

[Credit Line]

Courtesy: Pacific Northwest National Laboratory

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]

ပန်ကရိယ၏ကဏ္ဍ

ငှက်ပျောသီးအရွယ်ခန့်ရှိ ပန်ကရိယသည် အစာအိမ်နောက်နားတွင် တည်ရှိ၏။ ဆီးချိုရောဂါသည်များအတွက် အလွတ်သဘောလမ်းညွှန်စာအုပ်အရ၊ “တစ်နေ့တာအတွင်း ဂလူးကို့စ်ပါဝင်မှုပမာဏ အတိုးအလျော့ကိုလိုက်၍ သင့်တော်သောအင်ဆူလင်ပမာဏကို ထုတ်ပေးခြင်းအားဖြင့် သွေးတွင်းသကြားဓာတ်ပါဝင်မှုပမာဏ မျှတတည်ငြိမ်စေရန် ကျန်းမာသောပန်ကရိယက အဆက်မပြတ်နှင့် အထူးကျွမ်းကျင်စွာ ချိန်ညှိ၍ စီမံဆောင်ရွက်ပေးသည်။” ပန်ကရိယအတွင်းရှိ ဘီတာဆဲလ်များသည် အင်ဆူလင်ဟော်မုန်းထုတ်လုပ်ရာ ရင်းမြစ်တစ်ခု ဖြစ်၏။

ဘီတာဆဲလ်များသည် အင်ဆူလင်ကို အလုံအလောက် မထုတ်လုပ်ပေးနိုင်သောအခါ သွေးထဲတွင် ဂလူးကို့စ် တိုးများလာကာ ဟိုက်ပါဂလိုင်စီမီယာ ဖြစ်လေတော့သည်။ ဆန့်ကျင်ဘက်—သွေးထဲတွင် သကြားဓာတ်နည်းခြင်း—ကို ဟိုက်ပိုဂလိုင်စီမီယာဟုခေါ်သည်။ ပိုလျှံနေသည့် ဂလူးကို့စ်ကို အသည်းက ဂလိုင်ကိုဂျင်ပုံစံဖြင့် ဝိုင်းဝန်းသိုလှောင်ထားကာ သွေးတွင်းသကြားဓာတ်ပါဝင်မှု ပမာဏကို ပန်ကရိယနှင့်အတူ လက်တွဲဆောင်ရွက်သည်။ ပန်ကရိယက ညွှန်ကြားလာသောအချိန်တွင် ကိုယ်ခန္ဓာ အသုံးပြုဖို့အတွက် အသည်းသည် ဂလိုင်ကိုဂျင်ကို ဂလူးကို့စ်အဖြစ်သို့ ပြန်ပြောင်းပေးလိုက်လေသည်။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သကြားဓာတ်၏ကဏ္ဍ

သကြားများများစားလျှင် ဆီးချိုရောဂါဖြစ်စေသည်ဟု အများအားဖြင့် အထင်မှားနေကြသည်။ ဆေးဘက်ဆိုင်ရာအထောက်အထားအရ သကြားပမာဏ မည်မျှပင်စားသုံးပါစေ ဝဖြိုးလာခြင်းက ဆီးချိုမျိုးရိုးရာဇဝင်ရှိသူများတွင် ရောဂါဖြစ်မည့်အန္တရာယ် ပို၍များလာစေကြောင်းတွေ့ရသည်။ သို့တိုင်၊ သကြားကို လွန်လွန်ကဲကဲစားသုံးခြင်းက ကျန်းမာရေးနှင့်မညီညွတ်ချေ၊ အကြောင်းမှာ ၎င်းတွင် အာဟာရဓာတ်နည်းပြီး အဝလွန်စေသောကြောင့်ဖြစ်၏။

အထင်မှားနေသည့်အရာ နောက်တစ်ခုမှာ ဆီးချိုရောဂါရှိသူတို့သည် အချိုကိုအလွန် စားသုံးချင်ကြသည်ဟူ၏။ အမှန်မှာ သူတို့သည် လူအများစုကဲ့သို့ပင် အချိုကို ထပ်တူစားချင်ကြခြင်းသာဖြစ်သည်။ မထိန်းပေးလျှင် ဆီးချိုရောဂါကြောင့် သကြားသာမက မည်သည့်အစာကိုမဆို အငမ်းမရစားချင်စိတ် ဝင်လာနိုင်သည်။ ဆီးချိုရောဂါရှိသူများသည် အချိုကို စားသုံးနိုင်ပါသည်၊ သို့သော် စားလိုက်သည့် သကြားပမာဏကို မိမိတို့၏ ယေဘုယျ ဓာတ်စာစားသုံးမှုအစီအစဉ်တွင် ထည့်တွက်ပေးရမည်ဖြစ်သည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် လေ့လာမှုများမှ တွေ့ရသည်မှာ သစ်သီးသကြားဓာတ်မြင့်မားသည့် အစာ—သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များမှရရှိသည့်သကြားဓာတ်—သည် ကိုယ်အလေးချိန်မည်သို့ပင်ရှိနေပါစေ အင်ဆူလင်ခုခံမှုကို ပို၍အားပေးစေနိုင်သည်၊ တိရစ္ဆာန်များတွင်ပင် ဆီးချိုရောဂါရှိလာစေရန် အားပေးနိုင်၏။

[စာမျက်နှာ ၈၊ ၉ ပါ ပုံကြမ်း/ရုပ်ပုံ]

ဆီးချိုရောဂါအကြောင်း ရိုးရိုးရှင်းရှင်း

ပန်ကရိယ

↓ ↓ ↓

ကျန်းမာသူ အမျိုးအစား ၁ ဆီးချိုရောဂါ အမျိုးအစား ၂ ဆီးချိုရောဂါ

စားသောက်ပြီးနောက် ပန်ကရိယတွင်ရှိသော အင်ဆူလင် များသောအားဖြင့် ပန်ကရိယသည် ပန်ကရိယသည် သွေးထဲတွင် ထုတ်လုပ်ပေးသည့် ဘီတာဆဲလ်များသည် အင်ဆူလင်ပမာဏကို ဂလူးကို့စ်ပါဝင်မှုအနည်းအများကို ကိုယ်ခံအားစနစ်၏ တိုက်ခိုက်ခြင်းကိုခံရသည်။ အနည်းငယ်သာ လိုက်၍ အင်ဆူလင်ပမာဏကို ရလဒ်အနေနှင့်၊ အင်ဆူလင်ကို ထုတ်လုပ်ပေးသည် အနေတော် ထုတ်လုပ်ပေးသည် မထုတ်လုပ်ပေးတော့ချေ

↓ ↓ ↓

အင်ဆူလင်မော်လီကျူးများသည် ဂလူးကို့စ်မော်လီကျူးများသည် လက်ခံမော်လီကျူးများ ကြွက်သား ဆဲလ်များနှင့် အခြားဆဲလ် အင်ဆူလင်၏အကူအညီမပါဘဲ (receptors) က များပေါ်ရှိ လက်ခံ မော်လီကျူးမျး ဆဲလ်များအတွင်းသို့ အင်ဆူလင်ကို တုံ့ပြန်မှုနည်းလျှင် (receptors) ထံ တွယ်ကပ်လာကြသည်။ မဝင်ရောက်နိုင်ပါ သွေးမှဂလူးကို့စ်ကိုစုပ်ယူသည့် တစ်ဖန် ယင်းသို့ပေါင်းစပ်လိုက်ခြင်းကြောင့် အဝင်ပေါက်များ သက်ဝင်လှုပ်ရှားမှု ဂလူးကို့စ်မော်လီကျူးများအား ဝင်ခွင့်ပြုသည့် မပြုတော့ချေ အဝင်ပေါက်များကို သက်ဝင်လှုပ်ရှားစေသည်

↓ ↓ ↓

ကြွက်သားဆဲလ်များကြောင့် ဂလူးကို့စ်သည် သွေးလမ်းကြောင်းထဲတွင် ဂလူးကို့စ်သည် စုပ်ယူခံရကာ တစ်စတစ်စ တိုးများလာကာ အရေးပါသော လောင်ကျွမ်းသွား ကြသည်။ သို့နှင့်၊ ဖြစ်စဉ်များကို တန့်သွားစေပြီး သွေးကြောနံရံများကို သွေးလမ်းကြောင်း ထဲရှိ ဂလူးကို့စ် ပျက်စီးသွားစေသည် ပမာဏသည် ပုံမှန် ပြန်ဖြစ်သွား၏

[ပုံကြမ်း]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ဆဲလ်

လက်ခံ မော်လီကျူး

အဝင်ပေါက်

အင်ဆူလင်

ဂလူးကို့စ်

နယူကလီးယပ်စ်

[ပုံကြမ်း]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

သွေးကြော

သွေးနီဥဆဲလ်များ

ဂလူးကို့စ်

[Credit Line]

Man: The Complete Encyclopedia of Illustration/J. G. Heck

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဆီးချိုရောဂါသည်များအတွက် သင့်တင့်လျောက်ပတ်သောဓာတ်စာသည် မရှိမဖြစ်လိုအပ်

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဆီးချိုရောဂါသည်များသည် သာမန်လုပ်ငန်းဆောင်တာ များကို လုပ်ဆောင်နိုင်ကြ